Breaking News

ကိုအောင်မှိုင်း - ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ - အပိုင်း (၁)


ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ 

 အပိုင်း (၁)

ကိုအောင်မှိုင်း

 မိုးမခ ၊ ဇန်နဝါရီ ၂၂ ၊ ၂၀၂၆

The Economist မဂ္ဂဇင်းတွင် ဖော်ပြထားသည့်“America’s gunboat capitalism will make the world poorer” ဟူသော ခေါင်းစဉ်ပါ ဆောင်းပါးကို ဖတ်ရသည့်အခါ အလွန်စိတ်ဝင်စားမိခဲ့ပါသည်။ ယင်းဆောင်းပါးသည် ကမ္ဘာ့သမိုင်းအတွင်း ၁၆ ရာစုလောက်က စတင်ခဲ့သော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒသည် ယနေ့ခေတ်တွင် ပြန်လည်နိုးထလာနေကြောင်းကို ထင်ထင်ရှားရှား ထောက်ပြထားပါသည်။

ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးပြီး နိုင်ငံကြီးအများစုသည် လေယာဉ်တင်သင်္ဘောကြီးများ၊ ရေငုပ်သင်္ဘော များ၊ တိုက်သင်္ဘောများနှင့် ဖျက်သင်္ဘောများကို အပြိုင်အဆိုင် တည်ဆောက်နေကြသည်။ အထူးသဖြင့် နျူကလီးယားအင်အားသုံး စနစ်များကို ပိုမိုအလေးပေး အသုံးပြုလာကြခြင်းသည် စစ်ရေးအင်အားကို နောက်ခံထားသည့် စီးပွားရေးအင်အားပြိုင်ဆိုင်မှု ပြင်းထန်လာနေကြောင်းကို ပြသနေသည်။ အခြားတစ်ဖက်တွင်လည်း ကမ္ဘာအနှံ့ စီးပွားရေးမညီမျှမှုနှင့် အပူချိန်မြင့်တက်မှုကဲ့သို့သော အရေးကြီးသော ပြဿနာများ ပိုမိုကျယ်ပြန့်လာနေပြီဖြစ်ကြောင်း သေချာစွာ မြင်တွေ့နိုင်သည်။

ဤဆောင်းပါးကို အခန်း ၅ ခန်း ခွဲ၍ ဆက်လက်ရေးသားလိုပါသည်။

၁။ စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ (Gunboat Capitalism) ဆိုတာ ဘာလဲ

၂။ စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ၏ နောက်ခံသမိုင်း

၃။ စစ်သင်္ဘောပေါ်က အရင်းရှင်စနစ်

  — Gunboat Diplomacy နှင့် Gunboat Capitalism ဘာကွာလဲ

၄။ အမေရိကန်၏ စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒနှင့် ကမ္ဘာ့ဆင်းရဲမှု

  — America’s gunboat capitalism will make the world poorer (The Economist)

၅။ AI နှင့် ကမ္ဘာ့ဇာတ်ခုံသစ်အတွင်း ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒကို ကျားကန်ပေးသည့် အချက်များ

၁။ စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ (Gunboat Capitalism) ဆိုတာ ဘာလဲ

စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ ဆိုသည်မှာ အင်အားကြီးနိုင်ငံများက မိမိတို့၏ စီးပွားရေး အကျိုးစီးပွားကို တိုးချဲ့ရန် သို့မဟုတ် နိုင်ငံခြားတိုင်းပြည်များ၏ ကုန်သွယ်ရေးနှင့် သယံဇာတများကို ထိန်းချုပ်ရန်အတွက် စစ်ရေးအင်အား၊ အထူးသဖြင့် ရေတပ်နှင့် စစ်သင်္ဘောအင်အားကို နောက်ခံထား၍ ဖိအားပေး အသုံးချသည့် မူဝါဒတရပ် ဖြစ်သည်။

အင်ပါယာခေတ်ကာလအတွင်း အင်အားကြီးနိုင်ငံများသည် ဆိပ်ကမ်းဖွင့်ခိုင်းခြင်း၊ မမျှတသော ကုန်သွယ်ရေးသဘောတူစာချုပ်များ ချုပ်ဆိုခိုင်းခြင်းတို့ကို ဤမူဝါဒအောက်တွင် ဆောင်ရွက်ခဲ့ကြသည်။ ယင်းလုပ်ရပ်များသည် စီးပွားရေးအမြတ်အစွန်းကို ရရှိစေသော်လည်း နိုင်ငံငယ်များ၏ အာဏာပိုင်ဆိုင်ခွင့်နှင့် လူမှုစီးပွားရေးဖွံ့ဖြိုးမှုကို ထိခိုက်စေခဲ့ပြီး နိုင်ငံအချင်းချင်း မညီမျှမှုကို ပိုမိုနက်ရှိုင်းစေခဲ့သည်။

ထို့ကြောင့် စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒကို အရင်းရှင်စနစ်၏ အင်အားအလွန်အကျွံ အသုံးချသည့် ပုံစံတရပ်အဖြစ် သမိုင်းနှင့် နိုင်ငံရေးဆိုင်ရာ ဆောင်းပါးများတွင် မကြာခဏ ဝေဖန်ဆွေးနွေး ဖော်ပြလာကြပေသည်။

ရဲဘော်အောင်မှိုင်း

ကျမ်းကိုးစာရင်း

သမိုင်းပညာရှင် Hobsbawm (1987) ရဲ့ သုံးသပ်ချက်။

ဗြိတိသျှ အင်ပါယာ၏ ကုန်သွယ်ရေးချဲ့ထွင်မှုကို Gallagher နှင့် Robinson (1953) တို့၏ “Free Trade Imperialism” ဟု သုံးသပ်ချက်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar