ရှမ်းမြောက်ဒေသ မဟာမိတ်အဖွဲ့အချင်းချင်း ပဋိပက္ခရဲ့ ပူးပေါင်းကြံစည်မှု သီအိုရီ

Photo: TNISO
မြန်မာနွေဦးခရိုနီကယ် - မတ် ၁၇ မြင်ကွင်း
(မိုးမခ) မတ် ၁၈ ၊ ၂၀၂၆
ရှမ်းမြောက်ဒေသ မဟာမိတ်အဖွဲ့အချင်းချင်း ပဋိပက္ခရဲ့ ပူးပေါင်းကြံစည်မှု သီအိုရီ
ခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ နမ့်ခမ်းတို့မှာ ဖြစ်ပွားနေတဲ့ ကိုးကန့်လက်နက်ကိုင် တပ် MNDAA က တအာင်း လက်နက်ကိုင်တပ် TNLA ထိန်းချုပ်မြို့၊ စခန်းတွေကို တိုက်ခိုက်မှုတွေကို တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ ဖော်ဆောင်မှုအဖြစ် နဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ကို တရုတ်နိုင်ငံရဲ့ လက်ဝေခံ၊ ခိုင်းတာလုပ်ရတဲ့ လက်နက်ကိုင်အဖွဲ့အဖြစ်နဲ့ ပုံဖေါ်ပြောဆိုမှုတွေက ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလို ယူဆမှုတွေ၊ ပုံဖော်မှုတွေက အင်္ဂလိပ်ဘာသာနဲ့ conspiracy theory လို့ ခေါ်ဆိုတဲ့ ပူးပေါင်းကြံစည်မှုသီအိုရီ လို့ ဆိုတဲ့ အထောက်အထားနဲ့ တိကျစွာ သက်သေမပြနိုင်ပေမဲ့ အများက သံသယရှိတဲ့ ယူဆမှုတရပ်လည်း ဖြစ်ပါတယ်။
ကွတ်ခိုင်မြို့ဟာ သိန္နီမြို့ရဲ့ မြောက်ဘက် လားရှိုး-မူဆယ် ဆက်သွယ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်မှာ တည်ရှိတဲ့မြို့ ဖြစ်ပြီး မန္တလေး-လားရှိုး- မူဆယ် ဆိုတဲ့ တရုတ်နယ်စပ်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း ကုန်ဖလှယ်ရာ အချက်အချာ မန္တလေးမြို့တို့အကြားက မြို့၊ Kachin Sub-state ဒေသလို့ ခေါ်ဆိုတဲ့ဒေသထဲ ပါဝင်တဲ့မြို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကနေ အနောက်ဘက်ထိစပ်နေတဲ့ ဒေသလည်း ဖြစ်ပါတယ်။ သိန္နီလွင်ပြင်ကနေ မြင့်တက်လာတဲ့ ကုန်းမြင့်ပေါ်မှာ တည်ရှိပြီး ရာသီဥတုအေးတဲ့ ဒေသလည်းဖြစ်ပါတယ်။
လူမျိုးအနေနဲ့ ကချင် နဲ့ ရှမ်းလူမျိုးအများဆုံး နေထိုင်ကြပြီး ပလောင်၊ ကိုးကန့် လီဆူ စတဲ့လူမျိုးစုတွေလည်း နေထိုင်ကြတာ ဖြစ်ပါတယ်။ သိန္နီကနေ မူဆယ်ဘက်သွားတဲ့အခါ ကွတ်ခိုင်မြို့ကျော်ပြီးတဲ့နောက် လွယ်ဆမ်ဆစ်တောင်နဲ့ လွင်ပြင်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အခုလို ကုန်းမြေမြင့်ပေါ်က အေးချမ်းတဲ့ ရာသီဥတုရှိတဲ့မြို့၊ နယ်စပ်ကုန်သွယ်ရေး ရှမ်းမြောက်ရဲ့ အဓိက လမ်းမကြီးပေါ်က မြို့ဖြစ်တဲ့ ကွတ်ခိုင်မြို့ကို ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကာလမှာပဲ TNLA က အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ပြီး သိမ်းယူခဲ့တာဖြစ်ပါတယ်။ ကွတ်ခိုင်မြို့နယ်နဲ့ အနောက်မြောက်ဘက်မှာတော့ နမ့်ခမ်းမြို့နယ် ထိစပ်နေပြီး TNLA တပ်ဖွဲ့တွေ နမ့်ခမ်းမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ သိမ်းယူကာ ကွတ်ခိုင်မြို့ကိုတော့ နောက်တလကျော် အကြာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလဆန်းမှာ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ ကွတ်ခိုင်မြို့နယ်အရှေ့ဘက် ထိစပ်နေတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်ဖြစ်ပြီး TNLA က ကွတ်ခိုင်ကို သိမ်းယူတဲ့အချိန်မှာ ကိုးကန့်တပ်တွေလည်း ကွတ်ခိုင်မြို့ရဲ့ အချို့သော အစိတ်အပိုင်းတွေကို သိမ်းပိုက် နေရာယူခဲ့တာ ဖြစ်ပါတယ်။
အဲဒီကာလမှာတော့ ကွတ်ခိုင်မြို့ထိန်းချုပ်မှု၊ အုပ်ချုပ်မှုနဲ့ပတ်သက်ပြီး ညီနောင်မဟာမိတ် အဖွဲ့တွေအကြား ကြီးကြီးမားမား ပြဿနာမရှိခဲ့ပါဘူး။
သို့ပေမယ့် TNLA နဲ့ MNDAA တို့ တမြို့ထည်းကို ခွဲဝေအုပ်ချုပ်နေကြတဲ့ ၂ နှစ်ကျော်ကာလ အတွင်း အစောပိုင်းကာလတွေမှာ တကြိမ်နဲ့ ယခုနှစ်ဆန်း ဖေဖေါ်ဝါရီလမှာ တကြိမ် လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း အခြေအတင် ဖြစ်တဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တာပါ။
ဘာကြောင့် ညီနောင်မဟာမိတ်အဖွဲ့တွေ အချင်းချင်းအကြား ပွတ်တိုက်မှုတွေ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ ဖြစ်ပွားရတာလဲ ဆိုတဲ့မေးခွန်းလည်း ထွက်ပေါ်နေပေမယ့် ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေရဲ့ အဖြေမျိုးတော့ မရှိပါဘူး။ အောက်ခြေတပ်သား အချင်းချင်းအကြားမှာ ဖြစ်ပွားတဲ့ နားလည်မှု လွဲမှားတာလို့ ယေဘုယျပြောဆိုကောင်း ပြောဆိုပေမယ့် ပွတ်တိုက်မှုတွေက တကြိမ်မက ဖြစ်ပွားတဲ့ အခြေအနေမျိုးမှာတော့ ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်အကြောင်းရင်းတွေက အဖွဲ့ရဲ့ မူဝါဒနဲ့ ဆက်စပ်နေတယ်လို့ ကောက်ချက်ချရမယ့် သဘောဖြစ်လာပါတယ်။ TNLA နဲ့ KIA တပ်ဖွဲ့ဝင်တွေအကြား ပွတ်တိုက်မှုတွေ တကြိမ်မက ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်ပိုင်း အကြားဆွေးနွေးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ TNLA နဲ့ MNDAA အကြား ဖြစ်ပွားတဲ့အကြိမ်ရေ KIA နဲ့ ဖြစ်ပွားသလောက် မများပေမယ့် အခြေအနေက တဖွဲ့နဲ့ တဖွဲ့ လက်နက်ငယ်၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့ အခြေအနေထိ ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ ကွတ်ခိုင်မြို့မှာ MNDAA က တပ်ဆင်တဲ့ CCTV တွေကို ဖြုတ်သိမ်း MNDAA တပ်ဖွဲ့ဝင်တွေကို ကိုယ်ထိလက်ရောက်လုပ်တယ်ဆိုတဲ့ အဖြစ်အပျက်က MNDAA တပ်ဖွဲ့အနေနဲ့ ကွတ်ခိုင်မြို့ကို သိမ်းဖို့ အထိဖြစ်စေခဲ့တာဟာ နောက်ကွယ်မှာ တရုတ်နိုင်ငံရဲ့ ညွှန်ကြားမှု ရှိနေသလားဆိုတဲ့ ပူးပေါင်းကြံစည်မှု သီအိုရီတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
တရုတ် အစိုးရနဲ့ မြန်မာအာဏာသိမ်းစစ်အစိုးရတို့က တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း မူဆယ်-လားရှိုးလမ်းကိုဖွင့်ချင်တာကြောင့် MNDAA က ကွတ်ခိုင်ကို တိုက်ခိုက်သိမ်းယူပေးတာ၊ ပြီးနောက် နမ့်ဖတ်ကာကို သိမ်းယူထားတဲ့ KIA တပ်တွေရဲ့ လုံခြုံရေးကင်း၊ ဂိတ်တွေကို ပြည်ထောင်စုကားလမ်းနဲ့ ၅ မိုင်အကွာ ထိ ဆုတ်ခွာပေးဖို့ KIA ကို MNDAA က အကြောင်းကြားတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ KIA ရဲ့ တာဝန်ရှိသူတွေကတော့ အကြောင်းကြားစာ လက်ခံမရရှိသေးဘူးလို့ မတ်လ ၁၇ ရက်နေ့မှာ သတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံ အရှေ့မြောက်ဒေသ တည်ငြိမ်မှုရစေဖို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း၊ ရေနံ နဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ တစိတ်တပိုင်း ယူနန်ပြည်နယ်ကနေ မန္တလေး၊ ကျောက်ဖြူထိ ဖောက်လုပ်ဖို့ လျာထားတဲ့ ရထားလမ်း၊ Belt and Road Initiative ရဲ့ အစိတ်အပိုင်းတွေ တခုပြီးတခု ဆက်စပ်ဖောက်လုပ်နိုင်ဖို့ ဆိုတာတွေကြောင့် အခုလို မြို့သိမ်း နယ်သိမ်းတိုက်ပွဲတွေဟာ တရုတ်နိုင်ငံရဲ့ လက်ချက်၊ နောက်ကွယ်က စီမံမှုတွေ စသဖြင့် ယူဆကြတာလည်း ဖြစ်ပါတယ်။
ဒီလိုယူဆမှုတွေက ၁၀၂၇ စစ်ဆင်ရေး စတင်စဥ်ကလည်း ရှိခဲ့တာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာအာဏာသိမ်းစစ်တပ်ကို ဆုံးမဖို့၊ သင်ခန်းစာပေးဖို့ ညီနောင် မဟာမိတ် ၃ ဖွဲ့ကို တရုတ်နိုင်ငံက လက်နက်၊ ငွေကြေး နည်းပညာကူညီခဲ့တယ် ဆိုတဲ့ ပူးပေါင်းကြံစည်မှု သီအိုရီ ဖြစ်ပါတယ်။ ဒီယူဆချက်တွေကို လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ ခိုင်မာတဲ့ အထောက်အထားမျိုးတော့ ရှိမနေခဲ့ပါဘူး။ သို့ပေမယ့် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ၂ လ ကျော် ၃ လအကြာမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ဟိုင်ဂင် အပစ်ရပ်သဘောတူညီမှု ယူခဲ့ကာ နောက် လအနည်းငယ်အကြာမှာ အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ဆင်ရေး ဒုတိယပိုင်း စတင်ပြီး တလကျော်အကြာမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုနောက်ပိုင်းမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံ အရှေ့မြောက်ဒေသက လက်နက်ကိုင် ပဋိပက္ခတွေ အပစ်ရပ်စဲဖို့အတွက် ၄င်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို အပစ်ရပ်ဖို့ ဖိအားပေးတာ၊ လက်နက်ခဲယမ်း နဲ့ ငွေကြေး အကူအညီပေးခဲ့တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေး အဖွဲ့လိုမျိုးကိုပါ ဖိအားပေးတာတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ မဟာဗျူဟာကို ခန့်မှန်းကြည့်ရင် မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ကို လိုလားခြင်း မလိုလားခြင်းထက် အိမ်နီးချင်းနယ်စပ်ဒေသတွေ တည်ငြိမ်ဖို့ နဲ့ ၄င်းရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိတဲ့ဒေသတွေမှာ လက်နက်ကိုင် တဖွဲ့မက ထိန်းချုပ်ထားတဲ့ အနေအထားမျိုးကို မလိုလားတာကြောင့် ဗဟိုချက်အာဏာ ဖြစ်တဲ့ စစ်တပ်ကို ချွင်းချက်တချို့နဲ့ ထောက်ခံအားပေးခဲ့တယ်လို့ ယူဆရပါတယ်။ ရွေးကောက်ပွဲလုပ်ဖို့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အတိုင်းအတာတခု အတွင်း ညှိနှိုင်းဆွေးနွေးဖို့ အပစ်ရပ်ဖို့ စတဲ့ အခြေအနေသတ်မှတ်ချက်မျိုးနဲ့ ထောက်ခံရပ်တည် ပေးခဲ့ပုံရပါတယ်။
ဒါတွေက တရုတ်နိုင်ငံရဲ့ လွှမ်းမိုးနိုင်စွမ်း Chinese Factor လို့ဆိုနိုင်လိမ့်မယ် ထင်ပါတယ်။ သို့ပေမယ့် မဟာမိတ် အဖွဲ့အချင်းချင်း တိုက်ခိုက်ကြတဲ့အခြေအထိ ရောက်လာတာ၊ မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို တရုတ်နိုင်ငံက အဆုံးအဖြတ်ပေးနိုင်တယ် ဆိုတာ၊ ကိုးကန့်လက်နက်ကိုင် အဖွဲ့ဟာ တရုတ်ရဲ့လက်ဝေခံ ဆိုတဲ့ ဇတ်ကြောင်းဖော်မှုတွေက မိမိတို့ အချင်းချင်းကြားက ဆက်ဆံရေးတွေမှာ ဘာတွေ အားနည်းခဲ့တာလဲ လိုအပ်ခဲ့တာလဲ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြားက မဟာမိတ်ဖွဲ့ခြင်းဆိုတဲ့ အခြေခံမူ ရှိခြင်း မရှိခြင်းတွေကို ပြန်လည် သုံးသပ်ပြင်ဆင်ဖို့ အခွင့်အလမ်းတွေကို ပစ်ပယ်ပြီး တရုတ်နိုင်ငံကိုသာ အပြစ်ပုံချတဲ့ သဘောမျိုး သက်ရောက်နေတာလည်း ဖြစ်ပါတယ်။
ပူးပေါင်းကြံစည်မှု သီအိုရီတွေက အစဥ်အမြဲ မှန်ကန်တာ၊ လက်တွေ့ဖြစ်စဥ်တွေနဲ့ ကိုက်ညီတာ ဖြစ်ချင်မှ ဖြစ်လိမ့်မှာ ဖြစ်ပြီး တချို့သော အနေအထားမှာ မိမိတို့ အားနည်းချက်ကို ဖုံးကွယ်ဖို့ အဆိုပါသီအိုရီကို ပုံချတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်တာ သတိပြုသင့်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar