Breaking News

နတ်မှူး - လွမ်းရသော သုံးပွင့်ဆိုင် ဂန္ထဝင်များ

 


 Image- Credit

*** ၂၀၂၅ ကို ဤအက်ဆေးလေးနဲ့ လက်ပြခဲ့ပါတယ်။ မကြာမီ ၂၀၂၅ ကအတိတ်ကာလတခုဖြစ်သွားတော့မှာပါ။ အတိတ်ဆိုတာ ပျောက်ရှသွားတဲ့ အဖိုးတန်ရတနာတပါးလိုပဲ ပြန်မရပေမယ့် လွမ်းစရာတော့ အကောင်းသား။ မိဘပြည်သူတို့ စိတ်အပန်းဖြေ လွမ်းဖို့ အသစ်စက်စက် အက်ဆေးလေးတပုဒ်တင်ပေးလိုက်ပါတယ်…ဖတ်ကြည့်ပါကုန် ...( စာရေးသူ)

“  လွမ်းရသော သုံးပွင့်ဆိုင် ဂန္ထဝင်များ

နတ်မှူး

(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၂၅



      ရာမာယဏသည် ပညာရှိဆရာကြီး ဝါလမိကီရေးသားခဲ့သော ရှေးဟောင်းအိန္ဒိယ ဇာတ်တော်ကြီးဖြစ်သည်။ ရာမ၊ သီတာဒေဝီနှင့် ရာဝဏ(
(ဒဿဂီရိ)တို့၏သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဖြစ်သည်။ ထိုဇာတ်တော်မှာ  နာမည်နှင့်လိုက်အောင် အဓိကဇာတ်ကောင်(မင်းသား) သည်ရာမဖြစ်သည်။  ရာမသည် အယုဒ္ဓယပြည့်ရှင်ဘုရင် ဒသရထ၏မိဖုရားကြီး ကောသလ္လာကဖွားမြင်သော သားကြီး ဩရသ ဖြစ်သည်။ မိထိလာဘုရင်၏သမီးတော် သီတာဒေဝီ၏ ဖူးစာရှင်ရွေးချယ်သော လေးတင်ပွဲတွင် ရာမကအနိုင်ရသဖြင့် သီတာဒေဝီသည် ရာမ၏ ကြင်ယာတော် ဖြစ်လာခဲ့သည်။ ဖခမည်းတော်ဒဿရထမင်းကြီးသည် လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံပြီး ဘုန်းသဘာရှင်ဖြစ်သော သားတော်ကြီး ရာမမင်းသားကို ထီးနန်းအမွေပေးဖို့ ဆုံးဖြတ်ထားသည်။ သို့သော်မိဖုရားငယ် ကေကေရီအပေါ် ပေးခဲ့သော ကတိစကားကြောင့် ထိုမိဖုရား၏သားတော် ဘာရတကို ထီးနန်းအပ်ပြီး ရာမကို တောအရပ်သို့ ၁၄ နှစ်ပြည်နှင်ဒဏ်ပေးခဲ့သည်။ ရာမနှင့်အတူ ကြင်ယာတော် သီတာဒေဝီနှင့်ညီတော်လက္ခဏတို့ လိုက်ပါလာကြသည်။ တောအရပ်တွင် သီတာကို ရာဝဏ(ဒဿဂီရိ) က ရသေ့ဟန်ဆောင်၍ လင်္ကာဒီပ(သီရိလင်္ကာ) သို့ ခိုးယူသွားခဲ့ရာက ဤဇာတ်တော်ဖြစ်လာခဲ့သည်။
         ရာမကို ဗုဒ္ဓဘာသာဝင်တို့က ဘုရားလောင်း၊ ဟင်ဒီဘာသာဝင်တို့က ဗိဿနိုးနတ်၏ ကိုယ်ပွားအဖြစ် မှတ်ယူကြသည်။ သာမန်လူဖြစ်သော်လည်း ဘီလူးမင်းရာဝဏ(ဒဿဂီရိ) ကို စစ်ခင်း၍ အနိုင် ရခဲ့သည်။ ထိုသို့ အနိုင်ရခြင်းမှာ ရာမကသူကိုယ်တိုင် ဘုန်းကြီးပြီး တရားစောင့်သူဖြစ်သည့်အပြင် သုကြိတ်မြောက်မင်း( သုဂရိတ )၏ စစ်သူကြီး တန်ခိုးရှင်ဟာနုမန်နှင့် မြောက်စစ်သည်များ၊ ပင်လယ်စောင့်နတ် အစရှိသော နတ်ဒေဝတာတို့၏ ဖေးမမှုကို ရရှိသောကြောင့်ဖြစ်သည်။


          ရာဝဏသည် လင်္ကာပြည့်ရှင်ဘုရင်ဖြစ်သည်။ ဗြမ္မာမင်း၏ ဆုပေးမှုကြောင့် သူကခွန်အားအလွန်ကြီးသည်။ စာဆိုက ဦးခေါင်းဆယ်လုံးရှိသည့် နတ်ဆိုး(
(ဒဿဂီရိဘီလူး) အဖြစ် ရေးဖွဲ့ခဲ့သည်။ အကြောင်းမှာဦးခေါင်းဆယ်လုံးသည် ဦးနှောက်ဆယ်ခုဖြစ်ပြီး ဒဿဂီရိက အနည်းဆုံးအတတ်ပညာ ဆယ်မျိုးတတ်သည်ဟု ဆိုလိုပုံရသည်။ သူက စစ်ဗျူဟာ ကျွမ်းကျင်သည်။ မှော်ပညာ တတ်မြောက်၍ မူရာမာယာများသည်။ ရုပ်ပြောင်းရုပ်လွဲနှင့် စက်မှုပညာ နိုင်နင်းသည်။ ကောက်ကျစ်စဉ်းလဲသည်။ သီတာဒေဝီကို ခိုးယူရာတွင် ရသေ့ယောင်ဆောင်ခဲ့သည်။ လူတွေကိုလှည့်စားလို့ အကောင်းဆုံနည်းမှာ သူတော်စင်ယောင်ဆောင်ခြင်းဖြစ်ကြောင်း ကောင်းစွာသိသည်။ သူကသီတာကို လင်္ကာကျွန်းဆီခေါ်ဆောင်နိုင်ခဲ့သည်။ ထိုသို့ ခေါ်ဆောင်ရာတွင် ကောင်းကင်ခရီးကနေ ပန်းရထားဖြင့် တင်သည်ဟု ဆိုသည်။
       
ဒဿဂီရိက ခေသူမဟုတ်။ ယုံချင်ယုံမယုံချင်နေ မြန်မာရာမာယဏဇာတ်တော် အခန်း(၁)မှာ  နေမျိုးနာဋက ကျော်ခေါင်က ဒဿဂီရိသည် စတုမဟာရာဇ်၊ သိကြားပြည်၊ နဂါးပြည်တို့ကို တိုက်သဖြင့် အားလုံးက သူ့ကိုသစ္စာခံကြရသည်ဟု ရေးခဲ့သည်။
       သိကြားမင်းက ”မာန်တင်းကြမ်းကြုတ်၊ အလွန်ယုတ်သား၊ စက်ဆုပ်စရာ၊သူတကာတို့၊ ချမ်းသာမရ၊ ခိုက်ရန်ခသည်၊ 
ဒဿဂီရိ၊ မိုက်ဒိဋ္ဌိ” ဟု ညည်းတွားခဲ့သည်တဲ့။ မူရင်းရာမဇာတ်တော်ကို မဖတ်ဘူး၍အင်တာနက်က ယူရေးလိုက်ခြင်းပါ။ သီရိလင်္ကာဘုရင်ဒဿဂီရိက ရာမဇာတ်တော်တွင် သိ ကြားမင်းကို အနိုင်ရခဲ့သည်။ မျက်မှောက်ခေတ်မှာမူ  ထိုနိုင်ငံသားတို့က စိနတို့၏ အကြွေးထောင်ခြောက်ဖြင့် အလဲထိုးခံလိုက်ရသည်။ ဒဿဂီရိ၏မျက်နှာကို အိုးမည်းသုတ်ရာကျနေသဖြင့် ရယ်ဖွယ်ကောင်းလှသည်။သို့သော်မရယ်နိုင်ပါ။
          ဗြမ္မာမင်းက 
ဒဿဂီရိလိုလူဆိုးကို အကောင်းချည်းဆုချသည်ဟုထင်က မှားလိမ့်မည်။ ဦးခေါင်းဟူသည် ကုသိုလ်နှင့်အကုသိုလ်၊ ဓမ္မနှင့်အဓမ္မအားပြိုင်မှု၏ ဗဟိုချက်မဖြစ်ရာ အတတ်ကျူးက ဘီလူးဖြစ်သည်ဟူသောစကား ရှိသည်။ သူပိုင်ဆိုင်သော အတတ်များက ဒဿဂီရိ၏အတ္တနှင့်မာနကို လွန်ကဲစေခဲ့သည်။ သို့ဖြင့် ဝီလမိကီစာဆိုက ဒသဂီရိကို ဘီလူးအဖြစ် ရေးဖွဲ့ခဲ့ခြင်းဖြစ်မည်။ သူက သူတပါး၏အိမ်ရာကို ပစ်မှားခြင်းသည် ကာမေသုမိစ္ဆာကံကို ကျူးလွန်ခြင်းဖြစ်ကြောင်း သိလျက်နှင့် ရာမမင်း၏ကြင်ယာတော် သီတာဒေဝီကို ခိုးယူခဲ့သည်။ ထိုအဓမ္မအမှုကပင် နတ်တို့၏ စက်ဆုတ်ရွံရှာမှုကိုခံရပြီး တန်ခိုးရှိန်စော်ယုတ်လျော့ကာ ရာမ၏လေးချက်ဖြင့် အသက်ထွက်ခဲ့ရသည်။


      ဗိုလ်အောင်ဒင်သည် ဒါရိုက်တာကြီး  ရွှေဒုံးဘီအောင်၏ ဂန္ထဝင်မြောက်နာမည်ကြီးရုပ်ရှင်ဖြစ် သည်။ ကိုယ်တိုင်ဇာတ်လမ်းရေးပြီး ကိုယ်တိုင်ရိုက်ကူးခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၇ နှစ် ၁၉၄၁ က ရုံတင်ခဲ့သော ဇာတ်ကားဖြစ်သည်။ နာမည်နှင့်လိုက်အောင် ထိုကား၏ဇာတ်လိုက်မှာ ဗိုလ်အောင်ဒင်ဖြစ်သည်။ ဗိုလ်အောင်ဒင်၊ မမြဝင်းနှင့် ကိုဘချစ်တို့၏ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဖြစ်၍ ရာမာယဏဇာတ်တော်နှင့် ကြောရိုးခြင်းတူသည်။ အင်္ဂလိပ်လက်ပါးစေ ပုလိပ်ကိုဘချစ်ကို လူဆိုးဗိုလ်အောင်ဒင်ထက် တဆင့်နှိမ့် ဇာတ်လမ်းဆင်ထားရာ အင်္ဂလိပ်လက် ထက်အနုပညာလွတ်လပ်မှုကို အကဲခတ်နိုင်သည်။
        ဗိုလ်အောင်ဒင်ကို 
ဒဿဂီရိလို ကိုဘချစ်၏ချစ်သူ မမြဝင်းအား ရည်းစားဓားမြ တိုက်စေခဲ့သည်။ ဗိုလ်အောင်ဒင်က ဒဿဂီရိထက်တခုသာသည်မှာ မမြဝင်းသည် သီတာဒေဝီလို လင်ရှိမယားမဟုတ်ဘဲ အပျိုဖြစ်သည်။
        ထိုရုပ်ရှင်မှာ အလွန် ရှေး​ကျသောဇာတ်ကားဖြစ်၍ မကြည့်ဘူးခဲ့ပါ။ You tube ပေါ်သော ယနေ့ခေတ်ရောက်မှ ကြည့်ရသည်။ သို့သော် အသံသွင်းကက်ဆက်တိတ်ခွေခေတ်တွင် ဂီတစာဆိုမောင်ကြေးမုံက ရုပ်ရှင်နယ်ကမင်းသားမင်းသမီးများဖြစ်သည့် ကောလိပ်ဂျင်နေဝင်း၊ စိုးရွှေ၊ တင်တင်နွဲ့တို့ဖြင့် ဆန်းသစ်ခဲ့ရာ ဝက်ဝက်ကွဲအောင်မြင်ပြန်သည်။ ကျနော်မကြိုက်သည်မှာ ဗိုလ်အောင်ဒင်အဖြစ်သရုပ်ဆောင်သည့် မင်းသားကြီး ခင်မောင်ရင်ကော ကောလိပ်ဂျင်နေဝင်းပါ အကြောင်းမဲ့ တဟားဟားရယ်နေခြင်းဖြစ်သည်။ လူဆိုးလုပ်လျှင် ဤသို့ရယ်ရမည်ဟု ဒါရိုက်တာက သင်ပေးထားသလားမပြောတတ်။ နောက်ပိုင်းရုပ်ရှင်များတွင် လူကြမ်းသရုပ်ဆောင်တို့က ထိုသို့ရယ်မောကြပြန်သည်။
        ဗိုလ်အောင်ဒင်က ဒသဂီရိလိုပင် လူကြမ်းကြီးဖြစ်သည်။ 
ဒဿဂီရိက ဘုရင်ဖြစ်၍ ပိုက်ဆံရှာစရာမလို။ ဗိုလ်အောင်ဒင်ကမူ ပိုက်ဆံရဖို့ ဓားပြတိုက်၊ လုယက်၊အနုကြမ်းစီးရသည်။ ဒဿဂီရိက ခေါင်းဆယ်လုံးကပေးသော အတတ်ပညာ ခွန်အားတို့ဖြင့် သွေးနားထင်ရောက်ပြီး အတ္တကြီးသည်။ ဗိုလ်အောင်ဒင်က ဓားမြတယောက်မျှ ဖြစ်သော်လည်း အင်္ဂလိပ်စကားပြောတတ်သည်။ သေနတ်ပစ်၊ ဓားပေါက်၊ လက်ဝှေ့ အထိုးအသတ် စွယ်စုံရသည်။ သူ့ကိုအံတု၍ တစင်ထောင်မည့် တပည့်ရာမကို ဗိုလ်လုပ်ချင် ဒါတွေတတ်ရတယ်ကွဟု  ပညာပေးခဲ့သည်။ ထို့ကြောင့်ပင် သူက ဒဿဂီရိလို ဘဝင်လေဟတ်ပုံရသည်။
         ဓားမြတိုက်လို့ရသောငွေဖြင့် ပါတီပွဲတွေကျင်းပပြီး လူကြီးလူကောင်းဟန်ဆောင်သည်။ အထင်ကြီးစရာကောင်းသည်မှာ သူကအနုပညာမှာလည်းစွမ်းသည်။ လက်ဆွဲဘာဂျာ ဆွဲတတ်သည်။ စန္ဒယား ပြင်တတ်သည်။ စန္ဒရားတီးပြီး ဂန္ဓမာတောင်သီချင်းကို ကောင်းစွာ ဆိုနိုင်သည်။ ” ဦးဘချစ်…သောက်ပါဦးဗျ၊ ဒီစီးကရက်က ဗမာပြည်မှာ ကျုပ်တယောက်တည်းသောက်တာပါ” ဟု ပြောသည်။ သူ့စကားကို ဗမာတွေ အတော်သဘောခွေ့သည်။ လူတိုင်းက ဗိုလ်အောင်ဒင်လို ရွှေမျက်မှန်လေးတတ်ပြီး အကောင်းဆုံး စီးကရက်ကို ခဲချင်သည်။ စဉ်းစားကြည့်တော့ သူ့လိုဓားမြတယောက်တောင် ဒီစီးကရက်ကိုသောက်နိုင်လျှင် သူဓားမြတိုက်ခဲ့သည့် ဘဏ်သူဌေး၊ရွှေသူဌေးတွေက ဘာ့ကြောင့် မသောက်နိုင်ရမည်နည်း။ ဗိုလ်အောင်ဒင်က လေလုံးထွားသူဖြစ်ပုံရသည်။
         တဖန်ပါတီပွဲတခုတွင်သူက ” ကျနော်က လောကကြီးကို ဘယ်သောအခါမှ စိတ်ညစ်စရာ၊စိတ်မချမ်းမြေ့စရာလို့ မတွေးပါဘူး၊ စိတ်ကြည်နူးစရာ၊ပျော်စရာနေရာတခုလို့ပဲ အောက်မေ့ပါတယ်” ( စကားအတိအကျမဟုတ်၊ ဤသဘောမျိုး) ပြောခဲ့သည်။ ပြန်စဉ်းစားကြည့်တော့ ဓားပြတယောက်က စိတ်ဖြောင့်လက်ဖြောင့်ပျော်နိုင်မည်လား၊ ခေါင်းအေးအေးဖြင့် အိပ်နိုင်မည်လား ။ တဖန် ဇာတ်လမ်းအစတွင် သူနှင့်တပည့်ကျော်သုခတို့ စီးပွါးပျက်၍ ပြည်ကနေရန်ကုန်သို့ဆင်းရာ လမ်းတွင် ပိုက်ဆံပြတ်သွားသည်။ ကားတစင်းကို ဓားမြတိုက်တော့ သူ့ပစ္စည်းများကိုလိမ်သွားသော ပြည်မြို့က  စက်သူဌေးဦးသင်းမောင်ကိုတွေ့ရသည်။ ထိုအငြိုးဖြင့် ဗိုလ်အောင်ဒင်က ဦးသင်းမောင်ကိုသတ်ပြီး သူ၏သေနတ်ကို ယူခဲ့သည်။ ထိုစက်သူဌေးလိုလူမျိုး၏ အလိမ်ခံရပုံကိုထောက်၍ ဗိုလ်အောင်ဒင်မှာ လူလည်ဖြစ်သော်လည်း တပတ်မပြည့်သူဟု ယူဆလို့ရသည်။ သူဓားမြတိုက်လို့ရသော ငွေများကို သူခိုးကြီးငတက်ပြား၊ ဓားမြဗိုလ်ရွှေစွန်ညိုတို့လို ဆင်းရဲသားပြည်သူတွေအတွက် သုံးသော်ကောင်းလေစွ ဟုတွေးမိသည်။ သို့သော် ထိုပိုက်ဆံများကို ပါတီပေးသောက်စားပျော်ပါးပြီး လူကုံထံယောင်ဆောင်ရင်း ကုန်သွားပုံရသည်။
          သို့ဖြင့်ဗိုလ်အောင်ဒင်က စီအိုင်ဒီစုံထောက် ရဲအရာရှိ ဦးဘချစ်၏ ဖမ်းဆီးမှုကို ခံရသည်။ ထိုဦးဘချစ်မှာ မမြဝင်း၏ချစ်သူ ကိုကိုချစ်ဖြစ်ပြီး သီတာဒေဝီ၏လင်တော်မောင် ရာမမင်းသားနှင့်နှိုင်းယှဉ်နှိုင်သည်။ သို့သော် ရာမက ခြောက်ပစ်ကင်းသဲလဲစင်ဖြစ်ပြီး လူတွေကော ဟာနုမန်တို့လို မြောက်တွေကပါ အရှင်သခင်ရာမ( Lord Rama ) ဟု ခေါ်ကြရသည်။ ဦးဘချစ်ကမူ အင်္ဂလိပ်၏ကျွန်ဖြစ်သည်။ အင်္ဂလိပ် အရေးပိုင်ကို သခင်ခေါ်ရပြီး “လူကလေးမောင်ဘချစ် “ခေါ်လျင် ဘုရားထူးရသည်။ ”ဒီ တရားခံတွေမိဖို့ မောင်မင်းအမြန် ဆောင်ရွက်ပါ” ဟုခိုင်းတော့ “ စိတ်ချပါမင်းကြီး ကျွန်တော်မျိုးတာဝန်ယူပါတယ်” ဟု အာမဘန္တေခံနေသည်ကိုကြည့်ပြီး ဗမာတွေ အော့နှလုံးနာလိမ့်မည်။ ၁၉၄၁ သည် လွတ်လပ်ရေး အကြိုကာလဖြစ်၍ ဗမာတွေက ကိုယ့်နိုင်ငံကို မတရားသိမ်းပိုက်ထားသော အင်္ဂလိပ်ကို အမုန်းကြီးမုန်းနေချိန်ဖြစ်သည်။ ဒါရိုက်တာကြီးရွှေဒုံးဘီအောင်က ရည်းစားအလုခံရ သောလူနေရာမှာ အင်္ဂလိပ်ကျွန် ပုလိပ်တယောက်ကိုဖန်တီးလိုက်ရာ ကိုဘချစ်မှာ ပြည်သူ့အမုန်းတော် ဗီလိန်လုံးလုံးဖြစ်သွားတော့သည်။
         အင်္ဂလိပ် ကိုလိုနီခေတ်ကိုမီခဲ့သော လူကြီးများပြောတာကို မှတ်သားခဲ့ဖူးသည်။ ယောက်ျားဖျင်းပုလိပ် ၊မိန်းမဖျင်းကွိတ် ( မိန်းမပျက် )ဟူ၍ဖြစ်သည်။ ထိုခေတ်တွင် လူဖျင်းလူညံ့တို့သာ ပုလိပ်လုပ်ကြသည်ဟု ဆိုလိုသည်။ ဗိုလ်အောင်ဒင်က လူဆိုဓားပြဖြစ်ပြီး သူများ၏ရည်းစားကို မတရားလုယူသူဖြစ်ဦးတော့ အလုခံရသူမှာ အင်္ဂလိပ်ကျွန် ပုလိပ်ဖြစ်နေခြင်းက ဗိုလ်အောင်ဒင်၏ အပြစ်အနာအဆာများကို မေ့သွားစေခဲ့သည်။ ရွှေဒုံးဘီအောင်က ဇာတ်ကောင်အရွေး တော်လွန်းလှသည်။
         တဖန်ရာမဇာတ်တော်တွင် 
ဒဿဂီရိက ရာမ၏ကြင်ယာတော် သီတာဒေဝီကို ဇွတ်အတင်း ပန်းရထားတင်ခိုးသည်။ ဗိုလ်အောင်ဒင်ဇာတ်ကားတွင်မူ ဆရာရွှေဒုံးက ပါးနပ်စွာပင် ဇာတ်လမ်းအစမှာ ဗိုလ်အောင်ဒင်က စက်သူဌေး ဦးသင်းမောင်ကို သတ်ပြီး သေနတ်ယူခဲ့တာကိုပြခဲ့သည်။ ဗိုလ်အောင်ဒင်ကို  ဦးဘချစ်က လူသတ်မှု၊ ဓားမြမှုများဖြင့်ဖမ်းသည်။ သူအဖမ်းခံရတော့ ဗိုလ်အောင်ဒင်က မမြဝင်းကို ပြန်ပေးဆွဲပြီး ဦးဘချစ်နှင့်အပေးအယူလုပ်သည်။
           ဦးသင်းမောင်၏သေနတ်သည် လူသတ်မှု၏သက်သေဖြစ်၍ ထိုအပြစ်ဒဏ်ကို သူမခံဝံ့ပါ။ ထို့ကြောင့်ထိုသေနတ်သိမ်းထားသူ ဦးဘချစ်က သူကို ပြန်ပေးပါ။ ထိုသို့သေနတ်ပြန်ပေးပါက မမြဝင်းကို လွှတ်ပေးမည့်အပြင် သူတို့လက်ထပ်ပါက ငွေတသောင်းလက်ဖွဲ့ပါမည်ဟု ဗိုလ်အောင်ဒင်က ကတိပေးသည်။ ထိုခေတ်ကငွေတန်ဖိုးကိုသိဖို့အတွက် ကရင်အဘိုးကြီးဦးပေါလုခိုင်းဖို့ခေါ်လာသော ကရင်မလေးကို ဗိုလ်အောင်ဒင်က ရင်းနှိးစားဖို့ငွေငါးဆယ်ပေးပြီး ပြန်လွှတ်လိုက်သောအခန်းကို ရှေ့မှာထည့်ထားသည်။
        မမြဝင်းလည်းရ၊ ငွေတသောင်းလည်းရသည့် ရည်းစားငွေအိုးထမ်းလာကိန်းကို ပုလိပ်ကြီး ကိုကိုချစ်က Duty is duty ဆိုပြီး ပုတ်ချခဲ့သည်။ အကြောင်းပြချက်က သေနတ်ကိစ္စ ဝန်ကြီးသိသွားပြီ ၊ အလုပ်ထိခိုက်မှာစိုးရသည် ပြန်ပေးလို့မရတော့၊ မမြဝင်းကို ခေါ်သာသွားပါတော့ ဟု ဗိုလ်အောင်ဒင်နောက် ထည့်လိုက်ခြင်းဖြစ်သည်။ မယ်သီတာကို ဉာဏ်ဆင်ပြီး သူ့အလစ် ဇွတ်သုတ်သွားသည့် ဒသဂီရိကို ရာမကအမှုန့်ကြိတ်ချင်သည်။ ရည်းစားထက် ကျွန်အလုပ်ကို ပိုချစ်သော ကိုဘချစ်ကမူ မမြဝင်းကို ဗိုလ်အောင်ဒင်နောက် သူကိုယ်တိုင်ထည့်လိုက်ရာ အမှုံ့ကြိတ်စရာကောင်းသူမှာ ကိုဘချစ်ဖြစ် သည်။ ရာမနှင့် ဘယ်လောက်များကွာလိုက်သနည်း။
         အင်္ဂလိပ်တို့သည် ကမ္ဘာပတ်၍ အုပ်စိုးခဲ့သူများဖြစ်ရာ ငအူငအများမဟုတ်၊ လူလည်များဖြစ်ကြသည်။ တောင်သူလယ်သမား တော်လှန်ရေးသူပုန်ကြီး ဂဠုန်ဆရာစံကိုတောင် ဖမ်းဆီးနိုင်သေးရာ ဓမြခေါင်းဆောင် ဗိုလ်အောင်ဒင်ကို သေနတ်ပါမှ အပြစ်ပေးနိုင်မည်ဆိုသော စိတ်ကူးမှာ အတော်ယုတ္တိကင်းလှသည်။ ဒါရိုက်တာ၏ စိိတ်ကူး သို့မဟုတ် အလုပ်နှင့်ပတ်သက်လျှင်ဆတ်ဆတ်အထိမခံသော ကိုဘချစ်အတွက် လူလည်ဖြစ်သော ဗိုလ်အောင်ဒင်၏ ထောင်ခြောက်လည်း ဖြစ်နိုင်သည်။ မမြဝင်းကို တောထဲခေါ်ဖို့ အကြောင်းပြချက်မှာ ထိုသေနတ်ဖြစ်နေ၍ မဟုတ်ပါလော။


      စာဆိုတော်ကြီး ဝါလမိကီရော၊ ဒါရိုက်တာကြီး ရွေဒုံးဘီအောင်ပါ လူတော်ကြီးများဖြစ်ကြသည်။ ရာမာယဏဇာတ်တော်တွင် 
ဒဿဂီရိက ရာမ၏ကြင်ယာတော် သီတာဒေဝီကို ခိုးသည်။ဗိုလ်အောင်ဒင်ရုပ်ရှင်တွင် ဗိုလ်အောင်ဒင်က ကိုဘချစ်၏ချစ်သူ မမြဝင်းကို ခိုးသည်။ နှစ်ယောက်စလုံးက အချစ်ကိုဦးစားပေးသည့် အဓမ္မသမားများဖြစ်ကြသည်။ ရာမက အလောင်းတော်ဖြစ်၍ လုံးဝအပြစ်ကင်းစင်သည့်အပြင် မယ်သီတာအပေါ်ထားသည့် သူ၏ချစ်ခြင်းမေတ္တာက သံသယဖြစ်စရာမလို။ ကိုဘချစ်က မမြဝင်းထက် ပုလိပ်အလုပ်ကို ပိုချစ်သည်။ သို့သော် သူက ဗိုလ်အောင်ဒင်လို လူသတ်၊ ဓားမြ၊ လူ့ဘော်ကျော့မဟုတ်။ ပုလိပ်ဖြစ်ခြင်းကလွဲ၍ ဘာအပြစ်မှမရှိ။ ဘာသီလမှ မဖောက်ဖျက်ခဲ့။ ပုလိပ်ဖြစ်ဦးတော့ ငွေတသောင်းကို လာဘ်မယူဘဲ မမြဝင်းအား ဗိုလ်အောင်ဒင်နောက်ထည့်ပေးလိုက်ခြင်းက  ကိုဘချစ်သည် ဘုရားလောင်းဝေသန္တရာလို သူတော်ကောင်းပုလိပ်ဖြစ်ပုံရသည်။ စာရေးဆရာမောင်သာချို၏ စကားငှားပြောရလျှင် “ကွာပါ့” ဟု ဆိုလိုက်ချင်သည်။
          မယ်သီတာက ရာမအပေါ်သစ္စာရှိသည်။ ဒသဂီရိ၏ ဖြားယောင်းမှုကို အသက်နှင့်လဲ၍ ကာကွယ်ခဲ့သည်။ သို့သော် ဒသဂီရိ၏လက်ထဲ ကာလရှည်စွာ ကျရောက်ခဲ့သော သီတာဒေဝီကို ဘီလူးမင်းနှင့် ကင်းမှကင်းပါလေစ ဟု ရာမက သံသယဝင်သည်။ မိဖုရားအဖြစ်မသိမ်းပိုက်ဘဲ သွားလိုရာသွားဖို့ ခွင့်ပေးခဲ့သည်။
         “တော်ဖြောင့်သည့်အရာကို၊သိတော်မူသာအောင်၊ မီးပုံမှာဆင်း၍၊ကိုယ်ကို သန့်ရှင်းပါရစေဖရာ့ ” ဟုလျှောက်တင်ပြီး မယ်သီတာက ရာမမင်းကို သံသယကင်းအောင် သစ္စာဆိုကာ မီးပုံထဲခုန်ချ၍ သက်သေပြခဲ့သည်။
         မမြဝင်းကမူ သီတာဒေဝီနှင့်မတူ ပိုပြီးလူသားဆန်သည်။
“ ကိုကိုချစ်ရယ် မြကပုထုဇဉ်တယောက်ပါ၊ အနေကြာလာတော့  အစ်ကိုကြီးကို မေတ္တာမထားဘဲ မနေနိုင်ဘူး။ ဒါပေမယ့် အစ်ကိုကြီးကော မြပါ ကိုယ်ကျင့်သိက္ခာမထိခိုက်အောင် သစ္စာရှိရှိစောင့်ထိန်းခဲ့ပါတယ် “ ဟု ရိုးသားစွာ ဖွင့်ဟဝန်ခံခဲ့သည်။ ကိုဘချစ်က ရာမထက်ပိုသဘောထားပြည့်ဝသည်။ ဘုရားမှာသစ္စာဆိုရုံဖြင့် ခွင့်လွှတ်ခဲ့သည်။ ဗိုလ်အောင်ဒင်က ကိုဘချစ်၏ရှေ့မှာပင် “မမြဝင်းရယ် လှေနံနှစ်ဘက်မနင်းပါနဲ့ ။ ကျုပ်ဘက်ကိုပဲ ရဲရဲကြီး နင်းစမ်းပါ” ဟုပြောခဲ့သည်။ ထိုစကားကို မေ့ပစ်ပြီး မမြဝင်းကို စိတ်သန့်သန့်ဖြင့် လက်ထပ်သဖြင့် ကိုဘချစ်မှာ မမြဝင်းကို တကယ်ချစ်သူဖြစ်သည်။ ကျဆင်းခဲ့သော ကိုဘချစ်၏သိက္ခာကို ဤနည်းဖြင့်အဖတ်ဆယ်ပေးခဲ့သော ဒါရိုက်တာကြီးအား အလွန်တော်ပါပေသည်ဟု ပြောချင်သည်။
         စာဆိုကြီး ဝါလမိကီနှင့် ဒါရိုက်တာကြီး ရွှေဒုံးဘီအောင် နှစ်ဦးစလုံးက တရားကြောင်းက မသွေဖည်ဘဲဓမ္မသမားများဖြစ်ကြသည့် ရာမနှင့်ကိုဘချစ်ကို အနိုင်ပေးခဲ့သည်။ ရာမ၏မြားချက်ဖြင့် 
ဒဿ ဂီရိသေပွဲ ဝင်ရသည်။ လက်ကိုင်ပုဝါမဲပေါက်စေပြီး မမြဝင်းကို ကိုကိုချစ်နောက်ထည့်လိုက်သည်။ ဗိုလ်အောင်ဒင်တကိုယ်တည်းမှာ အရူးကြီးပမာ ဖြစ်ကာဇာတ်သိမ်းခဲ့ရသည်။ ပရိသတ်ကလည်း ဗိုလ်အောင်ဒင်နှင့်အတူ ဝမ်းနည်းပက်လက်ဖြစ်ရသည်။ ဇာတ်နာလွန်းပေစွ။ ထို့ကြောင့်ပင် ဗိုလ်အောင်ဒင်မှာ ဂန္ထဝင်ရုပ်ရှင်ဖြစ်ခဲ့ရသည်။
       ရာမာယဏနှင့်ဗိုလ်အောင်ဒင်မှာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းများဖြစ်ကြသည်။ တူတာရော မတူတာတွေပါရှိနေသည်။ တထပ်တည်းတူတာ တခုရှိသည်။ ၎င်းမှာ အနုပညာအရ အောင်မြင်မှုဖြစ်သည်။ ထိုဇာတ်လမ်းနှစ်ပုဒ်လုံးက လူတို့၏နှလုံးသားကို ယူကြုံးသိမ်းပိုက်နိုင်ခဲ့ကြသည်။
     “ ဒြာဝီဒယံလူမျိုးအပေါင်းရဲ့ ထီးဆောင်းမင်းဘုရင်တပါး
       လင်္ကာဒီပသူရဲကောင်းတဦးနဲ့ အရိယံမျိုးနွယ်ဖွား
       သီတာဒေဝီမင်းသမီးလေးအပေါ် ထားတဲ့ မေတ္တာတရား
       စာနာပါသည် 
ဒဿမင်းရဲ့ နှလုံးသားဝိညာဉ်အား
        အချစ်ရှုံးသမား 
ဒဿဂီရိ “
      အို…အနုပညာ… သင်ကလူဆိုးကို လူကောင်း၊ အဓမ္မကို ဓမ္မ၊ အတ္တလောဘကို အချစ်ဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိပါပေ၏။ လောကတွင် တန်ခိုးရှင်တို့ပင် မတတ်နိုင်သောကိစ္စကို စွမ်းဆောင်နိုင်သည့်အရာ တခုသာရှိသည်။ ၎င်းမှာ သင်အနုပညာပင် ဖြစ်ပေသည်။
    နှစ်သစ်မှာ မိဘပြည်သူတို့ ဘေးကင်းရန်ကွာ လိုရာပြည့်ပါစေ ..
ချစ်ခင်စွာ…

နတ်မှူး

   -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar