ကိုအောင်မှိုင်း - ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ
မိုးမခ ၊ ဇန်နဝါရီ ၂၉ ၊ ၂၀၂၆
စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ၏ နောက်ခံသမိုင်းနှင့် အရင်းရှင်ဝါဒဖြစ်တည်မှု
၁၉ ရာစုနှင့် ၂၀ ရာစု အစောပိုင်းကာလများတွင် အင်အားကြီးနိုင်ငံများက စစ်ရေးအင်အားကို အသုံး ပြု၍ နိုင်ငံရပ်ခြား စီးပွားရေးအကျိုးစီးပွားများကို အတင်းအကျပ် ချဲ့ထွင်ခဲ့ကြသည့် လုပ်ရပ်များကို ဖော်ပြရန်အတွက် “စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ” ဟူသော သဘောတရားကို အသုံးပြု လာကြသည်။ အထူးသဖြင့် ရေတပ်အင်အား ကောင်းမွန်လာသည့် အင်ပါယာခေတ်တွင် ဤမူဝါဒ သည် ပိုမို ထင်ရှားလာခဲ့သည်။ (Hobsbawm, 1987)
၁၉ ရာစု အလယ်ပိုင်းတွင် အနောက်နိုင်ငံများသည် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဒေသ များသို့ စစ်သင်္ဘောများ စေလွှတ်ကာ ဆိပ်ကမ်းများဖွင့်ခိုင်းခြင်း၊ မမျှတသော ကုန်သွယ်ရေးစာချုပ် များ ချုပ်ဆိုခိုင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ဥပမာအားဖြင့် ၁၈၄၀ ခုနှစ်များအတွင်း ဗြိတိသျှ အင်ပါယာသည် တရုတ်နိုင်ငံအား စစ်ရေးအင်အားဖြင့် ဖိအားပေးကာ ကုန်သွယ်ရေးအခွင့်အရေး များစွာကိုရယူခဲ့သည်။ ထိုကာလသည် စီးပွားရေးအကျိုးစီးပွားကို စစ်အင်အားဖြင့် ကာကွယ်ချဲ့ထွင် ခဲ့သည်မှာ ထင်ရှားသော ဥပမာတရပ်အဖြစ် သတ်မှတ်ခံရပါသည်။ (Osterhammel, 2014)
ထို့အပြင် ၁၉ ရာစု နှောင်းပိုင်းနှင့် ၂၀ ရာစု အစောပိုင်းကာလများတွင် အမေရိကန် ပြည်ထောင်စု သည် ကာရေဘီယံဒေသနှင့် လက်တင်အမေရိကနိုင်ငံများတွင် ရေတပ်နှင့် စစ်တပ်အင်အားကို အ သုံးပြုကာ ကုမ္ပဏီကြီးများ၏ စီးပွားရေးအကျိုးစီးပွားကို ကာကွယ်ခဲ့သည်။ သမိုင်းပညာရှင်အချို့ က ဤလုပ်ရပ်များကို “gunboat diplomacy” နှင့် နီးစပ်သော အယူအဆအဖြစ် သတ်မှတ်ကာ စစ် ရေးဖိအားနှင့် အရင်းရှင်စနစ်တို့ ပေါင်းစပ်သွားသည့် ပုံစံတစ်ရပ်အဖြစ် သုံးသပ်ကြသည်။ (LaFeber, 1993)။
သမိုင်းအရ ကြည့်မည်ဆိုလျှင် စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒသည် အချို့နိုင်ငံများအတွက် အမြတ်အစွန်းနှင့် ကုန်သွယ်ရေးတိုးတက်မှုကို ယူဆောင်လာခဲ့သော်လည်း နိုင်ငံငယ်များ၏ အာဏာ ပိုင်ဆိုင်ခွင့်နှင့် စီးပွားရေး လွတ်လပ်ခွင့်များကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ ထို့ကြောင့် ယနေ့ ခေတ်တွင် ဤမူဝါဒကို ကိုလိုနီဝါဒနှင့် အင်ပါယာဝါဒ၏ အကျိုးစီးပွားဆိုင်ရာ လက်တွေ့အသုံးချပုံ တရပ်အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်လာကြသည်။ (Cain & Hopkins, 2001)
စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒနှင့် မြန်မာနိုင်ငံသမိုင်းဆိုင်ရာ ဆက်စပ်မှု
စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ (Gunboat Capitalism) ကို အနက်ဖွင့်ဆိုရလျှင် စစ်ရေး အင်အား၊ အထူးသဖြင့် ရေတပ်နှင့် စစ်သင်္ဘောအင်အားကို နောက်ခံထား၍ စီးပွားရေးအကျိုး စီးပွားများကို ချဲ့ထွင်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို လုပ်ဆောင်သည့် စနစ်တစ်ရပ်ဖြစ်သည်။ ဤ သဘောတရားကို အများအားဖြင့် ၁၉ ရာစု အင်ပါယာခေတ်နှင့် ချိတ်ဆက်လေ့ရှိသော်လည်း မြန်မာသမိုင်းနှင့် အရှေ့တောင်အာရှဒေသကို ကျယ်ပြန့်စွာ သုံးသပ်လျှင် ၎င်း၏ အစပြုအခြေခံ ပုံစံများကို ၁၆ ရာစုတွင် အခိုင်အမာ တွေ့မြင်နိုင်ပါသည်။ (Reid, 1993)
၁၆ ရာစုတွင် ဥရောပရေကြောင်းအင်အားကြီးနိုင်ငံများ အာရှဒေသသို့ ဝင်ရောက်လာသည့်အခါ စစ်သင်္ဘောအင်အား၊ လက်နက်နည်းပညာနှင့် ကုန်သွယ်ရေးအကျိုးစီးပွားတို့သည် ခွဲခွာမရနိုင်သော အရာများအဖြစ် ပေါင်းစပ်လာခဲ့သည်။ ပေါ်တူဂီတို့၏ အစောပိုင်းရေကြောင်း လှုပ်ရှားမှုများတွင် စစ်သင်္ဘောအင်အားကို အသုံးပြုကာ ဆိပ်ကမ်းများကို ထိန်းချုပ်ခြင်းနှင့် ကုန်သွယ်ရေးအခွင့် အ ရေးများ ရယူခြင်းတို့ကို တွေ့ရပြီး၊ နောက်ပိုင်းတွင် “gunboat capitalism” ဟု ခေါ်တွင်မည့် စနစ်၏ အစောဆုံးပုံစံများဖြစ်လာခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် တောင်ငူခေတ်ကာလတွင် ဥရောပလက်နက်နည်းပညာနှင့် ရေကြောင်းဗဟု သုတများကို အသုံးချခဲ့သော်လည်း ထိုအရာများသည် ပြင်ပအင်အားကြီးများအတွက် ဒေသတွင်း စီးပွားရေးနှင့် နိုင်ငံရေးအပေါ် သက်ရောက်နိုင်သည့် လမ်းကြောင်းတရပ်ကိုလည်း ဖွင့်ပေးခဲ့ရပါ သည်။ ၁၇ ရာစုမှ ၁၈ ရာစုအထိ ကာလအတွင်း ဥရောပကုန်သွယ်ရေးကုမ္ပဏီများသည် ကုန်သွယ် ရေးအဖွဲ့အစည်းများသာမက ကိုယ်ပိုင်စစ်အင်အားများကိုပါ ပိုင်ဆိုင်လာကြပြီး စီးပွားရေးနှင့် စစ် ရေးကို ပေါင်းစပ်အသုံးချလာခဲ့ကြပါသည်။ (Gallagher & Robinson, 1953)
၁၉ ရာစုတွင် ဗြိတိသျှအင်ပါယာက မြန်မာနိုင်ငံကို ကိုလိုနီအဖြစ်သိမ်းပိုက်ရာ၌ ယင်းပေါင်းစပ်ပုံစံ သည် ပိုမိုစနစ်တကျ ဖြစ်လာခဲ့သည်။ မြစ်ကြောင်းများနှင့် ဆိပ်ကမ်းများကို စစ်သင်္ဘောအင်အား ဖြင့် ထိန်းချုပ်ခြင်းသည် စစ်ရေးအောင်မြင်မှုသာမက စီးပွားရေးလမ်းကြောင်းများကိုပါ လက်ဝါး ကြီးအုပ်နိုင်စေခဲ့သည်။ကိုလိုနီခေတ်အတွင်း မြန်မာနိုင်ငံ၏ ဆန်စိုက်ပျိုးရေး၊ သစ်တောလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးစနစ်များသည် ဒေသခံလူထုအကျိုးထက် အင်ပါယာ၏ ကမ္ဘာလုံးဆိုင်ရာ အ ရင်းရှင်စနစ်အတွက် ပြန်လည်ဖွဲ့စည်းခံခဲ့ရသည်။
ဤသမိုင်းအတွေ့အကြုံများကြောင့် စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒသည် နည်းလမ်းတခုသာ မက စစ်ရေး၊ စီးပွားရေးနှင့်အာဏာပိုင်ဆိုင်မှုတို့ ပေါင်းစပ်သွားသည့် စနစ်တရပ်ဖြစ်ကြောင်း မြန်မာ့ သမိုင်းက ထင်ရှားစွာ ပြသလျက်ရှိပါသည်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar