Saturday, December 6, 2025

လေးလေး - ကြေကွဲ ဟတ်ယိုင်

လေးလေး - ကြေကွဲ ဟတ်ယိုင်

မိုးမခ ၊ ဒီဇင်ဘာ ၆ ၊ ၂၀၂၅


ထိုင်းနိုင်ငံမှာ မုန်တိုင်းတွေ ရှိနေတာ၊ မုတ်သုံကလည်း မပြတ်သေးတာနဲ့ လာနီညာရာသီဖြစ်စဉ် သက်ရောက်မှုတွေ ပေါင်းဆုံပြီး မိုးကြီး၊ ရေကြီးခဲ့တယ်။

ရေကြီး၊ မြေပြိုမှုတွေကြောင့် အရှေ့တောင်အာရှ ၃ နိုင်ငံမှာ သေဆုံးသူ ၃၀၀ ကျော်ထိ ရှိလာဆိုတဲ့ သတင်းလည်း ဖတ်ရ၊ အင်ဒိုနီးရှားက ဆူမားတြားကျွန်းမှာ ရေဘေးကြောင့် လူ ၁၇၀ ကျော် သေခဲ့၊ ထိုင်းတောင်ပိုင်းက ဟတ်ယိုင်မှာ ရေဘေးအတွင်း လူ ၁၄၀ ကျော် သေခဲ့တယ်။ ထိုင်းတောင်ပိုင်း ရေကြီးခဲ့တာက အတော်ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ပြီး ရေဘေးသင့်သူတွေ ကူကယ်ရာမဲ့ ဖြစ်ခဲ့တယ်။ ရေကြီးနေတုန်း ဟတ်ယိုင်ကို ရောက်သွားတဲ့ ထိုင်းနိုင်ငံရေးသမား တယောက်က သူ တွေ့မြင်ခဲ့တာတွေကို ခုလို မှတ်တမ်းတင်ခဲ့တယ်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်

ဒီနေ့ဟာ ကျွန်တော့်ဘဝမှာ အကြီးမားဆုံးသော ဝမ်းနည်းပူဆွေးမှုနဲ့ စိတ်ပျက်အားငယ်မှုကို ခံစားရတဲ့ နေ့တွေထဲက တစ်နေ့ပါ။

မနက်ပိုင်းကစပြီး ကျွန်တော်နဲ့ ထိုင်းကောင်းမိုင်ပါတီ (Thai Kao Mai Party) ခေါင်းဆောင် ဖြစ်တဲ့ ဦးအေး (ဖီအေး) - ဆူချတ်ဗီ ဆူဝမ်ဆာဝပ် (Suchatvee Suwansawat) တို့ဟာ ဟတ်ယိုင်မြို့တဝိုက်ကို လှည့်လည်ခဲ့ကြပါတယ်။ လေယာဉ်ပေါ်က ဆင်းပြီး လေဆိပ်ဝင်ပေါက်ကို ဝင်ရောက်တဲ့ ပထမဆုံး ခြေလှမ်းက စလို့ ထိုင်းနိုင်ငံက လေဆိပ်တစ်ခုမှာ ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပါတယ်။

ခရီးသည် ရာပေါင်းများစွာဟာ ကြမ်းပြင်ပေါ်မှာ ထိုင်နေကြ၊ အိပ်နေကြပါတယ်။ သူတို့ထဲက အများစုက ထိုင်းလူမျိုးတွေ ဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားတချို့လည်း ပါဝင်ပါတယ်။ များစွာသောသူတွေက ကျွန်တော် တို့ကို ပြောပြကြပါတယ်– “ကျွန်တော်တို့ အိမ်မပြန်နိုင်လို့ ဒီမှာ ၃ ရက်ကနေ ၅ ရက်လောက်အထိ အိပ်နေ ကြရတာပါ။” ကျွန်တော်က အားပေးစကားတွေ ပြောပြီး သတ္တိရှိဖို့ ပြောနိုင်ရုံသာ တတ်နိုင်ခဲ့ပေမယ့် အတွင်းစိတ်ကနေ ဘာနဲ့မှ ဖော်ပြလို့မရတဲ့ ဝမ်းနည်းမှုကို ခံစားလိုက်ရပါတယ်။

မြေပြင်မြင့်တဲ့နေရာ ဖြစ်ပြီး ရေမကြီးတဲ့ လေဆိပ်ကနေ ထွက်ခွာပြီးတဲ့နောက် မိနစ်ပိုင်းအတွင်းမှာပဲ မြင်ကွင်း ဟာ လုံးဝ ပြောင်းလဲသွားပါတယ်။ လမ်းရဲ့ ဘေးနှစ်ဖက်စလုံးမှာ ကီလိုမီတာနဲ့ချီပြီး ကားတွေ တန်းစီနေပါတယ်။ ကားတိုင်းဟာ ရေထဲမှာ နစ်မြုပ်ပြီး လုံးဝ ပျက်စီးနေတာကို တွေ့ရပါတယ်။ အရေအတွက်က ထောင်နဲ့ချီ၊ ဆယ်ဂဏန်းထောင်နဲ့ချီပြီး ရှိနိုင်ပါတယ်။ အတိုင်းအဆမရှိတဲ့ ဆုံးရှုံးမှု မြင်ကွင်းတစ်ခုပါပဲ။

သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ရှေ့မှာ ပေါ်လာတာဟာ မြို့တစ်မြို့ မဟုတ်တော့ဘဲ “ပင်လယ်” တစ်ခုလို ဖြစ်နေပါတော့တယ်။ မျက်စိတစ်ဆုံးကို ရေထုကြီးတစ်ခုက လွှမ်းခြုံထားပါတယ်။

လမ်းတလျှောက်မှာ အကူအညီပေးရေး ကားတန်း ရာပေါင်းများစွာဟာ ရပ်ပြီး စောင့်နေကြပါတယ်။ ဘာလို့လဲ ဆိုတော့ ရေလွှမ်းနေတဲ့ ဧရိယာထဲကို ဘယ်သူမှ ဝင်ရောက်လို့ မရနိုင်လို့ပါ။ သူတို့ဟာ ရေကျသွားဖို့ စောင့်နေကြသလို လမ်းတစ်ဖက်ခြမ်းက ဒုက္ခသည်တွေကလည်း အကူအညီကို အသည်းအသန် စောင့်မျှော်နေကြပါတယ်။

ကျွန်တော်တို့ ကားကို ရပ်ပြီး အခြေအနေကို လမ်းလျှောက်ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။ ဖုန်းလိုင်းလုံးဝ မရပါဘူး။ လျှပ်စစ်မီးလည်း လုံးဝ ပြတ်တောက်နေပါတယ်။ ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်း ရာပေါင်းများစွာဟာ သူတို့ရဲ့ ယာဉ်တွေဘေးမှာ ထိုင်နေကြတာကို တွေ့ရပါတယ်။ အများစုက ကျွန်တော်တို့ကို ပြောပြကြတာက– “ကျွန်တော်တို့ ဒီမှာ ၃ ရက်ကနေ ၄ ရက်လောက်အထိ စောင့်နေရတာ။ အတွင်းထဲကို မဝင်နိုင်ဘူး။ ရေစီးက အရမ်းသန်နေလို့ လှေတွေလည်း သွားလို့မရဘူး။” တချို့ဆိုရင် သူတို့ကိုယ်တိုင်အတွက်တောင် အစားအသောက် အလုံအလောက် မပါလာတာကြောင့် သူတို့ကိုယ်တိုင်ပါ ဒုက္ခသည်တွေ ဖြစ်နေကြပါတယ်။

နောက်ဆုံးမှာတော့ ကျွန်တော်တို့ ရောက်တဲ့နေရာတစ်ခုမှာ ရေက အရမ်းနက်ပြီး ရေစီးကလည်း အလွန်မြန်လွန်းတဲ့အတွက် ၃-၄ မီတာ (၁၀-၁၃ ပေခန့်) မြင့်တဲ့ လမ်းဆိုင်းဘုတ်တွေဟာ ရေမျက်နှာပြင်အထက် စင်တီမီတာ အနည်းငယ်သာ ထိုးထွက်နေတာကို တွေ့ရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက ကျွန်တော်တို့ကို ရှေ့ဆက်မသွားဖို့ သတိပေးခဲ့ပါတယ်။ ကျွန်တော်တို့ရှေ့မှာ ငါးရက်ကျော်ကြာ ရေမြုပ်နေတဲ့ ဟတ်ယိုင်မြို့ ရှိပါတယ်။ မြို့က “ဇလုံပုံသဏ္ဌာန်” ရှိတဲ့ မြေနိမ့်ပိုင်းမှာ တည်ရှိပြီး ရေနုတ်မြောင်း လုံလုံလောက်လောက် မရှိတာကြောင့် နေရာအများစုမှာ ရေမျက်နှာပြင်က ၃-၄ မီတာ (၁၀-၁၃ ပေခန့်) အထိ နက်နေပါတယ်။

ကျေးဇူးပြုပြီး မျက်စိမှိတ်ပြီး စိတ်ကူးကြည့်လိုက်ပါ။ ကျွန်တော်တို့သာ အိမ်ခေါင်မိုးပေါ်မှာ ၃ ရက်ကနေ ၅ ရက်ကြာ ပိတ်မိနေပြီး၊ အစားအသောက်မရှိ၊ သန့်ရှင်းတဲ့ရေမရှိ၊ အအေးဒဏ်နဲ့ဆိုရင် အသက်ရှင်နိုင်ပါ့မလား။ အဲဒီမှာ ပိတ်မိနေတဲ့သူတွေဟာ သင့်ရဲ့ မိဘ၊ သင့်ရဲ့ ကလေး၊ ဒါမှမဟုတ် သင်ချစ်မြတ်နိုးရတဲ့သူ ဖြစ်နေမယ်ဆိုရင် သင် ခံနိုင်ရည်ရှိပါ့မလား။ အဲဒီအချိန်မှာ ကျွန်တော် မျက်ရည်မကျအောင် မနည်း ထိန်းထားခဲ့ရပါတယ်။

အသည်းကွဲစရာအကောင်းဆုံး ဇာတ်လမ်းကတော့ ကယ်ဆယ်ရေးလုပ်သားတစ်ဦး ပြောပြခဲ့တာပါ– တစ်နေ့မှာ လူတွေကို ကူညီဖို့ လှေနဲ့ ထွက်သွားတုန်း၊ အပြန်လမ်းမှာ လူတစ်ယောက်က အိမ်ခေါင်မိုးပေါ်ကနေ အကူအညီတောင်းဖို့ လက်ပြနေတာကို သူတို့ တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ရေစီးအရမ်းသန်ပြီး သူတို့လှေကလည်း သေးလွန်းတဲ့အတွက် အဲဒီလူဆီကို မရောက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် နောက်ဆုတ်ပြီး ပြန်လည်ပြင်ဆင်ဖို့ လုပ်ခဲ့ကြရတယ်။ သူတို့ ပြန်သွားတဲ့အခါ အဲဒီလူဟာ သေဆုံးနေခဲ့ပါပြီ။ သူတို့ လုပ်နိုင်ခဲ့တာကတော့ အလောင်းကို ပိုမြင့်တဲ့နေရာတစ်ခုမှာ တင်ထားပေးခဲ့ရုံပါပဲ။ ကျွန်တော့်ကို ပိုပြီး အသည်းကွဲစေခဲ့တာကတော့ ကယ်ဆယ်ရေးလုပ်သားက ပြောလိုက်တဲ့ စကားပါ– “အလောင်းကို ဘယ်သူ့ဆီ ဖုန်းဆက်ပြီး လာရောက်ယူခိုင်းရမလဲ မသိဘူး။ ဒီနေရာမှာ အစိုးရအရာရှိ တစ်ယောက်ကိုမှ ကျွန်တော်တို့ မတွေ့ရတာ ရက်တော်တော်ကြာနေပြီ။”

ကျွန်တော်တို့ဟာ အမှောင်ထဲမှာ ကားဆီကို ပြန်လျှောက်ခဲ့ကြပါတယ်။ ဝမ်းနည်းမှုက အရမ်းကြီးမားလွန်းလို့ ကျွန်တော်တို့ထဲက ဘယ်သူမှ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ကြပါဘူး။

အဲဒီနောက်မှာတော့ ကျွန်တော်ဟာ ဟတ်ယိုင် ရတ်ပရာချာကျောင်း (Hat Yai Ratpracha School) က ကယ်ဆယ်ရေးစခန်းကို သွားရောက်ခဲ့ပါတယ်။ ကျွန်တော် ပထမဆုံး တွေ့လိုက်ရတာကတော့ ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေတဲ့ လူပေါင်း ၆,၅၀၀ ကျော်– နို့စို့ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ– စက္ကူပြားတွေပေါ်မှာ ကျပ်ကျပ်တည်းတည်း အိပ်စက်နေကြတာပါပဲ။ 

စောင်မရှိဘူး။ နို့မှုန့် မရှိဘူး။ ကလေးတချို့က ဒဏ်ရာရနေပေမယ့် ဆရာဝန် ဒါမှမဟုတ် သူနာပြုဆရာမကို ရှာမတွေ့နိုင်ဘူး။ ကြင်နာတတ်တဲ့ ဆရာမတချို့နဲ့ ကျောင်းသားယောက်ျားလေး ဆယ်ဂဏန်းလောက်သာ လူတိုင်းကို အကောင်းဆုံး စောင့်ရှောက်ဖို့ ကြိုးစားနေကြပြီး ဆေးအဖွဲ့တစ်ဖွဲ့ကတော့ မနေ့ကမှပဲ ရောက်ရှိလာခဲ့ပါတယ်။

ကျွန်တော် ရိုးရိုးသားသား ဝန်ခံရရင်– ဒါဟာ ကျွန်တော့်ဘဝမှာ အသည်းကွဲစရာအကောင်းဆုံး အတွေ့အကြုံတွေထဲက တစ်ခုပါပဲ။ ဒီအခြေအနေက ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်လဲဆိုတာ ကိုယ့်မျက်စိနဲ့ ကိုယ်မမြင်ရဘဲနဲ့ နားလည်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် အမှန်တကယ် ယုံကြည်ပါတယ်။

ခုဆိုရင် ရှစ်ရက်ရှိသွားပါပြီ။ အထဲမှာ ပိတ်မိနေတဲ့သူတွေဆီကို အကူအညီတွေ နောက်ဆုံးမှာ ရောက်ရှိနိုင်ဖို့ အတွက် အစိုးရအနေနဲ့ ရေကို အမြန်ဆုံး စုပ်ထုတ်ပေးဖို့ကို ကျွန်တော် စိတ်ရင်းအမှန်နဲ့ မျှော်လင့်ပါတယ်။ အဲဒီနောက်မှာတော့ ဆုံးရှုံးမှုအားလုံးအတွက် အမြန်ပြန်လည်ထူထောင်ရေး အစီအမံတွေ၊ လျော်ကြေးပေးတာတွေနဲ့ အထောက်အပံ့တွေ ရှိကိုရှိရပါမယ်။

မေတ္တာနဲ့ စိုးရိမ်ပူပန်မှုများဖြင့်၊ လူတိုင်းနဲ့ မိသားစုတိုင်း ဘေးကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကနတ် ဝမ်းစပိုင်ချစ် (Kanate Wangspaichitr) စီးပွားရေးအဖွဲ့ ခေါင်းဆောင်၊ ထိုင်းကောင်းမိုင်ပါတီ

Ref-Khaosod English



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar