Breaking News

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ကို နေ့ချင်းပြန်သွားရောက်

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၇ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၈ ၊ ၂၀၂၅


ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ကို နေ့ချင်းပြန်သွားရောက် 

မကြာသေးတဲ့ သီတင်းပတ်တွေက မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ နဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း မှတ်ချက်ပေးပြောဆိုခဲ့တဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဆီဟာဆက် ဖုန်ကတ်ကောင်း နဲ့ ထိုင်းစစ်တပ်အရာရှိတွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ မြန်မာ အာဏာသိမ်းစစ်အစိုးရနဲ့ တွေ့ဆုံဖို့ နေပြည်တော်ကို ဒီဇင်ဘာ ၇ ရက်နေ့မှာ နေ့ချင်းပြန်သွားရောက်ခဲ့ပါတယ်။ 

ထိုင်းနိုင်ငံခြားရေဝန်ကြီးနဲ့ ထိုင်းစစ်တပ်အရာရှိတွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ မြန်မာဝန်ကြီးချုပ် နဲ့  နိုင်ငံခြားရေး ဝန်ကြီးတို့ကိုပါ သီးခြားစီ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ မြန်မာစစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ရာမှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ယာယီသမ္မတကို “ဂါရဝပြုလာရောက်တွေ့ဆုံ” တယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ အနည်းငယ်အပေါ်စီးဆန်ဆန် ရေးသားဖော်ပြထားပါတယ်။ 

ခုရက်ပိုင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် နဲ့ ထိုင်းဘက်ခြမ်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲကျည်ကျရောက်မှု၊ အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နှင်းရေး ကိစ္စတွေကြောင့် လာရောက်တယ် ဆိုတာကို သုံးသပ်ကြည့်ရင် သိနိုင်တဲ့အချက် ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံနယ်စပ်မျဥ်းတဖက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ KNLA တပ်နဲ့ စစ်တပ်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲရဲ့ လက်နက်ကြီးကျည်အချို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးက ကျေးရွာတရွာကို ကျရောက်ပြီး ထိုင်းနိုင်ငံသား အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အဖြစ်အပျက်က ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော် ခရီးစဥ် ဖြစ်ပေါ်လာစေတာလို့ ကောက်ချက်ချနိုင် ပါတယ်။ 

မကြာသေးတဲ့ သီတင်းပတ် အနည်းငယ်အကြာက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဖြစ်သူက မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လက်ခံနိုင်ဖွယ်မရှိတဲ့ ရွေးကောက်ပွဲ၊ ဒီရွေးကောက်ပွဲက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ မှတ်ချက်ပေး ပြောဆိုခဲ့ပြီးနောက် အခုနေပြည်တော် သွားရောက်တဲ့ ခရီးစဥ်မှာတော့ မြန်မာ့ရွေးကောက်ပွဲဟာ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ရဲ့ အစိတ်အပိုင်းတရပ်အဖြစ်နဲ့ အရေးပါတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု တခုအဖြစ် မျှော်လင့်တယ်လို့ မြန်မာစစ်ခေါင်းဆောင်တွေကို ပြောဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံဘက်က သတင်းတွေမှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။ 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ အနေနဲ့ မြန်မာရွေးကောက်ပွဲဟာ လက်ခံနိုင်စရာမရှိတဲ့ နိုင်ငံရေး ဖြစ်စဥ်တခုအဖြစ် မှတ်ချက်ပေးပြီး သီတင်းပတ် အနည်းငယ်အကြာမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မတူတဲ့ မှတ်ချက်အမြင်တွေ ပြောဆိုခဲ့တဲ့အပေါ် မြန်မာနိုင်ငံသားတွေ အနေနဲ့ အံ့အားသင့်စရာ ဖြစ်ပါတယ်။ အခုလို မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သံတမန်ဆန်ဆန် ပြောဆိုမှုဟာ ထိုင်းနိုင်ငံအစိုးရအဖွဲ့၊ စစ်တပ် စတာတွေရဲ့ သဘောထားကို ကိုယ်စားပြုပြောဆိုတာ ဖြစ်နိုင်ပြီး မကြာသေးခင် သီတင်းပတ်တွေအတွင်း ရွေးကောက်ပွဲကို လက်ခံနိင်ဖွယ်မရှိလို့ မှတ်ချက်ချ ပြောဆိုခြင်းက တဦးချင်းအမြင် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ 

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာတွေမှာ အကဲဆတ်နေတဲ့ ထိုင်းစစ်တပ် အနေနဲ့ မြန်မာ-ထိုင်းနယ်စပ်က KNLA နဲ့ စစ်တပ်ရဲ့ တိုက်ပွဲတွေရဲ့ လက်နက်ကြီးကျည် ကျရောက်တာ၊ အရပ်သားတွေ ဒဏ်ရာရတဲ့ ကိစ္စတွေမှာ မြန်မာစစ်အစိုးရဘက်ကို တင်းတင်းမာမာ သတိပေး ပြောဆိုတာတွေ မရှိတာကလည်း ထူးခြားတဲ့ ကိုင်တွယ်ဆောင်ရွက်မှု ဖြစ်ပါတယ်။ 

ထိုင်းစစ်တပ် အနေနဲ့ မြန်မာအာဏာသိမ်းစစ်တပ် နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေခဲ့တာ အခုချိန်ထိ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သလို ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အသုံးပြုခဲ့တဲ့ အဆောက်အဦတွေကို ယမ်းတွေဆင်ပြီး ဖြိုချဖောက်ခွဲမှုတွေကလည်း ထိုင်းနိုင်ငံဘက်အခြမ်းထိ အသံအားဖြင့်သော်လည်းကောင်း အပျက်အစီး အပိုင်းအစတွေ လွင့်ပြီးရောက်ရှိစေတဲ့ အဖြစ်တွေအထိ ရှိနေတာဖြစ်ပါတယ်။ 

လက်ရှိ အနေအထားမှာ ထိုင်း နဲ့ မြန်မာအကြား နယ်စပ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့ ကျည်တွေ ထိုင်းဘက် မကျရောက်စေရေး၊ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံဘက်က အရပ်သားတွေကို လူသားချင်းစာနာမှု အကူအညီပေးရေး၊ အရေးပေါ် အမိုးအကာ၊ အစားအသောက် ထောက်ပံ့ကူညီရေး ကိစ္စရပ်တွေ၊ နယ်စပ်က လက်နက် မှောင်ခိုရောင်းဝယ်မှုတွေ နှိမ်နှင်းရေးနဲ့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းစရာ အကြောင်းအရာ စတာတွေက မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖြေရှင်းကြရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ 

လက်ရှိထိုင်းအစိုးရရဲ့ သက်တမ်းကလည်း နောက်လအနည်းငယ်သာ ကျန်ရှိတာ ဖြစ်ပြီး လာမယ့်နှစ်ဆန်းမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးဖို့ ရှိနေတာဖြစ်ပါတယ်။ လက်ရှိ ထိုင်းအစိုးရအဖွဲ့ဟာ သက်တမ်း ၄ လသာရှိတဲ့ အစိုးရဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားတွေက နိုင်ငံရေးသမား တဦးချင်းရဲ့ အမြင်တွေ ရှိနိုင်သလို ထိုင်းရွေးကောက်ပွဲတွေနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိတဲ့ ထိုင်းစစ်တပ်ခေါင်းဆောင်တွေရဲ့ သဘောထားတွေလည်း ဖြစ်နိုင်ပါတယ်။ 

ထိုင်းနိုင်ငံ အနေနဲ့ မြန်မာနဲ့ နယ်စပ်အရေး ကိုင်တွယ်ဖြေရှင်းမှုနဲ့ သဘောထားတွေမှာ ထိုင်း နိုင်ငံရေးသမားတွေထက် စစ်တပ်ရဲ့ သဘောထားက ပိုပြီးသြဇာကြီးမားတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ 

အခုနောက်ဆုံးခရီးစဥ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မှတ်ချက်ဟာ မြန်မာ့တော်လှန်ရေး အင်အားစုတွေကို စိတ်ပျက်စေတဲ့ ပြောဆိုမှုတခုလည်း ဖြစ်နေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar