Sunday, March 22, 2026

ငြိမ်းဝေ - ဒုံသမိချောင်းပေါ်က ကြယ်နီ- ၂


ဒုံသမိချောင်းပေါ်က ကြယ်နီ ၂
မှန်ကွဲလေးတချပ်နှင့် ကျုံစိန်ကြိုးဝိုင်းထဲက လူတကိုယ်စာ အိပ်ရာငယ်များ
ငြိမ်းဝေ
(မိုးမခ) မတ် ၂၂၊ ၂၀၂၆

၁။
 
မယ်ညောခီးတောင်အဆင်းတနေရာတွင် ဝါးတရိုက်သာသာအမြင့် တောင်စေါင်းပေါ်မှ ရေတံခွန်တခု စီးကျနေ၏။ တနာရီနီးပါးဆင်းလာသည့်တိုင် မတ်စောက်သောတောင်ဆင်းလမ်း မတွေ့ခဲ့ရ။ တလမ်းလုံး လူသွားလမ်း ခတ်ပြေပြေကိုသာ တွေ့ရ၏။ ရေတံခွန်အနားရောက်တော့ ကျနော်တို့သုံးယောက် တထောက်နားကြသည်။ 

“ ရှေ့နားအကွေ့မှာ ဂူတခုရှိတယ်။ ဂူထဲမှာ ရန်သူ့အလောင်း လေးငါးလောင်းရှိတယ်။ ခွေးအိပ်တောင်စစ်ဆင်ရေးတုန်းက ရန်သူတပ်စိပ်တစိပ် ကျွံဝင်လာရင်းက ဂူထဲမှာဝင်ပုန်းရင်း ပိတ်မိနေတာ။ ဝိုင်းပစ်လို့သေကုန်တာ။ ခုတော့ အရိုးနဲ့ စစ်အကျီတွေပဲ ရှိတော့တာပေါ့။ ကြည့်ချင်ရင် ဝင်ကြည့်လို့ရတယ်။ ကျနော်လိုက်ပြမယ်ဆရာငြိမ်း”

အစတော့ ဝင်ကြည့်ဖို့ စိတ်ကူးသေးသည်။ နောက်တော့ သွားမကြည့်တော့ဘူးလို့ ဗိုလ်သိန်းစိုးကိုပြန်ပြောလိုက်၏။ သို့နှင့်တိုင် လမ်းအကွေ့တွင် ဗိုလ်သိန်းစိုး လက်ညှိုးထိုးပြသော တောင်စောင်းနေရာကို မေ့ာကြည့်ခဲ့မိသေး၏။ 

မယ်ညောခီးတောင်ခြေကို သုံးနာရီအတွင်း ရောက်လာကြ၏။ တောင်တက်လမ်းလိုမဟုတ် ပြေပြေလျောလျော ဆင်းလာလို့ရသဖြင့် တောင်ခြေကို အချိန်တိုအတွင်း ရောက်လာခြင်းဖြစ်ပေမည်။ တောစပ်တခုမှအထွက်တွင် ခတ်ငယ်ငယ်ကွင်းတခုကို ဘွားကနဲတွေ့လိုက်ရ၏။ ကွင်း၏တဖက် သစ်ပင်များကြားတွင် ယိုင်နဲ့နေသော တဲတလုံးကိုတွေ့၏။ လူတယောက်မှာ တဲနောက်ဘက်ခြုံကြားမှ ကျနော်တို့ကို အကဲခတ်သလို လှမ်းကြည့်‌ေန၏။ ဗိုလ်သိန်းစိုးက ကရင်ကိုလှမ်းပြောလိုက်သောအခါ ထိုလူမှာ မြင်ကွင်းမှနောက်ဆုတ်သွားကာ တောထဲ၌ပျောက်သွား၏။ အခြေအနေကိုအကဲခတ်ကာ ကျနော်တို့တတွေ တောင်ခြေကိုရောက်လာပြီဆိုတာ ကျနော်သိလာရ၏။

မြေပြန့်ကိုရောက်လာပြီဖြစ်သည့်အတွက် အားတက်သလိုဖြစ်ကာ ကျနော့်ခြေထောက်များ ပိုသွက်လာ၏။ ရဲဘော်လေး ဝှေ့စာက ကျနော့်ကြောပိုးအိတ်ကိုပြန်မပေးဘဲ သူပဲကြောပိုးလာမည်ဟုဆို၏။ ထို့ကြောင့် တခါတရံ သူ့သေနတ် AK ၄၇ ကို ကျနော်က အတင်းတောင်းယူလွယ်ရ၏။  ဗိုလ်သိန်းစိုးက အပြုအမူအလှုပ်အရှားသွက်လက်သလောက် စကားတော့နည်း၏။ သို့သော် တလမ်းလုံး ကျနော့်ကိုတလေးတစား ဖေးဖေးမမရှိ၏။ တပြုံးပြုံးနှင့် ကြည့်တတ်၏။ သည်ခရီးကို လက်တွေ့အားဖြင့် ကျနော်လိုက်ပါလာသည့်အတွက် ကျေနပ်နေသည်ကို သူ့အမူအယာ သူ့မျက်နှာပေါ်တွင်တွေ့ရသဖြင့် ကျနော်လည်း အားရှိ၏။ သူက ကာဘိုင်သေနတ်ကိုလွယ်ထား၏။ ခါးတွင် ဓါးအိမ်စွပ်ထားသော ဓါးတချောင်းချိတ်ထား၏။ လွယ်အိပ်တလုံးလွယ်လျက် တလမ်းလုံး စကားသိတ်မပြော။ မြေပြန့်ကိုရောက်သည်နှင့် လမ်းလျှောက်စကားပြောစက် ခဏခဏပြောလာ၏။

တောစပ်တခုအရောက်တွင် လူတယောက် ထမင်းထုပ်သုံးထုပ်လာပေး၏။ ဗိုလ်သိန်းစိုးနှင့် စကားအနည်းငယ်ပြော၏။ အနီးအနား ရွာတရွာရွာမှ ထမင်းထုပ်လာပို့ခြင်းဖြစ်သည်ဟုတော့ ကျနော်ထင်သည်။ သူတို့နှစ်ယောက် ရင်းနီးပုံရသည်။ ပြုံးကာရယ်ကာပြောကြ၏။ ဗိုလ်သိန်းစိုးနှင့် ရဲဘော်လေးဝှေ့စာ နှစ်ယောက်စလုံး ယူနီဖေါင်မဝတ်ကြဘဲ အရပ်ဝတ်နှင့်ပင်ဖြစ်သည်။ 

နှစ်နာရီခန့်လမ်းလျှောက်လာကြပြီးနောက် ရွာငယ်သုံးရွာကို ကျော်လာခဲ့သည်။ ရွာတွေကို အေးအေးဆေးဆေးပင် ဖြတ်လာခဲ့ကြသည်။ တခါတရံ ရွာထဲမှ ကရင်သီချင်းဆီုသံ မောင်းထောင်သံ ခွေးဟောင်သံများ ကြားခဲ့ရ၏။ လမ်းတွင်တွေ့သော ရွာသားဖြစ်ဟန်တူသူ သုံးလေးယောက်က ကျနော်တို့ကို ပြုံးပြသွားကြ၏။ မွန်းလွဲ သုံးနာရီခန့်တွင် မောင်းထောင်းသံနှင့် ခွေးဟောင်သံသဲ့သဲ့ ကြားရ၏။ ရွာတရွာရွာနှင့် နီးလာသည်ဟုအထင်ရှိစဉ် တောစပ်တခုတွင် လူတယောက်ကိုတွေ့ရ၏။ ဗိုလ်သိန်းစိုးနှင့် အပြန်အလှန် နှုတ်ဆက်ကြ၏။ ကျနော်တို့အားလုံး မဲပလိရွာသို့ရောက်လာကြခြင်းဖြစ်သည်။ 

ဗိုလ်သိန်းစိုးက ရွာထိပ်‌ေတာစပ်တွင်ရပ်နေသူနှင့် ကျနော့်ကို မိတ်ဆက်ပေး၏။ သူက ကျနောိတို့ကို လာကြိုနေသူဖြစ်သည်။ ဗိုလ်သိန်းစိုးက လမ်းလျှောက်စကားပြောစက်ဖြင့်  ကြိုပြီးပြောဆိုထားကြပြီးဖြစ်ဟန်တူပါသည်။ ထိုသူက ကျနော့်ကို ပြုံးပြ၏။ သူက ဒေသ KNU စည်းရုံးရေးမှူး စောချောအို့အိုး ဟုသိရ၏။ ဗမာစကား အနည်းငယ်ပြောတတ်၏။ ရွာထဲရောက်တော့ ကျနော့်ကို ရွာငှါးကျောင်းဆရာ ကိုမျိုးမြင့်အိမ်တွင်တင်ထားခဲ့ပြီး ဝှေ့စာနှင့် ဗိုလ်သိန်းစိုးက တအိမ်ကျော်အိမ်တွင်တည်းကြ၏။

ကျောင်းဆရာကိုမျိုးမြင့်မှာ ကျနော့်ကိုပျူပျူငှါငှါ လက်ခဲ၏။ DVB အသံလွှင့်ဌာနသတင်းထောက်ဖြစ်ကြောင်း ဗိုလ်သိန်းစိုးပြောပြသဖြင့် သိသွား၏။ ညစာကိုဖွယ်ဖွယ်ရာရာ ပြင်ဆင်ရန် သူ့ဇနီးကိုပြောနေ၏။ နှစ်နှစ်အရွယ် သမီးမိန်းခလေးတဦးရှိ၏။ ကိုမျိုးမြင့်မှာ ညာဖက်ခြေထောက် မသန်ရှာပါ။ လမ်းလျှောက်လျင် ညာခြေခွင်ပြီး ထော့နင်းထော့နင်းလျှောက်ရ၏။
မဲပလိရွာတွင် ရွာငှားကျောင်းဆရာလုပ်နေသည်မှာ နှစ်နှစ်ရှီပြီဖြစ်သည်။

ထမင်းစားကြပြီးနောက် စကားထိုင်ပြောကြသေး၏။ စည်းရုံးရေးမှူး စောချောအို့အိုးကမူ ထမင်းဝင်မစား။ သို့သော် ညအချိန်အထိ ကျနော်တို့နှင့်အတူ ရှိနေ၏။ ကျနော်တို့စကားဝိုင်းတွင် စိတ်ပါလက်ပါနားထောင်ရှာ၏။  ဆရာကိုမျိုးမြင့်က အပျော်ရိုက်ကင်မရာလေးတလုံးထုတ်ပြ၏။ ကျနော်ကလည်း ငှါးလာသောကင်မရာလေးကို ထုတ်ပြ၏။ ကင်မရာများမှာ ဓါတ်ခဲထည့်ရိုက်ကြရသော ကင်မရာများချည်းဖြစ်လေသည်။ 

ကျနော်က ကရင့်တော်လှန်ရေးဌာနချုပ် မာနယ်ပလောတွင် ဒေါက်တာစိန်ဝင်းခေါင်းဆောင်သော အမျိုးသားညွန့်ပေါင်းအစိုးရရှိ‌ေကြာင်း ယင်းအစိုးရ၏လက်အောက်တွင် တော်လှန်ရေးအသံလွှင့်ဌာနတခုဖြစ်သော ဒီမိုရက်တစ်မြန်မာ့အသံ DVB ဆိုတာ ရှိကြောင်း၊ အသံလွင့်ရာဌာနမှာမူ နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ရှိကြောင်း၊ နော်ဝေအစိုးရ၏အကူအညီဖြင့် အသံလွှင့်ဌာနဖွင့်ထားခြင်း ဖြစ်ကြောင်း ရှင်းပြရ၏။ ယခု ကျနော်တို့နေ့စဉ်ကြားနေရသော အသံလွှင့်မှုများမှာ ယင်းနော်ဝေနိုင်ငံ အော်စလိုမြို့မှ အသံလွှင့်နေခြင်းဖြစ်ကြောင်း ပြောပြရ၏။ သူတို့နှစ်ယောက်စလုံးဆီကမူ နယ်မြေအခြေအနေတချို့ ပြန်ကြားရ၏။ ကျနော်အလုပ်လုပ်သောဌာနမှာ အသံလွှင့်ဌာနဖြစ်သဖြင့် အသံဖမ်းစက်သာထုတ်ပေးပြီး ကင်မရာမပေးကြောင်း ထို့ပြင် ဌာနနှင့်မိခင်အဖွဲ့အစည်းမှ တာဝန်ပေးမှုအရမဟုတ်ဘဲ မိမိဖါသာမိမိဆုံးဖြတ်ချက်ဖြင့် စာတင်ပြီး ခရီးထွက်လာခြင်းဖြစ်၍ ခရီးစရိတ်လည်းမရသည့်အကြောင်း တော်လှန်ရေးလုပ်ငန်းဖြစ်သဖြင့် လစာလည်း မရကြောင်း ရှင်းပြရ၏။ ဆရာကိုမျိုးမြင့်မှာ ပညာအခြေခံလည်းရှိ ကျောင်းဆရာလည်းဖြစ်သဖြင့် စကားပြောရ ရှင်းပြရသည်မှာ လွယ်ကူ၏။ ထို့နောက် သည်ရွာတွင် သူကြီးနှင့် သူသာလျင် ဗမာစကားပြောတတ်ပြီး တရွာလုံး ဗမာစကားမ‌ေပြာတတ်ကြဟု သိလိုက်ရ၏။ မဲပလိရွာမှာ အိမ်ခြေခြောက်ဆယ်ကျော်ရှိပြီး နွားမှောင်ခိုလမ်းကြောင်းနှင့်နီး၏။ သည်ဒေသတဝိုက်တွင် မဲပလိရွာက အကြီးဆုံးရွာဖြစ်သည်။

ညကြတော့ စည်းရုံးရေးမှူး စောချောအို့အိုးက မနက်ဖြန် စာသင်ကျောင်းတွင်ပြုလုပ်မည့် ကျောင်းပိတ်ပွဲကိုတက်ရောက်ဖို့ ဘိတ်ကြားပြီး ပြန်သွား၏။ သူက မဲပလိရွာနှင့်ဆက်နေသော အိမ်စုတစုတွင် နေလေသည်။

နောက်တနေ့မနက် ကိုးနာရီတွင် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းက စာသင်ကျောင်းကို ဆရာကိုမျိုးမြင့်နှင့်အတူ သွားကြ၏။ စောချောအို့အိုးမှာ မိဘဆရာအသင်းဥက္ကဌလည်းဖြစ်သဖြင့် ကျောင်းပေါ် ရောက်နှင့်နေသည်ကိုတွေ့ရ၏။ ကျောင်းသားမိဘ နှစ်ဆယ်ခန့်ရောက်နေသည်ကိုတွေ့ရ၏။ ဗိုလ်သိန်းစိုးကိုမူမတွေ့ရ။ သူက တခြားကိစ္စရှိသဖြင့် တမနက်ခရီးထွက်သွားရသည်ဟု သိရ၏။ စောချောအို့အိုးထံ ကျနော့်ကိုအပ်ထားခဲ့သည်ဟု သိရ၏။

ကျောင်းပိတ်ပွဲမှာ ဧည့်သည်ဖြစ်သူကျနော် ရောက်နေသဖြင့် အားလုံးတက်ကြွနေကြသည်ဟု ဆရာကိုမျိုးမြင့်ကပြော၏။ ထို့ကြောင့် သူတို့ရွာက မယ်ဒလင်ဆရာတဦးကလည်း လာရောက်ဧည့်ခံနေ၏။ မယ်ဒလင်ဆရာမှာ အသက် နှစ်ဆယ်ကျော် လူငယ်ဖြစ်သည်။ မယ်ဒလင်အဟောင်းတလက်ဖြင့် ဆိုတီးဖျော်ဖြေလျက်ရှိ၏။

မက်ဒလင်လက်သံမှာ တော်တော်ကောင်း၏။ သီချင်းမှာ ကရင်သီချင်းဖြစ်၏။ နားထောင်နေရင်းက အသံရောတီးလုံးပါ တော်တော်အသက်ပါ၏။ နားမလည်သော်လည်း အလွမ်းအဆွေးလက်သံဖြစ်သည်ဟု ကျနော့်မှာ ခံစားလာရ၏။ တော်တော်လေးလည်း ကြိုက်နေမိသည်။ 

အခမ်းအနားတွင် တက်ရောက်လာသူများ တခဏမျှ စကားပြောကြ၏။ ငွေစာရင်းရှင်းတန်းဖြစ်ဟန်တူသည်ကို လူတယောက်က ကရင်လိုရှင်းပြ၏။ ကျောင်း တလခွဲပိတ်မည်ဟုလည်း သိရ၏။ အစည်းအဝေးပြီးတော့ မယ်ဒလင်ဆရာထံ သီချင်းထပ်ဆိုပေးဖို့ တောင်းဆိုမိသည်။ အသံသွင်းယူဖို့လည်း ပြင်ဆင်ပြီး အခြေအနေပေးလျင် ဒီသီချင်းကို အသံလွှင့်နိုင်အောင် ကြိုးစားမည်ဟုပြောတော့ အားလုံးက သဘောကျသွားကြ၏။ အားလုံး စိတ်ဝင်တစား ငြိမ်သက်စွာ ကျနော်အသံဖမ်းယူမှုကို ဝိုင်းကြည့်ကြလေသည်။
(နောင်အချိန် ကျနော်၏ တပ်မဟာ၁ အခန်းဆက်ဆောင်းပါး ၂၉ ပိုင်းကို DVB မှ ကျနော့်အသံနှင့်ပင် လွှင့်သောအခါ သည်ကရင်မက်ဒလင်ဆရာလေး၏ တီးလုံးလက်သံ ဆိုတီးကိုပင် ဆောင်းပါးအဖွင့်အပိတ်တီးလုံးအဖြစ် အသုံးပြုခဲ့၏။ မှတ်မှတ်ရရ   ကရင်ခေါင်းဆောင်တဦးဖြစ်သူ ပဒိုမန်းရှာက ကျနော့်ဆောင်းပါးများကို အမြဲနားထောင်၏။ လူချင်းတွေ့လျင် အမြဲအားပေးစကား ပြော၏။ အထူးသဖြင့် ယင်းအဖွင့်အပိတ် ကရင်သီချင်းလေးကို သူအထူးနှစ်သက်ကြောင်း ကျနော်နှင့်တွေ့တိုင်းပြောတတ်၏။ )

၂။
 
မဲပလိရွာမှ ညနေပိုင်းတွင် ခရီးဆက်ထွက်ကြ၏။ ယွန်းစလင်းချောင်းကို နေမဝင်ခင်‌ေရာက်အောင်သွားရမှာဖြစ်ပြီး  စက်လှေပေါ်တွင်တွေ့ခဲ့သော နိုင်ငံခြားသားများနှင့်ဆုံပြီး ချောင်းဘေးမှာပင်ညအိပ်ကြမည်ဟု ဗိုလ်သိန်းစိုးကပြော၏။ နယ်မြေစည်းရုံးရေးမှူး စောချောအို့အိုးက ကျနော့်ကို ဖြစ်နိုင်လျင် သူ့ဆီမှာ နှစ်ရက်သုံးရက်နေစေချင်ကြောင်း ပြောသော်လည်း မနက်ဖြန်မနက် အရေးကြီးသည့် ခေါင်းဆောင်တချို့နှင့် တွေ့ဆုံရမည်ဖြစ်သည်မို့ မဲပလိမှထွက်ခဲ့ရကြောင်း ဗိုလ်သိန်းစိုးက ပြော၏။ 

ကျနော်တို့သုံးယောက် ယွန်းစလင်းချောင်းဘေးရောက်တော့ နိုင်ငံခြားသားနှစ်ယောက်သည်လည်း ကရင်စစ်သားဆယ်ယောက်ခန့်နှင့်အတူ ရောက်နှင့်နေကြသည်ကို တွေ့ရ၏။ နိင်ငံခြားသားနှစ်‌ ယောက်စလုံး သေနတ်များလွယ်ထားကြ၏။ ဗိုလ်သိန်းစိုးနှင့်ကရင်စစ်သားများ အပြန်အလှန်နှုတ် ဆက်ကြပြီးနောက် ချောင်းအတက်လမ်းထိပ် ဈေးဆိုင်လေးတဆိုင်နောက်က ကောက်ရိုးပုံကြီးပေါ် ညအိပ်ကြဖို့ နေရာရွေးလိုက်ကြ၏။ ကျနော်နှင့် နိုင်ငီခြားသားနှစ်ယောက်က ကောက်ရိုးပုံကြီးပေါ်တွင်အိပ်ပြီး ဗိုလ်သိန်းစိုးတို့က အဆင်ပြေသလိုအိပ်ကြမည်ဟု ပြော၏။

အလင်းရောင်မှာ အလျင်အမြန်နောက်ဆုတ်သွား၏။ ဆောင်းကာလဖြစ်သည်မို့ အအေးဓါတ်က လည်း ချက်ချင်းရောက်လာ၏။ ကောက်ရိုးပုံကြီးပေါ် ကျနော်တို့သုံးယောက် နေရာယူပြီးသောအခါ နိုင်ခြားသားတယောက်က ကျနော့်ကို အင်္ဂလိပ်လိုစပြီး ပြောလာခဲ့၏။ ကျနော်က DVB သတင်း ထောက်တယောက်ဆိုတာသိတဲ့အကြောင်း သူတို့နှစ်ယောက်အနက်က ကျန်တယောက်မှာ တပ်မဟာ ၁ တွင် နှစ်နှစ်မျှနေဖူးပြီး ကရင်စကားတတ်သော်လည်း အင်္ဂလိပ်လိုမူမတတ်ကြောင်း ပြော၏။ သူတို့နှစ်ယောက်စလုံး ဂျပန်လူမျိုးများဖြစ်ကြောင်းလည်း သိလိုက်ရ၏။

အစပိုင်းတွင် သူတို့ကလည်း သည့်ထက်ဘာမျှမပြော ကျနော်ကလည်း တွေ့တာဝမ်းသာကြောင်းသာပြောပြီး ကျနော်တို့သုံးယောက် ကောက်ရိုးပုံကြီးပေါ် လရောင်ကိုမော့ကြည့်ရင်း ငြိမ်နေကြ၏။ သူတို့ ဘာ့ကြောင့် ဒီကိုရောက်လာကြသလဲဆိုတာ တွေးမိပေသည့် သည်အကြောင်းကို မလိုအပ်ဘဲမမေးသင့်ဟုယူဆပြီး ငြိမ်နေလိုက်ရ၏။

ခဏနေတော့ ကျနော့်စိတ်ထဲ အတွေးတခုဝင်လာသဖြင့် ကျနော့်ကိုစတင်မိတ်ဆက်သူကို စကားလမ်းခင်းမိသည်။ ကျနော်က ဂျပန်ဟိုက္ကုကဗျာများကို စိတ်ဝင်စားကြောင်း အခြေအနေက ဂျပန်လူမျိုးများနှင့်‌တွေ့ဆုံဖို့ကလည်းမလွယ်သဖြင့် အခုလိုတွေ့ဆုံရတဲ့အခိုက် ဟိုက္ကုကဗျာတွေအကြောင်း နည်းနည်းရှင်းပြပေးဖို့ အားမနာလျှာမကျိုး ပြောချလိုက်မိ၏။ ပထမတော့ မိတ်ဆွေဂျပန်မှာ တအံ့တဩဖြစ်သွားဟန်တူပါသည်။ ကျနော့်ဘက်တချက်ငဲ့ကြည့်ရင် ငြိမ်နေ၏။ နောက်တော့မှ စကားပြန်ပြော၏။

သူက ဟိုက္ကုကဗျာတွေအကြောင်း သိပ်မသိကြောင်း  သူကစစ်သားဟောင်းတဦးသာဖြစ်လို့ ကဗျာကို မသိကြောင်း၊ ဒါပေမယ့်လည်း ဂျပန်ဟိုက္ကုကဗျာအပေါ်စိတ်ဝင်စားသူဆိုလို့ သူ့မှာအံ့ဩရ ဝမ်းသာရကြောင်း ပြန်ပြောလာခဲ့၏။ ကျနော်ကလည်း ပြောလက်စနှင့် မထူးဘူးထင်ပြီး ဂျပန်ဟိုက္ကုကဗျာဆရာကြီး ဗသျှိုးကို ကျနော်သိကြောင်းနဲ့ သူ့ရဲ့ ရေကန်ထဲ ဖားတကောင်ခုန်ချသည်ကိုဖွဲ့ထားသည့်ကဗျာကို အရမ်းကြိုက်ကြောင်း၊ ဖြစ်နိုင်လျှင် အဲဒီကဗျာကို ဂျပန်လိုပြန်ရွတ်ပြဖို့ တောင်းပန်လိုက်၏။ ထိုအခါ စစ်သားဟောင်းကြီးဂျပန်မှာ ကောက်ရိုးပုံပေါ် ပက်လက်လှန်ပြန်လည်လဲလျောင်းရင်း လရောင်ကိုမော့ကြည့်‌နေပြန်သည်။ ထို့နောက် မှန်မှန်ကန်ကန်မဟုတ်သည့်တိုင် သူတတ်နိုင်သလောက် ဟိုက္ကုကဗျာသုံးပုဒ် ဆိုပြမည်ဟုဆိုကာ ရွတ်ပြမည်ဟုသဘောတူလာခဲ့၏။ ကျနော်က အသံဖမ်းစက်ကလေးကို ကမန်းကတန်းထဖွင့်ပြီး အသံဖမ်းရတော့၏။
ထိုညက ယွန်းစလင်းချောင်းဘေး ကောက်ရိုးပုံကြီးပေါ် လရောင်တွေကိုမော့ကြည့်ရင်း ဂျပန်ဟိုက္ကုကဗျာ ငါးပုဒ် နားဆင်ခွင့်ရခဲ့သည်ကို ကျနော့်မှာ တသက်လုံး ဘယ်တော့မှမမေ့နိုင်တော့ပါ။ (နောင်အခါ အင်္ဂလိပ်လိုပြောတတ်သော ဂျပန်အမျိုးသားမှာ ငှက်ဖျားကြောင့် ကွယ်လွန်သွားသည့်သတင်း ကြားခဲ့ရပါသည်။)

၃။
ယွန်းစလင်းချောင်းတဖက်ကမ်းကိုကူးအပြီး နာရီဝက်ခန့်ရှိသောအခါ တပ်မဟာမှူးဗိုလ်ချုပ်ကျော်လင်းနှင့်အဖွဲ့ ကျနော်တို့နှင့်ဆုံကြရ၏။ တပ်မဟာမှူးနှင့်အတူ ခရိုင်အတွင်းရေးမှူး ပဒိုကိုလေးဆိုသူနှင့်လည်း စတင်သိကျွမ်းရ၏။ တပ်မဟာမှူးက ကြိုဆိုပါကြောင်း နောက်တကြိမ်တွေ့သည့်အခါကြမှ စကားစမြည်ပြောကြမည်ဟု ပြောပြောဆိုဆို ကျနော်တို့အားလုံး လမ်းခွဲလိုက်ကြ၏။ ဂျပန်နှစ်ယောက်မှာ တပ်မဟာမှူးတို့နှင့်ပါသွား၏။ ကျနော်နှင့် ဗိုလ်သိန်းစိုးက ချောင်းဘေးကိုင်းခုံလမ်းအတိုင်း ထွက်ခဲ့ကြ၏။ ဂျပန်နှစ်ယောက်ကိုလိုက်ပို့သောကရင်စစ်သားများမှာ နောက်သို့ပြန်ကြလေသည်။ အမှန်တကယ်တော့ ကျနော်က တပ်မဟာမှူးနှင့် အချိန်ကြာကြာတွေ့ချင်သော်လည်း ဗ်ုလ်သိန်းစိုးက ဘာမျှမပြောသဖြင့် ဗိုလ်သိန်းစိုးနောက်မှ ဘာမျှမပြောတော့ဘဲလိုက်လာခဲ့၏။ သူက သူ့အစီစဉ်နှင့်သူ ရှိထားနှင့်ဟန်တူသည်ဟုသာ တွေးမိသည်။ 

တနာရီခန့်ရှိသောအခါ ကျနော့်မှာ ညကထမင်းမစားခဲ့ရသဖြင့် ဗိုက်တော်တော်ဆာနေပြီဖြစ်သည်။ ကျနော့်အခြေအနေကို အကဲခတ်မိဟန်တူ၏။ ဗိုလ်သိန်းစိုးက ယွန်းစလင်းချောင်းကမ်းစပ်ဈေးဆိုင်မှဝယ်လာဟန်တူသော ပေါင်မုန့်တခုကို ထုတ်ကျွေး၏။ သူနှင့် ဝှေ့စာကမူ ဘာမျှမစားကြ။ ပေါင်မုန့်ထုပ်ကိုဖြေနေစဉ် ခတ်ဝေးဝေးဆီက လက်နက်ကြီးပစ်သံတချက် ကြားလိုက်ရ၏။ ပထမတော့ မိုးချုန်းသံဟု ထင်လိုက်မိသေး၏။ ကျနော်က စူးစမ်းသလို ဗိုလ်သိန်းစိုးကိုကြည့်သည်။ “ဒီအသံတွေကို ယွန်းစလင်း‌‌ေချာင်းကျော်တာနဲ့ ကြားရတော့မယ်ဆရာငြိမ်း၊ ဝေးပါတယ်၊ ဒီကောင်တွေဒီလိုပဲ ကျည်ဆံဖြုန်းတဲ့သဘောပေါ့ “ဟု ဗိုလ်သိန်းစိုးက ပြော၏။

နောက်ထပ်တနာရီခန့်တွင် တောတွင်းတနေရာက တဲတလုံးဆီရောက်လာကြ၏။ တဲပေါ်မတက်ခင်ကတည်းက တဲပေါ်ကလူတယောက်က ပခက်ပေါ်မှဆင်းကာ ကြိုဆိုနှုတ်ဆက်လေသည်။ တဲနောက်တွင် လူနှစ်ယောက်ရပ်နေသည်ကို သတိထားမိ၏။ 

“ကြိုဆိုပါတယ်ဆရာ ကျနော့်နာမည် ပဒိုလာဘလို့ခေါ်ပါတယ်၊ ဘားအံမြို့နယ်အတွင်းရေးမှူးပါ၊ ဆရာလာမယ်ဆိုတာ အချိန်ကပ်ပြီးမှသိရလို့ ထွေထွေထူးထူး စားစရာဘာမှမပြင်ဆင်နိုင်ဘူးဆရာ ရှိတာလေးနဲ့တော့ ထမင်းအရင်စားလိုက်ပါအုန်း ပြီးမှ စကားလေးဘာလေးပြောကြတာပေါ့၊ တကယ်ကို ဝမ်းသာအားရ ကြိုဆိုပါတယ်ဆရာ”

ကျနော်က ငြင်းဆန်မနေတော့ဘဲ ပဒိုလာဘနှင့်အတူ ကြမ်းပြင်ပေါ်တွင်ပင်ထိုင်ကာ ထမင်းအတူစား၏။ အိန္ဒြေပင်မဆယ်နိုင်လောက်အောင် ဆာနေပြီဖြစ်သည်။ နှမ်းငပိနှင့် ဖားကြော်မှာ စားလို့ကောင်းလှ၏။ ပန်းကန်ခွက်ယောက်မပါ ဟန်းကောနှစ်ခု ဇလုံငယ်တခု ဖားကြော်ကိုဖက်ပေါ်တင်ကာ စားကြ၏။ တဲမှာ လူသုံးယောက်စာမျှသာကျယ်သဖြင့် ဗိုလ်သိန်းစိုးတို့လည်း  သူတို့အစီစဉ်နှင့်သူ ထမင်းစားကြဟန်တူလေသည်။

သည်တဲမှာ ပဒိုလာဘ အမြဲနေသောတဲတော့ ဟုတ်ဟန်မတူပါ။ တဲဘေးတွင် ချောင်းငယ်လေးတခုရှိပြီး သစ်ပင်များက တဲကို ဖုံးကွယ်ထားသလိုဖြစ်နေလေသည်။‌ စားသောက်ပြီးချိန်တွင် ဗိုလ်သိန်းစိုးတို့ တဲနားပြန်ရောက်လာကြ၏။ တဲနောက်ဘက်မှ ပိန်ပိန်သွယ်သွယ် အမျိုးသမီးတဦးနှင့် အသက် ငါးဆယ်ခန့်အရွယ် ဂင်တိုတိုလူတဦးထွက်လာပြီး ပန်းကန်ခွက်ယောက်များသီမ်းကြ၏။ 

“ ကဲ ဒီတခါတော့ ကျနော်တို့ စကားကြာကြာပြောလို့မရ‌သေးဘူးဆရာ၊ နောက်တကြိမ်ထပ်တွေ့ဖို့ ကျနော်စီစဉ်ပါ့မယ်၊ ရော့ ဟောတာက ဆရာ့အတွက် အသေးသုံးဖို့ ရှစ်ထောင်ပါ။ အားမနာနဲ့ဆရာ သည့်ထက်မကမတတ်နိုင်သေးလို့ပါ။ ကျနော်တို့ဆီကို အခုလို အပင်ပန်းအဆင်းရဲခံပြီး ရောက်လာတာကိုပဲ ကျေးဇူးတင်လှပါပြီဆရာ”

ပဒိုလာဘက အထုပ်တထုပ်ကို ကြမ်းပြင်ပေါ်ချပေးစဉ် လူတယောက် တဲရှေ့ရောက်လာ၏။ ပဒိုလာဘက တဆက်တည်းဆိုသလို ကျနော့်ကို မိတ်ဆက်ပေး၏။ ထိုသူမှာ KNU အကောက်ခွံဂိတ် ဂိတ်မှူးဖြစ်သည်ဟုသိရ၏။ ကောက်ခံရရှိသောငွေကို ပဒိုလာဘထံ လာပေးခြင်းဖြစ်သည်။ 

အချိန်မရပါဘူးဆိုမှ ပဒိုလာဘမိတ်ဆက်ပေးသောဂိတ်မှူးမှာ ကျနော့်ကို ဝမ်းသာအားရ စကားပြောနေ၏။ သူက သတင်းထောက်အလုပ်ကို ဝါသနာပါကြောင်း ကျနော်နှင့်နောက်တခါဆုံချင်ကြောင်း သူ့ဆီမှာ ညအိပ်ညနေနားရင်း ကျနော်နဲ့စကားပြောကြဖို့ ကျနော့်ကို ဘိတ်ခေါ်ပါကြောင်း ဗမာလိုတဝက် ကရင်လိုတဝက် ပြောနေသေး၏။ ဗိုလ်သိန်းစိုးက စကားဝင်ဖြတ်ရ၏။ တချိန်တည်းဆိုသလို ကျနော်နှင့်ဗိုလ်သိန်းစိုးတို့ ခရီးဆက်ကြ၏။ နောက်မကြာခင် ပဒိုလာဘနှင့် ပြန်တွေ့ကြဖို့ စီစဉ်ပေးမည်ဟု ဗိုလ်သိန်းစိုးက လမ်းတွင်ပြောပြ၏။

နေဝင်ကာစတွင် ရေစပ်စပ်စမ်းလိုလို ချောင်းလိုလိုတခုဘေးတွင် တညအိပ်ရန် ဗိုလ်သိန်းစိုးကပြော၏။ ဝါးရုံပင်များအုပ်ထားသည့် ချောင်းဘေး‌သဲစပ်စပ်တွင် ညအိပ်ဖို့ နေရာရွေးလိုက်ကြ၏။ ဗိုလ်သိန်းစိုးက ဘယ်ကယူလာမှန်းမသိသော ထမင်းထုပ်နှစ်ထုပ်ကို လွယ်အိပ်ထဲမှထုတ်ကာ ရေစပ်တွင်ပင် ထမင်းစားဖို့ပြင်၏။ ဝှေ့စာကလည်း သူ့မှာပါလာသောထမင်းထုပ်ကို ချပေး၏။ ကျနော်တို့သုံးယောက် နေစုန်းစုန်းမပျောက်ခင် ရေစပ်စပ်တွင်ပင် ထမင်းထိုင်စားကြ၏။ ဟင်းမှာ အာလူးနှင့် ဂေါ်ဖီရောချက်ထားသည်ဟုထင်ရ၏။ ဆာဆာနှင့် စားလို့တော့ကောင်း၏။

ထိုညက ဗိုလ်သိန်းစိုးက ကျနော်တို့၏ခရီးစဉ်ကို အကြမ်းပျဉ်းရှင်းပြ၏။ ယခုအချိန်မှစပြီး ခရီးစဉ်တလျှောက်လုံး မည်သည့်ရွာတွင်မျှ ရွာတွင်းဝင်မအိပ်ကြ။ ရန်သူက သတင်းထောက်တယောက် ဆင်းလာသည်ကို သတင်းရကောင်းရ‌နေနိုင်သည်။ လုံခြုံရေးအရ ရွာထဲတွင်မအိပ်ဘဲ အဆင်ပြေသည့်နေရာများတွင်သာ အိပ်ကြမည်ဟု ဆို၏။ ပြီးတော့ ကျနော့်အနေနှင့် သည်ဒေသတွင် မည်မျှကြာကြာနေနိုင်ပါမည်နည်းဟူ၍လည်း မေး၏။ အနေအစားဆင်းရဲရခြင်းအတွက် သူစိတ်မကောင်းကြောင်း သည်ဒေသကြီးမှာ သည်လိုနေထိုင်လုပ်ကိုင်မှသာဖြစ်တာမို့ သူအားနာကြောင်း နားလည်ပေးဖို့တောင်းပန်ကြောင်း ပြောလေသည်။

 အမှန်တကယ်အားဖြင့်မူ ဗိုလ်သိန်းစိုးကို လွန်စွာ စကားနည်းသူဟု ထင်ခဲ့၏။ တကယ်တော့ သူက မလိုအပ်ဘဲ စကား‌များတတ်သူမဟုတ်၊ လိုအပ်သည့်အခါ စကားကို လိပ်ပတ်လည်အောင် ပြောတတ်သူဆိုသည်ကို ကျနော်သိလာရ၏။

ကျနော်က အနည်းဆုံးတလ နေနိုင်ပါကြောင်းနှင့် ဗိုလ်သိန်းစိုးစီစဉ်သည့်အတိုင်း သဘောတူနေထိုင်သွားမည်ဖြစ်ကြောင်း အလေးအနက်ထား ပြန်ပြောရ၏။ ယခုအခါ ဗိုလ်သိန်းစိုးရယ်မဟုတ် သူ့ရဲဘော်လေးဝှေ့စာသည်လည်း ကျနော့်အတွက် အဖေါ်မွန်ဟူ၍ စိတ်ထဲထင်လာရ၏။ ဝှေ့စာက အင် မတန် အကင်းပါးသော လူငယ်တယောက်လည်းဖြစ်သည်မို့ ကျနော့်မှာ အားရှိသလို ခံစားရပါသည်။

မနက်ကြတော့ ကျနော်တို့ထံ ကရင်စစ်သား တပ်ကြပ်တယောက် ရဲဘော်တယောက်နှင့်အတူ ဗိုလ်သိန်းစိုးကိုလာတွေ့၏။ ကျနော်တို့နှင့် ကိုက်တရာမျှအကွာ ချောင်းစပ်တွင်ပင် ရောက်နေကြသူများဖြစ်၏။ သည်နေရာတွင် ကျနော်တို့ထက် နှစ်ရက်စောပြီး ရောက်နေကြသူများဖြစ်သည်။ ဗိုလ်သိန်းစိုးနှင့် စကားအနည်းငယ်ပြောပြီးနောက် ကျနော်တို့သုံးယောက် သူတို့အဖွဲ့၏အနီးကို‌နေရာပြောင်းလိုက်ကြ၏။ သည်နေရာတွင်  နောက်ထပ် တညထပ်နေ‌ကောင်းနေရမည်ထင်ကြောင်း ဗိုလ်သိန်းစိုးကပြော၏။
ပြီးတော့ ဗိုလ်သိန်းစိုးမှာ တနေကုန် စကားပြောစက်ဖြင့် စကားတွေပြော၏။ ကျနော့်အထင် ကျနော်တို့သွားရမည့်ခရီးစဉ် တွေ့ဆုံရမည့်လူပုဂ္ဂိုလ်များအတွက် စီစဉ်ပြောဆိုနေသည်ဖြစ်ကြောင်း ကျနော်ခန့်မှန်းမိသည်။ 

ကျနော်တို့အရင် ရောက်နှင့်နေသော ရဲဘော်များထဲတွင် အသက် ၁၆ နှစ်အရွယ် ကရင်စစ်သားလေးတယောက်ပါ၏။ သူက ချောင်းထဲတွင်ရေခပ်ချိုးကာ ကျနော်နှင့်မလှမ်းမကမ်း ဝါးရုံရိပ်တွင် လာထိုင်၏။ ထို့နောက် ကျောက်ပြားငယ်တချပ်ပေါ်တွင် သနပ်ခဲတခဲ တင်ပြီးသွေး၏။ ပြီးတော့ မှန်ကွဲလေးတချပ်ကိုကြည့်ကာ စိတ်ပါလက်ပါ သနပ်ခါးလိမ်းနေလေသည်။

သနပ်ခါးလိမ်းနေသောစစ်သားလေးကိုကြည့်ပြီး သနပ်ခါးခဲ ဘယ်ကရသလဲဟု သူ့ကိုမေးလိုက်သည်။ သူက နားမလည်သလိုပြန်ကြည့်နေစဉ် “ ဒီကောင်က ဘယ်နေရာရောက်ရောက် သနပ်ခါးလူးမပျက်ဘူးဆရာငြိမ်း၊ သူ့မှာ ကမ္မမောင်းကဝယ်တဲ့ သနပ်ခဲ အမြဲရှိတယ်၊ ဗမာစကားလည်းမတတ်ဘူး” ဟု ကျနော့်ကိုဝင်ရှင်းပြ၏။ ပြီးတော့ စစ်သားလေးကိုလည်း ကရင်လိုတခွန်းနှစ်ခွန်းပြောကာ နှစ်ယောက်စလုံး ရယ်နေကြလေသည်။ 

ညနေ လေးနာရီခန့်တွင် ကျနော်တို့သုံးယောက် ညမအိပ်တော့ဘဲ ခရီးထွက်ဖို့ပြင်ရန် ဗိုလ်သိန်းစိုးက ပြော၏။ ကျနော်က မှန်ကွဲစလေးကြည့်ကာသနပ်ခါးလိမ်းသော စစ်သားလေးကို သနပ်ခါးဝယ်လိမ်းဖို့ ငွေငါးရာကျပ် ပေးခဲ့၏။ သူတို့ကို သည်နေရာတွင် ကြာကြာမနေဘဲနေရင်လည်း သတိထားဖို့ ဗိုလ်သိန်းစိုးက သေသေချာချာ မှာလေသည်။

တနာရီခန့် လမ်းလျှောက်လာကြစဉ် သေနတ်သံများ မဝေးတဝေးမှကြား၏။ ဗိုလ်သိန်းစိုးက ကမန်းကတန်း စက်ဖွင့်ပြီး စကားတွေပြော၏။ ပြီးတော့ ကျနော်တို့အားလုံး လူသွားလမ်းမှခွါကာ တောထဲသို့တိုးဝင်လိုက်ကြ၏။ စကားပြောစက်ဖြင့် စကားပြောနေသော ဗိုလ်သိန်းစိုးက ကျနော့်ကို သတင်းတခုပြောလေသည်။ သူ့အသံမှာ စိတ်မကောင်းဟန်ပါနေလေသည်။

“ ဆရာငြိမ်း သနပ်ခါးဖိုးပေးခဲ့တဲ့ကောင်လေး သေသွားပြီဆရာငြိမ်း၊ အခုနကကြားရတဲ့သေနတ်သံက တိုက်ပွဲဖြစ်တဲ့အသံ၊ လူမမာနဲ့ ကျန်တဲ့သူ အကုန်လွတ်တယ်၊ သူက တယောက်ထဲခံပစ်ရင်း ကျသွားတာတဲ့”

ကျနော့်မှာ မှန်ကွဲလေးတချပ်နှင့် သနပ်ခါးလူးနေသော စစ်သားလေးကို မျက်စေ့ထဲက ဖျောက်မရ။ သည့်နောက် ဗိုလ်သိန်းစိုးက ဘာမျှထပ်မပြောတော့။ လူသွားလမ်းပေါ် သတိနှင့်ပြန်တက်ကာ တောင်ကုန်းတခုပေါ် တက်လာခဲ့ကြသည်။ တောင်ကုန်းပေါ်  သစ်ပင်များကြားတွင် သစ်ရွက်ခြောက်နှင့်သစ်ကိုင်းများခင်းထားသည့် နေရာတချို့ကိုတွေ့ရ၏။ တောင်ကုန်းပေါ်ရောက်တော့ နေရောင်ခြည်မှာ လက်နှင့်ဖယ်လိုက်သလို မှောင်သွားလေသည်။ တောင်ကုန်းပေါ်က လှဲအိပ်လို့ရသည့်နေရာများတွင် ကမန်းကတန်း အိပ်စရာနေရာ ပြုပြင်ရ၏။ သည်ည သည်တောင်ကုန်းပေါ်တွင်ပင် အိပ်မည်ဟု ဗိုလ်သိန်းစိုးက ပြောလိုက်လေသည်။

ငြိမ်းဝေ
*( အခန်း ၃ ကို ဆက်လက်ဖတ်ရှုပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။)
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar