Breaking News

ငြိမ်းဝေ - ဒုံသမိချောင်းပေါ်က ကြယ်နီ - ၁ (အခန်းဆက်)

 
မာနယ်ပလောက နာမည်ကျော်လမ်း

ဒုံသမိချောင်းပေါ်က ကြယ်နီ - ၁

'' သောင်ရင်းမြစ်ကမ်း မာနယ်ပလောမှသည် သထုံခရိုင် သေနင်္ဂဗျူဟာကျေးရွာများဆီသို့ ''

ငြိမ်းဝေ
(မိုးမခ) မတ် ၁၇၊ ၂၀၂၆


၁။

၁၉၉၂၊ မတ်လ။
“ထူးရာစိုး” ကော်ဖီဆိုင်အတွင်း ခေါင်းငုံ့ပြီးဝင်လိုက်သည့်အခါ ဆိုင်ထဲတွင် ကရင်စစ်သားဟုထင်ရသူ လူနှစ်ယောက် ထိုင်နေသည်ကိုတွေ့ရ၏။ ကော်ဖီဆိုင်က လူနေသည့်အိမ်ကို အဖီထပ်ချပြီး မြေစိုက်စားပွဲရှည်နှစ်ခုနှင့် ခုံတန်းရှည်တွေချထားသည့် သက်ကယ်မိုး ခတ်အုပ်အုပ်တဲဖြစ်၏။ ဆိုင်ရှင်က ကရင်စာရေးဆရာ ကိုပန်းခက်ဖြစ်သည်။ သူက သားဖြစ်သူ “ထူးရာစိုး” အမည်ကိုပဲ ကော်ဖီဆိုင်နာမည်ပေးထားခြင်းဖြစ်သည်။ တတောင်သာသာ သစ်သားပြားပေါ် ထူးရာစိုးကော်ဖီဆိုင်ဆိုပြီး သဘ်ောဆေးအနီနှင့်ရေးကာ ဆိုင်အဝင်ပေါက်တွင် ချိတ်ထား၏။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( လွတ်မြောက်နယ်မြေ) NLD LA ဗဟိုဌာနချုပ်ရုံးရှေ့ကဖြတ်လာသည့် “ဒေါ်အောင်ဆန်းစုကြည်လမ်း”ကလေးနှင့် ကချင်ကုန်းဘက်ကဆင်းလာသည့်ကားလမ်းဆုံရာတွင် “ထူးရာစိုး”ကော်ဖီဆိုင်ရှိ၏။ လမ်းမှာ ကိုက်ငါးဆယ်မျှအကွာ မယ်တုက္ခီစမ်းချောင်းကိုဖြတ်ကာ ရဟန်းပျိုများသမဂ္ဂကုန်း‌ေတာ်ဆီ မော့တက်သွား၏။ 
ကိုပန်းခက်က မြန်မာရည်လည်ပြီး သူ့မိန်းမ မခိုင်ကအစ ကရင်လူမျိုးများဖြစ်သည့်တိုင် မြန်မာစကား ကောင်းကောင်းပြောတတ်ကြ၏။ ထို့ကြောင့် မြန်မာတွေအနေများသည့် သည်နေရာတွင်  ကော်ဖီဆိုင်လာဖွင့်ထားခြင်း ဖြစ်ဟန်တူပါသည်။ ပြီးတော့ ကော်ဖီဆိုင်နှင့် မျက်စောင်းထိုးသာသာတွင် နာ မည်ကျော်စာရေးဆရာနိုင်ဝင်းဆွေ၏အိမ် ရှိသည်။ ထို့ကြောင့် သည်နေရာတွင်လာနေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကိုပန်းခက်ကပြောဖူး၏။
ဆိုင်ထဲက လူလွတ်သည့်စားပွဲတွင် ဝင်ထိုင်မည်လုပ်စဉ်မှာပင် လမ်းပေါ်က လူသံတွေကြားလို့ငုံ့ကြည့်တော့ ပြန်ကြားရေးဝန်ကြီး ဦးလှဖေနှင့် သူ့ရဲဘော်သုံးလေးယောက် ဆိုင်ရှေ့မှာလာရပ်ကြ၏။ တယောက်က ဆိုင်ထဲဝင်ပြီး မုန့်ထုပ်တွေဝင်ဝယ်၏။ မုန့်ထုပ်ဝင်ဝယ်သည့်ရဲ‌ဘော် ဆိုင်အပြင်ဘက်ပြန်ထွက်တော့ ကျနော်က ဆိုင်ရှင်မခိုင်ကို “ ဦးလှဖေရဲ့ခွေးက လှတယ်ဟ၊ မုန့်ထုပ်တွေဝယ်တာ သု့ခွေးလေးကျွေးဖို့နဲ့တူတယ် မခိုင်”လို့ ပြောလိုက်၏။  ချက်ချင်းဆိုသလိုပဲ ပြန်ပြောလိုက်သည့် မခိုင်ရဲ့စကားက ကျနော့်ကို အံ့အားသင့်သွားစေ၏။ “ အောင်မယ်လေး ဦးလှဖေခွေးက ဘန်ကောက်က ခေါ်လာတာတဲ့၊ တနေ့က ဆိုင်ထဲခေါ်လာလို့ ကျမက ချစ်စရာကောင်းလို့ မုန့်တခုချကျွေးတာ လုံးဝမစားဘူးတော်ရေ့ သူ့ခွေးက ဒီလိုမုန့်မျိုးမစားဘူးတဲ့ မြေကြီးပေါ် ဒီအတိုင်းချကျွေးလည်းမစားဘူး ပန်းကန်နဲ့မှစားတာတဲ့ ကိုငြိမ်းဝေ‌ရေ”။
မခိုင်ရဲ့စကားက ကျနော့်ကိုအံ့အားသင့်သွား‌ေစ၏။ ကျနော်တို့က ကော်ဖီထုပ်တထုပ်ကို နေ့စဉ်တလှည့်စီသောက်ကြရ  တခါတရံ အကြွေစေ့ ခေါင်းပန်းလှန် ကံစမ်းပြီးတလှည့်စီသောက်ကြရ၊ တခါတလေ လကုန်ရက် မုန့်ဖိုးဆေးလိပ်ဖိုးရမှပေး အကြွေးသောက်နေကြသောအချိန် မို့ ဦးလှဖေ၏ခွေးကလေးကို မနာလိုပင်ဖြစ်သွားရ၏။
ခဏနေတော့ ဆိုင်ထဲကို ကိုစိုးဝင်းညိုနှင့်အခြားသူတယောက် ခေါင်းငုံ့ပြီးဝင်လာကြ၏။ ကျနော့်စားပွဲတွင်ပင်ဝင်ထိုင်ကြ၏။ ကိုစိုးဝင်းညိုက ကျနော်နေသည့် NLD LA ရုံးနှင့်မနီးမဝေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ရုံးက ဖြစ်၏။ ဝင်ထိုင်ထိုင်ချင်း ကျနော့်ကို စကားစပြောလိုက်၏။
“ ခင်ဗျားကို ရုံးမှာဝင်မေးသေးတယ်၊ မတွေ့လို့ ဒီလိုက်လာတာ၊ ခင်ဗျား တပ်မဟာ ၃ ဘက်လိုက်မလား၊ ကျနော်တို့ရဲဘော်တွေ တပ်မဟာ ၃ ကတက်လာတာ နောက်ဆယ်ရက်လောက်ရှိရင်ပြန်ဆင်းမယ်, ခင်ဗျားလိုက်မယ်ဆိုရင် ထည့်ပေးလိုက်မယ်၊ အဲဒါပြောချင်လို့ လာ‌တွေ့တာကိုငြိမ်း”
ကျနော်က ကိုစိုးဝင်းညိုကို ပြောထားဖူးသည်။ ရှေ့တန်းနယ်မြေတခုခုကို ခရီးထွက်ချင်သည့်အကြောင်း သူ့ကိုပြောထားဖူး၏။
“ လိုက်တော့လိုက်ချင်တယ်ဗျ၊ ဒါပေမယ့် ကျနော်စဉ်းစားနေတာလည်းရှိတယ်၊ ကျနော်တို့NLD ရဲဘော်တချို့ တပ်မဟာ ၂ က တက်တာလာတာလည်းရှိတယ်။ သူတို့အပြန် လိုက်သွားမလားလို့လည်းစဉ်းစား‌နေတာဗျ။ ပြီးတော့ ကျနော်တကယ်သွားချင်တာက ခင်ဗျားကိုပြောဖူးသားပဲ၊ KNU တပ်မဟာနယ်မြေတွေထဲ အဆင်းရဲဆုံးနေရာ တပ်မဟာ ၁ ကိုပဲသွားချင်‌ေနတာဗျ၊ အေးလေ ဘာပဲဖြစ်ဖြစ် ကျနော်စဉ်းစားပါအုန်းမယ်၊ ကျနော်အကျိုးအကြောင်းပြန်ပြောပါ့မယ်၊ လာပြောတာ ကျေး ဇူးတင်ပါတယ်ဗျ”
ကိုစိုးဝင်းညိုနှင့် ကျနော်က မိခင်အဖွဲ့အစည်းချင်းမတူကြ။ သူက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS မှဖြစ်ပြီး ကျနော်က NLD LA မှဖြစ်သည်။ ထို့ပြင် သူက သူ့အဖွဲ့အစည်းတွင် ပြန်ကြားရေးတာဝန်ခံဖြစ်ပြီး ကျနော်က ဒီမိုကရက်တစ်မြန်မာ့အသံ DVB၏ သတင်းထောက်ဖြစ်၏။ သို့သော် သူနှင့်ကျနော် ရင်းနီးကြ၏။ သူက စာအလွန်ဖတ်သူဖြစ်ပြီး ကျနော်က ကဗျာတွေလည်းရေး၏။ ထို့ကြောင့် သူနှင့်ကျနော် စာကြောင်းပေကြောင်း မကြာခဏပြော မကြာခဏ ငြင်းခုန်ကြရလေ့ရှိ၏။ အထူးသဖြင့် ထိုစဉ်က ထူးရာစိုးကော်ဖီဆိုင်ကို မာနယ်ပလောလေထန်ကုန်းအဖြစ် ကျနော်တို့က နာမည်ပေးထားကြပြီး အဖွဲ့အစည်းပေါင်းစုံမှရဲဘော်များ လာဆုံလေ့ရှိသောနေရာဖြစ်လေသည်။
ကိုစိုးဝင်းညိုတို့ပြန်သွားသည့်အခါ တဖက်စားပွဲတွင်ထိုင်သည့် ကရင်ရဲဘော်နှစ်ယောက်အနက် တယောက်က ကျနော့်စားပွဲဘက်ကူးလာထိုင်ရင်း ကျနော့်ကိုပြုံးပြနှုတ်ဆက်လေသည်။
“ ဆရာက DVB သတင်းထောက်မဟုတ်လားဆရာ၊ ကျနော် စကားနည်းနည်းပြောချင်လို့ပါ၊ ကျနော်က တပ်မဟာ ၁ က KNDO တပ်ခွဲမှူး ဗိုလ်သိန်းစိုးပါ၊ အခုနက ဆရာနဲ့ ဟိုလူတယောက်စကားပြောနေတာ ကျနော်ကြားလို့ပါ၊ ပြီးတော့ ဆရာက သတင်းထောက်လည်းဖြစ် နယ်ဆင်းပြီးသတင်းယူချင်နေတယ်ဆိုတာ ကိုပန်းခက်ပြောထားတာလည်းရှိလို့ ကျနော် ဆရာနဲ့စကားနည်းနည်းပြောချင်လို့ပါဆရာ”
ကျနော်က မိတ်ဆက်စကားပြောလာသူ ဗိုလ်သိန်းစိုးဆိုသူကို ဖေါ်ရွေစွာ ပြန်လည်ပြုံးပြရ၏။ တပ်မဟာ ၁ ကကလာသူဖြစ်သည်ဟု သိလိုက်သဖြင့် စိတ်လှုပ်ရှားသွားရ၏။ ပြောစရာရှိတာပြောပါဟု စကားလမ်းခင်းရ၏။
“ ဒီလိုပါဆရာ ဆရာက နယ်ဆင်းပြီး သတင်းယူချင်‌နေတယ်ဆို‌ေတာ့ ကျနော်တာဝန်ကျတဲ့ တပ်မဟာ ၁ ကို လိုက်များလိုက်ချင်မလားလို့ပါ။ ကျနော်က  ဌာနချုပ်ကို  ကိစ္စတခုရှိလို့ခဏလာတာပါ၊ နောက်ငါးရက်လောက်ရှိရင် ပြန်ဆင်းမှာပါ၊ တကယ်လို့ ဆရာလိုက်မယ်ဆိုရင် ကျနော်ခေါ်သွားချင်လို့ပါ”
ကျနော်က သူ့ကိုယ်သူမိတ်ဆက်လာသည့် ဗိုလ်သိန်းစိုးကို ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ။ သူ့မျက်နှာကိုသာ ပြန်ကြည့်နေမိသည်။
“ ဆရာလိုက်မယ်ဆိုရင် ဆရာ့အတွက် လုံခြုံရေး စားရေးသောက်ရေး ကျနော်တာဝန်ယူပြီးခေါ်သွားမှာပါ။ ပြီးတော့ ကျနော်ကိုယ်တိုင်ကလည်း သတင်းထောက်အလုပ် ဝါသနာပါတယ်ဆရာ၊ ဆရာလို နယ်ဆင်းပြီးသတင်းယူချင်တဲ့သူမျိုးကို ကူညီချင်တာရယ် ကျနော်တို့နယ်ကသတင်းတွေ ထိထိရောက်ရောက်သတင်းတက်လာတာမျိုးလည်း ဖြစ်စေချင်လို့ပါဆရာ”
ကျနော်က ချက်ချင်း စကားပြန်မပြောဘဲ တချက်လောက် စဉ်းစားသလိုငိုင်နေရာက စကားတခွန်း ပြန်ပြောမိသွား၏။ ပြီးမှ အချိန်တိုအတွင်း သည်လိုစကားမျိုး ပြောချလိုက်မိသည်ကိုလည်း ကိုယ့်ကိုယ်ကို အံ့ဩသွားရ၏။
“ ကျနော်လိုက်မယ်ဗိုလ်သိန်းစိုး၊ ဖိတ်ခေါ်တဲ့ခင်ဗျားကို ကျနော်ကျေးဇူးတင်ပါတယ်”
သည်လိုနှင့် နောက်နေ့တွင် ဗိုလ်သိန်းစိုးက ကျနော့်ကို KNU စစ်ရုံးချုပ်သို့ ခေါ်သွားခဲ့၏။ ကျနော့်တွင်ပါလာသော မာနယ်ပလော DVB တာဝန်ခံ၏ထောက်ခံချက်နှင့်အတူ ခရီးသွားခွင့်ထောက်ခံစာ တင်ကြရ၏။ နာရီဝက်ခန့်အကြာတွင် ဗိုလ်ချုပ်ကြီး စောဘိုမြလက်မှတ်ထိုးထားသော ခရီးသွားလက်မှတ်ရ၏။ ကရင်လိုရေးထားသည်မို့ ထောက်ခံစာကို ဗိုလ်သိန်းစိုးကိုပဲ ပေးထားလိုက်၏။
တပ်မဟာ ၁ ခရီးမစတင်ခင် သုံးလေးရက်အတွင်း ကျနော့်မှာ ပြင်ဆင်စရာရှိသည်များကို တက်သုပ်ရိုက်ပြီး သိုသိုသိပ်သိပ်ပြင်ဆင်နေခဲ့ရ၏။ ခရီးစရိတ်ငွေ ဘတ်နှစ်ရာကို ရှာဖွေစုစေါင်း၏။ ကြောပိုးအိတ်ရှာရ၏။ အာတီစနိတ် ငှက်ဖျားဆေးတကဒ်၊ တောစီးဖိနပ်တရံ လိုက်စုရ၏။ လုံခြုံရေးအရ လူတကာပြောပြလို့ မသင့်တော်သဖြင့် ကျနော့်မှာ ကြိတ်ပြီးလုပ်နေရ၏။ လူရင်းတချို့ကိုမူ ပြောပြရ၏။ မှာစရာရှိတာမှာရ၏။ အသံဖမ်းစက်ကို အယ်ဒီတာအဖွဲ့ထံ  စာတင်ပြီးထုတ်ရ၏။ အသံဖမ်းစက်အတွက် ဓါတ်ခဲခြောက်လုံးဝယ်ရ၏။ ကံအားလျော်စွာ မိသားစုအပျော်ရိုက် ကော်ကင်မရာလေးတလုံး ရထား၏။ KNU ခေါင်းဆောင်တဦးက ကင်မရာရူး ရူးနေသည့်ကျနော့်ကို ဂရုဏာသက်ကာ ယင်းကင်မရာလေးကို အလွယ်တကူ ပေးငှား၏။
သည်သုံးလေးရက်အတွင်း ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေသောကျနော့်ကို တပ်မဟာ ၁ ခရီးနှင့်ပတ် သက်ပြီး တချို့က မသွားဖို့တား၏။ အထူးသဖြင့် ရုံးအုပ်ကိုကိုနိုင်က အကြိမ်ကြိမ်တား၏။ သူတို့ပြောသည့်စကား သူတို့တားသည့်အချက်အလက်များမှာ မှန်သင့်သလောက်တော့ မှန်၏။ ပထမအချက်မှာ ကျနော်သွားမည့် တပ်မဟာ ၁ နယ်မြေတခုလုံးတွင် ဒေသခံ KNU မှလွဲပြီး တခြားမည်သည့်စခန်းမျှမရှိ။ ရှိသည့် KNU စခန်းများမှာလည်း အထိုင်စခန်းများမဟုတ်ကြ။ ရွေ့လျားပြောက်ကျားစခန်းများသာဖြစ်ကြ၏။ အထူးသဖြင့် မိမိအဖွဲ့အစည်း NLD LA ၏ စခန်းများလည်း တခုမှမရှိ။ သည်နယ်မြေကို ကျနော့်အနေနှင့် တခါဘူးမျှ မသွားဖူးသေး။ အသိအခံမရှိ။ အကြီးမားဆုံးအခက်အခဲမှာ ကျနော်က ကရင်စကားတလုံးမှမတတ်။ သည်ကြားထဲ ကျနော်သွားမည့်ဒေသတခုလုံး ကရင်လူမျိုးများပင်ဖြစ်ပြီး ဗမာစကားပြောသည့်ရွာ တရွာမျှမရှိ။ ထို့ကြောင့် ရုံးအုပ်ကိုကိုနိုင်က “ ခင်ဗျားရူးနေသလား” ဟုပင် သတိပေး၏။ ပြီးတော့ ခေါ်သွားမည့်ကရင်စစ်ဗိုလ်အပေါ် ယခင်က တခါဖူးမျှ အလုပ်တွဲလုပ်ဖူးသူမဟုတ်။ သိကျွမ်းထားသူမဟုတ်။ တစိမ်းသက်သက်လူတယောက်။ သည်လောက်အထိ ပုံမအပ်သင့်ဟုလည်း သတိပေး၏။ သို့သော် ဘာကြောင့်ရယ်မသိ။ ယင်းတားမြစ်မှု အကြံပေးမှု အပြစ်တင်မှုမျာက ကျနော့်နားထဲ အံ့ဩဖို့ကောင်းစွာ မဝင်နိုင်ခဲ့ပါ။ ပြီးတော့ ဗိုလ်သိန်းစိုးနှင့်စကားထိုင်ပြောစဉ် ဗိုလ်သိန်းစိုးမှာ ကျနော့်အပေါ် အမှန်တကယ်ကူညီမည့်သူ စိတ်ထားဖြူစင်သူဟု ချက်ချင်းကျနော်ယုံကြည်နေခဲ့၏။ သို့နှင့် ကျနော်၏ တပ်မဟာ ၁ ခရီးစဉ်မှာ ရင်ခုန်ဖွယ် စတင်ခဲ့သည်ဟု ဆိုရပါမည်။

၂။

အမှန်စင်စစ် နယ်ကိုဆင်းပြီး လူထုကြားဝင်ရောက်ကာ လူထု၏ဘဝများ အခြေအနေများ သတင်းများကို စိတ်ဝင်စားနေသည်မှာ အမှန်ဖြစ်သည်။ အထူးဖြင့် မာနယ်ပလောတွင်နေကာ တော်လှန်ရေးအဖွဲ့အစည်းပေါင်းစုံ၏ လှုပ်ရှားမှုသတင်းနှင့် အခမ်းအနားသတင်းများမှာ သတင်းအဖြစ်လိုအပ်သည်ဆိုသည်ကို ကျနော်မငြင်းပါ။ သို့သော် ယင်းကဲ့သို့သောသတင်းများထက် တကယ့်လူထုဘဝသတင်းများကို ကျနော်ပိုပြီး ရင်ခုန်၏။ ထို့ကြောင့် တပ်မဟာ ၁ ဟုခေါ်သော ဘားအံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်သို့ဆင်း၍ သတင်းယူရန် ကျနော်ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
သည်ကြားထဲ တပ်မဟာ ၁ သို့သွားရန် မာနယ်ပလောလှေဆိပ်တွင် လှေစောင့်နေစဉ် လူချင်းရင်းနီးသည့် ပလောင်ရဲဘော်တဦးက ဗိုလ်သိန်းစိုးမကြားအောင် ကျနော့်ဘေးကပ်ပြီးပြောလိုက်သည့်စကားက ကျနော့်ကို အနည်းငယ်တော့ စိတ်ထင့်သလို ဖြစ်သွားရသေး၏။ သူပြောလိုက်သည့်စကားက “ ခင်ဗျား တပ်မဟာ ၁ ကို သေချင်လို့ သွားတာလား၊ ဂရုတော့စိုက်ဗျာ” ဟု ပြောလိုက်သောစကားဖြစ်သည်။
ဗိုလ်သိန်းစိုးတွင် ဗမာစကားအနည်းငယ်တတ်သည့် အသက် ၂၅ နှစ်အရွယ် စစ်သားတဦးပါ၏။ ဗိုလ်သိန်းစိုးကမူ ဗမာစကား ကောင်းစွာပြောတတ်ပြီး ကမ္မမောင်းတွင် အလယ်တန်းအထိ ကျောင်းနေဖူးသူဖြစ်သည်။ နောင်မှသိသည်မှာ ဗိုလ်သိန်းစိုးသည် ပြင်သစ်ကြေးစားစစ်သားများသင်ပေးသည့် KNU ဗိုလ်သင်တန်းဆင်းတယောက် ဖြစ်လေသည်။
ကျနော်တို့စီးလာသည့်စက်လှေမှာ KNU စစ်ဆေးရေးဂိတ်တချို့ကိုဖြတ်ကာ သောင်ရင်းမြစ်အတိုင်း စုန်ဆင်းရင်း သံလွင်မြစ်နှင့်ဆုံသည့်နေရာတွင် လှေပြောင်းစီးရ၏။ မြစ်နှစ်စင်းဆုံရာမြစ်ဆုံမှတဆင့် သံလွင်မြစ်အတိုင်း အခြားစက်လှေတစင်းဖြင့် စုန်ဆင်းရပြန်သည်။ သည်ဒေသတဝိုက် သောင်ရင်းဖြစ်ပစေ သံလွင်ဖြစ်ပစေ အလုပ်ကိစ္စဖြင့်သွားလာနေသော ကရင်စက်လှေဟူသမျှသည် ကရင်စစ်သားများ လမ်းမှဖြတ်၍တားလျင် ကမ်းကပ်ပြီးတင်ပေးရသည့်စည်းကမ်းရှိ၏။
သံလွင်မြစ်မှာ ကျောက်ဆောင်ကျောက်တုံးများ‌ေပါ၏။ သောင်ရင်းမြစ်လိုမဟုတ်။ ရေနက်ဟန်တူ၏။ ရေမှာ စိမ်းမှောင်နေ၏။ တနေရာအရောက် မြစ်ကမ်းဘေးတနေရာတွင် ကျောက်ဆောင်နှင့် ညိနေသောခြုံပုတ်များ သစ်တိုသစ်စများဘေးမှဖြတ်ရ၏။ ထိုစဉ်မှာပင် ပုတ်ပွလျက် ရေပေါ်ပေါ်နေသော လူသေအလောင်းတလောင်းနှင့် တကိုက်သာသာအကွာမှ စက်လှေဖြတ်ရ၏။ စက်လှေပေါ်ကလူအားလုံး မည်သူမျှစကားမပြောကြ။ သည်အတိုင်း ငြိမ်ပြီးလိုက်ပါလာခဲ့ကြလေသည်။ လူတယောက်က စက်လှေပေါ်မှတဆင့် လူသေအလောင်းဘေးသို့ ဝါးလုံးဖြင့်တွန်းပစ်ခဲ့၏။ 
တနာရီနီးပါးအကြာတွင် တောင်ထွတ်တခုကို မြင်ရ၏။ စက်လှေဆရာက “ အဲဒါ ‌ခွေးအိပ်တောင်ပဲဆရာ”ဟု ကျနော့်ကိုလှမ်းပြော၏။ ကျနော်က ကမန်းကတန်း လွယ်အိပ်ထဲမှ ကင်မရာကိုထုတ်ကာ ဓါတ်ပုံရိုက်၏။ ထိုအခါ ကျနော်နှင့် လူလေးယောက်ခြားနေရာမှ လူတယောက်က ကျနော်ဓါတ်ပုံရိုက်နေရာကိုလိုက်ကြည့်ကာ ဘာမြင်လို့လည်းဟု ကရင်လို မေး၏။ စက်လှေဆရာက နာမည်ကျော်ခွေးအိပ်တောင်ဆိုတာ အဲဒါပဲပေါ့ဟု ပြန်ဖြေတော့ သူတို့နှစ်ယောက်စလုံး လှုပ်လှုပ်ရွရွဖြစ်ကာ  ခွေးအိပ်တောင်ကို ဓါတ်ပုံရိုက်ကြ၏။ ထိုအခါကြမှ လှေပေါ်တွင် တရုပ်လိုလို ဂျပန်လိုလို နိုင်ငံခြားသားနှစ်ယောက် ပါလာသည်ကို ကျနော်သိရ၏။ တယောက်မှာ ကရင်လိုပင်ပြောတတ်နေသည်ကို သိလိုက်ရ၏။ သူတို့က အဝတ်အစားအဟောင်းများဝတ်ကာ ဦးထုပ်ကိုယ်စီဆောင်းပြီး တချိန်လုံး ငြိမ်ကုပ်ပြီးပါလာသဖြင့် နိုင်ငံခြားသားများဟု မထင်ခဲ့။ ခွေးအိပ်တောင်မှာ ၁၉၉၁ နှစ်ကုန်ပိုင်းက စစ်အစိုးရတပ် စစ်သားထောင်ချီအကျအဆုံးခံကာ သိမ်းထားသောတောင်ဖြစ်သည်။ ထိုစဉ်က ခွေးအိပ်တောင်တိုက်ပွဲမှာ ကမ္ဘာ့သတင်းစာမျက်နှာများတွင် နာမည်ကြီးခဲ့၏။ ညနေ လေးနာရီခန့်တွင် ဆိပ်ကမ်းတခုသို့ရောက်၏။ ကျနော်တို့လည်း လှေပေါ်မှဆင်းကာ ကုန်းပေါ် သစ်ပင်အုပ်အုပ်များကြား ဝါးတန်းလျားကြီးတခုဆီ ရောက်လာကြ၏။ 
တောင်ခြေတောစပ်ဖြစ်သဖြင့် နေရောင်မှာ ရုတ်တရက်မှောင်သွားရ၏။ ယာယီတဲတန်းလျားတွင်တညအိပ်ပြီး မနက်စောစော မယ်ညောခီးတောင်ပေါ် တက်ကြရမည်ဖြစ်သည်။ ဂျပန်လိုလို တရုပ်လိုလိုလူနှစ်ယောက်ကမူ သည်နေရာတွင် တရက်တန်သည် နှစ်ရက်တန်သည် နေကြရဦမည်ဖြစ်ပြီး တပ်မဟာမှူးလွှတ်မည့်စစ်သားများကို စောင့်ကြရမည်ဟု ဗိုလ်သိန်းစိုးပြောပြ၍ သိရ၏။ သူတို့သည် တပ်မဟာ ၁ တပ်မဟာမှူး ဗိုလ်ချုပ်ကျော်လင်း၏ ဧည့်သည်များဖြစ်ကြ၏။ တကယ်တော့ ဗိုလ်သိန်းစိုးက စကားနည်းသူဖြစ်သည်။ နိုင်ငံခြားသားများအကြောင်း သိတ်ပြီးပြောပြချင်ပုံမရ။ ကျနော်ကလည်း သိချင်သော်လည်း မစပ်စုပါ။
သည်စခန်းမှာ မာနယ်ပလောလုံခြုံရေး မယ်ညောခီးတောင်ပေါ်ကင်းစခန်းများအတွက် ထောက်ပို့စခန်းဖြစ်သည်ဟုသိရ၏။ တောင်ပေါ်တက်သည့်လမ်းမှာ အရပ်သားများ လုံးဝမသုံးရဘဲ KNU စစ်သားများသာ အသုံးပြုသည့်လမ်းဖြစ်သည်။
မနက် ငါးနာရီတွင် အိပ်ရာထ  သံလွင်မြစ်ထဲဆင်းကာ မျက်နှာသစ်ကြ၏။ မနေ့ညက ကျနော်တို့အားလုံး ထမင်းမစားခဲ့ကြသဖြင့် တော်တော်ဆာနေကြပြီဖြစ်သည်။ ညအိပ်ဆောင်နှင့် မနီးမဝေးစားဖိုဆောင်တွင် ထမင်းစားကြရ၏။ ဟင်းမှာ ငပိရည်နှင့်ဟင်းရွက်ပြုပ်များသာဖြစ်သည့်တိုင် ကျနော့်မှာ စားကောင်း၏။ ထို့နောက် ပါလာသည့်ပစ္စည်းများ စစ်ဆေးကြ ပြင်ဆင်ကြပြီး မယ်ညောခီးတောင်ပေါ်စတက်ကြလေသည်။
မယ်ညောခီးတောင်မှာ သံလွင်မြစ် အနောက်ဘက်ကမ်းတွင်ရှိသည်။ စစ်အစိုးရသိမ်းထားသော ခွေး အိပ်တောင်နှင့် တဆက်တည်းဖြစ်သော်လည်း အလွန်တရာနက်သည့် ချောက်ကြီးများခြားထား၏။ မယ်ညောခီးတောင်ထိပ် တောင်ကြောတခုလုံးကို KNU နှင့် မဟာမိတ်တပ်များ တန်းစီနေရာချထား ခံစစ်စီကြောင်းလုပ်ထား၏။ တခါတရံ စစ်အစိုးရစစ်သားများက ပုဆိုးခေါင်းမြီးခြုံကာ ကရင်စစ်သားယောင်ဆောင်ပြီး တောင်ကြောပေါ် ရောက်လာတတ်သဖြင့် တောင်ပေါ်တွင်မည်သူမျှ ပုဆိုးခြုံပြီးမသွားရဟု အမိန့်ထုတ်ထား၏။
မယ်ညောခီးတောင်တက်လမ်းမှာ စစ်သုံးလမ်းဖြစ်သဖြင့် တောင်တက်လမ်း တော်တော်ခက်၏။ တချို့နေရာများမှာ မော့တက်ရ၏။ သစ်ပင်သစ်ကိုင်းများကိုဆွဲကာ တက်ရ၏။ ခတ်ပြေပြေနေရာဟူ၍ သိတ်မရှိ။ ကျနော့်မှာ မကြာခဏလျှောကျ၏။ တဘိုင်းဘိုင်းလဲကျကာ  လူတခြားကြောပိုးအိပ်တခြား ခဏခဏဖြစ်၏။ ဗိုလ်သိန်းစိုးနှင့် သူ့ရဲဘော်လေး “ ဝှေ့စာ”က ခဏခဏ ဆွဲထူဆွဲမလုပ်ရ၏။ နောက်တော့ ကရင်ရဲဘော်လေးက ကျနော့်ကြောပိုးအိပ်ကို ယူသွား၏။ သူ့မှာက အေကေ ၄၇ သေ နတ်တလက်နှင့် လွယ်အိပ်တလုံးပါ၏။ ကျနော်က အားနာသော်လည်း ကျောပိုးအိတ်ကို လွှဲပေးလိုက်ရ၏။
တမနက်ခင်းလုံး နားလိုက်တက်လိုက်နှင့် နေ့လည် ၁ နာရီခန့်တွင် ကျနော်တို့သုံးယောက် တောင်ထိပ်သို့ ရောက်လာခဲ့ကြသည်။ ကျနော်တို့ကို လျှောက်‌ေမြာင်းထဲမှ ရဲဘော်တချို့က လှမ်းကြည့်၏။ ပြုံးပြနှုတ်ဆက်၏။ ဗိုလ်သိန်းစိုးက သူ့တွင်ပါလာသော လမ်းလျှောက်စကားပြောစက်ဖြင့် လှမ်းပြောထားနှင့်ဟန်တူလေသည်။ ကျနော်တို့ကိုမြင်တော့ ရဲဘော်များ ပျော်နေသည်ကိုတွေ့ရ၏။ တကယ်တော့ သည်လမ်းမှာ စစ်သားများသာအသုံးပြုလို့ရသဖြင့် အရပ်သားခရီးသည်များ တလနေလို့ တယောက်မှမတွေ့ရပဲ ရိက္ခာသယ်ပို့သယ်ယူစစ်သားများသာ တွေ့ရမြင်ရသဖြင့် ကျနော်တို့ကိုမြင်တော့ ပျော်နေကြဟန်တူပါသည်။
တောင်ပေါ်ကို တပင်တပန်း ပုံပျက်ပန်းပျက်တက်လာရသည့် ကျနော့်အ‌ခြေအနေကိုအကဲခတ်ကာ တောင်ပေါ်တွင်ပင် တညအိပ်ဖို့ ဗိုလ်သိန်းစိုးကပြော၏။ ဒါ့အပြင် တောင်ပေါ်တွင်  KNU တပ်များနှင့်တွဲလျက် တာဝန်ကျနေသော ကျောင်းသားတပ်မတော်မှရဲဘော်လေးများက ကျနော်နှင့် စကားဝိုင်းဖွဲ့ပြောချင်သဖြင့် ဗိုလ်သိန်းစိုးကို တညအိပ်ဖို့ ဝိုင်းပြောခဲ့ကြသောကြောင့်လည်း ဖြစ်မည်ထငိပါသည်။ဗိုလ်သိန်းစိုးတို့ဆရာတပည့်နှစ်ယောက်က  ကရင်ကင်းတဲများဆီမှာအိပ်ပြီး ကျနော်က ကျောင်းသားတပ်မတော်ရဲဘော်လေးများ၏ကင်းတဲတွင်အိပ်ရန် စီစဉ်လိုက်ကြ၏။  
မယ်ညောခီးတောင်ကြောတခုလုံးမှာ သုံးနာရီကျော်ကျော်လောက်ကတည်းက မြူတွေမှိုင်းလာ၏။ ငါးနာရီလောက်ရှိတော့ လျှောက်မြောင်းတလျှောက် ဘာမှအထင်အရှားမမြင်ရတော့။ တောင်ကြောတလျှောက် ညလိုဖြစ်သွား၏။ အအေးဓါတ်မှာလည်း လေတိုးသဖြင့် တော်တော့ကိုအေး၏။ 
ထိုညက ကျောင်းသားတပ်မတော် ရဲဘော် ခြောက်ယောက်နှင့်အတူ တဲပေါက်ဝနှင့်တဲအတွင်း တဦးနှင့်တဦး တိုးခွေ့ထိုင်ရင်း ညစာထမင်းစားကြ၏။ ကံအားလျော်စွာ တောဝက်သားဟင်း စားရ၏။ ည တနာရီထိုးသည်အထိ ရဲဘော်လေးများနှင့်အတူ စကားဝိုင်းဖွဲ့ ထိုင်၏။ တောင်ပေါ် ပင်ပင်ပန်းပန်းတက်လာခဲ့ရသူ ကျနော့်အခြေအနေကိုအကဲခတ်ကာ မယ်ညောခီး တောင်ပေါ်စကားဝိုင်း ညဉ့်တနာရီတွင်ရပ်နားလိုက်ကြလေသည်။

ငြိမ်းဝေ
( အပိုင်း ၂ ကို ဆက်လက်ဖတ်ရှုအားပေးပါရန် …..ချစ်ခင်စွာဖြင့်)
Photo NW

 -

 Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar