နေသွင်ညိဏ်း - ဦးသန့် တရားထိုင်နည်း
ဦးသန့် တရားထိုင်နည်း
နေသွင်ညိဏ်း
(မိုးမခ) ဧပြီ ၁၁၊ ၂၀၂၆
(တရားထိုင်နည်း ဆိုပေမယ့် ဦးသန့် အကြောင်းဆိုတော့ စာနည်းနည်း ရှည်ပါမယ်။ လိုရင်းကတော့ နောက်ဆုံးမှာ ရေးထားတာကို ကျော်ဖတ်လိုက်ပါ)
ကျနော် ခပ်ငယ်ငယ်က လူကြီးတွေ ပြောတာ ကြားဖူးတယ်။ ဦးသန့်ဟာ မြန်မာလက်ဝှေ့သမားနဲ့ တခြားနိုင်ငံက လက်ဝှေ့သမားထိုးတဲ့ ပွဲမှာတောင် ဘယ်ဘက်ကမှ အားမပေးဘဲ လက်ဝှေ့ပညာကိုပဲ ကြည့်တဲ့ လူမျိုးတဲ့။ ဦးသန့်ရဲ့ ရင့်ကျက်မှုရယ် အမျိုးသားရေးစိတ်ဆိုတာကို ထိန်းသိမ်းထားနိုင်ပုံကို သူတို့က ပြောကြတာပါ။ တယောက်က ‘ ကျနော်တော့ ဒီလောက် သဘောထားမကြီးနိုင်ဘူး’ လို့ မှတ်ချက်ပေးတာလည်း မှတ်မိနေတယ်။ ဒီ ဇာတ်လမ်းကို လူကြီးတွေက ဘယ်စာအုပ်ထဲ တွေ့လဲ ကျနော် မမေးမိဘူး။ အခုထိလည်း ကျနော် မဖတ်မိဘူး။
ဒါပေမယ့် အမျိုးသားရေးစိတ်နဲ့ ပတ်သက်တဲ့ ဦးသန့် အယူအဆကိုတော့ သူရေးတဲ့ စာထဲ ဖတ်ဖူးတယ်။ ဦးသန့်ဟာ အမျိုးသားရေးစိတ်ကို မပယ်ဘူး။ ဒါပေမယ့် အစွန်းရောက်တာကိုကျ ဦးသန့်က လက်မခံဘူး။ ဝေဖန်တယ်။ ဒီမိုကရေစီနဲ့ လူပြိန်းကြိုက်ဝါဒ မတူတာကိုလည်း ဦးသန့်က ရေးခဲ့တယ်။
အခုကာလမှာ အမျိုးသားရေးဝါဒတို့၊ ဒီမိုကရေစီ၊ လူပြိန်းကြိုက် ဝါဒ အငြင်းအခုံတွေ တကျောပြန်လာနေတော့ ကျနော်က ဦးသန့်စာတွေကို သတိရတယ်။ ကုလသမဂ္ဂကြီး စက္ကူကျား ဖြစ်နေတာကို မြင်နေရတော့ ဦးသန့်ခေတ်ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ဩဇာကို သတိရတယ်။
ဦးသန့်ဟာ တက္ကသိုလ်ကျောင်းမပြီးပါဘူး။ ရန်ကုန်တက္ကသိုလ်ကို တက်ချင်လွန်းလို့ တနှစ်လောက်တော့ သွားတက်ခဲ့တယ်။ နောက်တော့ ဖခင်မဲ့သွားတဲ့ ညီတွေကို ထောက်ပံ့ဖို့ ကျောင်းက ထွက်ပြီး ကျောင်းဆရာ လုပ်တယ်။ အင်္ဂလိပ်စာ လေ့လာတာက ငယ်စဉ်ကတည်းက အင်္ဂလိပ်စာတတ်၊ စာဖတ်ဝါသနာထုံတဲ့ ဖခင်ရဲ့ ပြုစုပျိုးထောင်မှုရယ်၊ ကိုယ်ပိုင်ဝါသနာရယ်ကြောင့် သူတို့ခေတ် တက္ကသိုလ်ဘွဲ့ရတွေနဲ့ တန်းတူရည်တူပဲ။
တန်းတူရည်တူဆိုလို့သတိရစရာသေးတယ်။ ကုလအတွင်းရေးမှူး ( ကျနော့် အမေက စကြာဝတေးမင်းလို့ ခေါ်တယ်) ဦးသန့်ဖြစ်လာမယ့် ကိုသန့်နဲ့ အမျိုးသားခေါင်းဆောင် ဖြစ်လာမဲ့ ကိုအောင်ဆန်းတို့ဟာ ဂန္ထာလောက (ထင်တယ်) မှာ အပြန်အလှန် စာရေးကြတယ်။ ကိုအောင်ဆန်းက ကျောင်းသားတွေ တူညီဝတ်စုံ လိုအပ်တယ်လိုရေးတယ်။ ကိုသန့်က မလိုဘူးလို့ ရေးတယ်။ သဘောမတူကြတာပေါ့။
ကျနော် မူရင်းဆောင်းပါးတွေ မဖတ်ရပါဘူး။ သိပ်ဖတ်ချင်တယ်။ အဆိုနဲ့ အခြေ ဘယ်လောက် ရေးခဲ့ကြသလဲ သိပ်စိတ်ဝင်စားတယ်။ ဒီပုဂ္ဂိုလ်နှစ်ယောက်ရဲ့ အယူအဆတွေဟာ ငယ်စဉ်ကတည်းက နောင် သူတို့ဖြစ်လာမယ့် ဇ ကို ပြနေတယ်ပြောရမယ်။ တယောက်က နိုင်ငံရေးသမား၊ အမျိုးသားခေါင်းဆောင်ဖြစ်လာပြီး တယောက်က ကမ္ဘာ့စင်မြင့်မှာ ခေါင်းဆောင်ဖြစ်လာတယ်။
အိန္ဒိယရဲ့ နိုဗယ်ဆုရ စီးပွါးရေးပညာရှင်၊ အတွေးအခေါ်ရှင် အမာတြာဆင်းက Argumentative Indian ဆိုတဲ့ စာအုပ်ထဲမှာ ဂန္ဒီနဲ့ တဂိုးတို့ စရိုက်နဲ့ သဘောထား မတူပုံရေးပြတယ်။ ငြိမ်းချမ်းစွာ သဘောကွဲပုံပေ့ါ။ ဦးသန့်နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ သဘောကွဲပုံမျိုးပါပဲ။ တယောက်က အမျိုးသားရေးသမား၊ တယောက်က Idealist။ ဒါပေမယ့် သူတို့တွေ သဘောကွဲပုံဟာ တယောက်ကို တယောက် လေးစားတယ်။ အပေါ်ယံမဟုတ်ဘူးနော်။ တကယ်ကို တန်ဖိုးထား လေးစားမှုနဲ့သဘောကွဲကြတာ။ အမာတြာဆင်းက ဒါကို ရေးပြတာ။ မြန်မာပြည်အတွက်လည်း ဦးသန့်နဲ့ ဗိုလ်ချုပ်အောင်ဆန်းကို စံထားပြီး ဒီလို စာအုပ်မျိုး လိုတယ်။ လက်လှမ်းမီသူတွေ ရေးစေချင်တယ်။
ဦးသန့်နဲ့ ဦးနုက ငယ်သူငယ်ချင်းဆိုတာ သိကြတယ်။ တချို့က ကိုနုကြီးကို မမြရီနဲ့ ညားရအောင် ကိုသန့်က အောင်သွယ်သလိုလိုရေးကြတယ်။ ဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက ဂျပန့်ခေတ်မှာ မြန်မာတွေရွှေရည်စိမ်လွတ်လပ်ရေးရတော့ ပညာရေးပြုပြင်ပြောင်းလဲရေးကော်မတီလိုမျိုး အဖွဲ့အတွက် ဦးသန့်ကိုလှမ်းခေါ်တာ။ ဒါက ဂျပန်ခေတ် စစ်ဝန်ကြီး ဗိုလ်အောင်ဆန်းနဲ့ နိုင်ငံခြားရေးဝန် ကိုနုတို့ စနက်လို့ ကျနော် ထင်တယ်။ ကိုအောင်ဆန်းက ‘ ဟာ ဒီလူ မဖြစ်ဘူး။’ လို့ တခွန်းမပြောခဲ့ဘူး။ ကိုယ်တွေဆို တိုင်းသိပြည်သိ သတင်းစာက သဘောကွဲခဲ့တဲ့လူတယောက်ကို ဒီလိုနေရာပေးဖို့ ကိစ္စ နည်းနည်းများ စဉ်းစားမလား။ ကျနော်ဆိုလိုတာက ဒါမျိုးပါ။ ဒီလူကြီးတွေ ချစ်ဖို့ကောင်းလိုက်ပုံများ။
ဦးသန့်ဟာ ဦးနုရဲ့ တာဝန်ပေးမှုနဲ့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ( အခုဦးကျော်မိုးထွန်းနေရာ) ဖြစ်လာတယ်။ ကမ္ဘာ့ရေးရာတွေမှာ တက်တက်ကြွကြွနဲ့ဆောင်ရွက်တယ်။ တတိယကမ္ဘာအုပ်စုမှာ ခေါင်း ဆောင်ဖြစ်လာတယ်။ နောက်တော့ ပြိုင်ဘက် နိုင်ငံကြီးတွေက လက်ခံလို့ ကုလသမဂ္ဂမှာ အမြင့်ဆုံး တာဝန်ယူတယ်။ လေယာဉ်ပျက်ကျလို့ဆုံးသွားတဲ့ ဒက်ဟမ္မားရှိုးရဲ့ လက်ကျန်သက်တမ်းရော နောက် ထပ် ၅ နှစ် သက်တမ်း ၂ ခု တာဝန်ထမ်းခဲ့တယ်။ ဦးသန့်က သူ့ရာထူးသက်တမ်းကို တာဝန်စယူချိန်ကနေတွက်ဖို့ပြောပေမယ့် ပြိုင်ဘက်တွေဖြစ်တဲ့ အမေရိကန်နဲ့ ဆိုဗီယက် အုပ်စု ၂ ဘက်စလုံးက ဦးသန့်ကို မထွက်ခိုင်းကြဘူး။ ဦးသန့်ရဲ့လုပ်ရည်ကိုင်ရည်နဲ့ မျှတတဲ့ သဘောထားကို လေးစားကြလို့။
ရယ်စရာလေးတခု သတိရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဥရောပ ခရီးစဉ်တခုမှာ မိန့်ခွန်းပြောရင်း အရွှန်းဖောက်သွားတာ။ ဦးသန့်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး ရာထူးပေးမယ်လုပ်ကြတော့ ရှားရှားပါးပါးကန့်ကွက်တဲ့အထဲ ပြင်သစ်နိုင်ငံလည်း ပါသတဲ့။ ပြင်သစ်ရဲ့ အကြောင်းပြချက်က ဦးသန့်ဟာ အင်္ဂလိပ်ဘာသာတမျိုးပဲတတ်လို့တဲ့။ ဒက်ဟမ္မာရှိုးကတော့ ကုလသမဂ္ဂရဲ့ တခြားဘာသာစကား ပြင်သစ်စကားရော နောက်ထပ် ၂ မျိုးလောက် တတ်သေးတယ်ထင်တယ်။ မမှတ်မိတော့ဘူး။ ဒီအကြောင်းပြချက်က မဆိုးသေးပါဘူး။ ဒုတိယအချက်အနေနဲ့ ဦးသန့်ဟာ အရပ်ပုနေတယ်တဲ့။
ဒီတော့လည်း အခုခပ်အေးအေးနေနေတဲ့ ဦးသန့်ရဲ့ ငယ်ငယ်က ရေးတဲ့စာတွေထဲက ဇ ဟာ ထွက်လာတယ်။ ပြင်သစ်ဧကရာဇ် နပိုလီယံက ဘယ်လောက်များအရပ်မြင့်လို့လဲလို့ ဦးသန့်က သံတမန်လမ်း ကြောင်းက စကားပါးလိုက်သတဲ့။ ဒီဇာတ်လမ်း ဒီမှာ ဆုံးသွားတယ်။ အမှန်လည်း နပိုလီယံက ၅ ပေ ၆ လက်မဆိုတော့ ပြင်သစ်တွေထဲ လူပုလေးတယောက်ပဲ။ မြန်မာတယောက်ရဲ့ သာမာန်အရပ်အမောင်းပါပဲ။ သာမန်ပြောတာပါ။ 🙂
ဒီလိုပါ။ ဦးသန့်ခေတ်က စစ်အေးခေတ်ဆိုပေမယ့် တကယ်က စစ်မအေးဘူး။ နွေးလာလိုက်၊ စစ်ပူဖြစ်သွားလိုက်ပဲ။ အားလုံးသိကြတဲ့ ကျူးဘား အရေးအခင်းဖြစ်တယ်။ နယူးကလီးယားစစ်ကို ဦးတည်နေခဲ့တယ်။ အရှေ့အလယ်ပိုင်းမှာ ၆ ရက်စစ်၊ ဗီယက်နမ် တောင်နဲ့ မြောက်၊ ကက်စမီယား ပြဿနာ စသဖြင့် ဦးသန့် ကြားဝင်ရှင်းပေးရတဲ့ စစ်ပွဲတွေ မနည်းဘူး။ ဒါကြောင့် မြန်မာစာရေးဆရာတချို့က ဦးသန့်ကို ကမ္ဘာငြိမ်းချမ်းရေး ဗိသုကာလို့ တင်စားရေးကြတယ်။ ဦးသန့်ရဲ့ မြေး ဒေါက်တာသန့်မြင့်ဦးရေးတဲ့ နောက်ဆုံးစာအုပ်ကလည်း Peace Maker တဲ့။
ကျနော် ဦးသန့်ရဲ့ စိတ်နေစိတ်ထားကို စိတ်ဝင်စားနေတာ ကြာပြီ။ အခုခေတ်လို ပြောရင် ဦးသန့်ဟာ ဖောက်ထွက် စဉ်းစားသူ။ သတင်းစာ ဆောင်းပါးရှင်ဘဝမှာ တခြားဘက်က ဆင်ခြင်ရမယ့် ကိစ္စတွေကို အမြဲရေးခဲ့တယ်။ အမျိုးသားရေး၊ ဒီမိုကရေစီကနေ ကိုအောင်ဆန်းနဲ့ အပြန်အလှန်ရေးကြတဲ့ ဒီဘိတ်အထိပေါ့လေ။ ဒီလူကြီးဟာ အများနဲ့ ရောယောင်သိပ်မလုပ်ခဲ့ဘူးပေါ့။ ကုလသမဂ္ဂရောက်သွားတော့ ဦးသန့်က အထူးသတိထားတယ်။ တတိယကမ္ဘာက လာတဲ့ ဒေါသကုမ္ဘာရလို့ တခြားသူတွေရဲ့အမြင်မှာ မဖြစ်အောင် သတိထားတယ်ဆိုတယ်။ တည်တည်ငြိမ်ငြိမ်၊ ဖြောင့်ဖြောင့်မှန်မှန်၊ ယဉ်ယဉ်ကျေးကျေး၊ ထက်ထက်မြက်မြက် ဒီလိုမျိုးပေါ့။
ဒီလောက် ကြီးလေးတဲ့ တာဝန်တွေကြား၊ အင်မတန် ထိလွယ်ရှလွယ် အခြေအနေတွေမှာ ဦးသန့်ဟာ သူ့တာဝန်ကိုလည်း ပီပီပြင်ပြင်လုပ်ခဲ့တယ်။ ဘယ်ဘက်မှမလိုက်ဘူး။ သူ့မူအတိုင်း အစွဲကင်းကင်းဓမ္မ ဒိဋ္ဌာန်ကျကျပြောတယ်။ လုပ်တယ်။ တချို့က ဒါဟာ ဦးသန့်ဟာ ဗုဒ္ဓဘာသာ ပီပီသသ မဇ္ဈိမပဋိပဒါ လမ်းကိုလိုက်နိုင်တာကြောင့်လို့ ပြောတာလည်း ကြားဖူးတယ်။ မဇ္ဈိမပဋိပဒါဆိုလို့မလုပ်မရှုပ် မပြုတ်လို့ တချို့က ထင်နေလိမ့်မယ်။ ဒီလို မဟုတ်ပါဘူး။ ပါချုပ်ဆရာတော်ရဲ့ စကားကို ကိုးကားရရင် မဇ္ဈိမပဋိပဒါ ဆိုတာ ရွေးချယ်ရတယ်။ ခြံစည်းရိုးသွားခွ ထိုင်နေတာ မဟုတ်ဘူး။ ဥပမာ ဗီယက်နမ်စစ်မှာ ဦးသန့်ဟာ အမေရိကန် အစိုးရကို ဝေဖန်တယ်။ ဗီယက်နမ်ပြည်သား တယောက်သေတိုင်း ကျွန်ုပ်ဝမ်းနည်းရတယ်။ အမေရိကန်စစ်သားတယောက်သေတော့လည်း ထိုနည်းအတိုင်းဝမ်းနည်းရတယ်။ အကြမ်းဖက်နေတာတွေကို ရပ်ပါလို့ ပြောတာမျိုးပေါ့။
ဦးသန့်ဟာ သူ့ခေတ်က ဗုဒ္ဓဘာသာတယောက်ရဲ့ ဂုဏ်ကို အကောင်းဆုံးပြသနိုင်ခဲ့တယ်လို့ ကျနော် ယူဆတယ်။ ဒီပုဂ္ဂိုလ်ဟာ ဗုဒ္ဓ အဆုံးအမကို လမ်းညွှန် အနေနဲ့ ထားတာကြောင့် ဒီကိစ္စမှာ ဒီလို မျှမျှတတ တည်တည်ကြည်ကြည်ဆောင်ရွက်နိုင်တာပါလားလို့ တွေးခဲ့သူ နည်းမယ် မထင်ဘူး။ ဒါက ကျနော် အမြင်သက်သက်ပါ။ Peace Maker ကို ဖတ်နေရင်းနဲ့ တနေရာမှာ ဦးသန့်ရဲ့ တရားထိုင်နည်းကို သွားတွေ့တယ်။ တရားထိုင်တယ်ဆိုလို့ ဦးသန့်ဟာ ဘုရားစင်ရှေ့သွားပြီး သွားထိုင်တာမျိုးမဟုတ်ဘူးတဲ့။ အချိန်လည်း ရှိချင်မှ ရှိမှာကိုး။ မနက်မိုးလင်းတာနဲ့ ဦးသန့်ဟာ အိပ်ရာက နိုးနိုးချင်း မထ လိုက်ဘူး။ သတိလေး ကပ်ပြီး ဝင်သက် ထွက်သက်ကို ရူ့တယ်။ ပြီးရင် ကောင်းတဲ့ အတွေး၊ တနေ့တာကို အကောင်းမြင်စိတ်နဲ့ စတင်လေ့ရှိတယ်တဲ့။
ဒါ လူတိုင်းလုပ်နိုင်တဲ့ ကိစ္စပဲလို့ ကျနော်ထင်တယ်။ ဘုရားစင်ရှေ့ ထိုင်နိုင်ရင်၊ တရားစခန်း ဝင်နိုင်ရင် အတိုင်းထက် အလွန်ပါပဲ။ ဒါပေမယ့် ဒီလောက် ကိစ္စတွေ များမြောင်၊ အနိဋ္ဌာရုံတွေ ပြည့်လွှမ်းနေတဲ့ လူနေမှုပုံစံနဲ့ မျက်မှောက်အခြေအနေမှာ ဦးသန့်နည်းကပဲ ကျနော်တို့လို လူ့အန္ဓ လက်တွေ့ကျမယ်လို့ ကျနော်ထင်တယ်။ ဦးသန့် လောက်တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း ဒါကို နယ်နယ်ရရတော့ မမှတ်ယူထိုက်ပါဘူး။
လဲလျောင်းနေရင်းလည်း သတိမပြတ်တာက ကာယာနုပဿနာထဲ အကျုံးဝင်သလို၊ လောကကြီးကို အဆိုးမမြင်ဘဲ မယုတ်မလွန် သဘောထားတာကလည်း ယောနိသော မနသိကာရ ထဲ အကျုံးဝင်တယ်လို့ ယူရင် ရမယ်ထင်ပါတယ်။ မှားနေရင် ပြင်ပေးကြပါ။
နေသွင်ညိဏ်း
၁၀ ဧပြီ၊ ၂၀၂၆
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
