မြန်မာနွေဦးခရိုနီကယ် - မတ် ၂၀ မြင်ကွင်း
(မိုးမခ) မတ် ၂၁ ၊ ၂၀၂၆
ကသာမြို့က ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး သေဆုံးသူဆယ်ဂဏန်းနဲ့ချီ၊ လောင်စာအခက်အခဲကြောင့် ပြည်တွင်းခရီးစဥ်တွေ ပယ်ဖျက်
အာဏာသိမ်းစစ်တပ်နဲ့ PDF/KIA တို့ ပူးပေါင်းတပ်တွေ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့က မဟာလေးထပ် ဘုန်းတော်ကြီးကျောင်းကို မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက စစ်တပ်ရဲ့ လေယာဥ်တွေက ဗုံးကြဲခဲ့ရာမှာ ဘုန်းတော်ကြီး အပါအဝင် စစ်ဘေးရှောင်သူတွေ ဆယ်ဂဏန်းနဲ့ချီ သေဆုံးတဲ့ သတင်းတွေ နေ့တွင်းချင်းပဲ ပေါ်ထွက်လာခဲ့ပါတယ်။
ကသာမြို့ကို အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်က PDF နဲ့ KIA ပူးပေါင်းပါဝင်တဲ့ တပ်တွေက ယမန်နှစ်ကုန်ပိုင်း ရွေးကောက်ပွဲတွေ မကျင်းပမီရက်အနည်းငယ်အလိုက စတင်ကာ တိုက်ခိုက်နေခဲ့ရာက ခုဆို ၂ လခွဲကျော်ရှိလာချိန်မှာ အခုလို မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဗုံးဒဏ်ခံရတဲ့ မဟာလေးထပ်ကျောင်းလို့ အမည်ရတဲ့ ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးနေတာကိုလည်း သတင်းဓါတ်ပုံတွေထဲ မြင်တွေ့ကြရပါတယ်။ ဗုံးကြဲခံရလို့ ထိခိုက်သေဆုံးသူအချို့ရဲ့ ဓါတ်ပုံတွေ လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ဝေမျှထားကြရာမှာ ဦးခေါင်းပြတ်နေတဲ့ အမျိုးသမီးကြီးတဦး၊ အပျက်အစီးတွေပြည့်နေတဲ့ ကြမ်းပြင်မှာ ကိုယ်ခန္ဓာအောက်ပိုင်း ခြေထောက်တွေကို မြင်တွေ့ရတာ တုန်လှုပ်စရာကောင်းတဲ့ အနေအထားဖြစ်ပါတယ်။
ကသာမြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားစဥ်က မြို့ခံအချို့လည်း မြို့ကိုစွန့်ခွာကာ တိမ်းရှောင်ကြပေမယ့် နေအိမ်တွေ နဲ့ အသုံးအဆောင်တွေ ပျက်စီးဆုံးရှုံးမယ့်အရေးကို တွေးပူပြီး မြို့မှာပဲ ဆက်လက်နေထိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ အနေနဲ့ မြို့ရဲ့ရပ်ကွက် အချို့ကို သိမ်းယူနိုင်ပေမယ့် မြို့တမြို့လုံးကို သိမ်းယူနိုင်တဲ့ အခြေအနေမျိုး ၂ လခွဲကျော်လာသည့်တိုင် မရှိသေးတာတွေ့ရပါတယ်။
ကသာမြို့ဟာ ဧရာဝတီမြစ်နံဘေးမှာ တည်ရှိပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းထဲမှာပါဝင်ပြီး ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသဖြစ်ပါတယ်။ မကြာသေးမီက KIA ဒု စစ်ဦးစီးချုပ် ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ကချင်တော်လှန်ရေးအထိမ်းအမှတ်နေ့ မိန့်ခွန်းမှာ ကသာ၊ ကောလင်း၊ ကန့်ဘလူ ကို က သုံးလုံးဒေသ လို့ရည်ညွှန်းပြောဆိုသွားပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေက ကချင်ပြည်နယ်ရဲ့ ဝင်ပေါက်ဝ ဖြစ်လို့ စောင့်ကြည့်ရမယ့် နေရာတွေအဖြစ် ပြောဆိုသွားတာ တွေ့ရပါတယ်။ က သုံးလုံးလို့ ရည်ညွှန်းတဲ့ မြို့ ၃ မြို့အနက် ကသာမြို့က မြောက်ပိုင်းအကျဆုံး ဖြစ်ပြီး ၄င်းရဲ့ အနောက်တောင်ဘက် မှာ ကောလင်းမြို့ ရှိတာဖြစ်ပါတယ်။ ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေး အစိုးရက ယမန်နှစ်တွေတုန်းက လအတန်ကြာ တိုက်ခိုက်သိမ်းယူ နိုင်ခဲ့ပြီးနောက် စစ်တပ်က ပြန်လည်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
ကသာမြို့ဟာ ဧရာဝတီမြစ်နဘေးမှာ တည်ရှိတာ၊ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်တို့ကနေ စစ်ကိုင်းတိုင်းတို့ကို ထိစပ် ဆက်သွယ်နေတဲ့ နယ်မြေအနေအထားဒေသမှာ တည်ရှိတာကြောင့် အာဏာသိမ်းစစ်တပ် အနေနဲ့ ပြင်းပြင်းထန်ထန် ခုခံမယ်လို့ ယူဆနိုင်ပါတယ်။ ကသာမြို့အထက် ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာလည်း တနှစ်ကျော်ကြာလာသည့်တိုင် တဖက်ဖက်က အနိုင်အရှုံးရလဒ် မထွက်တဲ့ တိုက်ပွဲ ရင်ဆိုင်နေကြတဲ့ စစ်မြေပြင် တခုဖြစ်နေတာလည်း ဖြစ်ပါတယ်။ ဗန်းမော်မြို့ လိုပဲ မဟာဗျူဟာအရ၊ စစ်ရေးနယ်မြေအနေအထားအရ အရေးပါတဲ့ ကသာမြို့ကို အာဏာသိမ်းစစ်တပ် အနေနဲ့ အင်အားသုံးခုခံလိမ့်မယ်လို့ မှန်းဆနိုင်ပါတယ်။
တခြားသောမြို့တွေကို စစ်ဘေးတိမ်းရှောင်ဖို့ လိုအပ်တဲ့ငွေကြေး အဆင်မပြေသူတွေနဲ့ မြို့မှာ ဆက်နေထိုင်ခဲ့ကြပြီး အချို့ကလည်း စစ်ဘေးတိမ်းရှောင်နေစဥ် အတွင်း နေအိမ်တွေ ဖောက်ထွင်းခံရတဲ့ အဖြစ်၊ ဒါမှမဟုတ် မီးလောင်ပျက်စီးဆုံးရှုံးတဲ့အဖြစ်မျိုး မကြုံရအောင် မြို့မှာ ဆက်နေထိုင်နေကြတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ ကမ္ဘာမှာ လောင်စာဆီ အကြပ်အတည်းတွေ ကြုံတွေ့နေကြရတဲ့အချိန်မှာ ပြည်တွင်းမှာ စစ်လေယာဥ်နဲ့ ဗုံးကြဲတာကိုနေ့စဥ် လုပ်ဆောင်နေနိုင်သေးတာ ဖြစ်ပါတယ်။
ပြည်တွင်း လေကြောင်းခရီးစဥ်တွေထဲက အများစုကို မတ်လ ၂၁ ရက်နေ့က စတင်ပြီးရပ်နားထားဖို့ လေကြောင်းလိုင်းတွေဖြစ်တဲ့ MAI က မတ်လ ၂၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေးတို့ကနေ မြန်မာနိုင်ငံ မြောက်ဘက် မြစ်ကြီးနား၊ ကလေး၊ အရှေ့ဘက် တာချီလိတ် ဟဲဟိုး၊ အနောက်ဘက် စစ်တွေ၊ တောင်ဘက် တနင်္သာရီတိုင်း ထားဝယ်၊ မြိတ် နဲ့ ကော့သောင်း ခရီးစဥ်တွေ အားလုံး ယာယီရပ်ဆိုင်းထားလိုက်တဲ့အကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်နဲ့ ဘန်ကောက်၊ ရန်ကုန် ချင်းမိုင် အကြားပြေးဆွဲတဲ့ လေကြောင်းခရီးစဥ်တွေကို ပစ္စည်းပေါင်ပို ဝယ်ယူခွင့် ကန့်သတ်လိုက်တဲ့ သတင်းပေါ်ထွက်ပြီး ရက်အနည်းငယ်အတွင်း ပြည်တွင်း ခရီးစဥ်တွေ ရပ်နားတဲ့ သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ထိုင်းနဲ့ မြန်မာ အကြားပြေးဆွဲနေတဲ့ ပြည်တွင်းအခြေစိုက် လေယာဥ်တွေ အနေနဲ့ ထိုင်းနိုင်ငံခရီးစဥ်အပြန်မှာ လေယာဥ်ဆီပိုမို သယ်ဆောင်ဖို့ အတွက် အခုလို ခရီးသည်တွေရဲ့ ပစ္စည်းပေါင်ပို ဝယ်ယူခွင့်ကို ကန့်သတ်တာဆိုတဲ့ ပြောဆိုမှုလည်း တွေ့ရပါတယ်။ အရပ်ဘက် လေကြောင်းလိုင်းတွေ အနေနဲ့ လေယာဥ်ဆီ ရရှိမှု အကန့်အသတ်ရှိနေပြီဆိုတာ အခုထွက်ပေါ်လာတဲ့ သတင်းတွေကို ကြည့်ရင် သိရှိနိုင်ပါတယ်။ ပြည်တွင်း လေကြောင်းခရီးစဥ်တွေ ရပ်ဆိုင်းထားတာရဲ့ အကျိုးဆက်က ကားလမ်းခရီးတွေ မလုံခြုံ၊ ပုံမှန်အခြေအနေထက် ၃/၄ ဆ မက လမ်းခရီးမှာ အချိန်ကုန်ရတဲ့ အခက်အခဲတွေကြောင့် ပြည်တွင်း လေယာဥ်ခရီးစဥ်တွေကို အားကိုးနေရသူတွေ၊ ကျန်းမာရေး ဆေးကုသခံဖို့ အကြောင်းတွေကြောင့် လေကြောင်းလမ်းခရီးနဲ့ လာရသူတွေ အဖို့ အခက်အခဲကြုံကြရမယ့် သဘောလည်း ဖြစ်ပါတယ်။
အခုလို အများပြည်သူတွေ လောင်စာဆီ ချွေတာသုံးစွဲဖို့ ကန့်သတ်ချက်တွေ၊ လေကြောင်းခရီးစဥ်တွေ ရပ်နားနေရချိန်မှာ အာဏာသိမ်း စစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တိုက်ခိုက်မြဲ တိုက်ခိုက်နေတာကို နှိုင်းယှဥ်ကြည့်ရုံနဲ့ လူထုတွေရဲ့ ဒုက္ခ၊ အသက်ဘေး အန္တရာတွေထက် အာဏာချုပ်ကိုင်ထားနိုင်ဖို့ က ပထမ၊ ဒုတိယ၊ တတိယ အနေအထားမှာ ခံယူလုပ်ဆောင်နေတာ ထင်ရှားနေတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar