Breaking News

လူမျိုးစုများကြားပဋိပက္ခနဲ့ ဆယ်စုနှစ်ကြာ မြန်မာ့ပြည်တွင်းစစ်

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၁၂ မြင်ကွင်း

မိုးမခ ၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆


လူမျိုးစုများကြားပဋိပက္ခနဲ့ ဆယ်စုနှစ်ကြာ မြန်မာ့ပြည်တွင်းစစ် 

MNDAA လို့ အတိုကောက်ခေါ်ဆိုတဲ့ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကို အထူးဒေသ (၁) ရဲ့ ပြန်လည်ထူထောင်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး အထူးဒေသ (၁) ထဲမှာ ခရိုင် ၄ ခုနဲ့ မြို့တော် ၁ ခု ပါဝင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ကိုးကန့် အထူးဒေသ (၁) ထဲမှာ ပါဝင်တဲ့ ခရိုင် ၄ ခုကတော့ ကွတ်ခိုင်၊ သိန္နီ၊ မုံးကိုး နဲ့ လောက်ကိုင် တို့ဖြစ်ပြီး မြို့တော် အဖြစ် လောက်ကိုင်မြို့ကို သတ်မှတ်အုပ်ချုပ်မယ်လို့ ပါရှိပါတယ်။ အခုလို သတ်မှတ်ကြေညာခဲ့တဲ့ နယ်မြေတွေထဲမှာ ကွတ်ခိုင်ဒေသမှာ TNLA က ထိန်းချုပ်ထားတဲ့ နယ်မြေတွေလည်း ရှိပြီး အသေးစိတ် နယ်နိမိတ်သတ်မှတ်ချက်တွေက ဘယ်အထိ ပါဝင်တယ်ဆိုတာတော့ မသိရှိရပါဘူး။ အခု ခရိုင်သတ်မှတ်ချက်၊ ကြေညာချက်က လူမျိုးစုအများအပြား နေထိုင်နေကြတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းရဲ့ နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတချို့ကို ပေါ်ထွက်လာစေတာလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကချင်လူမျိုးတွေ နေထိုင်နေကြတဲ့ ကွတ်ခိုင်နယ်နဲ့ ပတ်သက်လို့ ကချင် Sub-state နယ်မြေဖြစ်တာကြောင့် အခုလို ကိုးကန့်အထူးဒေသ (၁) ရဲ့ ခရိုင်ထဲထည့်သွင်းလိုက်ခြင်းဟာ လူမျိုးစုတွေ အကြား ပဋိပက္ခဖြစ်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ကချင်နဲ့ ရှမ်းနိုင်ငံရေးသမား အချို့က ဝေဖန်မှုတွေ ပေါ်ထွက်လာစေတာ ဖြစ်ပါတယ်။ 

ကိုးကန့် MNDAA နဲ့ အလားတူ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကလည်း ယမန်နှစ် သြဂုတ်လက TLC လို့ အတိုကောက် ခေါ်ဆိုတဲ့ တအာင်းပြည်ကောင်စီကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ရာမှာ TNLA ထိန်းချုပ်နယ်မြေတွေကို တအာင်းပြည် အဖြစ်သတ်မှတ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။ TLC အနေနဲ့ အုပ်ချုပ်မယ့် မြို့နယ် ၅ မြို့နယ်မှာ KIO ရဲ့ အုပ်ချုပ်ရေးနဲ့ ရောယှက်နေတယ်လို့ ISP Myanmar ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။ တအာင်းပြည် ကောင်စီ ဖွဲ့စည်းကြောင်း ကြေညာပြီးနောက် လအနည်းငယ်အကြာမှာ TNLA အနေနဲ့ စစ်တပ်နဲ့ အပစ်အခတ်ရပ် သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပြီး အဆိုပါ သဘောတူညီမှုအရ မိုးကုတ် နဲ့ မိုးမိတ်မြို့တွေကို ပြန်လည်လွှဲပြောင်း ပေးခဲ့ရတာ ဖြစ်ပါတယ်။ အပစ်မရပ်မီကာလတွေမှာ TNLA နဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပြီး နောင်ချို၊ ကျောက်မဲ နဲ့ သီပေါမြို့တွေကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ 

ဒီလို စစ်ရေးအရ တိုက်ခိုက်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဒဏ်ကြောင့် နယ်မြေ သတ်မှတ်ချက် မတည်ငြိမ်မှုတွေလည်း ရှိနေခဲ့ခြင်းက အပစ်ရပ် သဘောတူညီမှုချက် ရယူရတဲ့ အကြောင်းတချက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ဒီနေရာမှာ TNLA နဲ့ MNDAA အဖွဲ့တွေရဲ့ အုပ်ချုပ်ရေး၊ နယ်မြေထူထောင်ကြောင်း ကြေညာမှုတွေက ဒီဒေသတွင်း နေထိုင်နေကြတဲ့ အခြားသော လူမျိုးစုတွေကို စိုးရိမ်မှုတွေ ရှိစေသလို ၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကာလတွေမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ဝင် အချင်းချင်းအကြား နယ်မြေ ဖြတ်သန်းခွင့် ဂိတ်ဖွင့်လှစ်စစ်ဆေးမှုတွေ နဲ့ ပတ်သက်ပြီး ပွတ်တိုက်မှုတွေ ဖြစ်ပွားတာ၊ လက်နက်ကိုင် အဖွဲ့တွေရဲ့ ဆက်ဆံရေး အေးစက်မှုတွေလည်း ဖြစ်ပွားခဲ့တာပါ။ 

ဆယ်စုနှစ် ၈ ခုနီးပါး ကြာမြင့်လာတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ရဲ့ အကြောင်းရင်းတွေထဲမှာ မိမိတို့ လူမျိုးတွေအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်က အဓိကကျတဲ့ အကြောင်းရင်း တချက်ဖြစ်ပါတယ်။ လူမျိုးတမျိုးနဲ့ တမျိုးအကြား သို့မဟုတ် လူများစု ဗဟိုအစိုးရက လူနည်းစု နယ်မြေတွေမှာ ဘာသာစကား၊ ယဥ်ကျေးမှု ထိန်းသိမ်းခွင့်၊ စီးပွားရေး၊ သယံဇာတ၊ ဖွံ့ဖြိုးရေးတန်းတူ အခွင့်အရေး စတဲ့အကြောင်းရင်းတွေက ပြည်တွင်းစစ်ပွဲ ဖြစ်ပွားရခြင်းရဲ့ အကြောင်းခံတွေ ဖြစ်ပြီး အဆိုပါ ပြည်တွင်းစစ် ကာလအတွင်း လူမျိုးစုတွေအကြား ပဋိပက္ခတွေ လုံးဝ မဖြစ်ပွားခဲ့တာတော့ မဟုတ်ပါဘူး။ 

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ မဖြစ်မီကာလလေးမှာ မွန်ပြည်သစ်နဲ့ ကေအန်ယူ အကြား ဘုရားသုံးဆူဒေသမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ သမိုင်းအဖြစ်အပျက်တွေ ရှိခဲ့တာပါ။ အလားတူ အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားမှာလည်း ရှိခဲ့ကြမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ်ကာလတွေမှာ အလားတူ ပဋိပက္ခမျိုးတွေ ကြီးကြီးမားမား မရှိခဲ့ကြဘဲ ၁၀၂၇ စစ်ဆင်ရေးကာလ နောက်ပိုင်း နယ်မြေ ထိန်းချုပ်မှု နယ်နိမိတ်တွေ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်ပေါပြီးနောက်မှာ အခုလို လူမျိုးစုလက်နက်ကိုင်များအကြား ပဋိပက္ခတွေ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။ 

အခုနှစ်ပိုင်း နဲ့ လပိုင်းတွေအတွင်းမှာ တိုက်ခိုက်သိမ်းယူထားတဲ့ နယ်မြေတွေနဲ့ ပတ်သက်လို့ ဒီနယ်နိမိတ်တွေ၊ အုပ်ချုပ်ပိုင်ခွင့်တွေက ရေရှည်အတွက်ပါ အတည်ဖြစ်တယ်လို့ တည့်တည့်လင်းလင်း မပြောဆိုကြပေမယ့် အုပ်ချုပ်ရေး ထူထောင်တာ၊ မြို့ရွာ ဆိုင်းဘုတ်တွေမှာ ပါဝင်တဲ့ ဘာသာစကားတွေ သင်္ကေတတွေကို ပြောင်းလဲကြတာတွေက လက်ရှိ ပဋိပက္ခကနေ နောက်ပဋိပက္ခသစ်တခုကို အစပျိုးနေကြတဲ့ သဘောမျိုး ဖြစ်လာစေပါတယ်။ 

နယ်မြေဒေသတွေကို နေထိုင်တဲ့ လူဦးရေ အနည်းအများ အချိုးအစားနဲ့ သတ်မှတ်ကြမလား၊ သမိုင်းကြောင်းပေါ် မူတည်ပြီး သတ်မှတ်ဆုံးဖြတ်ကြမလား၊ ဒေသမှာနေထိုင်သူတွေရဲ့ ဆန္ဒကို လွတ်လပ်တဲ့ ဆန္ဒခံယူပွဲတရပ် ကျင်းပပြီး ဆုံးဖြတ်ကြမလား အစရှိတဲ့ ရွေးချယ်စရာ နည်းလမ်းတွေ ရှိနေကြတာပါ။ ဒေသတခုမှာ နေထိုင်ကြတဲ့လူမျိုးအရေအတွက်အလိုက် ဆုံးဖြတ်ကျတာကိုလည်း ခေတ်အဆက်ဆက်မှာ လူမျိုးရွှေ့ပြောင်းမှုတွေ လုပ်ခဲ့ကြတာကို အကြောင်းပြုပြီး အဲဒီနည်းလမ်းကို ဝေဖန်ကြတာ လက်မခံကြတာလည်း ရှိနေတာပါ။ လူဦးရေ အချိုးအစား မဟုတ်ဘဲ သမိုင်းကြောင်းအရ သတ်မှတ်သင့်တယ်ဆိုခဲ့ရင်လည်း ဘယ်ခေတ် ဘယ်ကာလကစပြီး နေထိုင်ကြတာကို သတ်မှတ်မလဲဆိုတဲ့ အငြင်းပွားစရာတွေ ရှိနေကြတာပါ။ 

လက်ရှိ အနေအထားမှာတော့ လက်နက်ကိုင် တပ်အင်အားနဲ့ စစ်ဆင်နွှဲပြီး တိုက်ခိုက်သိမ်းယူနိုင်သလောက် သိမ်းယူထားပြီး နယ်မြေအသာစီး ထိန်းချုပ်ထားတဲ့ အနေအထားကနေ အခြားသော အဖွဲ့အစည်းတွေနဲ့ စကားပြော ညှိနှိုင်း အပေးအယူ လုပ်တာ မျိုးလည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ 

လူမျိုးစုကြားက ပဋိပက္ခလို့ ဆိုလိုက်ရင် သော့ချက်ကျတဲ့ စကားလုံးတွေက ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ တန်းတူညီမျှခွင့် ၊ညီမျှတဲ့ သယံဇာတခွဲဝေမှု၊ ဘာသာစကား၊ ယဥ်ကျေးမှု ထိန်းသိမ်းခွင့်၊ ဖက်ဒရယ်စနစ်၊ လူမျိုးကြီးဝါဒ၊ ပြင်းထန်တဲ့ အမျိုးသားရေးဝါဒ၊ ညီမျှတဲ့ အာဏာခွဲဝေမှု အစရှိတာတွေ ဖြစ်ပါတယ်။ 

ငြိမ်းချမ်းပြီး တန်းတူညီမျှမှု ရှိတဲ့ နိုင်ငံကို ထူထောင်ကြမယ်ဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ်၊ အစွန်းမရောက်တဲ့ အမျိုးသားရေး ဝါဒ၊ တန်းတူညီမျှတဲ့ သယံဇာတ အကျိုးခံစားခွင့်၊ အမျိုးသားရေးဝါဒထက် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး၊ တန်းတူညီမျှ ဖွံ့ဖြိုးမှုတွေကို ဦးတည်ကြမှသာ အနာဂတ်မှာ ငြိမ်းချမ်းတဲ့ နိုင်ငံတော်တခုကို တည်ထောင်နိုင်ကြမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar