Breaking News

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှ အတုအယောင်လွှတ်တော်သို့၊ ရှမ်းမြောက် တိုက်ပွဲအခြေအနေ

မြန်မာနွေဦးခရိုနီကယ် - မတ် ၁၆ မြင်ကွင်း

(မိုးမခ) မတ် ၁၇ ၊ ၂၀၂၆

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှ အတုအယောင်လွှတ်တော်သို့၊ ရှမ်းမြောက် တိုက်ပွဲအခြေအနေ

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အပေါ် မကျေနပ်တဲ့ စစ်တပ်ဟာ လွန်ခဲ့တဲ့ ၅ နှစ်ကျော် ဒီနေ့လို ပထမဆုံး လွှတ်တော် ကျင်းပမယ့်နေ့ အာရုံမတက်ခင် အာဏာသိမ်းပြီးနောက် အနိုင်ရပါတီရဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ NLD ပါတီရုံးခန်းတွေ ဖျက်ဆီးခံရတာ၊ မီးရှို့ခံရတာတွေ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားခဲ့သလို စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူကို ပစ်ခတ် နှိမ်နှင်းခဲ့ရာက ဆန္ဒပြသူလူငယ်တွေ အနေနဲ့ လက်နက်ကိုင် ခုခံတော်လှန်ဖို့ လမ်းကြောင်းကို  ရွေးချယ်ခဲ့တဲ့နောက် မြန်မာနိုင်ငံဟာ တနိုင်ငံလုံးတောက်လောင်တဲ့ ပြည်တွင်းစစ်မီးထဲကို နှစ်ပေါင်း ၇၀ အကြာ တကျော့ပြန် ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။ 

ရွေးကောက်ပွဲ ရလဒ်ကို လက်မခံနိုင်တာကြောင့် မဲစာရင်းမှားယွင်းတယ်၊ လူတဦးက မဲတကြိမ်မက ပေးခဲ့တယ်၊ မဲမသမာမှုရှိခဲ့တယ်၊ သေဆုံးသူတွေတောင် မဲစာရင်းတွေထဲ ပါရှိနေတယ် စသဖြင့် စွပ်စွဲချက်အမျိုးမျိုးနဲ့ မဲစာရင်း ပြန်စစ်ဖို့ စစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီတို့က NLD အစိုးရကို ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ လွှတ်တော် ခေါ်မယ့်နေ့ ဖေဖေါ်ဝါရီ ၁ ရက်မှာ အာဏာသိမ်းတဲ့ အနေအထားကို ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနောက် မဲစာရင်းပြန်စစ်ဆေးတာ လုပ်မယ်လို့ ဆိုပေမဲ့လည်း ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး တိကျခိုင်မာတဲ့ အထောက်အထားမပြနိုင်ဘဲ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းခြင်းရဲ့ အကျိုးဆက် အဖြစ်အပျက်တွေဖြစ်တဲ့ လက်နက်ကိုင်တော်လှန်တိုက်ခိုက်မှုတွေ၊ မြို့တွေပေါ်မှာ လျှပ်တပြက် ဆန္ဒပြမှုတွေ၊ ရဲနဲ့ စစ်တပ်ကင်းစခန်း၊ လုံခြုံရေးဂိတ်တွေကို ဖောက်ခွဲတိုက်ခိုက်တာတွေက ၂၀၂၁ နှစ်လယ်ပိုင်းကနေ တောက်လျှောက် ဖြစ်ပွားလာခဲ့ပြီး အာဏာသိမ်းစစ်တပ်က ဒီအခြေအနေတွေကို အကြောင်းပြကာ  ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ ကို အချိန်ဆွဲနေခဲ့တာ ၂၀၂၄ ခုနှစ်အထိတိုင် ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ထဲမှာ နယ်မြေတွေ အများအပြား လက်လွတ်ဆုံးရှုံးပြီးနောက်မှာ ရွေးကောက်ပွဲကို ထွက်ပေါက်တခုအဖြစ် ရွေးချယ်လာရတာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ အာဏာသိမ်းစစ်တပ်ရဲ့ ထိန်းချုပ် နယ်မြေအများအပြား ဆုံးရှုံးပြီးနောက်မှာ ကျင်းပတာဖြစ်လို့ ရွေးကောက်ပွဲ ကောင်းကောင်း ကျင်းပနိုင်တဲ့မြို့၊ ကျေးရွာ၊ နယ်မြေတွေက နိုင်ငံရဲ့ ၅၀ ရာနှုန်းတောင် မရှိတဲ့ အနေအထားဖြစ်ပါတယ်။ အချို့မြို့နယ်တွေမှာ မြို့ကိုသာ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားနိုင်ပြီး ဒီမြို့နယ်ထဲက ကျေးရွာအများအပြားမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ပေမယ့် ကျင်းပတဲ့မြို့နယ် အဖြစ်သတ်မှတ်ခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

၂၀၂၅ နဲ့ ၂၀၂၆ နှစ်ဆန်း ကာလတွေကို ခွပြီးကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ရေးရပြီးခေတ် မြန်မာ့သမိုင်းမှာ ဒုတိယမြောက် ပြည်တွင်းစစ်ကာလ ရွေးကောက်ပွဲဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်စတင်ဖြစ်ပွားပြီးနောက် ၁၉၅၁ နဲ့ ၁၉၅၂ ခုနှစ်တွေအတွင်း တနှစ်ခွဲကြာကျင်းပခဲ့တဲ့ ရွေး ကောက်ပွဲနဲ့နှိုင်းယှဥ်စရာရွေးကောက်ပွဲတခုလို့ဆိုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၅/ ၂၀၂၆ ရွေး ကောက်ပွဲရဲ့ အဓိကကျတဲ့အချက်က ကြံ့ခိုင်ရေးပါတီ အပြတ်အသတ်နိုင်အောင် အခြားပါတီတွေကိုရွေးကောက်ပွဲဥပဒေတွေပြင်ဆင်ပြီး ကန့်သတ်ခဲ့တဲ့အချက်ဖြစ်ပါတယ်။ ၂၀၂၅/၂၀၂၆ ရွေး ကောက်ပွဲဟာ ပါတီစုံစနစ် နဲ့ကျင်းပတဲ့ ရွေးကောက်ပွဲတွေအနက် လွတ်လပ်မျှတမှုမရှိဆုံး ရွေး ကောက်ပွဲအဖြစ် မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်ရမယ့် ရွေးကောက်ပွဲ တခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

မတ်လ ၁၆ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးခင်ရီကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ပြီး ဒုဥက္ကဋ္ဌအဖြစ် လက်ရှိ ပြန်ကြားရေးဝန်ကြီး တာဝန်ယူနေသူ ဦးမောင်မောင်အုန်းကို ရွေးချယ်ခဲ့ပါတယ်။ ကြံ့ခိုင်ရေးနဲ့ တပ်က ၈၀/၉၀ ရာနှုန်းလောက် လွှမ်းမိုးထားတဲ့ ၂၀၂၆ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဟာ ၂၀၁၁ ခုနှစ် မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ နှိုင်းလို့ မသင့်လောက်အောင် လွတ်လပ်မှုမရှိတာထင်ရှားပါတယ်။ ရွေးကောက်ပွဲက အလိမ်အညာ ရွေး ကောက်ပွဲတခုဖြစ်သလို ဒီရွေးကောက်ပွဲရလဒ် နဲ့ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုလည်း လူအများက ယုံကြည်မှုမရှိကြပါဘူး။ 

ဒီလွှတ်တော်ကနေ ပြည်တွင်းစစ်ဒဏ်ကို ဆိုးရွားစွာ ခံစားနေကြရတဲ့ မြန်မာလူထု ရဲ့ ဆင်းရဲဒုက္ခတွေကို လျော့ပါးအောင် စွမ်းဆောင်နိုင်ကြမှာ မဟုတ်သလို ပြည်တွင်းစစ်ရဲ့ အကြောင်းရင်းခံတွေ ဖြစ်တဲ့ စစ်အာဏာရှင်စနစ်၊ လူမျိုးကြီးဝါဒတို့ကိုလည်း လွှတ်တော်ကအတည်ပြုပေးကြမဲ့ အလားအလာတွေသာ တွေ့ကြရမှာ ဖြစ်ပါတယ်။ 

စစ်အုပ်ချုပ်ရေးမှ ဥပဒေပြု၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အသီးသီး အာဏာခွဲဝေ အုပ်ချုပ်မယ့် စနစ်ဆီပြန်လည် ရောက်ရှိမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ စစ်တပ်နောက်ခံမဟုတ်တဲ့ နိုင်ငံရေးပါတီတွေလည်း ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်အုပ်ချုပ်ရေးတို့ရဲ့ မသမာမှုတွေကြောင့် လွှတ်တော်ထဲ များများစားစား ရောက်မလာနိုင်ကြတဲ့ အနေအထားဖြစ်ပါတယ်။ 

ဒီနေ့ အဖို့အခြားသတင်းအကြောင်းအရာ တခုကတော့ ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၂ ဖွဲ့အကြား ဖြစ်ပွားနေတဲ့ စစ်ရေး အခြေအနေသတင်းပဲ ဖြစ်ပါတယ်။ MNDAA က TNLA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့မြို့နဲ့တပ်စခန်းတွေ ဂိတ်တွေကို စတင်တိုက်ခိုက်ပြီး ၂ ရက်ခန့်အကြာမှာ ကွတ်ခိုင်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့သလို ကွတ်ခိုင်နဲ့ ထိစပ်နေတဲ့ နယ်မြေ နမ့်ခမ်းဘက်ကိုပါ ဆက်လက် တိုက်ခိုက်မယ့် လက္ခဏာတွေ တွေ့မြင်နေရတာလည်း ဖြစ်ပါတယ်။ 

MNDAA တပ်ဖွဲ့တွေ နမ့်ဖတ်ကာ-နမ့်ခမ်း ကားလမ်းနဲ့ မူဆယ်-နမ့်ခမ်း ကားလမ်းတွေဘက်မှာ တိုက် ခိုက်မှုနဲ့ စုရုံးမှုတွေလုပ်နေတဲ့သတင်းတွေက မတ်လ ၁၆ ရက်နေ့မှာ ပေါ်ထွက်လာခဲ့ပါတယ်။ ကွတ်ခိုင်မြို့ကို MNDAA က ထိန်းချုပ်ပြီးချိန်မှာ လားရှိုး-မူဆယ်လမ်းပိုင်းထဲက လားရှိုးနဲ့ ၁၀၅ မိုင်အထိ ယာဥ်အသွားအလာပြန်ဖွင့်လိုက်တဲ့သတင်းလည်း ထွက်ပေါ်လာပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက် ကွတ်ခိုင်မှာ TNLA နဲ့ MNDAA တပ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပြီးနောက် သိန္နီကနေ ကုန်စည်သယ်ဆောင်တာတွေကို ကိုးကန့်တပ်ဖွဲ့က ပိတ်ဆို့ခဲ့ပြီးနောက် မတ်လ ၁၆ ရက်နေ့မှာ ပြန်လည်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ 

ရှမ်း၊ ပလောင်နဲ့ ကချင်လူမျိုးတွေနေထိုင်ကြပြီး တရုတ်နိုင်ငံနဲ့ ရွှေလီမြစ်သာခြားတဲ့ နမ့်ခမ်းမြို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က သိမ်းယူကာ အုပ်ချုပ်ရေးဖေါ်ဆောင်ထားတဲ့ မြို့ကို MNDAA က တိုက်ခိုက်သိမ်းယူတော့မလား ဆိုတဲ့ မှန်းဆချက်တွေ ပေါ်ထွက်နေတာလည်း ဖြစ်ပါတယ်။ TNLA တပ်ဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ သိမ်းယူနိုင်ခဲ့တဲ့နယ်မြေတွေ အနက် နမ့်ခမ်းဟာ တရုတ်နိုင်ငံနယ်စပ်မြို့ဖြစ်ပြီး ကုန်သွယ်မှုစခန်းမြို့လည်း ဖြစ်ပါတယ်။ 

ကချင်ပြည်နယ် ဗန်းမော်၊ မံစီဘက်ကလာရင် တရုတ်နယ်စပ် နမ့်ခမ်းမြို့က တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုလုပ်ကိုင်တဲ့ မြို့ဖြစ်သလို အချက်အခြာမြို့တမြို့လည်း ဖြစ်ပါတယ်။ 

MNDAA အနေနဲ့ ဘယ်တုန်းကမှ နမ့်ခမ်းကို တိုက်ခိုက်သိမ်းယူတာထိန်းချုပ်တာမျိုးမရှိခဲ့တာကြောင့် အခု TNLA နဲ့ ပဋိပက္ခမှာ နမ့်ခမ်းကိုတိုက်ခိုက်မယ်ဆိုတဲ့မှန်းဆချက်က ထူးခြားတဲ့အခြေအနေတရပ်လည်း ဖြစ်တယ်လို့ ဆိုရမှာပါ။ 

လတ်တလော မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ် ၂ ဖွဲ့အကြားဖြစ်ပွားတဲ့လက်နက်ကိုင်ပဋိပက္ခဟာ ရှမ်းမြောက်ဒေသရဲ့ လက်နက်ကိုင်တပ် အခင်းအကျင်း၊ မဟာမိတ် အခင်းအကျင်းတွေကို ပြောင်းလဲစေနိုင်တဲ့ လက္ခဏာတွေ တွေ့မြင်နေရပြီး အာဏာသိမ်းစစ်တပ် အဖို့တော့ မြောက်ပိုင်း မဟာမိတ်တွေအကြား ပဋိပက္ခဟာ ၄င်းတို့အခွင့်အလမ်းအဖြစ် အသုံးချဖို့ စောင့်ကြည့်နေလိမ့်မှာ အသေအချာပင် ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar