Breaking News

ကိုနီတွတ် - သည်းခြေပျက် ဇာတ်ပျက်ပုဏ္ဏားများ

ကိုနီတွတ် - သည်းခြေပျက် ဇာတ်ပျက်ပုဏ္ဏားများ

မိုးမခ ၊ မေ ၂၅ ၊ ၂၀၂၆


"တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ တို့ပြည် တို့မြေ၊ အကျိုးကို ညီညာစွာ တို့တတွေ ထမ်းဆောင်ပါစို့လေ၊ တို့တာဝန်ပေ အဖိုးတန်မြေ"

နိုင်ငံတော်သီချင်း စာသားများ။ အသုံးအနှုန်း အလွန်လှပါသည်။ အဓိပ္ပာယ်ရှိလှပါသည်။ သံစဉ်ချိုသာလှပါသည်။ မြန်မာပြည်သူအားလုံးက တခုတ်တရ မြတ်မြတ်နိုးနိုး ဆိုကြပါသည်။ သို့သော် ဤစာသားများကို တစာစာ ရွတ်ဆိုနေရုံဖြင့် တာဝန်ကျကြပြီလော။ တစာစာရွတ်ဆိုမှုလောက်သာ အဆုံးသတ်နေရုံဖြင့် ပစ္စက္ခ မြန်မာပြည်၏ အခြေအနေများအပေါ် သက်ရောက်မှု ရှိပါ၏လော။ နားထောင်၊ ခံစား၊ ရွတ်ဆိုရုံဖြင့် အဆုံးသတ်ပြီး အတွေးများ သေနေကြလျှင် ၂၁ ရာစု နွေဦးတော်လှန်ရေးကြီးသည် အချိန်ကြာလာသည်နှင့် အီလယ်လယ် ရင်ပြည့်ရင်ကယ်ကြီးသာ ရှိပါလိမ့်မည်။ စစ်ရေးသုခမိန်တစ်ဦးက ဆိုခဲ့ဖူးသည်။ 

"နိုင်ငံရေးသည် စီးပွားရေး၏ ကွင်းဆက်၊ စစ်ရေးသည် နိုင်ငံရေး၏ ကွင်းဆက်။ နိုင်ငံရေးသည် သွေးမထွက်သော စစ်ရေး၊ စစ်ရေးသည် သွေးထွက်သော နိုင်ငံရေး" ဟူ၏။ ဤသို့ဤနှယ် သဘောပေါက်ကြပါလျှင် ကောင်းလေစွဟု တောင့်တမိပါ၏။

"ထလော့ မြန်မာ၊ မြန်မာ ထလော့" ဆရာကြီးဇော်ဂျီ၏ ကဗျာစာသားများကို ငှားသုံးပြီး အောင်စိတ်နှင့် အချို့အမှောင်ပိတ်နေမှုများကို မိုတီပေး နိုးဆော်ချင်ပါသည်။ သာမန်အပေါ်ယံကြည့်လျှင် နွေဦးတော်လှန်ရေးကြီးသည် အရှိန်အဟုန် အနည်းငယ်ကျသွားသလို သိမ်းပိုက်ထားသော မြို့ရွာအချို့ ပြန်လည်လက်လွတ်လိုက်ရတာလည်း ငြင်းမရသည့် အမှန်တရား။ သန္ဓေမမှန်သောသူအချို့ အမှောင်ဝင်သွားသလို ထိုသူများ၏ သတင်းပေးမှုကြောင့် တော်လှန်ရေးတပ်များ၏ တည်နေရာအချို့ ဗုံးအကြဲခံရ၊ ဝင်အစီးခံရသည်မှာလည်း မမှားပါ။ အကျအဆုံး အဖိတ်အစဉ်များလည်း အဘယ်ကြောင့် မရှိရမှာလဲ။

သွေးတုအုပ်စု၏ နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် မြန်မာနိုင်ငံကြီး အေးချမ်းသာယာ ပျော်ရွှင်နေပါကြောင်း ပွဲအမျိုးမျိုးစီစဉ်၍ အကြီးအကျယ် ဝါဒဖြန့်ခြင်း၊ အလိမ်အညာ သတင်းတုများဖြင့် တစ်စုံတစ်ခုကို ဖုံးစေလိုသော် အကျော်ဇေယျဖြစ်အောင် ဖန်တီးခြင်းများဖြင့် မကြာခဏ။ ရွေးတုသမ္မတ ဂျပုကြီးကလည်း အဆီမဖြစ် အနှစ်မပါ ဘလာဘလာစကားများကိုလည်း အကွက်မစေ့ အရှက်မရှိ ထွက်ထွက်ပြီး မျက်နှာပြောင်တိုက်နေသည်မှာလည်း အောချစရာ။ မဟုတ်တရုတ်သတင်းတွေက တစ်ဖုံ၊ အနှီငတိ၏ လော်ဘီချန်နယ်များကလည်း ဖြတ်ညှပ်ကပ်ဖြင့် တစ်နည်း၊ ဘုန်းတော်ဘွဲ့ မြှောက်ပင့်မှုက တစ်သွယ်၊ မယုံနိုင်မှန်းသိသိကြီးဖြင့် လုပ်ကြံဖန်တီး အချည်းနှီးများက တစ်မျိုး စသဖြင့် ပကတိအခြေအနေများနှင့် ကင်းကွာနေပုံများကလည်း အတောမသပ်၊ မရပ်မနား၊ မမောမပန်း။

ရှေ့ဆောင်နွားဦး၊ တကယ်ရူးတော့၊ အရူးနောက်လိုက်၊ နွားတစ်သိုက်လည်း၊ မိုက်မိုက်မဲမဲ၊ အလွဲအမှား၊ လုပ်ရပ်များကြောင့်၊ တိုင်းကားပြည်ထောင်၊ အမှောင်တွေဖုံး၊ အပူလုံးကြွ၊ လူလုံးမလှ၊ ချုံးချုံးကျခဲ့သည်မှာလည်း မြန်မာပြည်အနှံ့ ပြာပုံ၊ မီးခိုးလုံး၊ မီးလျှံမီးစွယ်များ တောက်လောင်နေသည့် ပြည်သူ့မြို့ရွာများ။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးမဟုတ် သူတို့အာဏာ တည်တံ့ခိုင်မြဲရေးအတွက် ပြည်သူလူထုကို ချနင်းနေသည်မှာ စစ်မှုမထမ်းမနေရ မတော်မရော်တာတွေကို တစ်သီတည်း အတည်ပြု။ မဲဖောက်၊ အလှည့်ကျ၊ အတင်းအဓမ္မခေါ်၊ ပေါ်တာဆွဲ၊ အလှူပွဲမှာဆွဲ၊ ပွဲပြန်ဆွဲ၊ အမှောင်ခိုဆွဲ၊ ဘုန်းကြီးကျောင်းဝင်ဆွဲ၊ ထမင်းစားရင်းဆွဲ၊ ကျောင်းများကိုဆွဲ၊ အသက်မပြည့်သေးသူများကို ဝင်ဆွဲနေကြပြီ။ လဝကမှ ပြုစုထားသည့် စစ်မှုထမ်းစာရင်းများကိုပင် အကောင်အထည်ဖော်ရန်အထိ ခြေတံလက်တံ ဆန့်ထုတ်လာနေသည်မှာလည်း မကြားချင် မမြင်ချင်မှအဆုံး။

လူရိုင်း၊ လူယုတ်မာ၊ လူမိုက်၊ လူသွမ်း၊ အာဏာရူး မအလ၏ အရည်အချင်းကလည်း မနည်းလှ။ သူတို့ မကြီးစိုးနိုင်သော နယ်မြေများရှိ ပြည်သူများကို အမုန်းပွား ဗုံးကြဲနေသည်မှာ စာနာစိတ် တစ်စက်မှပင်မရှိ။ ဘယ်သူသေသေ ငတေမာပြီးရော စကားပုံကို စာတွေ့မှ ယခုသမ္မတရူးကြီးက သူ၏လုပ်ရပ်များဖြင့် သရုပ်ဖော်ပြနေသည်။ အားကျမခံ တောမီးလောင် တောကြောင်လက်ခမောင်းခတ် စကားပုံကိုလည်း အနှီမအေယိုးကျွန်များက သရုပ်ဖော်ပြနေသည်များကလည်း တစ်နေ့ တစ်မျိုး မရိုးနိုင်။

လူငယ်လူရွယ်များကိုလည်း တော်လှန်ရေး မလုပ်ရင်ပြီးရော၊ လောင်းကစားဝိုင်းအမျိုးမျိုး၊ အတုပျော်ပွဲရွှင်ပွဲအဖုံဖုံ၊ ဈေးနှုန်းချိုသာသည့် မူးယစ်ဆေးဝါးအဖုံဖုံတို့ဖြင့် ရောင်းချ ပျော်ပွဲဖွဲ့ခိုင်းထားသည်။ KTV ဆိုင်များ ဖွင့်၍လည်း ငြိမ်းချမ်းသယောင်ယောင် အရောင်ပြထားသည်။ အနာဂတ် သားကောင်းဇာနည်မွန် ယောက်ျားလေး၊ မိန်းကလေးများကို ဖျက်ဆီးပစ်နေသည်။ တစ်ပဲတန်ကြောင့် တစ်လှည်းတန်များ ပျက်စီးကုန်သည်။

သို့သော် မအေယိုး၏ နှုတ်ထွက်မှာတော့ လူငယ်များ လမ်းမှားရောက်နေသည်။ မတရားမှုကြောင့် တွန်းလှန်နေသည့် PDFs များကို အကြမ်းဖက်ဟု စွပ်စွဲနေသည်။ ပြည်တွင်းမှာ အလုပ်အကိုင် ပေါပါရဲ့နဲ့ ပြည်ပထွက် ကျွန်ခံနေသည်။ NUG, EROs များက မြှောက်ထိုးပင့်ကော် လုပ်နေသည်။ ဘယ်၍ဘယ်ညာ၊ ထိုသို့ဤသို့၊ ဟိုသင်းဟိုဟာ စသဖြင့် ကျီးအာသံပေး နေကြသည်။ တိုင်းရင်းသားစကားပုံတစ်ခုနှင့် နှိုင်းရသော် ပါးစပ်ချို ဖင်ခါး လုပ်နေသည်။ လက်တွေ့မှာတော့ မအေယိုးကား သူ့ကိုမထောက်ခံလျှင် စည်းစိမ်ကိုသိမ်းသည်။ သခင်အားရ ကျွန်ပါးဝများကလည်း ပြည်သူပိုင်များကို လစ်ရင်လစ်သလို ဓားပြတိုက်နေသည်။ အများသိလျှင် PDFs ထောက်ပို့၊ အကြမ်းဖက်အားပေး စသဖြင့် လူသတ် အစဖျောက်ပစ်သည်။ အချောင်နေ အချောင်စားရ၍ အလွဲလမ်းလိုက်နေပုံက ပြည်သူ့ချွေးနှဲစာများ။ ဘယ်ကိုတိုင်တိုင် တိုင်သမျှအရေးမယူ၊ တိုင်သမျှအမှုမပေါ်။

လက်ဝေခံကျွန်ငနွားများကလည်း လုပ်ချင်လုပ် ထင်တိုင်းစိုင်းနေသည်။ မအေယိုးကလည်း သူ့ပထွေး စိနအကြံအစည်ဖြင့် ရွေးကောက်ပွဲအတုဖြင့် လွှတ်တော်အတု၊ သမ္မတအတု ခပ်တည်တည်တက်လုပ်နေသည်။ အာဆီယံ၊ UN၊ ကမ္ဘာက လက်ခံလေမလား၊ အသိအမှတ်ပြုလေမလားဖြင့် စိတ်ကူးနှင့် ဖဲရိုက်၊ လေထဲ တိုက်အိမ်ဆောက်နေသည်။ အာဏာရှင် (၃) နိုင်ငံမှလွဲ၍ မဖြစ်ညစ်ကျယ် ထောက်ခံမှုကို ဟိရိဩတ္တပ္ပကင်းစွာ ပိုးဖလံမိုက် မီးကိုကြိုက်နေသည်။

လာလာချသေးသည်။ အာဆီယံအဖွဲ့ကြီးက ထွက်လိုက်ရမလား။ ပြည်တွင်းရေးကို ဝင်မရှုပ်ပါနှင့်။ ပဋိညာဉ် ဘယ်နံပါတ်အရ ဘယ်သို့ဘယ့်နှယ် ကယောင်ချောက်ချား လူတတ်ကြီးလုပ်နေသေးသည်။ ထန်းရည်အိုးဆွဲ၍ တရားဟောနေသည်။ သမ္မတကြီးဦးဝင်းမြင့်ကို ယောင်ပြလွှတ်ပေးလိုက်ပြီး ငရဲခွေးများအစောင့်ချကာ အိမ်အကျယ်ချုပ် လုပ်လိုက်ပြန်သည်။ တကမ္ဘာလုံးက လွှတ်ပေးရန် တောင်းဆိုနေသော လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ အမေစုကို ဓာတ်ပုံလေးတစ်ပုံပြ၍ ကလေးကလားအကွက်ကို ပြသည်။ အလွန်အမင်း ကြောက်လန့်နေပုံမှာ ချေးထွက် သေးထွက်မတတ်။ ရော့ပတ္တမြား ရော့အလကား လုပ်နေပုံကိုက ညောင်ကိုင်းချိုး ရွှေအိုးရလေမလားအပေါက်။ ယုံမလား၊ ရမလားဖြင့် ကမ္ဘာကြီးကို ညာဝါး ဖြီးဖြန်းနေပုံက မသေသပ်၊ မလှမပ။

မတရားအာဏာလု၊ အာဏာသိမ်းတာကို အာဏာထိန်းတာပါဟု မလုံမလဲပြောရင်း သူသမ္မတရူး ရူးနေကြောင်း မညီမညာ ဖုံးကွယ်သည်။ မအေယိုးကြီး သမ္မတရူး မည်မျှရူးနေကြောင်း ဥပဒေမဲ့ သမ္မတရာထူးတောင်းခဲ့သည်။ အသက်က မိုးထိုးပြီး မရဏတံခါးဝ ရောက်သည်။ တရားရှာရန်အရွယ်၊ တရားရှာကိုယ်မှာတွေ့ မတွေ့တော့မကြံ၊ မစဉ်းစား။ မိမိမလုပ်နိုင်တာ၊ ဉာဏ်ရည်နိမ့်တာ၊ အဆင့်မမီတာကိုလည်း မသုံးသပ်။ မနာလိုမှု  အားကြီးကြီးဖြင့် အမှားတွေကိုချည်း လုပ်သည်။ ထိုအမှားလုပ်သူကို ထိန်းသိမ်းအကြံပေးနိုင်လျှင်ပေး၊ ဖယ်ရှားတန်လျှင် ဖယ်ရှားကောင်းမှန်းမသိတဲ့ အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားများ စုထားသည့် မြန်မာ့တပ်မတော်အမည်ခံကြီးကလည်း တသွေး တသံ တမိန့်အောက်တွင် ပြားပြားဝပ် ကုန်းခံနေသည်မှာလည်း အံ့ဩစရာ။

အကြောက်တရားအောက်မှ ဖောက်ထွက်နိုင်ရန်လည်း မစဉ်းစားကြ။ ယခု ပစ္စုပ္ပန်အချိန်တွင် မြန်မာနိုင်ငံတော်ကြီးသည် ဘုရားစူး မိုးကြိုးပစ် တကယ်အစစ်မှ ဟုတ်ပါလေစ။ ရှမ်းမြောက်တွင် မြန်မာတိုင်းရင်းသားများ၏ ယဉ်ကျေးမှုအငွေ့အသက်များ ပျောက်ကွယ်၊ အနီရောင်လွှမ်း ကိုးကန့်တရုတ်မှ ကိုးကန့်တရုတ် ကြမ်းနေသည်။ အများကြိုက် အမည်ပေးထားပြီး ဒေါင်းယောင်ဆောင်သော MNDAA ကျီးယုတ်သည် တရုတ်များကို ခေါ်သွင်း၊ တရုတ်နိုင်ငံ အခင်းအကျင်းများကို ပေါ်ပေါ်ထင်ထင် ဇာတ်သွင်းနေသည်။ ဤနေရာတွင် တရုတ်ယွမ်ငွေသုံး၊ တရုတ်စာသင်၊ တရုတ်စကားပြော။ မြန်မာနိုင်ငံဖြစ်ပါလျက် မြန်မာမှတ်ပုံတင်ကို ခရီးသွားလာခွင့်မရ။ သူတို့ထုတ်ပေးသည့် ကတ်ပြားဖြင့်သာ ရသည်။ ထိုလူလည်တို့ကား မကောင်းတတ်၍ အပေါ်ယံ မြန်မာဟန်ပန်ကို တော်ရုံကိုယ့်ဖို့လုပ်သည်။ သမ္မတအတုကြီးနှင့် ဗိုလ်ယုတ်များကား မြင်၊ ကြား၊ သိပါလျက် တုံဏှိဘာဝေ ဘာကိုမှမပြော။ ပြောဆို ထောက်ပြသူများကိုပင် ငြိမ်းချမ်းရေးပျက်မှာစိုး၍ ပိတ်ပင်တားဆီးသည်။ တရုတ်ကြောက်ရောဂါမှာ သူတို့၏သတ္တိ။

စိုက်လိုက်သည့်ဘိန်း၊ ထုတ်လိုက်သည့် မူးယစ်ဆေးဝါးအမျိုးမျိုးအပြင် ကမ္ဘာပတ်လိမ် ကျားဖြန့်လုပ်ငန်းကိုလည်း အကျိုးအမြတ်ယူ ကာကွယ်ပေးထားသည်။ နယ်စပ်ဒေသမှသည် မအေယိုးထိန်းချုပ်ထားသည့် မြို့ပြများတွင် တွင်ကျယ်လာသည်။ တိုးတိုးတစ်မျိုး၊ လူသိရှင်ကြားတစ်သွယ် အစောင့်အရှောက်များပင် ပေးထားသည်။ မအလကား ဤကိစ္စများကို အလွန့်အလွန်ကို သိပါ၏။ ရှေ့ဆောင်နွားမှား (နွားလားဥသဘ မသုံးချင်) ရှေ့ကသွားမှတော့ နောက်နွားတစ်အုပ် အကုန်လုပ်သည်မှာမဆန်း။

"ငါတို့မြေဩဇာဖြစ်ခဲ့ရင်တောင် ကျန်ခဲ့တဲ့မျိုးဆက် ရွှေထီးဆောင်းစေရမယ်" ဟု ရဲရဲတောက်ပြောခဲ့သော သမီးငယ် ဝတ်ရည်အောင် စကားကဲ့သို့ အတွေးအခေါ်များရှိသည့် တော်လှန်ရေးအဖွဲ့များကိုလည်း အကြမ်းဖက်ဟု အမြဲပုံဖော်ပြန်သည်။ သူခိုးက လူဟစ်လာသည်မှာလည်း ၅ နှစ်ပင် ကျော်လာပြီ။ သို့သော် သူကိုယ်တိုင်ကမူ ဘယ်သွားသွား ဘယ်လာလာ ကိုယ်ရံတော်များစွာဖြင့်သာ သွားလာရဲတော့သည်အထိ မူမမှန်၊ ကြောက်လန့်နေသည်မှာလည်း သူကိုယ်တိုင်လည်းသိ၊ ပြည်သူများလည်းအသိ။

သူတို့အားလုံးသည် "စိတ်သည် ငါးဖြာသောကာမဂုဏ်တို့၌ တုန်လှုပ်တတ်၏။ အာရုံတစ်ခုတည်း၌ မတည်ငြိမ် ဖြစ်လျှင် ပေါ်တတ်၏။ စောင့်စည်းရန် ခဲယဉ်း၏။ မကောင်းမှုအာရုံသို့ မသွားအောင် တားမြစ်နိုင်ခဲ၏။" ဟု ဓမ္မပဒအတိုင်း မကောင်းမှု အကုသိုလ်များကို လက်ကိုင်ထားသည်။ ထိုသို့ဆန်းကြယ်သောစိတ်ကို ပူးကပ်လိုက်ပါနေသော သဘောကား စေ့ဆော်တတ်သော စေတသိက်ပင်ဖြစ်သည်။ သမ္မတလုပ်ချင်သည့် မအလ၏စိတ်ကား လိုချင်မှုသဘော။ ဥပဒေမဲ့ တောင်းခဲ့သည်မှာလည်း သိတတ်သောစိတ်ကို အမှားဖြင့် ပူးကပ်ရောထွေးလိုက်သည့် လောဘစိတ်။

တစ်ဖက်က ဥပဒေအတိုင်း လိုက်ပါဟု ပြောခဲ့သော်လည်း ဆတ်ဆတ်ထိမခံလိုသော ဒေါသစိတ်။ လောဘ၊ ဒေါသကြီးစိုး အမှားလုပ်နေသည်ကိုမမြင် မပြင်။ အရာရာ အမှန်အကန် ဆုံးဖြတ်ချက်မချနိုင်သော မောဟစိတ်တို့ဖြင့် မအလ အာဏာလုခဲ့သည့် ၅ နှစ်အတွင်း စိတ်ယုတ်၊ စိတ်ပုတ်၊ စိတ်ညစ်၊ စိတ်ရိုင်းတို့ဖြင့် ထင်ရာစိုင်းနေသည်။

မည်သူမဆို မကောင်းမှုအကုသိုလ်ကိုသာ အာရုံညွှတ်ကိုင်းနေသောစိတ်သည် မကောင်းမှု အရှုံးရလဒ်တို့၌သာ အဆုံးသတ်ရမည်သာတည်း။ မိမိစိတ်ကို မပြုပြင် မပြောင်းလဲသရွေ့ ဆိုးရွားသော အခြေအနေမှ နာလန်ထူနိုင်ပါဦးမည်လော။ ဖြစ်ချင်တော့ မအေယိုးကြီးကား လုပ်ချင်တိုင်းလုပ်၍ ရနေမြဲ။ ထင်ရာစိုင်း၍ ရနေမြဲ။ လူ့သဘော လူ့သဘာဝကား မကောင်းမှု အကုသိုလ်ကို ချက်ချင်းမခံစားရလျှင် ပို၍ပို၍ အတင်းရဲလာတတ်သည်။ ထို့ကြောင့် မင်းအောင်လှိုင်မှာ မြန်မာတစ်နိုင်ငံလုံးကို ပြာချ၊ မီးရှို့၊ မီးလောင်တိုက်သွင်းနေသည်မှာ နေ့စဉ်ရက်ဆက်။ ကျွန်ငနွားများကလည်း မကောင်းတာဆို အကုန်တတ်။

ထိုသို့ လောဘ၊ ဒေါသ၊ မောဟ မကောင်းမှုများမှသည် အဂတိတရားတည်းဟူသော ကမ္မကိလေသာ (၄) ပါးကို ပို၍ပို၍ ကျူးလွန်လာလေ လေ ဖြစ်ကြသည်။ ဦးဆောင်သူက မမှန်၊ နောက်လိုက်များကလည်း မိမိလိုလားချက်ကို ဦးစားပေးလုပ်ကြသည်ဖြစ်ရာ လုပ်သမျှ မှန်သယောင်ယောင် ဖြစ်နေတတ်သည်။ သို့သော် ဆင်ခြင်စဉ်းစားမှု မရှိတော့ အမှန်တရားနှင့် လွဲတတ်သည်မှာ ဆန္ဒာဂတိ ဖြစ်သည်။ အာဏာသိမ်းကတည်းက မနာလိုမှု၊ မကျေနပ်မှု၊ အမြင်ကပ်မှု၊ ဒေါသများဖြင့် လုပ်တတ်ကြသည်မှာ ဒေါသာဂတိ ဖြစ်သည်။

မအလသည် လခစားနိုင်ငံ့ဝန်ထမ်း၊ နိုင်ငံရေးသမား မဟုတ်။ အများနည်းတူ အသက် (၆၀) ပြည့်လျှင် ပင်စင်ယူ နားဖို့သာ ရှိသည်။ အဘယ်ကြောင့် အခွင့်ထူးခံ ဖြစ်ရမည်နည်း။ သမ္မတလုပ်ချင်လျှင် ဝန်ထမ်းကထွက်၊ နိုင်ငံရေးသမားလုပ်၊ ပါတီထောင်၊ ရွေးကောက်ပွဲဝင်။ ဤရိုးရှင်းသောနည်းကို မသိ၍လော၊ မသိချင်ယောင်ဆောင်သလော၊ အလိုတူအလိုပါများက မြှောက်ပေး၍လော၊ သိသိကြီးနှင့် သေနတ်အားကိုး၍ အနိုင်ကျင့်ချင်သလော။ ဓမ္မပဒလာအတိုင်း စိတ်ဟူသည် အာရုံကို လိုက်လံဖမ်းယူတတ်သည့်အပြင် စောင့်စည်းရန် ခဲယဉ်းသည်ဖြစ်ရာ သူတို့၏ မတရားမှုအတွက် မြန်မာတစ်ပြည်လုံးရှိ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စိတ်ဒုက္ခဖြစ်ခဲ့ရသည်မှာ သိသိကြီးပင်။ သို့သော် သိ၍လည်း မပြင်၊ မသိ၍လည်း နည်းမပြောင်း။ မကောင်းမှုနှင့် ဇွတ်အတင်း တိုးနေသည့် မအလ၏ လုပ်ရပ်များမှာ မောဟာဂတိ ဖြစ်သည်။

တဖန် မင်းအောင်လှိုင်နှင့် ဗိုလ်ယုတ်တစ်သိုက်သည် သူတို့စခဲ့သော အရှုပ်ထုတ်ကို အဆုံးတွင် မည်သို့သပ်ကြမည်နည်း။ “ထိုင်နေလျှင် အကောင်းသား၊ ထသွားမှ အကျိုးမှန်းသိ” ဆိုသကဲ့သို့ ကျားမြီးဆွဲထားရာ လုံးဝမလွတ်ရဲ။ ပဒိုင်းသီးနှင့်တွေ့နေသည်မှာ ဆုတ်လည်းစူး၊ စားလည်းရူး ဖြစ်နေသည်။ ဆိုရသော် သိစိတ်နှင့် မသိစိတ်တို့သည် သူနိုင်ကိုယ်နိုင် အားပြိုင်နေမည်မှာ သေချာသည်။ အခြေအနေအကြောင်းအမျိုးမျိုးကလည်း ရလဒ်မကောင်းတော့ စိုးရိမ်သောက၊ ကြောက်စိတ်များ လွှမ်းမိုးလာမည်မှာ သေချာသည်။ ထိုအခါ အမှားနှင့်အမှန်တို့ကို မျက်ကွယ်ပြု ဆောင်ရွက်သဖြင့် ဆိုးကျိုးကိုသာ တွေ့ရမည်မှာ ဘယာဂတိ ဖြစ်သည်။

ထိုအစွန်းတရားလေးပါးတို့သည် မကောင်းမှု၏ အခြေခံများ ဖြစ်ရာ မိမိတို့ဘဝနှင့် လောကကို အရုပ်ဆိုးစေသည်မှာ မင်းအောင်လှိုင်နှင့် ဗိုလ်ယုတ်တစ်သိုက်၏ အဖြစ်အပျက်များကို ကြည့်နိုင်သည်။ ပြည်သူကလည်း မကြည်ဖြူ၊ နိုင်ငံတကာကလည်း ရှောင်ဖယ်၊ ကမ္ဘာကြီးကလည်း မအလတစ်သိုက်၏ မတရားသော လုပ်ရပ်များကြောင့် အဆက်အဆံ မလုပ်ကြ။ ဤသည်မှာ အနှီ မအေယိုးကြီးနှင့် ဗိုလ်ယုတ်တစ်သိုက်၏ ဆိုးသွမ်းယုတ်မာ ရိုင်းစိုင်းမှုတို့ကို ပို၍ကျူးလွန်လာစေရန် လှုံ့ဆော်စေလေသလား မသိ။ ယခုတော့ ဤဘီကျဲကြီးများသည် တကယ့်ကို ဗြဟ္မာကြီးဦးခေါင်းကဲ့သို့ မည်သူမှ မလိုလားကြ။ သူတို့မှလွဲ၍လည်း မည်သူ့ကိုမျှ ကောင်းကျိုးမပေး။

ကြည့်၍လည်း မကောင်း၊ မြင်သမျှလည်း မသင့်၊ ကြားသမျှလည်း မတော်၊ ပျော်စရာလည်း နတ္ထိ။ မြန်မာတစ်ပြည်လုံးကို ဆင်းရဲဒုက္ခတွင်းဆုံးကျအောင် မညှာမတာ၊ မတော်မရော် လုပ်ဆောင်နေကြသည်။ စာနာစိတ်ကလေးဖြင့် တစ်ချက်ကလေးမျှပင် လှည့်မကြည့်။ ပြောရလျှင် ပင်ကိုယ်စိတ်ဓာတ် ညံ့ဖျင်းသူများ၊ အသိအလိမ္မာ မရှိသူများဟု ဆိုရပါချိမ့်မည်။ သူတို့အားလုံး အောက်တန်းနောက်တန်းကျသည့် လုပ်ရပ်များဖြင့်သာ ပျော်မွေ့နေကြသည်။ တကယ့်ကို အရူးအနှမ်းများဟု ဆိုရပါချိမ့်မည်။ လူယုတ်လူရိုင်းများဟု ဆိုရပါချိမ့်မည်။ အဂတိတရားလေးပါး၊ အစွန်းတရားလေးပါးတို့ကိုသာ လက်ကိုင်ထား၊ အမှန်တရားကို မျက်ကွယ်ပြု၍ သူတို့အတွက်ကိုလည်း ရေရှည်မကြည့်၊ အများပြည်သူအတွက်လည်း အကျိုးမပေးသူများသာ ဖြစ်ကြသည်။ ယဉ်ယဉ်ကလေးနှင့် ရူးနေကြသူများဟု ဆိုလျှင် လွန်အံ့မထင်။

ဘာကိုမျှ အကျိုးမရှိသောသူများကို ဤအတိုင်း ပေလျှော်ကန်ထားလိုက်ကြမည်လော။ ခေါင်းငုံ့အရှုံးပေးကြမည်လော။

အို မြန်မာပြည်သားအပေါင်းတို့…
အရေးလည်း ကြီးနေပြီ။ သွေးလည်းနီးရန် အချိန်တန်ပါပြီ။ ညီညွတ်ဖို့ အချိန်ကျပါပြီ။ မတူတာခွဲလုပ်၊ တူတာတွဲလုပ်ရမည့် အချိန်ကျရောက်ပါပြီ။ သို့မဟုတ်လျှင် အသင်တို့ မထင်မှတ်သော အကြောင်းအရာများ ကြုံရပါလိမ့်မည်။ မတွေ့ချင်၊ မမြင်ချင်သော အခြေအနေများ ရောက်လာပါလိမ့်မည်။ မကြုံချင်၊ မဆုံချင်သော သူများ၏ လက်အောက်တွင် ဒူးထောက်ခစားရပါလိမ့်မည်။

ထလော့ မြန်မာ၊ မြန်မာ ထလော့။
ထလော့ မြန်မာ၊ မြန်မာ ထလော့။
ထလော့ မြန်မာ၊ မြန်မာ ထလော့။

(၂၀.၅.၂၀၂၆)
ကိုနီတွက်


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar