နေပြည်တော်သိမ်းအောင် - အိုင်စီဂျေ နှင့် ၂၀၂၆
နေပြည်တော်သိမ်းအောင် - အိုင်စီဂျေ နှင့် ၂၀၂၆
မိုးမခ ၊ ဇန်နဝါရီ ၂၅ ၊ ၂၀၂၆
အိုင်စီဂျေ (International Court of Justice)က ကြားနာနေတဲ့ ဂျီနိုဆိုဒ် အမှုမြောက်၊ မမြောက် အကြောင်းကို ရှုထောင့်အသီးသီးကနေ အမြင်မျိုးစုံကို ဖော်ပြနေကြတာ တွေ့ မြင်ရတယ်။ ငြင်းခုံသံတွေကိုလည်း မပြတ်ကြားကြရတယ်။ အကဲဆတ်သလို လေးနက်ရှုပ်ထွေးတဲ့ အကြောင်းကိစ္စတွေနဲ့ ဆက်စပ်နေတာကိုလည်း အားလုံး သတိထားမိကြမှာပါ။
နိုင်ငံတကာ ထိပ်တန်းရှေ့နေကြီးများရဲ့ အပြန်အလှန် လျှောက်လဲချက်တွေနောက်ကိုပဲ လိုက်ပါသွားကြရင်တော့၊ ဒီအမှုအတွက် အရေးအကြီးဆုံးလို့ ဆိုရမယ့် အိုင်စီဂျေ တရားသူကြီးများရဲ့ ဉာဏ်ပညာ၊အတွေ့အကြုံနဲ့ ဆင်ခြင်တုံတရား အခြေပြု ဆုံးဖြတ်ချက်အပေါ် မျက်စိလျှမ်းသွားနိုင်ပါတယ်။
ကမ္ဘာ့တရားရုံးလို့လည်း ခေါ်ဝေါ်ကြတဲ့ အိုင်စီဂျေဟာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ဒေါက်တိုင် ၆ ခုအနက်က တခုဖြစ်တယ်လို့ ကုလသမဂ္ဂပဋိညာဉ်က သတ်မှတ်ထားတာကို သတိမလွတ်သင့်ပါဘူး။ ဩဇာတိက္ကမကြီးလွန်းတဲ့ လုံခြုံရေးကောင်စီ ဆိုတာက အဲဒီလို ပါဝင်တဲ့ ဒေါက်တိုင်တခုပဲ ဆိုတာကို သတိချပ်မိရင်၊ အိုင်စီဂျေရဲ့ အရေးပါမှုကို ပိုသတိပြုမိနိုင်ပါလိမ့်မယ်။
ရှိသမျှ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းဟာ အိုင်စီဂျေအဖွဲ့ဝင် ဖြစ်ကြပေမဲ့ အိုင်စီစီ (International Criminal Court) ရဲ့ အာဏာစက် သက်ရောက်မှုကတော့ အကန့်အသတ် ရှိပါတယ်။ အိုင်စီစီ ဆိုတဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ အခန်းကဏ္ဍဟာ ကြီးမားဆဲလို့ ပြောနိုင်ပေမဲ့၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ရုရှား၊ အိန္ဒိယတို့လို နိုင်ငံကြီးများ မပါဝင်မှုက ဩဇာအာဏာကို ကန့်သတ်ထားသလို ဖြစ်နေတယ်။ အာဆီယံထဲမှာလည်း ကမ္ဘောဒီးယားနဲ့ တီမောလက်စ်တေး ၂ နိုင်ငံကပဲ အိုင်စီစီ အဖွဲ့ဝင်တွေ ဖြစ်ကြတယ်။ တကယ်ကတော့ မြန်မာနိုင်ငံ ပါဝင်တဲ့ အာရှပစိဖိတ်ဒေသကြီးတခုလုံးမှာကိုက အဖွဲ့နိုင်ငံပါဝင်မှုက ၃၅ ရာခိုင်နှုန်းလောက်ပဲ ရှိတာပါ။ ကျန်တဲ့ ကမ္ဘာ့ဒေသမှာတော့ ၇၅ ရာခိုင်နှုန်းလို့ တွေ့ထားရတယ်။
အဓိကပြောလိုတာက အိုင်စီဂျေ ဆုံးဖြတ်ချက်ဟာ အာရုံစိုက်သင့်တဲ့ အရာ ဆိုတာကိုပါ။ တဆက်တည်းမှာလည်း ဒီအိုင်စီဂျေရဲ့ အရင်စီရင်ချက်တွေ၊ တရားခွင်မှာ လက်ရှိ ကိုးကားနေတဲ့ ဖြတ်ထုံးတွေကိုကြည့်ပြီး အဆုံးသတ်စီရင်ချက်ရဲ့ အကန့်အသတ်ကိုလည်း မေ့မထားစေချင်ပါဘူး။ ထိပ်တန်းဥပဒေပညာရှင် တရားသူကြီးတွေတောင် သူတို့ ဘယ်လို အမှုစီရင်ချက်ချမယ်လို့ မသိနိုင်သေးတဲ့အချိန်မှာ၊ ကြိုတင်ခန့်မှန်း စကားရည်လုနေကြတာမျိုးက နှစ်ခြမ်းကွဲဖို့ လွယ်တဲ့ လူ့အဖွဲ့အစည်းအတွက် အထောက်အကူမပြုသလို၊ တော်လှန်ရေးပင်မ ဦးတည်ချက်ကနေလည်း သွေဖည်သွားမှာကို စိုးရိမ်မိပါတယ်။
ဘောစနီးယား- ဟာဇီဂိုးဗီးနား နဲ့ ဆားဗီးယား ဂျီနိုဆိုဒ်အမှု ကြားနာစစ်ဆေးတုန်းက အချိန်ဇယားကို ပြန်ကြည့်ရအောင်ပါ။ ၁၉၉၃ ခုနှစ် မတ်လ ၂၀ ရက်နေ့က စတင်တိုင်ကြားခဲ့တဲ့ ဒီအမှုဟာ အပြန်အလှန် လျှောက်လဲကြ၊ အယူခံတင်ကြတွေနဲ့ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ရောက်မှပဲ အပြီးသတ်စီရင်ချက် ချနိုင်ခဲ့တာဖြစ်လို့ ၁၄ နှစ်ခန့် ကြာခဲ့တာကို တွေ့ရတယ်။
အိုင်စီဂျေရှေ့ရောက်တဲ့ နိုင်ငံ ၂ ခု ပါဝင်ပတ်သက်တဲ့ ဂျီနိုဆိုဒ်အမှု ဆိုတာက ဂမ်ဘီယာ-မြန်မာ မတိုင်မီ များများစားစား မရှိခဲ့ပါဘူး။ ဘောစနီးယား ဂျီနိုဆိုဒ်အမှု (Srebrenica) စီရင်ချက်မှာ ဂျီနိုဆိုဒ်အမှုမြောက်တယ်လို့ အဆုံးသတ် စီရင်ချက် ချမှတ်တဲ့ အခါမှာလည်း ဆားဗီးယားနိုင်ငံအနေနဲ့ တိုက်ရိုက်တာဝန်ရှိတယ်လို့ မသတ်မှတ်ခဲ့ပဲ၊ ဂျီနိုဆိုဒ်ကျူးလွန်မှု မဖြစ်မြောက်အောင် ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ လျော်ကြေးငွေလည်း မချမှတ်ခဲ့ပါဘူး။ ဒီဂျီနိုဆိုဒ်အမှုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတိုက်ရဲ့ အကြီးမားဆုံး လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ခဲ့ပါတယ်။
ဒီအမှုရဲ့ အားသာချက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ The International Criminal Tribunal for the former Yugoslavia (ICTY) ကို ဖွဲ့စည်းပေးနိုင်ခဲ့တာပါ။ ဒီခုံရုံးက ရာဇဝတ်မှု ကျူးလွန်သူတွေကို ပြစ်ဒဏ် စီရင်နိုင်ခဲ့ပါတယ်။
အိုင်စီဂျေရဲ့ စီရင်ချက်တွေဟာ နောင်အမှုတွေအတွက် ကိုးကားစရာ ဖြတ်ထုံးအဖြစ် တင်ကျန်ရစ်ခဲ့တဲ့အတွက် သတိကြီးကြီးထား ဆုံးဖြတ်ကြတတ်တယ်။ အခု ဂမ်ဘီယာ-မြန်မာ စီရင်ချက်ဟာလည်း တောင်အာဖရိက-အစ္စရေး၊ ယူကရိန်း-ရုရှား အမှုတွေမှာ ကိုးကားစရာ ဖြစ်လာနိုင်ခြေ ရှိပါတယ်။
အခုအမှုကိုပဲ ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က သမ္မတဘိုင်ဒန် အစိုးရ အနေနဲ့ မြန်မာစစ်တပ်ဟာ ဂျီနိုဆိုဒ်ပြစ်မှု ကျူးလွန်ခဲ့တယ်လို့ သတ်မှတ်တဲ့အကြောင်း ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလန်ကင်က ကြေညာခဲ့ဖူးတာကိုလည်း ပြန်သတိရမိပါတယ်။ အမေရိကန်အစိုးရရဲ့ သဘောထားထုတ်ပြန်ချက်က ရှင်းလင်းပြတ်သားမှု ရှိတဲ့အတွက် အဲဒီအချိန်တုန်းက ကျယ်ကျယ်လောင်လောင် ငြင်းခုံမှုတွေ နည်းပါးခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်တွယ်နေသမျှ အလားတူ ရာဇဝတ်မှုတွေ ကြုံတွေ့နေကြရပါလိမ့်ဦးမယ်။ အိုင်စီဂျေအတွက် ၂၀၂၆ ခုနှစ်ဟာ ဖြတ်သန်းနေကျ ခုနှစ်သက္ကရာဇ် တခုလိုပဲ ဆိုနိုင်ပေမယ့်၊ နွေဦးတော်လှန်ရေးအတွက်ကတော့ ၂၀၂၆ ခုနှစ်ဟာ အလွန်အရေးကြီးပါတယ်။ ဒီအချိန်မှာ နိုင်ငံရဲ့အရေး၊ အမျိုးသားရေး၊ ဘာသာရေး ခေါင်းစဉ်တွေနဲ့ ပြည်သူလူထုကို တဖက်လှည့် အသုံးချဖို့ ကြံစည်နေကြတာကိုလည်း မျက်ခြည်ပြတ်နေလို့ မရပါဘူး။
အိုင်စီဂျေ ရောက်နေတဲ့ ဒီအမှုဟာ အရေးပါပါတယ်။ ဒါပေမဲ့ ဥပဒေကြောင်းအရ သွားနေတာဖြစ်တဲ့အတွက် ရုံးတော်ပြင်ပက အရပ်သားအမြင်နဲ့ ဆူညံပွက်လောရိုက် ငြင်းခုံပြောဆိုနေမှုတွေဟာ အိုင်စီဂျေရုံးတော်က ထိပ်တန်းဥပဒေပညာရှင် တရား သူကြီးတွေရဲ့ ဉာဏ်ပညာ၊ အတွေ့အကြုံနဲ့ ဆင်ခြင်တုံတရားအပေါ် လွှမ်းမိုးမှု ရှိနိုင်မှာ မဟုတ်ပါဘူး။ တရားခွင်ပြင်ပ ဥပဒေပညာရှင် မဆိုထားနဲ့၊ ဒီအမှုမှာ လိုက်ပါနေကြတဲ့ နှစ်ဖက်ရှေ့နေ အကျော်အမော်တွေကတောင် ထွက်ရှိလာမယ့် အိုင်စီဂျေရုံးတော်က ထွက်ရှိလာမယ့်ရလဒ်ကို အတိအကျ ခန့်မှန်းနိုင်ကြမှာ မဟုတ်တာ သေချာပါတယ်။
ပြန်ချုပ်ရရင် ကံသေကံမ မပြောနိုင်သည့်တိုင် အိုင်စီဂျေရဲ့ အပြီးသတ် စီရင်ချက်ဟာ ၂၀၂၆ ခုနှစ်ထဲ ထွက်ပေါ်လာမယ့် အခွင့်အလမ်း နည်းပါးပါတယ်။ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ စစ်အာဏာရှင်စနစ် ရုတ်ခြည်း လဲပြိုကျသွားနိုင်တဲ့ ဆုံးဖြတ်ချက်မျိုး မဟုတ်နိုင်တာကိုလည်း လက်ခံရမှာပါ။ အရေးပါတဲ့ ဖိအားတခု အသွင်ဆောင်မှာကတော့ ငြင်းလို့ မရပါဘူး။
အိုင်စီဂျေလို ကမ္ဘာ့တရားရုံးမျိုးက ပြစ်ဒဏ်ချစီရင်နိုင်ဖို့အပြင်၊ နောင်တချိန် အလားတူ ထပ်မဖြစ်စေနိုင်ဖို့ ဆိုတဲ့ တာဝန်ကိုလည်း ယူထားပါတယ်။ နှစ်ဖက်ကြားက မုန်းတီးမှုတွေ ထပ်တိုးမလာနိုင်ဖို့ စဉ်းစားလေ့ရှိပါတယ်။ ဒီဆောင်းပါးမှာ အိုင်စီဂျေ တရားသူကြီးများရဲ့ ဆင်ခြင်တုံတရား ဆိုတဲ့ စကားလုံးကို မကြာခဏ အသုံးပြုထားတာ သတိပြုမိကြပါလိမ့်မယ်။ ဒါဟာ အကြောင်းမဲ့ မဟုတ်တာကိုလည်း သဘောပေါက်ကြမှာပါ။ ဒါ့အပြင် အကန့်အသတ်ရှိတဲ့ တရားသူကြီးမင်းများရဲ့ အခွင့်အာဏာကိုလည်း မေ့မထားကြဖို့ လိုအပ်ပါတယ်။
အခုလို ဘယ်သူ တဦးတယောက်ကမှ အိုင်စီဂျေ ဆုံးဖြတ်ချက်ကို မခန့်မှန်း မပြောကြားနိုင်ကြတဲ့၊ တော်လှန်ရေးအတွက် သိပ်အရေးကြီးတဲ့ ၂၀၂၆ ခုနှစ်မှာ ဒီလိုပြုမူနေမှုမျိုးက နှစ်ခြမ်းကွဲဖို့ လွယ်ကူလွန်းတဲ့ လူ့အဖွဲ့အစည်းအတွက်တော့ အကျိုးထက် အပြစ်များတယ်လို့ပဲ ထင်ပါတယ်။ အိုင်စီဂျေက သူ့အလုပ်သူ လုပ်နေချိန်မှာ၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးမှာ ပါဝင်ဆောင်ရွက်နေတယ် ဆိုတဲ့သူများကလည်း ကိုယ့်အလုပ်ကိုယ်ပဲ ဦးစားပေး အာရုံစိုက်ကြရင်း ၂၀၂၆ ခုနှစ်ကို ဖြတ်သန်းသင့်တယ်လို့သာ ယူဆမိပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar