Breaking News

စစ်မှုထမ်းဥပဒေ အသက်သွင်းမှု ၂ နှစ်ပြည့်ပြီးတဲ့နောက်

မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁၀ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၁၊  ၂၀၂၆

စစ်မှုထမ်းဥပဒေ အသက်သွင်းမှု ၂ နှစ်ပြည့်ပြီးတဲ့နောက် 

၂၀၁၀ ခုနှစ် မှာ နအဖ စစ်အစိုးရ ပြဌာန်းခဲ့တဲ့ “ပြည်သူ့စစ်မှုထမ်းဥပဒေ”ကို ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှာ စတင် အသက်ဝင်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလဟာ ၁၀၂၇ စစ်ဆင်ရေး လို့ အမည်ပေးထားတဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့ စစ်ဆင်ရေး စတင်ပြီး ၄ လနီးပါးအကြာ ကာလဖြစ်သလို ကရင်နီ (ကယား)ပြည် နဲ့ ရခိုင်ပြည်နယ်တို့မှာလည်း အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ မြို့တွေ စစ်စခန်းတွေကို စတင်တိုက်ခိုက်ခံရတာ ၃ လနီးပါးအကြာကာလ ဖြစ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၄ လနီးပါးအကြာကာလမှာ အာဏာသိမ်းစစ်တပ်ရဲ့ အခြေအနေဟာ လူအင်အား မလုံလောက်မှုတွေ ဆိုးရွားစွာကြုံတွေ့နေရချိန်လည်း ဖြစ်ပါတယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် အစရှိတဲ့ ဒေသတွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်က အရာရှိကြီးတွေ အပါအဝင် အများအပြား လက်နက်ချတာ စစ်သုံ့ပန်းဖြစ်တာ၊ တိုက်ပွဲမှာ သေဆုံးတာတွေ ဖြစ်ပြီး လူအင်အားအများအပြား ထပ်ဖြည့်ဆည်းဖို့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် စစ်ကောင်စီအနေနဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ အနေအထားကို ရောက်စေခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၄ ခု ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့နေ့စွဲ နဲ့ ဥပဒေ အသက်ဝင်ကြောင်း ကြေညာပြီး လုပ်ထုံးလုပ်နည်းဆိုင်ရာ နည်းဥပဒေတွေ အဆင်သင့် မဖြစ်သေးသည့်တိုင် တလအကြာမှာ စစ်မှုထမ်းစတင် စုဆောင်းခဲ့ပါတော့တယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ တလကို စစ်မှုထမ်း ၅ ထောင် စုဆောင်းမယ်လို့ ကြေညာထားပြီး အမျိုးသား အနေနဲ့ အသက် ၁၈ ကနေ ၃၅ နှစ်၊ အမျိုးသမီးအနေနဲ့ အသက် ၁၈ ကနေ ၂၇ နှစ်အတွင်း ၂ နှစ် စစ်မှုထမ်းရမယ်လို့ သတ်မှတ်ထားပြီး ကျွမ်းကျင်သူလို့ သတ်မှတ်ခံရတဲ့ အသက်မွေးဝမ်းကျောင်း အတတ်တတ်ကျွမ်းရင် အမျိုးသား အသက် ၄၅ နှစ် နဲ့ အမျိုးသမီး ၃၄ နှစ် အထိ အကျုံးဝင်တယ်လို့ သတ်မှတ်ထားပါတယ်။ 

တလကို စစ်မှုထမ်း ၅ ထောင် ခေါ်ယူမယ်လို့ ဆိုရာမှာ အာဏာသိမ်းစစ်တပ် စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ ဒေသက မြန်မာတနိုင်ငံလုံး အနေနဲ့ ၄၀ ကနေ အများဆုံး ၆၀ ရာနှုန်းသာရှိတာကြောင့် တနိုင်ငံလုံးရဲ့ လူဦးရေ အပေါ်မှာ ၅ ထောင်စုဆောင်းတယ် ဆိုတာထက် ထိန်းချုပ်ထားတဲ့ ဒေသတွေကနေ လိုအပ်တဲ့ အရေအတွက်ရအောင် ကောက်ယူမယ့် အနေအထားမျိုး ဖြစ်လာတာပါ။ ဒါကြောင့် စတင်ခါစမှာ စစ်မှုထမ်းသက်နဲ့ အကျုံးဝင်တဲ့ လူငယ် ၁၃ သန်းရှိတယ်လို့ သန်းခေါင်စာရင်းကို ကိုးကားပြီး စစ်တပ်ပြောခွင့်ရသူက ပြောဆိုခဲ့တာ တွေ့ရပါတယ်။ လက်တွေ့မှာတော့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး အရ ကောင်းစွာထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာသာ စုဆောင်းနေတာဖြစ်ပါတယ်။ 

စတင်ခေါ်ယူချိန်ကစလို့ ၂ နှစ်နီးပါး ရောက်လာချိန်ထိ အမျိုးသမီးစစ်မှုထမ်း အဖြစ်နဲ့ ခေါ်ယူတာ မရှိသေးဘဲ အမျိုးသားတွေကိုသာ အဓိက ခေါ်ယူနေခဲ့တာတွေ့ရပါတယ်။ မကြာသေးတဲ့ သီတင်းပတ်တွေမှာတော့ မြန်မာနိုင်ငံ အချို့ဒေသတွေမှာ အမျိုးသမီးစစ်မှုထမ်းဖို့ စာရင်းကောက်တာတွေ ရှိနေတယ်ဆိုတဲ့သတင်းတွေ စတင်ကြားသိလာရပြီ ဖြစ်ပါတယ်။ 

စစ်မှုထမ်း ဥပဒေ စတင်အသက်သွင်းပြီးနောက်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်ရေး ယန္တရားထဲက ရပ်ကွက်၊ မြို့နယ်၊ ခရိုင်စတဲ့ အုပ်ချုပ်ရေး အဆင့်ဆင့်၊ ရဲ၊ စစ်တပ် စတဲ့ ဌာနတွေ ယန္တရားတွေမှာ ပါဝင်နေသူတွေဟာ စစ်မှုထမ်းစုဆောင်းရေး ယန္တရားထဲက ခွေးသွားစိတ်တွေ သဖွယ်ဖြစ်လာခဲ့ပါတယ်။ တဖက်မှာလည်း ဒီယန္တရားမှာ ပါဝင်နေသူတွေအားလုံး အလှည့်ကျသူ၊ မဲပေါက်သူ၊ လမ်းပေါ်မှာ ဖမ်းဆီးခံရသူတွေဆီက စစ်မှုမထမ်းရအောင် ထိုးတဲ့ လာဘ်ငွေတွေကို အဆင့်ဆင့် အလွဲသုံးစားလုပ်ကြတာ တနိုင်ငံလုံးသိတဲ့ ကိစ္စဖြစ်ပါတယ်။ 

စတင်ခါစ နှစ်တွေတုန်းက စစ်မှုထမ်း စာရင်းထဲထည့်ခံရတဲ့သူ တယောက်အတွက် အစားထိုးဖို့ အုပ်ချုပ်ရေး၊ ရဲ နဲ့ စစ်တပ်တို့ကို ပေးရတဲ့ငွေပမာဏဟာ ကျပ် သိန်း ၄၀၊ ၆၀ လောက်ရှိခဲ့ရာက အခုအခါမှာ သိန်းရာဂဏန်းကျော် ထိရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ရပ်ကွက် မြို့ရွာအလိုက် စာရင်းကောက်ကာ စစ်မှုထမ်းခေါ်တာတွေအပြင် မြို့တွေ၊ ရွာတွေရဲ့ လမ်းတွေမှာ ညအချိန် ရုတ်တရက် ဖမ်းဆီးခေါ်ဆောင်သွားတာ၊ တမြို့နဲ့ တမြို့ ခရီးသွားတဲ့လမ်းမှာ ဖမ်းဆီးပြီး စစ်မှုထမ်းအဖြစ် အဓမ္မ သွင်းခံရတာ  ထိုင်းနယ်စပ်က ပြည်နှင်ဒဏ်ခံရပြီး ပြန်လာတဲ့သူတွေကို စစ်မှုထမ်းထဲ စုဆောင်းခံရတာ စသဖြင့် နည်းလမ်းပေါင်းစုံနဲ့ စစ်မှုထမ်းထဲ ထည့်သွင်းနေတာကြောင့် နိုင်ငံထဲက လူငယ်အများအပြား နည်းလမ်းအမျိုးမျိုးနဲ့ ထွက်ခွာ ရှောင်တိမ်းကုန်ကြပါတယ်။ 

စစ်မှုထမ်းရှောင်ဖို့ရာအတွက် သိန်းနဲ့ချီတဲ့ လူငယ်တွေ ထိုင်းနိုင်ငံ မလေးရှားနိုင်ငံ အစရှိတဲ့ နိုင်ငံတွေဆီထွက်ခွာနေကြတာ ဖြစ်ပါတယ်။ စစ်တပ်က ထိန်းချုပ်ထားတဲ့ မြို့ နဲ့ ကျေးရွာတွေမှာ လူငယ်ပိုင်းတွေ တဖြည်းဖြည်းနည်းပါးလာနေပြီး တိမ်းရှောင်နေထိုင်ဖို့ မလွယ်ကူတဲ့ အခြေအနေမပေးသူတွေသာ ကျန်နေခဲ့ကြတာဖြစ်ပါတယ်။ 

စစ်မှုထမ်း ဥပဒေ အသက်သွင်းခါစမှာ ဒီဥပဒေကို တုံ့ပြန်ဖို့ စစ်မှုထမ်းအဖြစ် အဓမ္မ ဆွဲသွင်းခံခဲ့ရရင် လက်နက်ကိုင်ခွင့်ရှိတဲ့အခါ လက်နက်ပါယူပြီး တော်လှန်ရေး အင်အားစုတွေဆီ ကူးပြောင်းခဲ့ဖို့ နဲ့ ရှေ့တန်းစစ်မြေပြင်မှာ အမိန့်ပေးသူဘက်ကို သေနတ်ပြောင်းလှည့်ဖို့ ဆိုတဲ့ အကြံပေးမှုတွေ ပေါ်ထွက်ခဲ့ကြပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်မှာ ဒီအချက်တွေ အပြင် စစ်မှုထမ်း ဥပဒေကို တုံ့ပြန်ဖို့ အခြားသော မဟာဗျူဟာ၊ နည်းဗျူဟာတွေ ရှိမနေခဲ့ကြပါဘူး။ 

အစောပိုင်းမှာ စားဝတ်နေရေးကြပ်တည်းကြတဲ့ အောက်ခြေ အလွှာက လူငယ်တချို့ လူစားထိုးခအဖြစ်နဲ့ ရတဲ့ သိန်း ဆယ်ဂဏန်းငွေပမာဏကို မိသားစုကိုပေးပြီး စစ်ထဲ လိုက်သွားခဲ့ကြပေမယ့် နှစ်နဲ့ချီကြာလာပြီးနောက်မှာ အခကြေးငွေနဲ့ အစားထိုး စစ်မှုထမ်းမယ့်သူ ရှားပါးလာနေတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်ရဲ့ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးတွေက ရဲ၊ စစ်တပ်နဲ့ပေါင်းပြီး အမှန်တကယ်လိုအပ်တဲ့ အရေအတွက်ထက်ပို ဖမ်းဆီးကာ ငွေကြေးအများအပြား ရမှ ပြန်လွှတ်ပေးနေတဲ့ အနေအထားမျိုး ဖြစ်လာနေတာပါ။ 

ဒီအနေအထားတွေက လက်ရှိပြည်တွင်းမှာနေထိုင်နေကြတဲ့ လူငယ်တွေ နဲ့ ၄င်းတို့ မိသားစုတွေကြုံတွေ့နေကြရတဲ့ အခြေအနေ ဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်တပ် အဖို့တော့ ၂ နှစ်နီးပါး ကာလအတွင်း စစ်မှုထမ်း ၁ သိန်းဝန်းကျင် စုဆောင်းနိုင်ခဲ့တဲ့ သဘောဖြစ်လို့ နကိုရှိရင်းစွဲ စစ်အင်အားပမာဏရဲ့ ၃ ပုံတ ၁ ပုံသို့မဟုတ် ၄ ပုံ ၁ ပုံလောက် စုဆောင်းနိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးကာလမှ ဆုံးရှုံးခဲ့ရတဲ့ အင်အားတွေကို ကျော်လွန်ပြီး ဖြည့်နိုင်ခဲ့တယ်လို့ ယူဆရပါတယ်။ 

စစ်မှုထမ်းဥပဒေဟာ စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်ကို မထောက်ခံတဲ့ ပြည်သူလူထုအနေနဲ့ စစ်တပ်ကို ပိုမို နာကျည်းမှု တိုးလာစေသည့်တိုင် လက်တွေ့မှာ တုံ့ပြန်နိုင်မယ့် ဗျူဟာ မရှိတာကြောင့် ငွေကြေး အရင်းအမြစ်တတ်နိုင်သူတွေ အနေနဲ့ နိုင်ငံကနေ ယာယီထွက်ခွာ တိမ်းရှောင်နေနိုင်ကြပေမယ့် ငွေကြေး မတတ်နိုင်သူ၊ မိသားစု အနေအထားအရ ထားခဲ့ဖို့ မဖြစ်နိုင်သူတွေ အဖို့တော့ ဖြစ်လာသမျှကို ရင်ဆိုင်ရုံကလွဲပြီး အခြားရွေးစရာ မရှိတာလည်း တွေ့ကြရမှာဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar