Breaking News

ကိုအောင်မှိုင်း - မလေးမေတွက် တေးချင်း


မလေးမေတွက် တေးချင်း

ကိုအောင်မှိုင်း

မိုးမခ ၊ ဖေဖော်ဝါရီ ၈ ၊ ၂၀၂၆


ပါးစပ်နားနီးမှ

ပုတ်ချခံလိုက်ရတဲ့

ထမင်းတလုတ်လို

ဆွံ့အမိတယ် မလေးမေ။


ကိုင်တဲ့ဓားဟာ

အဖျားတုံးသွားပြီလား

စိုးထိတ်စိတ်နဲ့

တိုက်ပွဲထွက်တယ် မလေးမေ။


မိုးကောင်းကင်က

ကြယ်တွေကြည့်ရင်း

မြေပြင်ပေါ်က

အုတ်ဂူနီနီလေးတွေကို 

ရေတွက်တတ်လာတယ် မလေးမေ။


ပေးဆပ်မှုတွေဟာ ကြီးမြတ်တယ်

စွန့်လွှတ်မှုတွေဟာ ကြီးမြတ်တယ်

အနစ်နာခံမှုတွေဟာ  ကြီးမြတ်တယ်

ရင်ခုန်သံမြန်ခဲ့တယ်  မလေးမေ။

 

ဧရာဝတီဟာ ဧရာဝတီပဲ

ယန်စီ ဖြစ်မလာဘူး

ဧရာဝတီနိုင်ငံတော်ကို

အရဲရင့်ဆုံးသွေးစက်တွေနဲ့

တည်ဆောက်မယ်ဆိုတာ

ယုံတမ်းစကားတွေလား မလေးမေ။

 

တရားနဲ့ ဓားဟာ

အမြင့်မြတ်ဆုံး

နိဗ္ဗာန်ဘုံရဲ့  ယုံကြည်ချက်ပဲ

တို့.......

ဆက်လျှောက်ကြမယ် မလေးမေ။

-