နေရပ်ပြန်ကြတဲ့ တီးတိန်နဲ့ ဖလမ်းမြို့ခံတွေ၊ တိုင်းရင်းသားဒေသတွေမှာ ပေါ်ထွက်လာတဲ့ ကိုယ်ပိုင်အုပ်ချုပ်မှုလက္ခဏာတွေ
မြန်မာနွေဦးခရိုနီကယ် - မေ ၂၄ မြင်ကွင်း
(မိုးမခ) မေ ၂၅ ၊ ၂၀၂၆
နေရပ်ပြန်ကြတဲ့ တီးတိန်နဲ့ ဖလမ်းမြို့ခံတွေ၊ တိုင်းရင်းသားဒေသတွေမှာ ပေါ်ထွက်လာတဲ့ ကိုယ်ပိုင်အုပ်ချုပ်မှုလက္ခဏာတွေ
ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း သတင်းမီဒီယာတချို့မှာ ဖတ်ရှုမြင်တွေ့ကြရတဲ့ သတင်းဓာတ်ပုံ၊ ဗီဒီယိုအချို့ကတော့ ချင်းပြည်နယ် မြောက်ပိုင်းက မြို့ ၂ မြို့ဖြစ်တဲ့ တီးတိန်နဲ့ ဖလမ်းမြို့က မြို့ခံတွေ နေရပ်ပြန်ကြတဲ့ မြင်ကွင်း ဖြစ်ပါတယ်။ ဖလမ်းမြို့ကို ပြီးခဲ့တဲ့ ၁ နှစ်ကျော်က ချင်းတော်လှန်ရေးလက်နက်ကိုင်တွေ သိမ်းယူထိန်းချုပ်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလမှာတော့ အာဏာသိမ်းစစ်တပ်ဘက်က ပြန်လည်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
တီးတိန်မြို့ကိုတော့ အာဏာသိမ်းစစ်တပ်ဘက်ကပဲ တောက်လျှောက် ထိန်းချုပ်ထားခဲ့တာ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းမှာ တီးတိန်မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနိုင်တယ်ဆိုတဲ့ သတင်းကြောင့် တီးတိန်မြို့နေသူ လူဦးရေထက်ဝက်ခန့်ဟာ အိန္ဒိယနယ်စပ်ဘက်နဲ့ ကလေးမြို့တွေဆီ တိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ခုရက်ပိုင်းမှာတော့ တီးတိန်မြို့ နဲ့ ဖလမ်းမြို့တို့ကနေ ကလေးမြို့မှာ တိမ်းရှောင်နေရတဲ့သူတွေကို နေရပ်ပြန်ဖို့ အဆိုပါမြို့တွေက ဘုရားကျောင်း၊ ကူညီရေးအဖွဲ့တွေနဲ့ ဒေသခံလုပ်ငန်းရှင်တွေက အခမဲ့ ကားစီစဥ်ပေးတာကြောင့် ရာဂဏန်းနဲ့ချီတဲ့ ဒေသခံတွေ နေရပ်ပြန်ကြတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဖလမ်းမြို့ကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားစဥ်မှာ စစ်ဘေးတိမ်းရှောင်သူတွေ နေရပ်ပြန်တာမျိုး မတွေ့ရတာ ဘာကြောင့်လဲ၊ အခု အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတဲ့အခါမှ နေရပ်ပြန်ကြတာလဲဆိုတဲ့ မေးခွန်းလည်း မေးကောင်း မေးနိုင်ပါတယ်။ တချက်က တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားစဥ်မှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေရဲ့ အန္တရာယ်ရှိနေတဲ့ အချက်၊ အခုလို အာဏာသိမ်းစစ်တပ်က ပြန်ထိန်းချုပ်ပြီးနောက်မှာ ကာလတခုထိ မြို့သိမ်းတိုက်ပွဲလိုမျိုး ပြန်လည်ဖြစ်ပေါ် မလာနိုင်ဘူးဆိုတဲ့ ခန့်မှန်းယူဆမှုတွေကြောင့်လို့ ဆိုရမှာ ဖြစ်ပါတယ်။ မြို့ခံတွေ အနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံခြင်း မထောက်ခံခြင်းထက် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေ အန္တရာယ်ကျရောက်နိုင်ခြေတွေကို တွက်ဆပြီး ဆုံးဖြတ်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
အဆိုပါမြို့ ၂ မြို့က စစ်ဘေးတိမ်းရှောင်သူတွေ အနေနဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ထိစပ်ရာ ကလေးမြို့မှာ သီတင်းပတ်ကနေ လနဲ့ချီပြီး ခိုလှုံနေထိုင်ကြရတဲ့ အနေအထားမှာ အိမ်ငှားခနဲ့ အသားငါး ဟင်းသီးဟင်းရွက် ဝယ်ယူသုံးစွဲရတဲ့ ကုန်ကျစရိတ်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကိုလည်း ကာလကြာရှည် ထမ်းပိုးထားရတဲ့ ဒဏ်က လေးလံလွန်းတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ချင်းတောင်လို ဒေသမှာ မြို့တွေ ရွာတွေမှာ နေထိုင်သူတွေ အနေနဲ့ မိမိတို့ နေအိမ်တွေခြံဝင်းတွေထဲ မိသားစု မီးဖိုချောင်အတွက် ဟင်းသီးဟင်းရွက်၊ ကြက်၊ ဝက်၊ ဆိတ် အစရှိတဲ့ စိုက်ပျိုးမွေးမြူရေးတွေ ရှိကြတာကြောင့် ကိုယ့်အိမ်ကိုယ့်ရွာမှာ နေထိုင်တဲ့အခါ ကုန်ကျစရိတ် ကျဥ်းကျဥ်းနဲ့ နေထိုင်နိုင်ကြပေမဲ့ စစ်ဘေးတိမ်းရှောင်ကြရတဲ့ အနေအထားမျိုးမှာ အစစအရာရာအတွက် ဝယ်ယူသုံးစွဲကြရတဲ့ ကုန်ကျစရိတ်က ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာပါ။
ဒီအခြေအနေတွေကြောင့် နေရပ်ကို ပြန်နိုင်တဲ့ အခြေအနေမျိုးမှာ နိုင်ငံရေးအရ ထောက်ခံတာ၊ မထောက်ခံတာထက် ရှင်သန်နေထိုင်နိုင်ရေးကို ဦးစားပေးပြီး ရွေးချယ်ကြရတဲ့ သဘောလည်း ဖြစ်ပါတယ်။
စစ်ပွဲတွေ ဖော်ဆောင်ကြရာမှာ မြို့သိမ်းတိုက်ပွဲတွေ၊ နယ်မြေသိမ်းတိုက်ပွဲတွေ ဖြစ်ပွားတဲ့အခါ မိမိတို့ နေအိမ်၊ ရပ်ရွာကို စွန့်ခွာပြီး အနည်းဆုံး သီတင်းပတ် အနည်းငယ်ကနေ နှစ်ပေါက်တဲ့အထိ တိမ်းရှောင်နေထိုင်ကြရတဲ့အခါ လက်ထဲမှာ ရှိသမျှငွေကြေးတွေ အကုန်သုံးစွဲကြရသလို အချို့သောမိသားစုတွေအဖို့ စစ်ဘေးရှောင်ဖို့ ငွေကြေး အပိုအလျှံတောင် မရှိတဲ့ အခြေအနေတွေလည်း ကြုံကြရတာ ဖြစ်ပါတယ်။ အချို့သော မြို့၊ ရွာတွေမှာ တကြိမ်တခါမက တိမ်းရှောင်ရတာမျိုး အဖြစ်တွေလည်း ကြုံကြရပြီး အသက်ဘေးနဲ့ အငတ်ဘေး နှစ်ခု အနက်က တခုခု ရွေးချယ်ရတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ကြရတာကြောင့် ရွေးချယ်ရခက်ခဲလွန်းတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ဒီနေ့အဖို့ နောက်အကြောင်းအရာ တခုကတော့ ၁၀၂၇ စစ်ဆင်ရေး ကာလနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေမှာ တွေ့ရှိလာရတဲ့ထူးခြားတဲ့ လက္ခဏာရပ်တွေနဲ့ ပတ်သက်တာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းက ဖော်ပြနေကြတဲ့ သတင်းအကြောင်းအရာတခုက TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့မှာ အသစ်ဖွင့်လှစ်မဲ့ TMB လို့အတိုကောက် ခေါ်ဆိုတဲ့ The Mountain Bank ဆိုတဲ့ ဘဏ်အသစ်နဲ့ ပတ်သက်တဲ့အကြောင်း ဖြစ်ပါတယ်။ TNLA, MNDAA လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ကားတွေကို အခွန်ကောက်ခံပြီး လိုင်စင်ထုတ်ပေးတာ၊ လူမှတ်ပုံတင် နဲ့ မိသားစုမှတ်ပုံတင် အထောက်အထားတွေ ထုတ်ပေးတာတွေ လုပ်ဆောင်နေကြတာ သတင်းတွေက တဆင့် ကြားသိနေကြရတာ ဖြစ်ပါတယ်။
TMB လို့ အတိုကောက်ခေါ်ဆိုတဲ့ The Mountain Bank ဟာ ဝ အထူးဒေသ ပန်ဆန်းမြို့ မှာ အခြေစိုက်တဲ့ဘဏ်ဖြစ်ပြီး ငွေလွှဲဝန်ဆောင်မှုတွေ လုပ်ကိုင်နေတဲ့ ဘဏ် ဖြစ်တယ်လို့လည်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ အခု TMB ဘဏ်ရဲ့ အသုံးပြုတဲ့ အဓိကငွေကြေးက တရုတ်နိုင်ငံသုံး ယွမ်ငွေဖြစ်ပြီး ငွေစု၊ ငွေချေးတာမျိုးထက် ငွေလွှဲလုပ်ငန်းလိုမျိုးကို အဓိက ထားလုပ်ကိုင်တဲ့ သဘောလို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း TNLA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်သိမ်းယူပြီး အုပ်ချုပ်နေတဲ့ နမ့်ခမ်း လို နယ်စပ်မြို့မှာ ပြည်မဘက်က ပုဂ္ဂလိကဘဏ်တွေ ဖြစ်တဲ့ ကမ္ဘောဇ၊ ဧရာ၊ စီဘီ၊ မြန်မာ့ရှေ့ဆောင် နဲ့ ရိုးမ ဘဏ်တို့လို ပုဂ္ဂလိကဘဏ်တွေ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ အခုအခါ ဝ အထူးဒေသအခြေစိုက် တရုတ်ယွမ်ငွေအဓိက လည်ပတ်သုံးစွဲတဲ့ TMB လို ဘဏ်ရဲ့ ဘဏ်ခွဲဖွင့်လှစ်ဖို့ လုပ်ဆောင်လာတာ တွေ့ရပါတယ်။
ဒေသခံတွေ အနေနဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့လို မြို့တွေနဲ့တော့ ဆက်သွယ်လုပ်ကိုင်နိုင်မဲ့ သဘောမျိုး မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေ ဖြစ်တဲ့ ဝ အထူးဒေသနဲ့ တအာင်းဒေသအကြား ၊ TNLA ထိန်းချုပ်ထားတဲ့ မြို့တွေအကြားမှာ ငွေလွှဲတာ ငွေထုတ်တာတွေ လုပ်ကိုင်နိုင်မဲ့ သဘောမျိုးလို့ ယူဆရပါတယ်။
အလားတူ MNDAA ထိန်းချုပ်နယ်မြေတွေနဲ့ TNLA ထိန်းချုပ်နယ်မြေတွေမှာ မော်တော်ယာဥ် မှတ်ပုံတင်၊ ဒေသခံလူထုအတွက် တဦးချင်း မှတ်ပုံတင် ထုတ်ပေးတာတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ MNDAA ကိုးကန့်လက်နက်ကိုင် အဖွဲ့ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အလားတူ လူမှတ်ပုံတင်၊ ယာဥ်မှတ်ပုံတင်တွေကို ထုတ်ပေးနေကြတာလည်း တွေ့ကြရတာပါ။
အခုလို ငွေကြေး၊ မှတ်ပုံတင်၊ ကုန်းလမ်းသယ်ပို့မှု မော်တော်ယာဥ် မှတ်ပုံတင် ထုတ်ပေးတာတွေဟာ ၂၀၂၁ ခုနှစ် မတိုင်ခင်ကာလတွေက ဝ အထူးဒေသကလွဲရင် အခြားဒေသတွေမှာ မရှိခဲ့ဖူးတဲ့ ဝန်ဆောင်မှု၊ အုပ်ချုပ်ရေးလုပ်ဆောင်မှုတွေ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာ အခုလို ဝန်ဆောင်မှုလုပ်ငန်းတွေ နဲ့ အုပ်ချုပ်မှုဆိုင်ရာ လုပ်ဆောင်မှုအသစ်တွေကို တအာင်းပြည်၊ ကိုးကန့်ဒေသနဲ့ ရခိုင်ပြည်နယ်တို့မှာတွေ့ရှိလာကြရတာ ဖြစ်ပါတယ်။
ဒီလုပ်ဆောင်မှုတွေကို တဖက်ကကြည့်ရင် တိုင်းရင်းသားဒေသ၊ ပြည်နယ်တွေမှာ မိမိတို့ ဒေသနဲ့ ကိုက်ညီတဲ့ အများပြည်သူ ဝန်ဆောင်မှုနဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ဆောင်မှုတွေ လုပ်ဆောင်လာတာ ဖြစ်ပြီး ဗဟိုက ချုပ်ကိုင်တဲ့ စနစ်ကို လျော့ပါးစေတဲ့ ဖြစ်စဥ်တွေအဖြစ် ရှုမြင်နိုင်ပြီး တဖက်မှာတော့ နယ်မြေထိန်းချုပ်မှု မတည်ငြိမ်သေးခင်မှာ ဒီလုပ်ဆောင်မှုတွေက ရေရှည်တည်တံ့နိုင်ရဲ့လားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိနေနိုင်တာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar