Breaking News

လေးလေး - “ကမ္ဘာပေါ်မှာ အရုပ်ဆိုးတာတွေ သိပ်များနေပြီ မကြည်ပြာ”



လေးလေး - “ကမ္ဘာပေါ်မှာ အရုပ်ဆိုးတာတွေ သိပ်များနေပြီ မကြည်ပြာ”
(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၂၆


ဇော်ဇော်အောင်ရဲ့”မကြည်ပြာနှင့်ယုဇနမခင်ပျို”၊စိတ်ကူးချိုချိုစာအုပ်တိုက်က ၂၀၁၅ခု၊နှစ်ကုန်ခါနီး နိုဝင်ဘာလ မှာ စတုတ္ထအကြိမ်ထုတ်ဝေလာတယ်။စာအုပ်နာမည်မြင်တာနဲ့ ချယ်ရီတို့ ပေဖူးလွှာတို့ မဟေသီတို့ စတဲ့မဂ္ဂဇင်း တွေ အပြိုင်အဆိုင်ထုတ်ဝေခဲ့ကြတဲ့ ၁၉၈၀ ကျော်ကာလတွေကို ပြန်အမှတ်ရသွားတယ်။ရှုမဝတို့ သွေးသောက် တို့ စန္ဒာတို့လောက်သာရှိခဲ့တဲ့ မဂ္ဂဇင်းခေတ်ထဲကို ဒီအချိန်တုန်းက အရုပ်အရောင်စုံသလို စာအရည်အသွေးလည်း ကောင်းမွန်တို့ စောစောကပြောတဲ့ မဂ္ဂဇင်းတွေဝင်ချလာတယ်။

မှတ်မိနေတာက ဒီအချိန်ကာလတွေမှာ တလတလ မဂ္ဂဇင်းအားလုံးကို အချိန်မီငှားဖတ်နိုင်အောင် အားထုတ် ရ တာပါပဲ။ချယ်ရီလည်း ထွက်တာနဲ့ဖတ်ချင်၊ပေဖူးလွှာလည်း လက်မလွှတ်နိုင်၊ မဟေသီကလည်း အလွတ်ပေးလို့ မရ၊ စာအုပ်အငှားဆိုင်ပိုင်ရှင်က စာပေသမားဖြစ်တော့ ဘယ်သူဘယ်မဂ္ဂဇင်း ဖတ်လေ့ရှိတာဆိုတာ မှတ်ထားပြီး လူမြင်တာနဲ့ ဒီနေ့ထွက်တဲ့ ချယ်ရီ၊ဒီနေ့ထွက်တဲ့ ပေဖူးလွှာ ဆိုပြီး လက်လှမ်းပေးလေ့ရှိတယ်။တရက်ကို အနည်း ဆုံးမဂ္ဂဇင်းတအုပ် ပြတ်အောင် မဖတ်နိုင်ရင် အဲ့ဒီလထွက်တဲ့ မဂ္ဂဇင်းစုံအောင် မဖတ်နိုင်တော့ဘူး။

ဒီတော့ တရက်ကို မဂ္ဂဇင်းတအုပ်နှုန်းကျအောင် ငှားဖတ်ရတယ်။တချို့ရက်တွေ မဂ္ဂဇင်းနှစ်အုပ် တပြိုင်ထဲ ထွက် တာနဲ့ကြုံရင် ကိုယ်ပိုကြိုက်တဲ့ မဂ္ဂဇင်းစာအုပ်ကို ဦးဆုံးရွေးချယ်ဖတ်ရတာမျိုးလည်း ကြုံခဲ့ရ။အခုတော့ အဲ့ဒီအ ချိန်တွေတုန်းက မဂ္ဂဇင်းတွေမှာ စောင့်ဖတ်ခဲ့ရတဲ့ မကြည်ပြာနဲ့ ယုဇနမခင်ပျို ဝတ္ထုတိုတွေ တစုတစည်းထဲ ဖတ်ရ ပြီ။ ဇော်ဇော်အောင့်အမှာစာအရ ယုဇနမခင်ပျိုဝတ္ထုတိုတွေကို ၁၉၈၃ ခုနှစ်၊ မကြည်ပြာဝတ္ထုတိုတွေကို ၁၉၈၅ ခု နှစ်မှာ စတင်ရေးသားခဲ့တယ်လို့ သိရ။ပြီးတော့ ဇာတ်လမ်းဇာတ်ကွက်မပါတဲ့ မော်ဒန်ဝတ္ထုတိုတွေလို့လည်း ဆို ထား။

လွန်ခဲ့တဲ့ နှစ် ၄၀လောက်က မဂ္ဂဇင်းပါ ဇော်ဇော်အောင်ရဲ့ ဒီဝတ္ထုတိုတွေကို ဖတ်ကောင်းကောင်းနဲ့သာ ဖတ်ခဲ့၊ မော်ဒန်မှန်းမသိ၊ ခုလည်း ဝေဝေဝါးဝါးပဲ ၊ဟိုတုန်းက ဇော်ဇော်အောင်ရဲ့စ ကားပြောက ချောပြီး တခြားဝတ္ထုတိုတွေနဲ့ မတူတာနဲ့ ဖတ်ခဲ့တာ၊အခုလည်း ဇော်ဇော်အောင်ရဲ့ ချောလှတဲ့စကားပြေမှာပဲ ဖတ်ရင်း မျောပါတာပဲ။စာရေးသူမှာ တော့ သူရေးတဲ့စကားပြေထဲမှာ သူပြောချင်တာတွေ ဖွက်ပြီး ပြောရင်ပြောထားပေမပေါ့။အဲ့ဒီခေတ်က စာရေး ဆရာတွေ၊အထူးသဖြင့်တော့ ဝတ္ထုတိုဆရာတွေက အရိပ်အယောင်ပြရေးကြတဲ့နေရာမှာ ကျွမ်းကျင်ကြတယ်။

အခုကတော့ စာရေးသူကိုယ်တိုင်က သူ့ဝတ္ထုတိုတွေဟာ ဇာတ်လမ်းမပါတဲ့ မော်ဒန်ဝတ္ထုတွေပါလို့ အတိအလင်း ဆိုထားတာ လက်ခံရမှာပေါ့။စကားပြေချောတာက ပြောစရာမလို။ဖတ်ကြည့်ပါ။

“ကမ္ဘာပေါ်မှာ အရုပ်ဆိုးတာတွေ သိပ်များနေတယ် မကြည်ပြာ။ မနာလိုတာတွေ၊ အသာစီးရချင်တာတွေ ၊ကိုယ် ကျိုးစီးပွား သိပ်ကြည့်လွန်းတာတွေ ၊အနိုင်ကျင့်ချင်တာတွေ၊ ကိုယ်မဟုတ်သလို အရင်ဦးအောင် သူများကို အပြစ် တင်တာတွေ၊ ဟန်ဆောင်တာတွေ၊ အသံကောင်းဟစ်တာတွေ ၊နေစကြာဝဠာထဲက ဘာမှမဟုတ်တဲ့ အစက်အ ပြောက် မှုန်တိမှုန်မွှားလေးပေါ်မှာ လူတွေ သိပ်ရေးကြီးခွင်ကျယ် လုပ်နေကြတာ ၊ တကယ်တော့ ဘယ်သူမှ ဘာမှ သိပ်မဟုတ်ကြပါဘူး။”

“အရှေ့ကျွန်းက လှပလွန်းသောနှင်းဆီရောင်သည် လွတ်လပ်မွှေးပျံ့သော ရနံ့တသောင်းကို ကမ္ဘာအနှံ့ဖြန့်ကြဲ ပစ်လွှင့်နိုင်ပါစေ။ခု န်ပေါက်မြူးထူးနေသော ကလေးငယ်တို့၏ ရီမောသံများ ၊ကြည်လင်အေးမြ သော စမ်းရေ နှင့် ကိုယ်ချင်းစာမှုများ၊ ပန်းပွင့်များ ၊မြက်ခင်းများ ၊သက်တံများ၊ဝ င်းမှည့်သောစပါးခင်းမျာ း၊ပူနွေးစစ်မှန်သော ရိုင်းပင်း ကူညီမှုများ၊ စာသင်ကျောင်းက ခေါင်းလောင်းသံများ၊ လူအားလုံးအား စိုစွတ်သော မင်္ဂလာမိုးရေများ၊ ထိုအရာ အား လုံး လာပါစေ ။သီချင်းဆို၍ကြိုပါ၏။ ကဗျာစပ်၍ ကြိုပါမည်။”

ဇော်ဇော်အောင်ရဲ့”မကြည်ပြာနှင့်ယုဇနမခင်ပျို”စာအုပ်မှာ မကြည်ပြာနဲ့ မခင်ပျို ဝတ္ထုတို အပုဒ် ၂၀ တိတိ ပါ တယ်။ ဒီစာအုပ်ကို လေးကြိမ်မြောက်အထိအောင် အထပ်ထပ်အခါခါ ပုံနှိပ် ထုတ်ဝေထားရတယ်ဆိုတော့ အကြိုက်တွေ့သူများလို့ ဖြစ်မယ်ဆိုတာမှန်းကြည့်လို့ရတယ်။

စတုတ္ထအကြိမ်မှာ အုပ်ရေ ၅၀၀ ထုတ်ဝေဖြန့်ချီ ထားပြီး စာအုပ်တန်ဖိုးက ကျပ် ၈,၀၀၀ တိတိ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar