Breaking News

မောင်တူး - ဒေါက်တာစိန်ဝင်း ကျောင်းဆရာမှ စင်ပြိုင်ဝန်ကြီးချုပ်သို့

မောင်တူး - ဒေါက်တာစိန်ဝင်း ကျောင်းဆရာမှ စင်ပြိုင်ဝန်ကြီးချုပ်သို့

မိုးမခ ၊ ဖေဖော်ဝါရီ ၈ ၊ ၂၀၂၆


သင်္ချာကထိက၊ ဆရာမှလျှင်

စင်ပြိုင်အစိုးရ၊ ဥက္ကဋ္ဌသို့

မြန်မာ့တိုက်ပွဲ၊ ဦးဆောင်ဆဲတွင်း

ဆင်နွှဲယင်းသာ၊ ပေးဆပ်လာသူ

ဒေါက်တာစိန်ဝင်း၊ ကွယ်လွန်ခြင်းမှာ

လွန်စွာဝမ်းနည်းရပါသည်။ ။

၁၉၉၀ ရွေးကောက်ပွဲမှာ NLD အပြတ်အသတ် မဲနိုင်ပေမယ့် အာဏာသိမ်း နဝတစစ်တပ်က အာဏာမလွှဲတာကြောင့် ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မာနယ်ပလော တပ်ပေါင်းစု ဌာနချုပ်မှာ ဖွဲ့စည်းခဲ့ရတဲ့ "ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ" NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းဟာ အသက် ၈၃ နှစ် အရွယ်နဲ့ အမေရိကန်နိုင်ငံ၊ မယ်ရီလန်းပြည်နယ်၊ ဘာသက်စ်ဒါမြို့မှာ ဖေဖော်ဝါရီ ၆ ရက်က ကွယ်လွန်သွားခဲ့ပါပြီ။

ဒေါက်တာစိန်ဝင်းဟာ ၂၀၁၉ ခုနှစ်က ရန်ကုန်ကို ပြန်လာပြီး DVB နဲ့ အင်တာဗျူးတုန်းက မြန်မာပြည်မှာ အပြီးလာနေဖို့ ကြိုးစားနေကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေက မပေးခဲ့ပါဘူး။ အခုတော့ သူဟာ ပြည်ပမှာ ကွယ်လွန်ခဲ့ရပါပြီ။ ပညာရှင်တွေ ပြည်ပကို ရောက်နေရတာဟာ နွေဦးတော်လှန်ရေးကာလမှာ အများဆုံးပါပဲ။ ဒါပေမဲ့လည်း ဒေါက်တာစိန်ဝင်းတို့လို ၈၈၈၈ အရေးတော်ပုံရဲ့ နောက်ဆက်တွဲ ၉၀ ရွေးကောက်ပွဲကာလတွေကလည်း အများအပြား ရှိခဲ့ပါတယ်။ ဒီ့ထက် စောစောကာလတွေကလည်း ရှိခဲ့ပါတယ်။ စစ်တပ် အာဏာသိမ်းမှုကြောင့်ပေါ့။ ပြန်လာချင်သော်လည်း ပြန်မလာနိုင်ပဲ အမေရိကားမှာ ကွယ်လွန်ခဲ့တဲ့ ပညာရှိကဝိတဆူကတော့ နိုင်ငံကျော် ကဗျာဆရာကြီး ဦးတင်မိုးပါ။ သူ့အရင်မှာလည်း ရွှေတိဂုံဘုရား ပြန်ဖူးချင်ခဲ့သူ ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ကျော်ဇောဟာလည်း အလားတူ ပြည်ပမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ဒေါက်တာစိန်ဝင်း အင်တာဗျူးမှာ ပြောခဲ့တဲ့ ကိုယ်တိုင်းပြည်မှာပဲ ကျောင်းဆရာ ပြန်လုပ်ချင်တယ်ဆိုတဲ့စကား ပြန်ကြားယောင်နေမိပါရဲ့။ တကယ်တော့လည်း သူဟာ ဒီစကားကို ဒီတကြိမ်တည်းသာ ပြောခဲ့တာတော့ မဟုတ်ပါဘူး။

မွေးရပ်မြေမှာ ကျောင်းဆရာ ပြန်ဖြစ်ချင်သူ

"ဘဝမှာ ကျောင်းဆရာပဲ ဖြစ်ချင်တယ်" လို့ အမြဲပြောတတ်တဲ့သူတယောက် ကမ္ဘာမြေက ထွက်ခွာသွားပါပြီ။ ဂုဏ်ပြုနှုတ်ဆက်လိုက်ပါတယ်  ဆရာရေ ...။

ကမ္ဘာကြီးပေါ်က သင်္ချာဆရာအပေါင်းတို့ရေ... မြန်မာပြည်က သင်္ချာပါမောက္ခတယောက်ကို ဆီးကြိုပါတော့။" လို့ ကဗျာဆရာ အောင်ဝေးက ဒေါက်တာစိန်ဝင်း ကွယ်လွန်တဲ့ သတင်းကို ကြားတာနဲ့ ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။ ဒီအခါ သူ့ရဲ့ ပြောဟန်အတိုင်း ပြုံးပြုံးနဲ့ လေးလေးကြီး ပြောတတ်တဲ့ ဒေါက်တာစိန်ဝင်းရဲ့ " ကျုပ်က ကျောင်းဆရာပဲ လုပ်ချင်တာဗျ။ ဆရာလုပ်တော့လည်း မြန်မာပြည်မှာပဲ လုပ်ချင်တာ။ လခတဝက်ပဲ ရရ၊ ရရ မရရ" လို့ သူ ပြောတာကို ကျနော့်နားထဲ ပြန်ကြားနေမိပါတော့တယ်။

ကျနော်တို့ရဲ့ NCGUB ဝန်ကြီးချုပ်

သူ့ကို ကျနော်တို့က "ဝန်ကြီးချုပ်" လို့သာ ခေါ်ကြပါတယ်။ မာနယ်ပလောမှာ၊ အော်စလို (နော်ဝေး) DVB ရုံးချုပ်တွေမှာ ကျနော်တို့ အကြိမ်များစွာ တွေ့ခွင့် ရခဲ့ကြပါတယ်။ သူ အနစ်နာခံတယ်ဆိုတာက သူ့မိသားစု၊ သူ့ကျောင်းဆရာဘဝ၊ သူ့မိခင်နိုင်ငံ စတာတွေကို စွန့်လွှတ်ထားရတာတွေပါ။ ဒါတွေဟာ တခြား တော်လှန်ရေးသမားတွေလည်း ကြုံကြရတာပဲ ဆိုပေမဲ့ သူကတော့ ပိုလိမ့်မယ် ထင်ပါတယ်။ မှတ်မိတာလေး ပြောရရင် သူဟာ လူတိုင်းကို တလေးတစား ဆက်ဆံတတ်တယ်။ ယဉ်ကျေးတယ်။ ဟိုးတုန်းက သူနဲ့ တွေ့တိုင်း သူ့သမီး‌လေး ဓာတ်ပုံကလေးကို လိုက်ပြတယ်။ ကြည့်ခိုင်းတယ်။ တခါနဲ့တခါ ပြတဲ့ သူ့သမီးလေးရဲ့ ပုံကလေးဟာ ကြီးကြီးလာပါတယ်။ နှစ်တော်တော်ကြာကြာ အဲ့သလို ဓာတ်ပုံကလေးပြတာ ကြည့်ရဖူးတယ်။ သူ့မိသားစုကို လွမ်းတော့ သူ့အချစ်ဆုံး (ကျနော့အထင်) သမီးလေးပုံ ကြည့်ခွင့်ရတော့ သူ့ စိတ်ပျော်တယ် ထင်ပါတယ်။ သူ ပျော်သလို တခြားသူတွေလည်း ပျော်အောင် လိုက်လိုက်ပြနေတာလို့ ထင်ပါတယ်။ မျက်ရည်လည်း ဝဲမိပါတယ်။ (ဒီနေရာမှာ သူ့လို မိသားစုကို ပစ်ပြီး အဝေးမှာ တော်လှန်ရေး လုပ်နေကြရတဲ့ ဖခင် မိခင် အပေါင်းကိုလည်း လေးစားမိပါတယ်။)

ယခုအခါ၊ ငါ့ရွာနဲ့ဝေး

ပြည်ပြေးတိုင်းခြား၊ ငါရောက်သွားပေါ့

ဘာများတတ်နိုင် မှာလဲကွယ် ။

(တင်မိုး)

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ကွယ်လွန်တာဟာ မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်ပါတယ်။

ကိုယ်ရေးအတ္ထုပ္ပတ္တိ

အဖ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း အမိ ဒေါ်ခင်စောတို့ကနေ ၁၉၄၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် တောင်တွင်းကြီးမှာ မွေးဖွားခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့တူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဝမ်းကွဲပေါ့။ ၁၉၇၄ မှာ ဂျာမဏီနိုင်ငံ ဟမ်းဘတ်တက္ကသိုလ်က မဟာသိပ္ပံဘွဲ့နဲ့ ၁၉၇၉ ခုနှစ်မှာ Ph.D. ဒေါက်တာ (ပါရဂူ-သင်္ချာ) ဘွဲ့ရတယ်။ ၁၉၈၀ ကနေ ၈၂ ခုနှစ်အထိ သင်္ချာ ကထိက (ကိုလံဘို တက္ကသိုလ်၊ သီရိလင်္ကာနိုင်ငံ၊ ၁၉၈၂ က ၈၄ အထိ နိုင်ရူဘီတက္ကသိုလ် ကင်ညာနိုင်ငံတို့မှာ တာဝန် ထမ်းဆောင်ခဲ့တယ်။ ၁၉၈၆ က ၈၈ အထိ အချိန်ပိုင်း ကထိက သင်္ချာဌာန လုပ်သားကောလိပ်၊ ၁၉၈၉ ခုနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြန်ကြားရေးဌာန (ဘဏ္ဍာရေးတာဝန်ခံ) နဲ့ အမျိုးသားဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဖြစ်ခဲ့တယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် မဲဆန္ဒနယ်ကနေ (NLD ရဲ့ ပါတီခွဲ) အမျိုးသားဒီမိုကရေစီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရတယ်။ နဝတ စစ်တပ်က အာဏာလွှဲမပေးလို့ ထိုင်းမြန်မာနယ်စပ် မာနယ်ပလောကို ကြိုတင်စီစဉ် လာရောက်ပြီး ၉၀ ပြည့် ဒီဇင်ဘာ ၁၈ မှာ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရဖွဲ့ပြီး ဝန်ကြီးချုပ် တာဝန်ယူခဲ့တယ်။ NCGUB ရုံးကို အမေရိကန်နိုင်ငံနဲ့ မာနယ်ပလော နယ်စပ်တွေမှာ နှစ်ပေါင်း ၂၀ လောက်ကြာ ဖွင့်ထားပြီး တော်လှန်ရေး တပ်ပေါင်းစု ရေးရာတွေနဲ့ UN ကုလ ဌာနချုပ်ကတဆင့် မြန်မာ့အရေးကို ကမ္ဘာကသိအောင် ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ဦးဆောင်ပြီးဆောင်ရွက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်မှာ NCGUB ကို ဖျက်သိမ်းပြီး ဝန်ကြီးချုပ်ဘဝက အနားယူသွားခဲ့ပါတယ်။

ပြည်သူတွေ လက်နက်ကိုင်ရတာ အာဏာသိမ်း စစ်တပ်ကြောင့်

ပြည်သူတွေ (အထူးသဖြင့် လူငယ်တွေ) လက်နက်ကိုင် တော်လှန်နေရတာဟာ မတော် လောဘတက်ပြီး အာဏာသိမ်းထားတဲ့ အကြမ်းဖက် စစ်တပ်ကြောင့်သာ ဖြစ်တယ်လို့ NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ ABSDF ရဲဘော်တွေနဲ့ မာနယ်ပလေဌာနချုပ်မှာ တွေ့စဉ်က ပြောခဲ့ပါတယ်။ အာဇာနည်ကြီး ၉ ဦးရဲ့ မိသားစုဝင်တဦးဖြစ်တဲ့ ဒေါက်တာစိန်ဝင်းက အာဇာနည်ကြီးတွေနဲ့ ပတ်သက်တဲ့ သမိုင်းဖြစ်ရပ် ဖြစ်စဉ်တွေ တခြား သမိုင်းနောက်ခံတွေကို စစ်တပ်က ဖျောက်ဖျက်နေတဲ့အတွက် နောင်လာနောက်သားတွေဟာ သမိုင်းကြောင်းတွေကို လေ့လာသင့်တယ်လို့လည်း ပြီးခဲ့တဲ့အာဇာနည်နေ့က ပြောခဲ့ပါသေးတယ်။

ပြည်သူလူထုကို ယုံကြည်သော ခေါင်းဆောင်

၂၀၁၉ ခုနှစ် ဩဂုတ်လက ဗိုလ်တထောင်မြို့ DVB ရုံး စတူဒီယိုမှာပဲ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒေါက်တာစိန်ဝင်းက ပြည်သူကို ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ ဥပမာ ၁၉၆၀ ရွေးကောက်ပွဲမှာ ရှုံးရင်လည်း နိုင်ရမယ်။ နိုင်ရင်လည်း နိုင်ရမယ်လို့ ကြွေးကြော်ခဲ့တဲ့ စစ်တပ်ကျောထောက်နောက်ခံ ပါတီကို ပြည်သူက မဲမထည့်ကြောင်း ၊ ပြည်သူက နိုင်ငံရေးမှာ လိမ္မာပါးနပ်ကြောင်း ပြောသွားခဲ့ပါတယ်။ အလားတူ သူက ၁၉၉၀ ရွေးကောက်ပွဲမှာလည်း အာဏာသိမ်း စစ်တပ်က တစည ပါတီနိုင်အောင် ငွေအား၊ လူအား၊ အာဏာအားသုံးခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားပြီး NLD ကို လှုပ်မရအောင် စီမံခဲ့ပေမယ့် လူထုက NLD ကိုသာ မဲပြုံထည့်သွားကြောင်း ပြောခဲ့ပါတယ်။ အလားတူ လူထုဟာ ၂၀၁၂ ကြားဖြတ်၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာလည်း စစ်တပ်ပါတီ ကြံ့ဖွတ်ကို မဲမထည့်ပဲ NLD ကိုသာ စုပြုံ မဲပေးခဲ့ကြပါတယ်။

NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းရဲ့ အကြီးဆုံး အောင်မြင်မှု

စင်ပြိုင်အစိုးရ သက်တမ်း နှစ်ပေါင်း ၂၀ အတွင်း အအောင်မြင်ဆုံးက DVB ဒီမိုကရက်တစ် မြန်မာ့အသံကို သူ ဝန်ကြီးချုပ်ဘဝနဲ့ တည်ထောင်နိုင်ခဲ့တာပါလို့ ဒေါက်တာစိန်ဝင်းက ပြောခဲ့ပါတယ်။ ဒီမိုကရက်တစ်မြန်မာ့အသံ ( DVB )ကို ၁၉၉၂ ခုနှစ်က ဦးဆောင် တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ ဘုတ်အဖွဲ့ ဥက္ကဋ္ဌအဖြစ်နဲ့ အဖွဲ့ဝင်လူကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ( ၈၃နှစ်) ဟာ ဖေဖော်ဝါရီလ (၆) ရက်နေ့မှာ ကွယ်လွန်သွားတဲ့အပေါ် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) အနေနဲ့ အထူးဝမ်းနည်းပါကြောင်းလည်း ထုတ်ပြန်ထားပါပြီ။

ကျနော်တို့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းသို့ နှုတ်ဆက်ခြင်း

ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ကောင်းရာသုဂတိ လားပါစေ။ ဒီလို ကောင်းရာသုဂတိလားပါစေလို့ ဆုမတောင်းပဲလည်း ကောင်းရာသုဂတိ သွားမည့်သူပါ။ ကျနော့် အတွေ့အကြုံအရ သူ့နှမ ဒေါ်အောင်ဆန်းစုကြည်လို စိတ်ရှည်ရှည် နားထောင်တဲ့ အကျင့် သူ့မှာ ရှိတာ တွေ့ရတယ်။ စကားကို လေးလေး အေးအေး တလုံးချင်း ရှင်းပြ ပြောပြတတ်တဲ့သူ့ကို မေ့မရ။

နော်ဝေ အော်စလို ရေခဲတောထဲမှာ ဘောင်းဘီအိတ် နှစ်ဖက်စလုံး လက်နှစ်ဖက်ထည့်ပြီး လှုပ်လှုပ် လှုပ်လှုပ် သွားနေတတ်သူ။ "ဝန်ကြီးချုပ် . . . လက်တဖက်တော့ ထုတ်ထားဦး။ ရေခဲပေါ် ချော်လဲရင် လက်တဖက်က ထောက်လို့ရတာပေါ့" လို့ ပြောရင်။ "လက်ထုတ်ထားရင် အေးတယ်" လို့ ပြုံးပြုံးနဲ့ ပြန်ပြောတတ်တာ သတိရ။

အော်စလို DVB ရုံးမှာ ထမင်းချက်ကြ၊ ထမင်းစားကြရင် ခင်ဗျားတို့က ချက်ကြရတာဗျာ။ ကျုပ်က ဆေးပေးပါ့မယ် ဆိုပြီး တခါတလေ ပန်းကန်တွေ၊ အိုးတွေ ဆေးနေတတ်တယ်။ ထားလိုက်ပါလို့ ပြောလည်း မရ။ သူဟာ ဟိတ်မရှိ၊ ဟန်မရှိသူ။ ဒါကိုလည်း သတိရပါတယ်။ သတိရစရာ မှတ်မှတ်သားသားတွေက များလှပေါ့။ စဉ်းစားမိတိုင်း ပြန်ရေးရရင် များလှ။

အေးဆေးတည်ငြိမ်တဲ့၊ ရိုးသားလွန်းတဲ့၊ စွန့်လွှတ်အနစ်နာခံတတ်တဲ့၊ အမှန်တရားမြတ်နိုးတဲ့၊ ဒီမိုကရေစီရေး ဖြည်းဖြည်း မှန်မှန် ကြိုးစားအားထုတ်တဲ့ နမူနာကောင်းတွေ နှောင်းလူတွေအတွက် ချန်ရစ်ထားပေးသွားခဲ့တဲ့ တက္ကသိုလ် သင်္ချာကထိကမှသည် စင်ပြိုင်အစိုးရ ဝန်ကြီးချုပ်အထိ ဦးဆောင်ခဲ့သူ ဆရာကြီး ဒေါက်တာစိန်ဝင်းကို သတိတရနဲ့ အလေးပြုလိုက်ပါတယ်။ ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar