Breaking News

ငြိမ်းဝေ - ဒုံသမိချောင်းပေါ်က ကြယ်နီ ၉

Art- Than Htay Maung 

ဒုံသမိချောင်းပေါ်က ကြယ်နီ ၉


ဇာတ်တူသားစား  စီးပွားရှာမျာသူများနှင့် 

မိုင်းထောင်ဝိဇ္ဇာ တောပုန်းကြီး ဦးကသေးဖိုး

ငြိမ်းဝေ

(မိုးမခ) ဧပြီ ၂၄၊ ၂၀၂၆ 


၁။ 

ကျောက်ကမ်းပါးရံကြီးအောက် ခြုံနွယ်ပိတ်ပေါင်းများကြားက သည်တဲကလေးတွင် ကျနော်တို့သုံးယောက် နှစ်ညအိပ်ခဲ့ကြ၏။ တဲပိုင်ရှင်မှာ ကျနော်နှင့် တပ်ကြပ်ကြီးဖါးတေးကို ကျောက်ဖြာရွာထိပ်မှ ထွက်ကြိုခဲ့သူ ကရင်အဘိုးကြီးဖြစ်သည်။ 


ကရင်အဖိုးကြီး၏အမည်မှာ “ဦးကသေးဖိုး” ဖြစ်ကြောင်း၊ သ ည်ဒေသတဝိုက်တွင် KNU ၏  တဦးတည်းသော မိုင်းထောင်ဝိဇ္ဇာကြီးအဖြစ် ကျော်ကြားသူဖြစ်ကြောင်း၊ မည်သည့်သင်တန်းမှမတက်ဖူးဘဲ ဝါသနာအရကြိုးစားပြီး နအဖစစ်ကား ၅ စီးအထိ မိုင်းထောင်ဖျက်ဆီးထားသူဖြစ်ကြောင်း ကျနော့်ကို တပ်ကြပ်ကြီးဖါးတေးက ပြောပြထား၏။ လွန်ခဲ့သည့်နှစ်က KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဘိုမြက ဦးကသေးဖိုးကို မာနယ်ပလောသို့ခေါ်ကာ ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခဲ့၏။ ဦးကသေးဖိုးကို ရန်သူစစ်တပ်က အသေရရ အရှင်ရရ လိုချင်နေကြသည့်အကြောင်း၊ ထို့ကြောင့် ဦးကသေးဖိုးမှာ ကျောက်ဖြာရွာထဲတွင်မနေဘဲ သည်လျှို့ဝှက်တဲကလေးတွင် လာနေသူဖြစ်ကြောင်းလည်း ကျနော်သိလာရ၏။ 


ဦးကသေးဖိုးက သူ့တဲကို မ ည်သူမျှအလာမခံခဲ့၊ ယုတ်စွအဆုံး သူ့ဇနီးသည်ပင် သူ့တဲကိုမသိ။ ကျနော်နှင့် တပ်ကြပ်ကြီးဖါးတေးကိုမူ ဦးကသေးဖိုးကိုယ်၌က သူ့တဲကလေးဆီ ခေါ်လာခြင်း ဖြစ်သည်။ ဦးကသေးဖိုးက ကျနော့်ကို တော်လှန်ရေးအသံလွှင့်ဌာနသတင်းထောက်ဖြစ်သဖြင့် အထူးစိတ်ဝင်စားနေသူဖြစ်ကြောင်း တပ်ကြပ်ကြီးဖါးတေးက ကျနော့်ကိုပြောပြ၏။


ဦးကသေးဖိုးက အသက် ငါးဆယ်ကျော်ပြီး  အရပ်တော်တော်ပု၏။ ကိုယ်လုံးကိုယ်ထည်က ကျစ်လစ်မာကြောပြီး သေးကွေး၏။ သူ့အမည် “ဦးကသေးဖိုး”၏အဓိပ္ပါယ်မှာ မြန်မာလို “မြင်းပုလေး”ဟု အဓိပ္ပါယ်ရလေသည်။


ဦးကသေးဖိုး၏တဲမှာ ပေါင်မုန့်ကို ဓါးဖြင့်လှီးချထားသလိုဖြစ်နေသော ကျောက်ကမ်းပါးယံကြီးအောက်၌ ရှိ၏။ ဒုံသမိချောင်းနှင့်မူ နီး၏။ 


ကျောက်ဖြာရွာထိပ် မိုင်းကွဲပြီးနောက် နှစ်ညအိပ်သုံးရက်ရှိသောအခါ မိုင်းကွဲခြင်းနှင့်သက်ဆိုင်သောသတင်းများ ထင်မြင်ယူဆချက်များကို ကျနော်တို့ထံ စက်ဖြင့်ဒလစပ် ရောက်နေခဲ့၏။ ထိုသတင်းများအနက် မိုင်းကွဲသ  ည့်နေ့ကတည်းက တပ်မဟာမှူးဗိုလ်ချုပ်ကျော်လင်းပြောခဲ့သောစကားကို ကျနော်အကြီအကျယ် စိတ်ဝင်စားခဲ့၏။ တပ်မဟာမှူးက “ ခင်ဗျား မယုံရင်ကြည့်နေ နောက်သုံးလေးရက်ဆိုရင် ကားမိုင်းဘိုးတောင်းတဲ့စာတွေ ထွက်လာလိမ့်မယ်၊ ဒီကောင်တွေ သုတို့ကား သူတို့ဖါသာမိုင်းထောင်ပြီး စီးပွါးရှာတာ ကိုငြိမ်းဝေရေ”ဟု ကျနော့်ကို စက်ဖြင့်ပြောခဲ့‌၏။ တပ်မဟာမှူးပြောခဲ့သောစကားတခုကလည်း မှန်သည်။ သည်ကနေ့နေ့လည်တွင် ဦးကသေးဖိုးက စစ်တပ်ကပို့ပေးသော အမိန့်စာတရွက်ကို ကျောက်ဖြာရွာသူကြီးမှတဆင့် ကျနော့်ထံ ယူလာပေး၏။ ကားမိုင်းအခွဲခံရသည့်ကား နံပါတ်မှာ န/ ၇၈၃ု၄ ဖြစ်၏။ ကားတန်းအတွင်းပါဝင်သော အခြား ကားများမှာ နငယ်ထိပ်စီးတပ် နံပါတ်အများစုဖြစ်သည်ကို ရွာကာလသားခေါင်းဆောင် ပေးပို့သောသတင်းအကူအညီဖြင့် ကျနော်သိလာရ၏။


ကားမိုင်းပေါက်အပြီး နှစ်ရက်ရှိသောအခါ ကျောက်ဖြာရွာတွင် တပ်စွဲထားသည့် တပ်မ ၉၉ လက်အောက်ခံ ခလရ ၃၀၂၊ တပ်ခွဲ ၃ ၊ တပ်ခွဲမှူး ဗိုလ်အေးကို၏ လက်မှတ်နှင့် “ကျောက်ဖြာရွာ”၊ “ကွေလေရွာ”၊ “ကျုံထော်ရွာ” တို့အား သုံးရက်အတွက် စုစုပေါင်း ကားဘိုးငွေတစ်သိန်းကို  ငါးရက်အတွင်းပေးရမည်ဟူသောအမိန့်စာကို ထိုကျေးရွာများသို့ ပို့လာခဲ့၏။ ,(ထိုစဉ်က ငွေကြေးတန်ဘိုးအခြေအနေမှာ မူလတန်းပြကျောင်းဆရာ၏ လစာမှာ ၁၂၆ ကျပ်ဖြစ်၏။)


ထိုအခါ ဗိုလ်ချုပ်ကျော်လင်း ပြောပြသောစကားက ကျနော့်ကို တော်တော်လေး အာရုံဖမ်းစားထားပြန်သည်။


“ ဒီမှာက သူတို့ကားတွေ မိုင်းခွဲခံရရင် ဘေးနားကရွာတွေကို ကားမိုင်းဘိုးဆိုပြီး အတင်းအ‌လျော်တောင်းတာဗျ။ တွေးစရာတွေ အများကြီးရှိတယ်ကိုငြိမ်းဝေ၊ ကျနော်ကတော့ ဒီကောင်တွေ သူတို့ကားကို သူတို့ဖါသာမိုင်းထောင်ပြီး စီးပွါးရှာသွားတာ၊ ကျနော်ကတော့ အဲသလိုပဲ မြင်တယ်။ ဖါးတေးကို ကျနော် တော်တော်ပြောပြထားပြီးပြီ၊ သူ့ကိုသာ ခင်ဗျား မေးကြည့်၊  သူရှင်းပြလိမ့်မယ် ”


တပ်မဟာမှူးက လမ်းလျှောက် စကားပြောစက်ထဲမှာမို့ ကျနော့်ကို ရှည်ရှည်ဝေးဝေး ရှင်းမပြပါ။ ကျနော့်မှာ တပ်ကြပ်ကြီးဖါးတေး၊  တောပုန်းကြီး ဦးကသေးဖိုးနှင့် တနေကုန်တနေခမ်း မေးရမြန်းရ စောဒကတက်ရတော့၏။ အကြေအလည် ပြောကြဆိုကြပြီးမှ ကျနော့်မှာ အဖြစ်မှန်ကို ရိပ်ဖမ်းသံဖမ်းသိလာရ၏။ 


၂။

နအဖစစ်တပ်က သူတို့စစ်ကားကို သူတို့ကိုယ်တိုင်မိုင်းထောင်ပြီး စီးပွါးရှာခဲ့သည်….ဆိုသောအချက်အတွက် အရေးကြီးသောအကြောင်းအချက်များအနက် အရေးအကြီးဆုံးအချက်မှာ ကျောက်ဖြာရွာထိပ်တွင်ပင် မိုင်းကွဲသည့်ကိစ္စ ဖြစ်သည်။


သည်ဒေသတဝိုက်တွင် မိုင်းထောင်သည့်အလုပ်ကို ဦးကသေးဖိုးမှလွဲ မည်သူမျှ မထောင်တတ်ကြပါ။ ဒါ့အပြင် အံ့ဩဖို့ကောင်းသည်မှာ မိုင်းကွဲသည်မှာ ရွာနှင့်နီးယုံတင်မက ရွာထိပ်တွင်ပင် မိုင်းကွဲခဲ့ခြင်းကိစ္စ။ ဦးစွာပထမအားဖြင့် ယခုမိုင်းမှာ သူလုံးဝ မြှုပ်နှံဖေါက်ခွဲခြင်းမဟုတ်ကြောင်း ဦးကသေးဖိုးက အခိုင်အမာ ငြင်း၏။ အကယ်၍ မဖြစ်မနေ မိုင်းထောင်ဖို့ လိုအပ်လာလျင်လည်း သူသည် ရွာထိပ်မပြောနှင့် ရွာနှင့်နီးသောနေရာတွင် လုံးဝမိုင်းမထောင်ဟု ဦးကသေးဖိုးက ပြော၏။ အဘယ့်ကြောင့်ဆိုသော် ထောင်ထားသည့်မိုင်း ပေါက်ကွဲခဲ့သည်ရှိသော် မိုင်းပေါက်သည့်နေရာနှင့် အနီးဆုံးကျေးရွာကို နအဖစစ်တပ်က မဲမဲမြင်ရာပစ်ခတ်ကြ ရွာကိုမီးတင်ရှို့ကြလေ့ရှိသဖြင့် သူသာဆိုလျင် ရွာထိပ်တွင်မိုင်းထောင်ခြင်းဖြင့် ကိုယ့်ရွာကို ကိုယ်ကိုယ်တိုင်ဒုက္ခပေးသလိုဖြစ်မှာစိုးသည့်အတွက် သူဘယ်တော့မှမလုပ်ဟု ဦးကသေးဖိုးက ငြင်း၏။ ထို့ပြင် စဉ်းစားရမည့်အချက်မှာ မိုင်းမှာ ရွာသားတွေ တံမြက်စည်းလှဲသ ည့်နေရာများတွင်မပေါက်ဘဲ ရွာအတွင်းဘက်မကျတကျ ရွာထိပ်တွင်ပင် မိုင်းပေါက်ခဲ့၏။ 


ထည့်သွင်းစဉ်းစားဖို့ ကောင်းသည်မှာ စစ်ကားတန်းများမဆင်းခင် တရက်အလိုကတည်းက  လမ်းလုံခြုံရေးအကြောင်းပြကာ နအဖစစ်သားများ ကျောက်ဖြာရွာကို ရောက်လာနေကြပြီးဖြစ်သဖြင့် သူတို့မျက်စေ့ရှေ့မှောက်တွင် မိမိဘက်မှ မည်သူမျှ မိုင်းသွားထောင်လို့မရဟုလည်း တပ်ကြပ်ကြီးဖါးတေးရော ဦးကသေးဖိုးကပါ အခိုင်အမာ ပြောလာကြ၏။ ထို့ပြင် မိုင်းကွဲသည့်အချိန်က စစ်သားများသည် ရွာကို ပစ်လားခတ်လားမလုပ်ကြ၊ အိမ်တွေကိုလည်း မီးမရှို့ကြ။ အဘယ့်ကြောင့်ပါနည်း။ 


သည်အချက်အပေါ်မူတည်ကာ အမှန်တကယ်တော့ နအဖစစ်တပ်က သူတို့ကားကို သူတို့ကိုယ်တိုင် မိုင်းထောင်ခြင်းဖြစ်ကြောင်း၊ ရွာထဲမှာပင် မိုင်းကွဲသည့်တိုင် ရွာကိုဒုက္ခမပေးသည်မှာ ကားမိုင်းဘိုး အလွယ်တကူတောင်းလို့ရအောင်သာဖြစ်ကြောင်း တပ်မဟာမှူး ဗိုလ်ချုပ်ကျော်လင်းက ယူဆခဲ့ ကောက်ချက်ချခဲ့၏။ ( သည်အချက်ကိုပိုပြီးခိုင်မာစေသည်မှာ ကားမိုင်းဘိုးများပေးဆောင်ရန်သတ် မှတ်ထားသည့်ရက်နှင့် ငါးရက်အကွာတွင် ကားမိုင်းဘိုး စာထွက်တောင်းဆိုသည့်တပ်ခွဲမှာ နောက် တန်းသို့ ပြန်ဆုတ်ပြီးတပ်ချိန်းသွားကြ၏။ တကယ်တော့ ပြန်ကာနီး ကိုယ့်ကားကိုကိုယ်တိုင်မိုင်းခွဲကာ စီးပွါးရှာသွားကြခြင်းသာဖြစ်သည်ဆိုသည်မှာ နောင်မှ ပိုမိုသိလာကြရခြင်း ဖြစ်သည်။)


ထို့ပြင် ကျနော့်စိတ်ထဲ နောက်ထပ် စွဲထင်နေသည့်အချက် ရှိပြန်သေး၏။ ကျောက်ဖြာရွာထိပ် မိုင်းကွဲသည့်သတင်းကို အခင်းဖြစ်ပွားပြီး နောက်နှစ်ရက်ရှိသောအခါ VOA မှ သတင်းကြေညာသွားသည့်ကိစွဖြစ်သည်။

ထိုနေ့က ခရီးသည်တင်ကားတစီးကို ကရင်သောင်းကျန်းသူများက မိုင်းခွဲတိုက်ခိုက်သည့်အတွက် ရဟန်းတော်တပါးပျံလွန်တော်မူကာ ကားမောင်းသူမှာ အပြင်းအထန်ဒဏ်ရာရကြောင်း  VOA မှကြေညာသွားသည့်အချက်က ကျနော့်ကို ထပ်ပြီးအံ့ဩရ အတွေးပွါး‌ရ‌ေစပြန်သည်။


သတင်းကမူ အမှန်တဝက် အမှားတဝက်။ မှန်သည်မှာ ရဟန်းတပါး ပျံလွန်တော်မူပြီး ကောင်းမောင်းသူဒဏ်ရာရ ဆိုသည့်အချက်မှာမှန်ပြီး ခရီးသည်ကားဆိုသည့်အချက်ကမူ မှား၏။ အမှန်မှာ နအဖက ပြောဆိုသုံးနှုန်းသည့် အောင်သိဒ္ဒိလမ်းမှာ ခရီသည်ကား ပြေးဆွဲသည့်လမ်းမဟုတ်ဘဲ နအဖ၏ နွေရာသီစစ်သုံးကားလမ်းသာဖြစ်ပြီး ကားမှာလည်း အရပ်ကားမဟုတ် စစ်ကား၊ ဒဏ်ရာရသူမှာ စစ်သားဖြစ်၏။ ပျံလွန်တော်မူသည့်ရဟန်းမှာ အလှူအတွက် ကမ္မမောင်းသို့ အလှူပစ္စည်းဆင်းဝယ်ရန် ကားကြုံစီးလာသည့် ရဟန်းဖြစ်၏။


ယင်းသတင်းကို VOA မှ သတင်းတက်လာသောအခါ ထိုအချိန်က အခင်းဖြစ်သည့်နေရာတွင် ကိုယ် တိုင်ကိုယ်ကျရှိနေသောသတင်းထောက်မှာ ကျနော်တဦးတ ်းသာဖြစ်၏။ သို့သော် ကျနော့်မှာ ထိုသတင်းကို VOA သို့ အချိန်နှင့်တပြေးညီပို့နိုင်ရန် မည်သည့်ခေတ်မီဆက်သွယ်ရေးပစ္စည်းမျှ မရှိ။ ထို့ပြင် သတင်းကလည်း သတင်းအမှန်မဟုတ်ပြန်။ တဖက်သတ် နိုင်ငံရေးအမြတ်ထုတ်သည့်သတင်း ဖြစ်နေပြန်သည်။ ထိုသို့ဆိုလျင် ထိုသတင်းကို VOA သို့ အချိန်နှင့်တပြေးညီ ပို့နိုင်သူမှာ မည်သူဖြစ်သနည်း။ KNU ကို တမင်သက်သက် ထိခိုက်အောင်သတင်းပို့ခဲ့သူ ပို့နိုင်သူမှာ မည်သူဖြစ်နိုင်သနည်း။ ကျနော့်မှာ အချိန်တော်တော်ကြာသည်အထိ ထိုသတင်းအတွက် ကြိတ်မနိုင်ခဲမရ ဖြစ်နေခဲ့ရ၏။


ငြိမ်းဝေ

( အပိုင်း ၁၀ သို့ ဆက်လက်အားပေး ဖတ်ရှုပါရန် မေတ္တာရပ်ခံအပ်ပါသည်။ )

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar