ကျော်လွင်အောင် - ဆေးရုံ ည (၉)
ကျော်လွင်အောင် - ဆေးရုံ ည (၉)
မိုးမခ ၊ ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၆
အင်္ဂါနေ့အကူး ဆေးရုံပေါ်မှာ လိုင်းသုံးရင်း GeminiAI ကို နောက်ထပ် သိချင်တာတွေ ထပ်မေးတယ်။
"ယိုင်နဲ့ကုန်ပြီး အခု သံကြိုးနဲ့ခတ်ထားတဲ့ အပေါ်သွားတွေ အကုန်နုတ်ပစ်၊ မေးရိုးအသားကျတဲ့အချိန် (၆ ပတ်အကြာ) မှာမှ အံကပ် (Denture) လုပ်ရမှာ သွားအမြစ်တုစိုက် (Implant) မယ်ဆိုရင် သွားတုတစ်ချောင်း ကုန်ကျစရိတ် သိန်းအစိတ် (၂၅ သိန်း) ".......
ဒါကတော့ ဝေးသွားပြီ၊ ကိုယ်တွေနဲ့ လက်လှမ်းမမီတော့။ အံကပ်ကမှ စားတဲ့အချိန်တပ်၊ ကျန်တဲ့အချိန် ဆေးကြော၊ ဖြုတ်ထားလို့ရတဲ့ (Flexible Denture ) 'ဆီလီကွန်အံကပ်'လောက်တော့လုပ်မယ်လို့ မှန်းထားပါတယ်။ သန်းခေါင်ကျော်ညဉ့်နက်နက်မှာ ချိုင့်ထဲက အေးစက်စက် ထမင်းပြဲလက်ကျန်လေး ရှင်းပစ်လိုက်ပြီး အိပ်ချပစ်လိုက်တာ မိုးလင်းမှပဲ နိုးတော့တယ်။
၂၀ ဇန်၊ ၂၀၂၆ အင်္ဂါနေ့ နံနက်ခင်းက ပုံမှန်လည်ပတ်နေပါတယ်၊ အိုဗာတင်း၊ ပေါင်မုန့်နဲ့ဆေးသောက်၊ ပထမဆုံး အောက်နှုတ်ခမ်းက ချုပ်ထားတာတွေကို ဆေးလူးပေး၊ နောက်ညာဘက်တင်ပါးဆုံ၊ ဒူးခေါင်းက ပွန်းပဲ့ဒဏ်ရာတွေကို သွားဆေးရုံက ပေးလွှတ်လိုက်တဲ့ ဆေးအေးအေးလေးတွေပဲ လူးပါဆိုတဲ့ ဆရာဝန်ကြီးစကားအတိုင်း တစ်နေ့ ၂ ကြိမ် ကိုသက်က လူးပေးပါတယ်။ မက်ထရိုတွေသွင်း၊ ပါရာတွေသောက်လို့ အစာကိုပဲ ဝင်အောင် ဖိစားရင်း လည်ပင်းက ရောင်ရမ်းနေတာတွေ၊ မေးစေ့ ၂ ထပ်ဖြစ်နေတာတွေ လျော့ကုန်တယ်၊ လူကလည်း လန်းလန်းဆန်းဆန်းဖြစ်လာတယ်၊ အပြင်ထွက် Video အတိုလေးတွေ လိုက်ရိုက်၊ အဆုတ်ထဲ ရှိုက်သွင်းလိုက်တဲ့ 'မားဗီးရပ်စ်' တစ်လိပ်က အရသာရှိလာတယ်။
"ဟူး ငါ မသေသေးဘူး၊ ငါ သေလို့ မဖြစ်သေးဘူး" အမေ ရှိနေသေးတယ်၊ သားကြီးတို့ ဓိဓိတို့ ကြီးပြင်းလာတာ မြင်ချင်သေးတယ်လေဗျာ။
က်ိုးနာရီခွဲ ဆရာဝန်ကြီးရှေ့ သွားထိုင်တော့
ပါးစပ်ဟခိုင်းပြီး
"ဝမ်းသွားသေးလား" မေးတယ်။
"ဒီမနက်ထိတော့ သွားသေးတယ် ဆရာကြီး"
"အေး ၊ နောက် နှစ်ရက်လောက် ထပ်နေဦးနော်"
မနက် ဆယ်နာရီခွဲလောက်မှာ ဆရာဝန်ကြီးက
"ရော့ ဒါလေး သောက်ထားလိုက်ဦး" ဆိုပြီး
decitil ဆေးတစ်ပြားလာပေးလို့ သောက်လိုက်ရတယ်။ တစ်ရေးမှေးလို့ နိုးလာတော့ ကိုသက်ပြန်ရောက်ပြီ၊ ဆန်ပြုတ်သောက်နေတုန်း
"မားသားကြီးကို အန်တီမြိုင်တို့ ကလျာတို့လာကြည့် ပေးတယ်၊ ထမင်းစားဖို့လည်း အန်တီနုတို့အိမ်က ဟင်းတွေ ပို့ပေးတယ်၊ ကျနော်လည်း ကိုလေးသက်သာကြောင်း မားသားကြီးကို ပြောခဲ့တယ်" ကိုသက်က ပြောလို့ စိတ်အေးရတယ်။
ခုတင်တစ်ထောင်ဆေးရုံကြီးရဲ့ ညက အဆောင်ထဲမှာ နွေးနေပါတယ်၊ ညဆေးဘူး လာချိတ်သွားပေးပြီး၊ ဆေးသောက်၊ ဆေးလူးပြီးတာနဲ့ အိုဗာတင်းတစ်ခွက်သောက်ပြီး ည ဆယ်နာရီကျော်ကျော်လောက် ရှိမယ်၊ ဆရာဝန်ကြီး သူ့အခန်းထဲက ထွက်လာပြီး
ဟဲ့ ..... ဟဲ့ ဆိုင်ကယ်ပါတဲ့ လူနာစောင့်ရှိလား၊ ငါကို ဟိုဘက်လိုက်ပို့ကြစမ်း" ပျာပျာယာယာနဲ့အရေးကြီးနေပုံပါ။
"ဆိုင်ကယ်ယူသွားမလား ဆရာကြီး" လို့ မေးတော့၊
"ဟဲ့ ငါက ကားပဲ မောင်းတတ်တာ၊ ဆိုင်ကယ်မစီးတတ်ဘူး လိုက်ပို့မှရမှာ" ဆိုပြီး ထွက်သွားတယ်။ ကိုယ်လည်း လိုင်းသုံးရင်း အိပ်ပျက် #ဆေးရုံညတွေ များလာလို့ အိပ်ပျော်သွားတာ-
#ပဉ္စမမြောက်ဆေးရုံည အင်္ဂါနေ့ ညပါ။
------
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar