NUG၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်တပ် တွေ့ဆုံဆွေးနွေးရေး ဖြစ်လာနိုင်မလား
NUG၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်တပ် တွေ့ဆုံဆွေးနွေးရေး ဖြစ်လာနိုင်မလား
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ ကျင်းပတဲ့ ကချင်တော်လှန်ရေးနေ့မှာ ကချင်လွတ်မြောက်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ၁ ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က အွန်လိုင်းက မိန့်ခွန်းပြောရာမှာ NUG နဲ့ စကားပြောချင်တဲ့ ဆန္ဒရှိလားလို့ နေပြည်တော်က စစ်အစိုးရကို မေးထားကြောင်း ထည့်သွင်းပြောဆိုခဲ့တာက ဒီနေ့ သတင်းတွေထဲ ထိပ်တန်းသတင်းအဖြစ် ဖော်ပြလာကြပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် ပြောဆိုတဲ့ စကားလုံး အတိအကျက “ဒီကနေ့အထိ ကျွန်တော်တို့ သွားနေတဲ့မူကတော့ တော်လှန်ရေး အင်အားစုများနဲ့ လက်တွဲတယ်။ နေပြည်တော်အစိုးရကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောတယ်။ KIO တစ်ဖွဲ့တည်းနဲ့ စကားပြောလို့ မပြီးနိုင်ပါဘူး။ နေပြည်တော်ဟာ NUG နဲ့ စကားပြောချင်တဲ့ ဆန္ဒရှိသလားလို့ မေးထားပါတယ်။ တစ်ဖွဲ့ချင်းနဲ့ စကားပြောတဲ့ ပုံစံမျိုးကို KIOက လက်ခံမှာ မဟုတ်ဘူးဆိုတာ နိုင်ငံတကာနဲ့ အိမ်နီးချင်း နိုင်ငံများ အားလုံးကို ပြောပြထားပြီးသား ဖြစ်ပါတယ်။” လို့ မြစ်ကြီးနားသတင်းဂျာနယ် ပေ့ချ်မှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။
“နေပြည်တော် အစိုးရကို ပွင့်ပွင့်လင်းလင်း ပြောတယ်”ဆိုတဲ့ စကားလုံးကို သုံးသပ်ကြည့်ရင် KIA အနေနဲ့ နေပြည်တော်နဲ့ ဆက်သွယ်ရေး လမ်းကြောင်း ရှိနေတယ်ဆိုတဲ့ သဘောလည်း သက်ရောက်နေတာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့အနေနဲ့ စစ်တပ်နဲ့ ဆက်သွယ်ရေးလမ်းကြောင်း ရှိနေခြင်းဟာ နိုင်ငံရေးရှုထောင့်အရ ကြည့်ရင် မမှားပေမယ့် လူအများရဲ့အမြင်မှာတော့ အဆုံးအဖြတ်အောင်ပွဲရသည် အထိ အပြီးသတ်အောင်နိုင်တဲ့အထိ လက်နက်ကိုင်နည်းလမ်းနဲ့ တိုက်ခိုက်ကြမယ် ဆိုတဲ့ လက်ခံထားတာနဲ့တော့ ဆန့်ကျင်နေတဲ့ သဘောဖြစ်ပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနေတဲ့ ယမန်နှစ် သြဂုတ်လအတွင်းကလည်း ကေအိုင်အေနဲ့ နေပြည်တော်အကြား ဆွေးနွေးဖို့ ပြောဆိုမှုတွေနဲ့ ပတ်သက်တဲ့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ တွေ့ဆုံမယ့် နေရာနဲ့ ပတ်သက်လို့ သဘောတူညီမှုမရတဲ့ အကြောင်းနဲ့ ဘယ်ဘက်က အရင်ကမ်းလှမ်းသလဲ ဆိုတဲ့အငြင်းပွားစရာ ပေါ်ထွက်ခဲ့သေးတာတွေ့ရပါတယ်။
KIA အနေနဲ့ တဖက်မှာ စစ်ရေးအရ အသာစီးရဖို့ အတွက် တိုက်နေသလို အခြားတဖက်မှာလည်း စစ်တပ်နဲ့ ဆက်သွယ် ပြောဆိုတဲ့လမ်းကြောင်းကို ဖွင့်ထားတဲ့ သဘောဖြစ်ပါတယ်။
ဆယ်စုနှစ်များစွာကြာမြင့်လာတဲ့ ပြည်တွင်းစစ်မှာ ဘက်တဘက်က အပြတ်အသတ်အနိုင်ရနိုင်ခြေ မရှိတဲ့ သဘောသဘာဝကို KIA အနေနဲ့ သဘောပေါက်နားလည်တယ်လို့ ယူဆနိုင်ပါတယ်။ အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့လည်း အပြတ်အသတ်အနိုင်ရ ရေးဆိုတာထက် မိမိတို့ ထိန်းချုပ်နယ်မြေကို ထိန်းသိမ်းထားနိုင်ရေးနဲ့ အခွင့်အရေးရခဲ့ရင် ကြားခံဧရိယာလိုမျိုး ထားရှိပြီး မိမိတို့ ထိန်းချုပ်နယ်မြေ အထိ စစ်တလင်း ဖြစ်မလာရေး၊ နယ်မြေ မဆုံးရှုံးရေးက အဓိက ရည်မှန်းချက် ဖြစ်ပါလိမ့်မယ်။
အခု လက်ရှိ အာဏာသိမ်းထားတဲ့ စစ်တပ် အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြောဆိုခြင်းဟာ ရင်ဆိုင်နေရတဲ့ စစ်ရေးအနေအထားကို အားသာမှုရစေဖို့ ရည်ရွယ်လုပ်ဆောင်တာသာ ဖြစ်ပါလိမ့်မယ်။ အဖွဲ့တိုင်းနဲ့ တပြိုင်နက်ထည်း စေ့စပ်ဆွေးနွေးတာမျိုး လုပ်ဆောင်မှာမဟုတ်ဘဲ၊ လက်နက်ကိုင် တဖွဲ့ချင်းစီအပေါ် မတူတဲ့ သဘောထား၊ အပေးအယူ ညှိနှိုင်းမှုတွေနဲ့ လုပ်ဆောင်မယ့် သဘောလည်း ဖြစ်ပါတယ်။
နှစ် ၇၀ ကျော် ၈၀ နီးပါး ပြည်တွင်းစစ်ကာလအတွင်း နဲ့ ပြီးခဲ့တဲ့ စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်တာကာလ အတွင်း ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်း အချက်အလက်တွေကို လေ့လာကြည့်ရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရော တိုင်းရင်းသားလက်နက်ကိုင် မဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ တပြိုင်နက်တည်း ဆွေးနွေးမှုဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်တွေ အတွင်းမှာသာ တွေ့ရမှာ ဖြစ်ပါတယ်။
ဖဆပလ ခေတ်နဲ့ ၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းခဲ့တဲ့ တော်လှန်ရေးကောင်စီက စေ့စပ်ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တဲ့ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေတုန်းက သီးခြားတဖွဲ့ချင်းစီသာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၃ နောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ နည်းပါးခဲ့ပြီး ၁၉၈၁ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှုနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဆွေးနွေးမှု ရှိခဲ့ပေမဲ့ ထူးခြားတဲ့ ရလဒ်ထွက်ပေါ်ခဲ့တာ မရှိပါဘူး။ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး အစိုးရအဖွဲ့လက်ထက် အထူးဒေသဖွဲ့စည်းပေးပြီး လက်နက်စွန့်စရာမလိုတဲ့ အပစ်ရပ်စဲမှုတွေနဲ့ ငြိမ်းချမ်းရေး လက်နက်ကိုင်လို့ အရပ်ခေါ်ခေါ်ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အများအပြားပေါ်ထွက်လာခဲ့ပါတယ်။ ကိုးကန့်၊ ပအို့ဝ်၊ ကေအိုင်အေ၊ ဦးဇခုန်တိန့်ယိန်း ခေါင်းဆောင်တဲ့ NDA-K ၊ မိုင်းလား၊ မွန်၊ DKBA စတဲ့ တိုင်းရင်းသား အဖွဲ့အများအပြားက ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့တွေ ဖြစ်လာပြီး ၂၀၁၁/၁၂ ခုနှစ်တွေအထိ နိုင်ငံရေးဆွေးနွေးမှုတော့ လုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။
၂၀၁၁/၁၂ လွန်ကာလတွေမှာ NCA ပေါ်ထွက်လာဖို့ ပြင်ဆင်ဆွေးနွေးမှုတွေဟာ ဆယ်စုနှစ် ၆ ခုကျော်ကာလအတွင်း ပထမဆုံးသော နိုင်ငံရေး အရ ဆွေးနွေးမှုတွေလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီဆွေးနွေးမှုတွေက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း ရပ်ဆိုင်းသွားခဲ့ပြီး လက်နက်ကိုင် အဖွဲ့အများအပြားကို စစ်ရေးနည်းလမ်းဆီ ပြန်လည်ဦးတည်စေခဲ့ပါတယ်။ လူနည်းစု တိုင်းရင်းသားတွေသာမက ဗမာလူမျိုးနဲ့ ဖွဲ့စည်းတဲ့ လက်နက်ကိုင် အဖွဲ့အများအပြား ပေါ်ထွက်လာခဲ့တဲ့နောက် တိုင်းပြည်ရဲ့ ပြည်တွင်းစစ်မီးတောက်က အရှိန်အဟုန်နဲ့ တောက်လောင်လာခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ စစ်မျက်နှာဖွင့် ထိုးစစ်ဆင်ကာ မြို့တွေ နယ်တွေ သိမ်းယူတဲ့ စစ်ရေးနည်းလမ်းသာမက နိုင်ငံရေးနည်းလမ်း ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကိုလည်း အချိန်အခါအားလျော်စွာ အသုံးပြုကြရတာ လက်တွေ့ပကတိ တရားလို့ ဆိုရပါမယ်။ အားနည်းနေတဲ့အချိန်မှာ ရပ်တည်မှု ခုထက်မဆုံးရှုံးသွားစေဖို့ တွေ့ဆုံဆွေးနွေးမှုကို ပရိယာယ်တရပ်အဖြစ် အသုံးပြုကြတာ ရှိသလို အားသာနေချိန်မှာလည်း ရှိပြီးသား အနေအထားကို ထိန်းသိမ်းထားနိုင်ဖို့ တဖက်ရန်သူနဲ့ တွေ့ဆုံဆွေးနွေးကြရတာမျိုး ရှိပါတယ်။
တွေ့ဆုံဆွေးနွေးခြင်းဟာ အာဏာရ အစိုးရတွေ လက်နက်ကိုင် တော်လှန်တဲ့ တပ်ဖွဲ့တွေ အဖို့ တချိန်ချိန်မှာ မလွှဲမရှောင်သာ ကျော်ဖြတ်ကြရမယ့် အဆင့်တခု၊ ဖြစ်စဥ်တခုလည်း ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုက အဖွဲ့အစည်းတခု၊ လက်နက်ကိုင်တပ် တတပ်အတွက် အသက်ကယ်ဆေးလည်း ဖြစ်နိုင်ပါတယ်။ ရန်သူက မိမိထက် အင်အားကြီးနေတဲ့အခါဖြစ်စေ၊ မိမိဘက်က အင်အားကြီးတဲ့အခါ ဖြစ်စေ အခြေအနေတရပ်မှာ စစ်ရေးနည်းလမ်းမဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းတခုအနေနဲ့ တွေ့ဆုံဆွေးနွေးမှုကို အသုံးချကြတာမျိုးလည်း ရှိနေတာ ဖြစ်ပါတယ်။
သမိုင်းဖြစ်ရပ်တွေကို လေ့လာသုံးသပ်ကြည့်ရင် တွေ့ဆုံဆွေးနွေးမှုဆိုတာ တော်လှန်ရေးကနေ စွန့်ခွာမှု၊ ရန်သူကို အရှုံးပေးမှုအဖြစ် တရားသေ မှတ်ယူလို့ မရတာ သိရှိသဘောပေါက်နိုင်ကြပါလိမ့်မယ်။
တနေ့က ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော် နေပြည်တော်ကို ပြောဆိုတဲ့ NUG နဲ့ စကားပြောချင်လားဆိုတဲ့ ပြောဆိုမှုဟာ တော်လှန်ရေးအင်အားစုတွေဘက်က အားနည်းနေပြီဆိုတဲ့ အဓိပ္ပာယ် ကောက်ယူမှုမျိုး မသက်ရောက်သလို တွေ့ဆုံဆွေးနွေးမှု လုပ်တာနဲ့ တော်လှန်ရေးကို သစ္စာဖောက် သွားပြီလို့ တထစ်ချ မှတ်ယူလို့ မရကြောင်း သမိုင်းဖြစ်ရပ်တွေကို လေ့လာကြည့်ရင် နားလည်သိရှိနိုင်တာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar