စဥ့်ကူးမြို့ နဲ့ လက်ပံလှကျေးရွာကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ထိန်းချုပ်
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁၉ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၀ ၊ ၂၀၂၅
စဥ့်ကူးမြို့ နဲ့ လက်ပံလှကျေးရွာကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ထိန်းချုပ်
ရှမ်း-မန်း စစ်ဆင်ရေးလို့ အမည်ပေးခဲ့တဲ့ မန္တလေးတိုင်းရဲ့ ဒေသအချို့နဲ့ ၄င်းနဲ့ ဆက်စပ်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေ မှာ MDY PDF တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူပြီး ၁ နှစ်ကျော် ထိန်းချုပ်ထားခဲ့တဲ့ စဥ့်ကူးမြို့ ကို ပြီးခဲ့တဲ့ လတွေကတည်းက အာဏာသိမ်းစစ်တပ်ဘက်က ထိုးစစ်ဆင်နေခဲ့ရာက ဒီဇင်ဘာ ၁၈ ရက်နေ့မှာတော့ ပြန်လည်သိမ်းယူသွားခဲ့ကြောင်း သတင်းတွေ ဖော်ပြထားကြပါတယ်။
ဧရာဝတီမြစ် အရှေ့ဘက်ကမ်းပေါ်မှာ ရှိတဲ့ စဥ့်ကူးမြို့ အပြင် မြို့ရဲ့ အရှေ့ဘက် မတ္တရာ-သပိတ်ကျဥ်း-မိုးကုတ် ကားလမ်းပေါ်က အချက်အချာကျတဲ့ ကျေးရွာကြီးတရွာ ဖြစ်တဲ့ လက်ပံလှ ကျေးရွာကိုလည်း စစ်တပ်ဘက်က ပြန်လည်သိမ်းယူခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
လက်ပံလှ ကျေးရွာဟာ မန္တလေး- မိုးကုတ်လမ်းပေါ်မှာ တည်ရှိပြီး အချက်အချာကျတဲ့ နေရာ၊ စစ်ရေးအရလည်း အရေးပါတဲ့ နေရာတခုအဖြစ် မှတ်ယူထားကြပြီး အာဏာသိမ်းစစ်တပ်က မကြာခဏ လေကြောင်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ သပိတ်ကျဥ်း၊ စဥ့်ကူး မြို့နယ်တွေမှာ ရွှေတွင်းတွေ အများအပြားရှိပြီး MDY PDF တပ်ဖွဲ့အနေနဲ့ ဒီရွှေတွင်းတွေကနေ အခွန်အကောက် ကောက်ခံရရှိနေတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အထက်ဘက် ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာ အခြေစိုက်တဲ့ MDY PDF လက်နက်ကိုင် တပ်ဖွဲ့ဟာ ဧရာဝတီမြစ် အနောက်ခြမ်းစစ်ကိုင်းတိုင်းထဲက တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေနဲ့ မတူဘဲ တစုတစည်းထဲ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ကာ ရွှေတွင်းတွေ အများအပြားရှိတဲ့ သပိတ်ကျဥ်း၊ စဥ့်ကူး တို့မှ အခွန်အကောက် အများအပြားရရှိတာကြောင့် ဘဏ္ဍာရေး အရလည်း တောင့်တင်းတဲ့ လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်ပါတယ်။ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသလို စစ်ရေးလေ့ကျင့်မှု၊ လက်နက်ခဲယမ်း အကူအညီ စတာတွေကိုလည်း TNLA ထံက ရရှိခဲ့ပြီး MDY PDF ကို ခိုင်မာအောင် တည်ဆောက်လာနိုင်တဲ့ အနေအထားလို့ နားလည်ရပါတယ်။
MDY PDF အနေနဲ့ ၂၀၂၃ အောက်တိုဘာ ၂၇ ရက် စစ်ဆင်ရေးစတင်ပြီးနောက် ၂၀၂၄ ခုနှစ်ထဲမှာ မြောက်ပိုင်း ညီနောင် တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့နဲ့အတူ နယ်မြေသိမ်း စစ်ဆင်ရေးတွေမှာ လက်တွဲပါဝင်ခဲ့ပါတယ်။ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ် အစရှိတဲ့ မြို့တွေကို သိမ်းယူရာမှာ ပါဝင်ခဲ့သလို မန္တလေးတိုင်းထဲက စဥ့်ကူး၊ သပိတ်ကျဥ်း၊ မတ္တရာ စတဲ့မြို့တွေကို ပါသိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
သို့ပေမယ့် ၂၀၂၅ နှစ်ဆန်းပိုင်းက စလို့ အာဏာသိမ်းစစ်တပ် အနေနဲ့ MNDAA နဲ့ အပစ်ရပ်နိုင်ခဲ့ပြီး စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းခဲ့ရာက လူအင်အားပြန်လည် စုဆောင်းနိုင်ခဲ့တဲ့အချက်၊ ဒရုန်းနည်းပညာနဲ့ အခြားသော ခေတ်မီနည်းပညာတွေကို ပြည်တွင်းစစ်ပွဲတွေမှာ အသုံးချခဲ့ပြီး အရှေ့မြောက်ဒေသမှာ ထိန်းချုပ်ဧရိယာလည်း လျော့သွားပြီး စစ်မျက်နှာ ဖွင့်စရာမလိုတော့တဲ့ အချက်က အာဏာသိမ်းစစ်တပ် အနေနဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဘက်ကို ထိုးစစ်ဆင်လာဖို့ ဖြစ်လာစေတယ်လို့ ကောက်ချက်ချရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်မှာ TNLA နဲ့ အပစ်ရပ် သဘောတူမှု ရခဲ့ခြင်းက စစ်တပ်အဖို့ ရှမ်းမြောက်ဒေသနဲ့ မန္တလေးတိုင်းတို့က စစ်မျက်နှာတွေအတွက် အသက်ရှူချောင်စေခဲ့တာ ဖြစ်ပါတယ်။ TNLA နဲ့ အပစ်ရပ်ခြင်းကြောင့် အာဏာသိမ်း စစ်တပ် အနေနဲ့ အင်အား အများအပြား ပိုမထွက်လာစေနိုင်ဘူးဆိုတဲ့ မှန်းဆချက်တချို့ ရှိပေမယ့်လည်း လက်တွေ့မှာတော့ မိုးကုတ်၊ မိုးမိတ်ကို ပြန်လည်ရရှိတာ၊ ကျောက်မဲ၊ နောင်ချို တခွင်မှာ တိုက်ပွဲတွေ မဖြစ်ပွားတော့တဲ့ အနေအထားက မန္တလေးနဲ့ စစ်ကိုင်းကို ပိုပြီးအာရုံစိုက်နိုင်လာတာ အမှန်ပဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျဥ်း၊ မိုးကုတ်၊ မိုးမိတ်တို့ကို တဆက်တစပ်ထည်း ထိန်းချုပ် နိုင်ဖို့ အနေအထားတော့ လောလောဆယ်မှာ မရောက်နိုင်သေးပါဘူး။ သို့ပေမယ့် မြို့တွေကို ထိန်းချုပ်နိုင်ခြင်း နဲ့ မန္တလေး-မိုးကုတ် ကားလမ်းကို ထိန်းချုပ်နိုင်ခဲ့ပြီ ဆိုရင် တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ရှမ်းမြောက်၊ ရှမ်းတောင်နဲ့ စစ်ကိုင်းတိုင်း၊ ယော၊ ဆော၊ ကလေးလွင်ပြင်တို့ကို ဖြတ်သန်းတဲ့ လမ်းကြောင်း၊ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းကို အတားအဆီး ဖြစ်လာစေနိုင်တာလည်း ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ ဒီအချက်တွေကို သဘောပေါက်ပြီးသား ဖြစ်မှာ အသေအချာဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့၊ သယံဇာတနဲ့ အခွန်အကောက်ငွေများများ စားစားရနေတဲ့ အရင်းအမြစ်နေရာတွေကို ဦးစားပေးပြီး ထိုးစစ်ဆင်တိုက်ခိုက်ဖို့က အာဏာသိမ်းစစ်တပ်ရဲ့ မဟာဗျူဟာ ရည်ရွယ်ချက် ဖြစ်တာ ထင်ရှားပါတယ်။ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ မြန်မာနိုင်ငံ အထက်ပိုင်း တခုလုံး လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်နေတဲ့ အနေအထားကို ထိပါးစေနိုင်တဲ့ အန္တရာယ် ရှိလာမှာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar