Thursday, January 29, 2026

စန္ဒာဝင်း(မေစာ) - “ဆရာ​အေး အ​မွေ”

“ဆရာ​အေး အ​မွေ”
စန္ဒာဝင်း(မေစာ)
(မိုးမခ) ဇန်နဝါရီ ၂၉၊ ၂၀၂၆


မောင်ခင်မင် (ဓနုဖြူ) အမှတ်တရ (ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ်) စာအုပ် ဒီ​နေ့ ဇန်နဝါရီ ၂၈ ရက်​နေ့မှာ စတင် ဖြန့်ချိပါသတဲ့။
အမှတ်တရ စာအုပ် လက်လှမ်းမမီသူများ (ကျွန်မတို့ အပါအဝင်) ဖတ်ရှုနိုင်ဖို့ စန္ဒာဝင်း (မေစာ) ရေးတဲ့ စာကို မျှ​ဝေလိုက်ပါတယ်။
-
“ဆရာ​အေး အ​မွေ”

 
ကျွန်မ ရန်ကုန်တက္ကသိုလ်(ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်) မြန်မာစာဌာနတည်ရှိရာ တောင်ငူဆောင်ကို စတင် ခြေချတာက ၁၉၈၀။ ဒေသကောလိပ်ဒုတိယနှစ် ကျောင်းသူဘဝက လွတ်ခဲ့ကျွတ်ခဲ့ပြီး မြန်မာစာ ကျောင်းသူအဖြစ် ရောက်စ။ သူ့ဟာသူ ရောက်ချင်လို့သာ ရောက်လာတာ။ ကိုယ်က ရောက်ချင်တာ မဟုတ်။ 
ကိုယ့်အိပ်မက်က ဆေးတက္ကသိုလ်။ 
တက္ကသိုလ်ဝင်တန်း၊ ဒေသကောလိပ် သိပ္ပံဇီဝဘာသာတွဲ ပထမနှစ်နဲ့ ဒေသကောလိပ်မွေးမြူရေးဘာသာရပ် ဒုတိယနှစ်တို့ သုံးနှစ်စာ ရမှတ်ပေါင်းက သုညဒဿမငါး (၀.၅) ရာခိုင်နှုန်းလျော့ခဲ့လို့ ဆေးတက္ကသိုလ်နဲ့ သီသီလေးလွဲပြီး မြန်မာစာကျောင်းသူ ဖြစ်လာရတာ။ 
မှန်းသာ ကြည့်ပါတော့။ မြန်မာစာဌာနအဝင် ခြေလှမ်းတွေက တုံ့နှေးတုံ့နှေးပေါ့။
မြန်မာစာဌာန ဆရာ ဆရာမတွေရဲ့ ကြိုဆိုမှုက နွေးထွေးတော့ မြန်မာစာကို မြတ်နိုးရကောင်းမှန်း
တစ်စတစ်စ သိသလိုလို ရှိလာတယ်ဆိုပါတော့။ 
ပျို့ မော်ကွန်း ဧချင်းဆိုတဲ့ ရှေးကဗျာကြီးတွေနဲ့ ကိုယ်က ခပ်စိမ်းစိမ်းဆိုတော့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး အကျွမ်းဝင်လာအောင် ကြိုးစားရတာ လွယ်မှတ်လို့။ 
ဘာသာဗေဒ သဒ္ဒဗေဒတို့လို ခေတ်ပေါ်ပညာရပ်တွေက အသစ်အဆန်းတွေချည်း ဖြစ်နေတော့ အဲဒါတွေနဲ့ နားလည် ကျွမ်းဝင်လာအောင် အားထုတ်ရတာက တစ်မှောင့်။ 
အတော့်ကို အားငယ်ခဲ့တာပါ။ 
ဒါပေမယ့် ဆရာတိုင်း ဆရာမတိုင်းက ကိုယ့်သမီးဟောင်းတစ်ယောက် ကိုယ့်အိမ်ကိုယ် ပြန်လာသလို သဘောထားကြ၊ စောင့်ရှောက်ကြ၊ ဖေးမကြတော့ ဘယ်ကနေ ဘယ်လို သတ္တိတွေ ဝင်လာလိုက်မှန်းတောင် မသိဘူး။ သင်ပေးသမျှ စိတ်ဝင်တစား လေ့လာခဲ့ပါတယ်။
ဆရာအေးနဲ့ စဆုံရတာ ၁၉၈၁။ 
ဆရာက ပုသိမ်ကနေ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနကို လက်ထောက်ကထိက အဖြစ်နဲ့ ပြောင်းလာတာ။ အဲ့ဒီအချိန်မှာ ကျွန်မက မြန်မာစာ စတုတ္ထနှစ်ကျောင်းသူ။
ဆရာတွေထဲမှာ ဆရာအေးကို စွဲစွဲထင်ထင် မှတ်မိနေတာက စာသင်ရင် အညွှန်းကတ်လေးတွေ ရေးသား ပြင်ဆင်လာတာပါ။ 
အညွှန်းကတ်ဆိုတာက စကားပြေသဘောတရားတွေ ပို့ချတဲ့အခါ ဘာပြီး ဘာ သင်ပေးမယ်ဆိုတာ ကြိုတင် တေးမှတ်ထားတဲ့ ကတ်ပြားလေးတွေကို ဆိုလိုတာပါ။ ဆရာ့စာသင်ချိန် တစ်နာရီနီးပါး ဘယ်လိုကုန်သွားမှန်း မသိလိုက်ရဘူး။ သင်ယူလိုက်ရတာက အသစ်တွေ အပြည့်။ အပိုမရှိ၊ အလိုမရှိ။ ကွက်တိမှ ကွက်တိ။
ဒီလိုနဲ့ စတုတ္ထနှစ် စာမေးပွဲအောင်တော့ ဂုဏ်ထူးတန်းတက်ခွင့်ပါ ရပါလေရော။
အဲဒီလို ဂုဏ်ထူးတန်းတက်ခွင့်ရတာဟာ ဆရာအေးနဲ့ အနီးကပ်တပည့်တော်ဖို့ အကြောင်း ဖြစ်လာတာပါပဲ။ 
ဂုဏ်ထူးတန်းပြီးတော့ မဟာဝိဇ္ဇာတန်း တက်။ 
မဟာဝိဇ္ဇာတန်း ရေးဖြေပြီးလို့ ဖြည့်စွက်ကျမ်း ပြုရတော့မယ့်အခါ ရောက်သွားရော ဆိုပါတော့။ 
အဲဒီမှာ ဘာကျမ်းပြုရပါ့မလဲ။ ကိုယ့်ကိုယ်ကိုယ် မေးလို့ အဖြေမရတော့ ခင်ရာမင်ရာ ဆရာတွေဆီ ပြေးလွှား အကြံဉာဏ်တောင်းရတော့တာပေါ့။ 
နောက်ဆုံးတော့ “ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း လေ့လာချက်” သုတေသနကျမ်း ပြုစုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် ကိုယ့်ဟာကိုယ် ဆုံးဖြတ်လို့ မပြီးသေးဘူး။ 
ကျမ်းခေါင်းစဉ် အတည်ပြုပေးတဲ့ အဖွဲ့အစည်းရဲ့ သဘောတူညီချက်က လိုသေးတယ် မဟုတ်လား။ ကံကောင်းပါတယ်။ 
အဖွဲ့က အတည်ပြုလိုက်ပါတယ်။ ထပ်ဆင့် ကံကောင်းတာက ကျမ်းပြုတာကို ကြီးကြပ်ဆရာအဖြစ် ဆရာအေးကို ရွေးပေးလိုက်တာပါပဲ။
ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း။ 
ဝမ်းသာဆို ဆရာအေးက ခင်မင်ရင်းနှီးပြီးသား။ 
ပြီးတော့ ဆရာက “စကားပြေသဘောတရား စကားပြေအတတ်ပညာ” စာအုပ်ပြုစုထားတဲ့ဆရာ။ 
“ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း လေ့လာချက်” ပြုစုပြီ ဆိုရင်လဲ စကားပြေသဘောတရား စကားပြေအတတ်ပညာတွေက ပဓာနကျနေတာ။ 
ဒီဆရာရဲ့ကြီးကြပ်မှုနဲ့ ဒီကျမ်းပြုစုရမယ်ဆိုတော့ ဝမ်းမသာနေနိုင်ရိုးလား။ မပြုမစုခင်ကတည်းက ကိုယ့်ကျမ်းက အကောင်းစားဖြစ်မယ်ဆိုတာ အခိုင်အမာ ယုံလိုက်ပြီးသား။
ယုံကြည်စိတ် ထိပ်တက်နေတာ မကောင်းပါဘူး။ ကျမ်းပြုချိန်က ၂ နှစ်ကြီးတောင်ရတာ။ 
ကိုယ့်ကြီးကြပ်ပေးမယ့် ဆရာက တကယ့် စကားပြေပါရဂူ။ ဒါလေးများ စိတ်က ဝင်နေတော့ ခပ်ပေါ့ပေါ့ပါပဲ။ တခြားလုပ်စရာအလုပ်တွေ ဦးစားပေးနေတော့ အဲဒီဘက် အာရုံမရောက်ပါဘူး။ 
လေးငါးခြောက်လလောက် ဘာဆိုဘာမှကို မဘာဖြစ်တာ။ ဆရာအေး သတ်မှတ်ထားတဲ့ ရက်တွေမှာ အကြောင်းတစ်ခုမဟုတ်တစ်ခု အကြောင်းပေါ်ပြီး ကျမ်းလမ်းညွှန်မှု ခံယူဖို့ ရက်တွေမှာ ပျက်ကွက်ပါတယ်။ မရောက်ဖြစ်ပါဘူး။ 
တကယ့် တပည့်ဆိုးတစ်ယောက်ကို ဖြစ်လို့။ ဆရာက အစတော့ ခွင့်လွှတ်ပါတယ်။ 
ဒါပေမယ့် ပျက်တာများလာတော့ ဆရာ ကိုယ့်အတွက် စိတ်ပူလာတယ် ထင်ပါရဲ့။ 
သတိပေးပါတယ်။ သတိပေးတာနဲ့လဲ တပည့်က မလိမ်မာတော့ ခေါင်းခေါက်တော့တာပါပဲ။ 
ပြောရဦးမယ်။ ကိုယ်က ခေါင်းနဲ့ ပတ်သက်လာရင် အယူသီးသီးရယ်။ ဟုတ်တာ မဟုတ်တာ အပထား။ ခေါင်းထဲမှာ ဉာဏ်ကြီးတာ မကြီးတာ အပထား။ 
ခေါင်းဆိုတာ အထွတ်အမြတ်လို့ သဘောထားတာလေ။ ဆံပင်ညှပ်ခံရတဲ့အချိန်ကလွဲလို့ ဘယ်သူ ဘယ်ဝါ ခေါင်းကိုထိတာကိုင်တာ မခံဘူး။ 
မကြိုက်ဘူး။ ဒါပေမယ့် ကိုယ့်ဆရာက ခေါင်းခေါက်တော့ ကျေနပ်လို့။ 
“ဟဲ့ ငါ့ဆရာက ငါ့ကို ခေါင်းခေါက်သဟဲ့” ဆိုပြီး ကြွားမိသေး။ 
ဆရာအေး ခေါင်းခေါက်တာက ဒေါနဲ့မာန်နဲ့၊ 
အကျောကြီးနဲ့ ခေါက်တာ မဟုတ်ဘူးလေ။ 
စေတနာ မေတ္တာတွေ အရင်းခံပြီး ဆုံးမနေမှန်း သိသာတယ်လေ။
တကယ်စ ကျမ်းရေးတော့မယ်ဆိုတော့ ခုလာ ခုရေး ခိုင်းတာ မဟုတ်ပါဘူး။ 
ဆရာအေးက အညွှန်းကတ်သမားလေ။ 
စာသင်ခန်းထဲမှာလဲ အညွှန်းကတ်နဲ့ဆိုတာ ပြောသားပဲ။ သူရေးတဲ့စာတွေမှာ နောက်ထပ်ညွှန်းစရာ ကိုးစရာ စာအုပ်စာတမ်း ရှာမရလောက်အောင် ပြည့်စုံနေတာလဲ သတိထားမိကြမှာပါ။ 
အဲဒီ အညွှန်းကတ်တွေကျေးဇူးကြောင့် ဘာစာလေး ရေးချင် ရေးချင် ဆရာ့မှာ အလျင်အမြန် မပင်မပန်း ရေးနိုင်တာ အနီးကပ် တပည့်အများ အသိပါ။ တချို့ စာတမ်းတွေဆို နေ့မကူးခင် အပြီးရေးနိုင်တာ။ 
ဒီတော့ သူ့လို တော်စေချင်၊ စနစ်တကျ ဖြစ်စေချင်တော့ အညွှန်းကဒ် မှတ်စုထုတ်နည်းစနစ်ကို လက်ဦး လေ့ကျင့် သင်ယူရပါတယ်။
ကတ်တင်တဲ့အခါမှာ အမည်၊ အကြောင်းအရာ၊ ဒေသ စသဖြင့် တစ်ခုချင်းကို ကတ်တစ်ခုချင်းစီမှာ ခေါင်းစဥ်အနေနဲ့ ရေးရတယ်။ ပြီးတော့မှ စာမျက်နှာ ရေးမှတ်ရတယ်။ 
“ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း” ကလည်း မွန်မြန်မာ အနှစ်လေးဆယ်စစ်ပွဲမို့ အကြောင်းအရာ အချိန်နေရာ၊ ဇာတ်လမ်း ဇာတ်ဆောင်တွေက များလှပါတယ်။ 
ဥပမာအနေနဲ့ “ဗညားနွဲ့” ဆိုတဲ့အမည်ကို အညွှန်းကတ် တင်ပြီ ဆိုပါတော့။ “ဗညားနွဲ့” ဆိုပြီး တစ်ကတ်ရေး။ အဲ့ဒီကတ်မှာ သူ့ကို ပထမဆုံး စတွေ့တဲ့ စာမျက်နှာနံပါတ်ကို ရေးမှတ်။ စာမျက်နှာ ၅။ 
နောက် သူ့ကို ထပ်တွေ့ရင် စာမျက်နှာ ၂၀၊ ၃၅၊ ၉၀ စသဖြင့် ရေးမှတ်ရတယ်။ 
ဖတ်နေရင်းနဲ့ တခြားသူတွေဆိုလည်း အဲ့ဒီလိုပဲ မှတ်လိုက် ရေးလိုက်နဲ့ပေါ့။ အမည်တွေကများလာတော့ ထင်သလောက် မလွယ်ပါဘူး။ 
ကတ်တင်ပြီး သမျှ ကျမ်းကြီးကြပ်သူ ဆရာအေးကိုလည်း ပြရပါသေးတယ်။ 
စနစ်မကျဘူး၊ မပြည့်စုံဘူးဆိုရင် စနစ်ကျ အောင် ပြည့်စုံအောင် ဘယ်လိုရေးလို့ ညွှန်းပြပြီး ပြန်အရေးခိုင်းသေးတာ။ ပထမတော့ ခပ်နည်းနည်းပဲ။ 
နောက်ဆုံးတော့ ကျွန်မမှာ ကက်တလောက်တင်ထားတာတွေက သံသေတ္တာ တစ်လုံးစာနီးပါး ရှိနေခဲ့ပါတယ်။
ကျွန်မ ကတ်တင်ပြီးတာကို ဆရာအေးက အထပ်ထပ်စစ်ပါတယ်။ ကျွန်မကိုယ်တိုင်လဲ အထပ်ထပ် ဖတ်ရင်း စစ်ရင်းကပဲ ဒီကတ်တွေရဲ့ အရေးပါမှု၊ အသုံးဝင်မှုတွေကို မြင်လာ သိလာရပါပြီ။ 
ဗညားနွဲ့အကြောင်း ရေးတဲ့အခါမှာ မှတ်ထားတဲ့ စာမျက်နှာတွေကတစ်ဆင့် သူ့ရဲ့ လှုပ်ရှားမှုတွေက ပြေးမလွတ်တော့ပါဘူး။ 
ဒီလိုနဲ့ပဲ ၂ နှစ်ဆိုတဲ့ အချိန် ကုန်ခါနီးကို ရောက်လာခဲ့ပါပြီ။ ဆရာအေးက ကျမ်းကြီးကြပ်သူ ဆရာပီပီ သင်ပေးစရာ ရှိတာ သင်ပေး။  ပြင်ရေးစရာရှိတာ ပြင်ပေးနဲ့ပါ။ 
ကျွန်မရဲ့ကျမ်းက စောစောစီးစီး မပြီးခဲ့ပေမယ့် အချိန်မီလေးတော့ ပြီးသွားခဲ့ပါတယ်။ စာအချောရိုက်ပြီးတဲ့အခါ လျှောက်လွှာစာမျက်နှာနဲ့ ငါးရာကျော်ပါတယ်။ 
ရိုးသားစွာ ဝန်ခံရရင် ခုအချိန်မှာ ကျွန်မရဲ့ မဟာဝိဇ္ဇာကျမ်းကို ပြန်မဖတ်ဖြစ်တော့သလို ပြန်ရေးပါဆိုရင်လဲ ပြန်မရေးနိုင်တော့ပါဘူး။ 
ဒါပေမယ့် ဆရာအေး သင်ကြား လေ့ကျင့်ပေးခဲ့တဲ့ အညွှန်းကတ်တင်ပြီး စာစုတဲ့ အလေ့အကျင့်ကောင်း ပညာအမွေကတော့ ဒီနေ့အထိ အသုံးပြုနိုင်သလို အသုံးပြုလို့နေဆဲပါ။           
ဆရာအေးရဲ့ ပညာအမွေ ကျေးဇူးကို အောက်မေ့ရင်း၊ ဆရာ့စေတနာကို အစဥ်ထာဝရ ဦးခိုက် နေလျက်ပါ။ ။

တပည့် 
စန္ဒာဝင်း(မေစာ) 

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar