ကိုအောင်မှိုင်း - ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ ( အပိုင်း -၃ )
ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ ( အပိုင်း -၃ )ကိုအောင်မှိုင်း
မိုးမခ ၊ ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၆
စစ်သင်္ဘောပေါ်က အရင်းရှင်စနစ် (Gunboat Diplomacy နှင့် Gunboat Capitalism)
စစ်သင်္ဘောအင်အားသုံး ဒီပလိုမေစီ (Gunboat Diplomacy) နှင့် စစ်သင်္ဘောအင်အားသုံး အရင်း ရှင်ဝါဒ (Gunboat Capitalism) တို့ကို တခါတရံ အပြန်အလှန် အသုံးပြုကြသော်လည်း သဘော တရားအရ ကွဲပြားခြားနားမှု ရှိပါသည်။
Gunboat diplomacy သည် နိုင်ငံရေး၊ သံတမန်ရေးနှင့် နိုင်ငံအကျိုးစီးပွားများအတွက် စစ်သင်္ဘော အင်အားကို အသုံးပြု၍ ဖိအားပေးခြင်းကို အဓိကထားသည့် နည်းလမ်း (method) တရပ် ဖြစ်ပါ သည်။ အခြေအနေတရပ်ရောက်လာမှသာ အသုံးချလေ့ရှိပြီး အမြဲတမ်းလည်ပတ်နေသော စနစ် တခုမဟုတ်ပါ။
Gunboat capitalism သည် ထိုစစ်ရေးဖိအားကို အရင်းရှင်စနစ်၏ စီးပွားရေးအမြတ်အစွန်း ရရှိရေး အတွက် စနစ်တကျ၊ အစဉ်တစိုက် အသုံးချနေသော ဖွဲ့စည်းပုံ (system / structure) တရပ်ဖြစ်ပါ သည်။ ထို့ကြောင့် gunboat diplomacy ကို နည်းလမ်းအဖြစ် နားလည်နိုင်သော်လည်း gunboat capitalism ကို အရင်းရှင်စနစ် ဖွံ့ဖြိုးမှုအဆင့်တရပ်အဖြစ် နားလည်ရပါသည်။
စစ်သင်္ဘောအင်အားအခြေပြု နယ်ချဲ့စနစ်၏ တည်ထောင်မှု
ဤအကြောင်းအရာကို နားလည်ရန် မာက်စ်ဝါဒအမြင်မှ နယ်ချဲ့စနစ် (Imperialism) ကို သုံးသပ်ရန် လိုအပ်ပါသည်။ မာက်စ်ဝါဒအရ နယ်ချဲ့စနစ်သည် အရင်းရှင်စနစ် ပျက်စီးသွားခြင်းမဟုတ်ဘဲ လက် ဝါးကြီးအုပ်အရင်းရှင်စနစ်၊ ဘဏ္ဍာရေးအရင်းအနှီးနှင့် ကမ္ဘာလုံးဆိုင်ရာ ချဲ့ထွင်မှုတို့ ပေါင်းစည်းသွားသည့် ဖွံ့ဖြိုးမှုအမြင့်ဆုံးအဆင့် ဖြစ်ပါသည်။
လီနင်က ယင်းအဆင့်ကို “အရင်းရှင်စနစ်၏ အမြင့်ဆုံးသဏ္ဌာန်”ဟု သတ်မှတ်ခဲ့ပြီး စစ်ရေးအင်အားနှင့် နိုင်ငံရေးအာဏာ မပါဘဲ ယင်းစနစ် မလည်ပတ်နိုင်ကြောင်း ထောက်ပြခဲ့ပါသည် (Lenin, 1916)။
အရင်းရှင်စနစ်၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့်များ
- မာက်စ်ဝါဒအမြင်အရ အရင်းရှင်စနစ်သည်—
- လွတ်လပ်ယှဉ်ပြိုင်မှုအဆင့် (Free competition capitalism)
- လက်ဝါးကြီးအုပ်အဆင့် (Monopoly capitalism)
နယ်ချဲ့စနစ်အဆင့် (Imperialism) ဟူ၍ အဆင့်သုံးဆင့် ဖြတ်သန်းသည်ဟု သုံးသပ်ကြပါသည်။
လွတ်လပ်ယှဉ်ပြိုင်မှုအဆင့်သည် ၁၆ ရာစုနှောင်းပိုင်းတွင် စတင်ပေါ်ပေါက်လာပြီး ၁၈ ရာစုနှောင်း ပိုင်းမှ ၁၉ ရာစုအလယ်ပိုင်းအထိ အပြည့်အဝဖွံ့ဖြိုးခဲ့ပါသည်။ ဤအဆင့်တွင် ကုမ္ပဏီအသေးများ အချင်းချင်း လွတ်လပ်စွာ ယှဉ်ပြိုင်ကြပြီး အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုမှာ အနည်းဆုံးအဆင့် တွင်သာ ရှိခဲ့ပါသည်။ Hobsbawm က ယင်းကာလကို “the triumph of bourgeois society under free competition” ဟု ဖော်ပြခဲ့ပါသည် (Hobsbawm, 1975)။
သို့သော် စက်မှုထုတ်လုပ်မှု အရွယ်အစားကြီးမားလာသည်နှင့်အမျှ အရင်းအနှီးများ စုစည်းလာပြီး လွတ်လပ်ယှဉ်ပြိုင်မှုမှ လက်ဝါးကြီးအုပ်အဆင့်သို့ ပြောင်းလဲသွားခဲ့ပါသည်။
မိုနိုပိုလီအဆင့်တွင် Gunboat များ၏ အခန်းဝင်မှု
မိုနိုပိုလီအဆင့်သို့ ရောက်ရှိလာသည့် အရင်းရှင်စနစ်တွင် စီးပွားရေးအကျိုးစီးပွားကို စျေးကွက်ယှဉ်ပြိုင်မှုဖြင့်သာ ရပ်တည်မနေနိုင်တော့ဘဲ အတင်းအကျပ် စီမံခန့်ခွဲရန် လိုအပ်လာခဲ့ပါသည်။ မိုနိုပိုလီ အရင်းရှင်စနစ်၏ အဓိကပြဿနာများမှာ အရင်းအနှီးပိုလျှံမှု (surplus capital)၊ ပြည်တွင်းဈေးကွက်ကျဉ်းမြောင်းလာမှုနှင့် အမြတ်နှုန်းကျဆင်းလာမှုတို့ ဖြစ်ပါသည်။
ဤပြဿနာများကို ဖြေရှင်းရန် အရင်းရှင်နိုင်ငံများသည် အလုပ်သမားလုပ်ခချိုသာသော ဒေသများ၊ သယံဇာတကြွယ်ဝသော ဒေသများကို ပြင်ပနိုင်ငံများတွင် ရှာဖွေချဲ့ထွင်လာကြရပါသည်။ ထိုလုပ် ငန်းစဉ်အတွင်း နိုင်ငံ၏ စစ်ရေးအင်အား၊ အထူးသဖြင့် ရေတပ်နှင့် စစ်သင်္ဘောအင်အားတို့သည် မိုနို ပိုလီအရင်းရှင်များ၏ အကျိုးစီးပွားကို ကာကွယ်ပံ့ပိုးပေးသည့် အဓိကကိရိယာအဖြစ် ပေါ်ထွန်းလာ ခဲ့ခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေးတို့ ပေါင်းစည်းသွားသော စနစ်ကို gunboat capitalism ဟု ခေါ်ဆိုနိုင်ပြီး၊ ယင်းသည် နယ်ချဲ့စနစ်၏ အဆင့်မြင့်ပုံစံတစ်ရပ်ဖြစ်ကြောင်း တွေ့ရပါသည်။
ကိုအောင်မှိုင်း
📚 ကျမ်းကိုးကားစာရင်း (References)
• Lenin, V. I. (1916). Imperialism, the Highest Stage of Capitalism.
• Marx, K. (1894). Capital, Volume III.
• Hobsbawm, E. (1975). The Age of Capital: 1848–1875.
• Hobson, J. A. (1902). Imperialism: A Study.
• Gallagher, J., & Robinson, R. (1953). “The Imperialism of Free Trade.” The Economic History Review.
👉 ကိုအောင်မှိုင်း - ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ - အပိုင်း (၁)
👉 ကိုအောင်မှိုင်း - ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ - အပိုင်း (၂)
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar