ထိုက်သူနိုင် - နိုင်ဝင်းဆွေဆီ ပို့ပေးပါ
နိုင်ဝင်းဆွေဆီ ပို့ပေးပါ
ထိုက်သူနိုင် (မိုးမခ) မေ ၁၊ ၂၀၂၆
မာနယ်ပလော (KNU ဌာနချုပ်) ၁၉၉၃ ခုနှစ်။
ကရင်အမျိုးသားအစည်းအရုံး KNU ပြန်ကြားရေးဌာန ဝန်ထမ်း ကိုပန်းခက်နဲ့ သူ့အမျိုးသမီး မခိုင်တို့ ဖွင့်ထားတဲ့ ထူးရာစိုး လက်ဖက်ရည်ဆိုင်ကနေ လှမ်းကြည့်ရင် ဆရာနိုင်ဝင်းဆွေနေတဲ့ အိမ်ကို ဒိုးယိုပေါက်နီးပါး လှမ်းမြင်ရပါတယ်။ “ဒိုးယိုပေါက်နီးပါး” လို့ ကျနော် သုံးနှုန်းရတာက ကိုပန်းခက်ရဲ့ လက်ဖက်ရည်ဆိုင်က လမ်းဘေး ကုန်းအမြင့်မှာ၊ ဆရာနိုင်ဝင်းဆွေအိမ်က ကုန်းအောက်မှာ ရှိတာကြောင့်ပါ။ ကာထားတဲ့ ခြံစည်းရိုးကလည်း လမ်းလျှောက်ရင်း ကျော်ဝင်လို့ရနိုင်တဲ့ အနေအထား ဖြစ်ရုံကာထားတာမို့ပါ။ ခြံထဲမှာ တဲတလုံးရှိပြီး အခန်းနှစ်ခန်းနဲ့ မီးဖိုချောင်တခု ပါပါတယ်။ ဒါကြောင့် ကုန်းမြင့်ဖြစ်တဲ့ လက်ဖက်ရည်ဆိုင်ထဲက ကြည့်ရင် ဆရာနိုင်ဝင်းဆွေရဲ့ တဲထဲအထိ လှမ်းမြင်ရတဲ့အတွက် “ဒိုးယိုပေါက်နီးပါး” လို့ သုံးနှုန်းတာပါ။
ကိုပန်းခက် လက်ဖက်ရည်ဆိုင်ဆိုတာလည်း စားပွဲအသေး သုံးလေးလုံးနဲ့ လူဆယ်ယောက်လောက် လာထိုင်ရင် ထပ်ထိုင်စရာ နေရာမလုံလောက်တော့တဲ့ မည်ကာမတ္တ လက်ဖက်ရည်ဆိုင်ပါ။ လက်ဖက်ရည်ဆိုင်ဘေး မြေနီလမ်းမပေါ် KNU ရဲဘော်တချို့ မောင်းသွားတဲ့ အမိုးဖွင့် ဟိုင်းလတ်ကားတွေ ဖြတ်မောင်းသွားရင် ဖုန်မှုန့်တွေ လက်ဖက်ရည်ဆိုင်ထဲကို ဝင်လာတတ်သလို ဆရာနိုင်ဝင်းဆွေအိမ်ထဲသို့လည်း အလိပ်လိုက် လှိမ့်ဝင်သွားတတ်ပါတယ်။ ဆောင်းရာသီတွေမှာတော့ မာနယ်ပလောက ဖုန်ထနည်းပါတယ်။
ကိုပန်းခက် လက်ဖက်ရည်ဆိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ အဖွဲ့ဝင်တွေ ဒေါ်အောင်ဆန်းစုကြည်လမ်းလို့ နာမည်ပေးထားသော လမ်းဆုံမှာရှိပြီး KNU စစ်ရေးပြကွင်းကနေ နာရီဝက်အတွင်း လမ်းလျှောက်သွားလို့ရတဲ့ နေရာမှာ ရှိပါတယ်။ လမ်းဘေးမှာ ဆရာနိုင်ဝင်းဆွေရဲ့ တဲ၊ သူ့တဲနဲ့ ကပ်ရက် တခြားတဘက်မှာတော့ လူတယောက် ခုန်ပြီး ဖြတ်ကျော်နိုင်တဲ့ မဲတုကီချောင်းသေးလေးရှိပြီး ချောင်းတဘက်က ရဟန်းပျိုသမဂ္ဂ အရှင်ခေမာစာရရဲ့ ကျောင်းရှိပါတယ်။
ဆရာနိုင်ဝင်းဆွေနဲ့ အတူနေတဲ့ ကဗျာဆရာ ကိုတိုက်အောင်က “ဆရာက ခင်ဗျားကို တွေ့ချင်လို့ လာခဲ့ပါဦး” ဆိုလို့ ကျနော် လာခဲ့တာပါ။ ကျနော် မာနယ်ပလောကနေ ခြောက်လကျော်လောက် ပျောက်သွားပြီး (ကရင်နီဘက်ကို ရောက်နေပြီး) ပြန်ရောက်လာတာကို သိတဲ့အတွက် စကားပြောဖို့ တကုတက လှမ်းခေါ်တာလို့ နားလည်ပါတယ်။
ဆရာနိုင်ဝင်းဆွေတဲကို ရောက်သည့်အချိန် “ခဏစောင့်နော်၊ ဆရာ တရားထိုင်နေလို့” ဆိုပြီး ကိုတိုက်အောင်က ပြောလို့ ကျနော် သူ့တဲအဝင်မှာ ထိုင်စောင့်နေပါသည်။ ဆရာနိုင်ဝင်းဆွေ တရားထိုင်နေတာကို ကျနော်ထိုင်နေတဲ့ နေရာက လှမ်းမြင်ရပါတယ်။ ကျနော် သူ့နောက်ကျောကို ကြည့်ပြီး စောင့်နေပါတယ်။
“ကွန်မြူနစ်တွေ အသက်ကြီးလာရင် ဘာသာရေးတွေ ပိုလုပ်ကြတယ်။ အာပတ်ဖြေတာပေါ့ကွာ” ဆိုပြီး ABSDF ခေါင်းဆောင်တယောက်က ဆရာနိုင်ဝင်းဆွေနဲ့ ပတ်သက်ပြီး ခပ်နောက်နောက် ပြောတာ သတိရလိုက်မိပါတယ်။ ဆရာနိုင်ဝင်းဆွေဟာ မယုံနိုင်လောက်အောင် ဘာသာရေးကိစ္စတွေကို စွဲစွဲမြဲမြဲ လိုက်နာကျင့်ကြံနေသည်ကို သတိထားမိပါတယ်။ သိပ်မကြာခင် လပိုင်းကပဲ ကိုမိုးသီးဇွန်နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုမြင့်ဇော် (ကွယ်လွန်) တို့ သူ့ကို သင်္ကန်းစီးပေးခဲ့တဲ့ သတင်းကို ကြားမိပါတယ်။
ဆရာနိုင်ဝင်းဆွေဟာ မဟူရာမေတ္တာ၊ ရေဆန်လမ်း၊ မသိန်းရှင်ဆီ ပို့ပေးပါ၊ နွေတည၊ မြစပယ်ရုံ စတဲ့ ဝတ္ထုတွေနဲ့ မြန်မာစာပေလောကမှာ မျှော်စရာတယောက်လို့ လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တဲ့ ထင်ရှားသူတယောက်ပါ။
သူရေးတဲ့ ကဗျာထဲကလို ကာဝိုင်းတောင်မကြီးထိပ်က ဝ, ဒိုင်နယ်ရုံးကလေးကနေ ဖလံတောင်ဝှေးတွေ ပေါက်တဲ့ မာနယ်ပလောကို သူ ဘယ်အချိန် ရောက်လာခဲ့တယ်ဆိုတာတော့ ကျနော် အတိအကျ မသိပါ။
သူ့အသက် ၄၀၊ ကလောင်သက် ၂၅ နှစ်၊ ၁၉၉၁ ခုနှစ်က ကလောင်ငွေရတု အထိမ်းအမှတ် ရေးဖွဲ့ခဲ့တဲ့ ကဗျာတပုဒ်မှာ သူက ဒီလို ရေးဖွဲ့ထားပါတယ်။
“အရွယ်
ပြည့်ဝန်းတဲ့ နှစ်လေးဆယ်မှာ
တေးလေးတဖဲ့
အမှတ်တရနဲ့ ကျနော်
ရေးဖွဲ့ခဲ့ဖူးရဲ့။
အဲသည်တုန်းက
ပြီးတော့လည်း အမှတ်တမဲ့နဲ့ပဲ
ပျောက်လည်း ပျောက်ကွယ်သွားဦးမယ့်
အချစ်မီးလေးတခဲရင်ထဲမှာ စွဲငြိဆဲလေ…
အချစ်ကိုချစ်
အလှကိုချစ်
အနုပညာကို ချစ်သူရဲ့
အချစ်တွေအုံဖွဲ့လို့။‘အမြဲတမ်း မြူနှင်းတွေ
မှိုင်းပြပေနေတဲ့ ကာဝိုင်းတောင်မကြီးထိပ်က
ဝ, ဒိုင်နယ်ရုံးကလေး ရှေ့မှာ
ကမြူး ခုန်ပေါက်နေတဲ့
အမွှေးဖွား ခွေးကလေးနဲ့
ဆော့ကစားနေတဲ့ ကျနော်လေ…’‘အနုပညာကို ချစ်
ယုံကြည်ချက်ကို ချစ်
သစ္စာတရားကို ချစ်
လောကကို ငါချစ်တယ်
အချစ်ကြောင့်ပဲ ကွန်မြူနစ်လည်း ဖြစ်လာတယ်။’”
ငွေ ရွှေ ရတု (နိုင်ဝင်းဆွေ) ကဗျာထဲမှ
ပြီးခဲ့တဲ့ ခြောက်လလောက်က ကျနော် KNU ရဲ့ တပ်မဟာ ၃ ရှေ့တန်း ကျောက်ကြီးဘက်မှာ တနှစ်လောက် တာဝန်ထမ်းပြီး ပြန်ရောက်တဲ့အချိန် ဆရာနိုင်ဝင်းဆွေက တွေ့ချင်တယ်ဆိုလို့ ဒီတဲမှာပဲ တခါ လာတွေ့ရပါတယ်။ အဲဒီတုန်းကလည်း သူ့တပည့် ကိုတိုက်အောင်ကပဲ “ဆရာက ခင်ဗျားနဲ့ စကားပြောချင်လို့” ဆိုပြီး လာခေါ်လို့ လာခဲ့တာပါ။ ဆရာနိုင်ဝင်းဆွေက မာနယ်ပလောမှာ စာပေနှင့် အနုပညာကလပ် (လွတ်မြောက်နယ်မြေ) ရဲ့ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့အချိန်၊ သစ္စာရီဗျူး စာစောင်ထုတ်ဝေပြီး နိုင်ငံရေးစစ်တမ်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်း မိတ်ဆက်များ ဆောင်းပါးတွေနဲ့ သုံးဘက်မြင် အနုပညာစစ်တမ်း ဆိုတာတွေ ရေးနေတဲ့အချိန်ပါ။
ကျနော်က အသက် ၂၁ နှစ်၊ ၂၂ နှစ်ဝန်းကျင်၊ စာပေနဲ့ အနုပညာကလပ်မှာ တက်တက်ကြွကြွ ပါဝင်ပြီး လူကြီးတွေ တခုခုခိုင်းရင် ဖင်ပေါ့တာကလွဲလို့ ကြီးမားကျယ်ပြန့်တဲ့ စာပေနယ်ဆိုတာ ကျနော်နဲ့ အလှမ်းဝေးပါတယ်။ စာဖတ်တယ်၊ ကဗျာဖတ်တယ်၊ ကြိုက်ရင် အလွတ်ကျက်ပြီး မကြာခဏ လူတွေကို ရွတ်ပြတတ်တယ်၊ ဒေါင်းအိုးဝေ မှာတော့ တခါတလေ ဝတ္ထုတိုလေး၊ ဆောင်းပါးလေး၊ ကဗျာလေး ရေးပါတယ်။ စာပေကို တန်ဖိုးထား စိတ်ဝင်စားတဲ့အတွက် စာရေးတဲ့သူတွေနဲ့ အနေနီးပါတယ်။
သစ္စာရီဗျူးမှာ ဆောင်းပါးတွေ ရေးဖို့၊ ကျနော့ဆောင်းပါးတွေကို လိုအပ်ရင် သူပြင်ပေးမယ့်အကြောင်း ဆရာနိုင်ဝင်းဆွေ ကမ်းလှမ်းတာဟာ ကျနော့အတွက် နည်းတဲ့ အခွင့်အရေး မဟုတ်ပါဘူး။ “ခင်ဗျား ဒေါင်းအိုးဝေမှာ ရေးတဲ့ စာတွေ ကျနော်ဖတ်တယ်” ဆိုပြီး ကျနော့ကို လူရာသွင်းပြီး တခုတ်တရခေါ် စကားပြောတာလည်း ကျနော့အတွက် အင်မတန် တန်ဖိုးကြီးတဲ့ ဆုလာဘ်တခု ဖြစ်ခဲ့ပါတယ်။
တောထဲမှာဆိုတော့ စာရေးတဲ့သူ နည်းတော့ ကျနော့ကို သူ အာရုံစိုက်မိတာ ဖြစ်နိုင်ပြီး ကျနော်က စာပေနှင့် အနုပညာကလပ် အစည်းအဝေးမှန်မှန်တက်တဲ့သူ၊ လူကြီးတွေခိုင်းရင် ပေါ့ပေါ့ပါးပါး လုပ်တတ်တဲ့သူမို့ သူ သတိထားမိတာလည်း ဖြစ်နိုင်ပါတယ်။ တခြားသူတွေက တာဝန်ကြီးကြီး ယူတဲ့ ခေါင်းဆောင်တွေဆိုတော့ စာပေနဲ့ အနုပညာကလပ်ထဲမှာ သာမန်ရဲဘော်ဖြစ်တဲ့ ကျနော့ကို သူ့စာစောင်မှာ ခိုင်းရင် ပိုအဆင်ပြေမယ်ဆိုပြီး တွေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပြည်တွင်းမှာဆို ဆရာနိုင်ဝင်းဆွေနား ကပ်နိုင်ဖို့ လွယ်မှာ မဟုတ်ပါဘူး။
ဆရာက ဖြစ်နိုင်ရင် သူ့တဲမှာ သူနဲ့အတူ လာနေပြီး စာစောင်ထုတ်ဝေရေးကိစ္စတွေကို အတူတူလုပ်ဖို့ ပြောပါတယ်။ “စားဖို့ သောက်ဖို့ မပူနဲ့၊ သူ့တပည့် ကိုတိုက်အောင်ကလည်း ခင်ဗျား လာနေမယ်ဆိုရင် ကျနော်လည်း အားရှိတယ်၊ အတူတူလုပ်ကြမယ်” ဆိုပြီး ဝမ်းပန်းတသာ ကြိုဆိုပါတယ်။ ကျနော် နှစ်ခါ မခေါ်ရပါဘူး၊ ချက်ချင်းပဲ လက်ခံပါတယ်။ ABSDF က ထွက်စာတင်ထားတယ်၊ ထွက်ခွင့်ရတာနဲ့ ပြောင်းလာခဲ့မယ်ဆိုပြီး ကျနော် ကတိပေးခဲ့ပါတယ်။
ဒါပေမဲ့လည်း ABSDF ရဲ့ အရုပ်ဆိုး အကျည်းတန်တဲ့ နိုင်ငံရေးမုန်တိုင်း၊ လှိုင်းဂယက်တွေကြားမှာ ကျနော်ဟာ ဘာမှန်းမသိတဲ့ အမှုတခုနဲ့ အရေးယူခံရသူတယောက် ဖြစ်နေခဲ့ပါတယ်။ နောက်ရက်ကစပြီး ကျနော့ကို အပြင်သွားလာခွင့် ပိတ်ပင်ပြီး အလုပ်ကြမ်းနဲ့ အကျယ်ချုပ်ချထားတဲ့အကြောင်း ၂၀၈ တပ်ရင်းမှူး ကိုမျိုးသန့် (ကွယ်လွန်) က ပြောပါတယ်။
ကိုမျိုးသန့်က ကိုမိုးသီးဇွန် ဦးဆောင်တဲ့ ABSDF ရဲ့ စစ်ကော်မရှင် အတွင်းရေးမှူးပါ။ ရှေ့တန်းရဲ့ ညွှန်ကြားချက်အရ အခုလို ထိန်းသိမ်းတာဆိုပြီး ၂၀၈ တပ်ရင်းမှူး ကိုမျိုးသန့်က ပြောပါတယ်။ ကျနော် ရှေ့တန်းက ပြန်ရောက်လာတာ မကြာသေးခင်မှာ အခုလို ထိန်းသိမ်းခံရတာပါ။ ကျနော်နဲ့ ရင်းနှီးတဲ့ ကိုလွမ်းဏီတို့၊ ကိုဇော်မင်းတို့ ကိုယ်တိုင် ကျနော့ဘက်က ကန့်ကွက်ခဲ့ပေမဲ့ ကယ်ဖို့အထိတော့ အခြေအနေ မပေးတော့ပါဘူး။ ကိုမိုးသီးဇွန် ခရီးထွက်နေတဲ့အတွက် ပြန်လာရင် ဒီကိစ္စ ပြေလည်အောင် ညှိနှိုင်းပါ့မယ်၊ လက်လွန်ခြေလွန် မဖြစ်စေရပါဘူး၊ အေးအေးဆေးဆေး စခန်းထဲမှာပဲနေပြီး ခိုင်းတဲ့အတိုင်းနေဖို့ ကိုလွမ်းဏီအပါအဝင် တာဝန်ရှိသူတချို့က ဖျောင်းဖျပါတယ်။
၂၀၈ ကုန်းလို့ ခေါ်တဲ့ စခန်းကနေ အပြင်ထွက်ခွင့် မရတော့တဲ့အတွက် ကျနော် ဆရာနိုင်ဝင်းဆွေဆီ မရောက်ဖြစ်တော့ပါဘူး။ သစ္စာရီဗျူး ထုတ်ဝေရေးမှာလည်း ကျနော် မပါဝင်ဖြစ်တော့ပါဘူး။
လက်နက်ကိုင် အုပ်ချုပ်ခွင့်ရချိန်မှာ လူ့အခွင့်အရေးနဲ့ ရဲဘော်ရဲဘက်စိတ်ကို တန်ဖိုးထားဖို့ အားနည်းသွားတတ်တဲ့၊ အမိန့်ပေးရတာကို ပျော်မွေ့သွားတတ်တဲ့ ခေါင်းဆောင်တချို့ရဲ့ လုပ်ရပ်တွေကို ကျနော် လက်မခံနိုင်ခဲ့ပါဘူး။ ကျနော့ကို ရန်သူသူလျှိုအဖြစ် သံသယရှိတဲ့အတွက် ဖမ်းဆီးလိုက်တာလို့ ယုံကြည်မိတာရော၊ ပြစ်မှုတစုံတရာ မပြောဘဲ ဖမ်းဆီးတာဟာ မတရားမှုလို့ မြင်တဲ့အတွက် ၂၀၈ ကုန်းကနေ အသက်စွန့်ပြီး ကျနော် ထွက်ပြေးခဲ့ပါတယ်။ နောက်ပိုင်း ပစ်ခတ်ဖမ်းဆီးတဲ့အချိန် ကံကောင်းထောက်မစွာ လက်မသီလေး လွတ်မြောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ နောက် ၆ လလောက်အကြာမှ မာနယ်ပလောကို ပြန်ရောက်လာခဲ့တာပါ။
ဆရာနိုင်ဝင်းဆွေ ရေးတဲ့ မိုးမခဘူး ကဗျာထဲကလို—
“ချိန်ခါတန်တော့လည်း
ဖုံးလွှမ်းရေများ၊ ကျသွား ထွက်ပြေး
မိုးမခပင်ဟာ
ရွှံ့နွံထဲက ကုန်းရုန်းထ
လှပ နေခြည်သစ်အောက်မှာ
ရွက်သစ်စိမ်းတွေ ဖားလျား ဖြန့်ဝေ။အနည်းအပါးတော့ ယိုင်နဲ့သွားခဲ့၊
အနည်းအပါးတော့ ညှိုးနွမ်းသွားခဲ့ရ၊
အနည်းအပါးတော့ ကျိုးပျက် ပဲ့ရွဲ့သွား။‘အသေးအနှုတ် အဖွဲ့ကလေးတွေ
ရေက တိုက်စားသွားခဲ့၊ သွားပါစေလေ’
ဒဏ်ရာတွေနဲ့
ဒါပေမဲ့ ပြုံးနေတဲ့ မျက်နှာကို
မိုးထက် ဝဠာသို့ မော့လို့။”
မိုးမခဘူး (နိုင်ဝင်းဆွေ) ကဗျာထဲမှ
တော်လှန်ရေးခရီးဟာ သူရေးတဲ့ ကဗျာထဲကလောက်တော့ မချောမွေ့ခဲ့ပါဘူး။ လူတွေရဲ့ ရှင်သန်မှု စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားနိုင်တဲ့ နေရာနဲ့ကာလမှာ အနည်းအပါး ယိုင်နဲ့သွားတာမျိုး မဟုတ်တော့ ပြန်ရပ်တည်နိုင်ဖို့၊ ရှေ့ဆက်ဖို့ အချိန်ယူရပါတယ်။ ဘာပဲဖြစ်ဖြစ် ဘဝဆိုတာ သူ့ကဗျာထဲက မိုးမခပင်တွေလို ရွှံ့နွံထဲက ကုန်းရုန်းထပြီး ရှေ့ဆက်နေကြရတာကို သတိထားမိပါတယ်။ မှတ်မှတ်ရရ သတိထားမိတာကတော့ ဆရာနိုင်ဝင်းဆွေဟာ ကျနော် မာနယ်ပလောနဲ့ ဝေးသွားခဲ့တဲ့ ခြောက်လလောက်အတွင်း တရားထိုင်တာ၊ သမာဓိတည်ဆောက်တာတွေ တော်တော်လုပ်နေပြီး တော်တော်လေး ပြောင်းလဲသွားတာ တွေ့ရပါတယ်။
သူ တရားထိုင်တာပြီးအောင် စောင့်နေရတာ နာရီဝက်ကျော်ကျော် ကြာမယ်ထင်ပါတယ်။ ကျနော် တဲရှေ့မှာ ထိုင်နေတုန်းမှာပဲ ဆရာနိုင်ဝင်းဆွေ တရားထိုင်ပြီးပါတယ်။ သူက “ကိုထိုက်သူနိုင်” လို့ပဲ ကျနော့ ကလောင်နာမည်ကို ခေါ်ပါတယ်။
“ခင်ဗျား ပြန်ရောက်လာတာ ကျနော် သိပ်ဝမ်းသာတယ်” တဲ့။ “သတင်းတွေ အားလုံး ကျနော် ကြားတယ်” (ထွက်ပြေးလွတ်မြောက်သွားတဲ့ သတင်းတွေ၊ ပစ်ခတ်ဖမ်းဆီးတဲ့ သတင်းတွေနဲ့ အဝေးရောက်သွားခဲ့တဲ့ သတင်းတွေကို ဆိုလိုတာပါ)။ “အိမ်မှာ မကျုံ (သူ့ဇနီး) မုန့်ဟင်းခါးချက်ထားတယ်၊ မီးဖိုချောင်ထဲမှာ စားသွား” လို့ ပြောပါတယ်။ ပြီးတော့ ကျနော့ကို ထားခဲ့ပြီး တနေရာကို ထွက်သွားပါတယ်။
ကျနော့ကို ကိုတိုက်အောင်က မီးဖိုချောင်ထဲခေါ်ပြီး မုန့်ဟင်းခါးကျွေးပါတယ်။ မုန့်ဟင်းခါးက ရှိတာနဲ့ ဖြစ်သလို ချက်ထားတဲ့ မုန့်ဟင်းခါးပါ။ မီးဖိုချောင်လို့ ပြောပေမဲ့ ထိုင်စရာ နေရာမရှိပါဘူး။ ကြမ်းပြင်ပေါ်မှာပဲ ထိုင်စားပါတယ်။ မီးဖိုချောင် ကြမ်းခင်းတွေက သတိထားပြီး မသွားရင် ခြေကျွံကျနိုင်လောက်တဲ့အထိ မညီမညာ ခင်းထားတာပါ။
ပိုဆိုးတာကတော့ မီးဖိုချောင်အပေါ်က အမိုးနေရာ တော်တော်များများ မလုံတော့ပါဘူး။ တောထဲမှာ အင်ရွက်တွေ ဒီလောက်ပေါတာ၊ မိုးရာသီဆိုရင် ဆရာ့ဇနီး ဒေါ်ကျုံ ဒီနေရာမှာ ဘယ်လိုချက်ပြုတ်မလဲ။ “အားတဲ့တရက် မီးဖိုချောင် ပြန်မိုးရအောင်ဗျာ၊ ကျနော့ကို ခေါ်လိုက်၊ ကျနော် ကူလုပ်ပေးမယ်” ဆိုပြီး မုန့်ဟင်းခါးစားရင်း ကိုတိုက်အောင်ကို ပြောဖြစ်ပါတယ်။
ကိုတိုက်အောင်ကတော့ “ဆရာက ခင်ဗျား ဘေးမသီရန်မခ ပြန်ရောက်လာတာကို သိပ်ဝမ်းသာနေတာ။ သူက စာပေကလပ်ထဲက အဖွဲ့ဝင်တွေအပေါ် သိပ်သံယောဇဉ်ရှိတယ်။ အထူးသဖြင့် ခင်ဗျားကို မိသားစုဝင်တယောက်လို သဘောထားတာ” ဆိုပြီး ပြောပါတယ်။ “ခင်ဗျားထွက်ပြေးတဲ့အချိန်၊ ပစ်ခတ်ဖမ်းဆီးတယ် သတင်းတွေကြားတော့ ထိုက်သူနိုင် ဘယ်ရောက်သွားပြီလဲ၊ လွတ်ရဲ့လား၊ ဘာကြားသေးလဲ ဆိုပြီး စိုးရိမ်ပြီး ခဏခဏ မေးတယ်” တဲ့။ ကျနော် ဆရာနိုင်ဝင်းဆွေကို မတွေ့တော့ပဲ ကိုတိုက်အောင်နဲ့ပဲ စကားတွေ ပြောဖြစ်သွားပါတယ်။ “ခင်ဗျား ပြန်ရောက်လာတာ ကျနော် သိပ်ဝမ်းသာတယ်” ဆိုတာ တခွန်းနဲ့ မုန့်ဟင်းခါးစားသွားဖို့ ပြောပြီး ဆရာနိုင်ဝင်းဆွေက အပြင်ကို ထွက်သွားလို့ အဲဒီနေ့က စကား ဆက်မပြောဖြစ်ခဲ့ပါဘူး။
“ဆရာက ဒီရက်ပိုင်း လူတွေနဲ့ စကားသိပ်မပြောတော့ဘူး” လို့ ကိုတိုက်အောင်က ပြောပါတယ်။ အားရင် တရားထိုင်နေတာ၊ သူ့ဘာသာသူ တယောက်တည်း လမ်းလျှောက်နေတတ်တာ များတယ်တဲ့။ “ခင်ဗျား ပြန်ရောက်လာတယ်ကြားလို့ သူတွေ့ချင်လို့ဆိုပြီး တကုတက ခေါ်ခိုင်းတာ၊ ပြန်တွေ့ချင်လို့၊ နှုတ်ဆက်ချင်လို့ ခေါ်တာ” တဲ့။ သစ္စာရီဗျူးအတွက် ဆောင်းပါးတွေ ရေးမယ်ဆို ရေးထားဖို့ ပြောပါတယ်။
ခဏနေတော့ ကိုတိုက်အောင်ကို နှုတ်ဆက်ပြီး ကျနော်လည်း ပြန်ခဲ့ပါတယ်။ ဆရာနိုင်ဝင်းဆွေကိုတော့ လိုက်မရှာဖြစ်တော့ပါ။
နောက်ပိုင်း ဒေါင်းအိုးဝေ စာစောင်အတွက် စာမူစုဆောင်းတာ၊ ဒီမိုကရက်တစ်မြန်မာ့အသံအတွက် အသံသွင်းတာ၊ ABSDF စစ်မြေပြင် သတင်းထောက်အဖြစ် သွားလာသတင်းယူနေတာတွေကြောင့် သစ္စာရီဗျူးအတွက် စာတွေလည်း မရေးဖြစ်တော့ပါ။
တကယ်တော့ သစ္စာရီဗျူးမှာ ဆရာနိုင်ဝင်းဆွေ ရေးတဲ့ နိုင်ငံရေးစစ်တမ်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်း မိတ်ဆက်များ ဆောင်းပါးတွေ တော်တော်များများ ကျနော် မဖတ်ဖြစ်လိုက်တဲ့ ဆောင်းပါးတွေ များပါတယ်။ ကျနော်က သူရေးနေကြ ဘဝသရုပ်ဖော် ဝတ္ထုတွေ၊ မသိန်းရှင်ဆီ ပို့ပေးပါ လို၊ နွေတည လို ဘဝသရုပ်ဖော် ဝတ္ထုတွေကိုပဲ ရေးစေချင်ပါတယ်။
၁၉၉၃ ခုနှစ် မေလလောက်မှာ ကျနော် မာနယ်ပလောကို ကျောခိုင်းခဲ့ပါတယ်။ ဘန်ကောက်မှာ ဒေါင်းအိုးဝေ စာစောင်အတွက် တာဝန်ယူလုပ်ကိုင်ဖို့ သွားရင်း နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဒီမိုကရက်တစ်မြန်မာ့အသံအတွက် အသံလွှင့်ဖို့အတွက် ကျနော့ကို စေလွှတ်ပါတယ်။ အင်တာနက်နဲ့ လူမှုကွန်ယက် မရှိသေး၊ ဖုန်းပြောရင် တယ်လီဖုန်းခ ဈေးကြီးလို့ စက္ကန့်သုံးလေးဆယ်အတွင်း ပြီးအောင်ပြောရတဲ့ အချိန်မှာ နိုင်ငံရေး၊ စစ်ရေး ယေဘုယျ အခြေအနေတွေကလွဲလို့ ဆရာနိုင်ဝင်းဆွေအပါအဝင် မိတ်ဆွေတချို့အကြောင်း သတင်းတွေ လပေါင်းများစွာ ကျနော် အလှမ်းဝေးနေခဲ့ပါတယ်။ ကိုငြိမ်းဝေ (ကဗျာ့အိုးဝေ) အော်စလို ရောက်လာမှ မာနယ်ပလောက သတင်းတွေ၊ မိတ်ဆွေတွေရဲ့ အကြောင်းတွေ မိုးလင်းမိုးချုပ် မေးရပါတယ်။ “ဟဲ့ကောင်လေး၊ အဲဒီအကြောင်း ငါပြောပြီးသား” ဆိုပေမဲ့ “ထပ်ပြောပါဦး” ဆိုပြီး အဝ နားထောင်ရပါတယ်။ သိပြီးသားအကြောင်းအရာ တော်တော်များများ ဂျီတိုက်ပြီး ကိုငြိမ်းကို ပြန်ပြောခိုင်းရ အလွမ်းဖြေရပါတယ်။
၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ နော်ဝေးနိုင်ငံ အော်စလိုမြို့
ပြတင်းပေါက်ကနေ နှင်းတွေ တဖွဲဖွဲ ကျနေတာကို ကြည့်ရင်း မာနယ်ပလောရဲ့ စစ်သတင်းတွေ ရသလောက် ကျနော်တို့ နားထောင်နေပါတယ်။
အီးမေးလ် မပေါ်သေးတဲ့အချိန်၊ အင်တာနက် မပေါ်သေးတဲ့အချိန်မို့ ထိုင်းဘက်က ဖုန်းလာတာကို စောင့်ရင်း “ဘယ်သူတွေ ကျဆုံးသွားပြီ၊ ဘယ်စခန်းတွေကို ထိုင်းဘက်ကို ရွှေ့ကြပြီ” စတဲ့ သတင်းတွေကို နားထောင်ရင်း ခင်မင်ရင်းနှီးတဲ့ ရဲဘော်ရဲဘက်တွေ ဘေးကင်းစေဖို့ ဆုတောင်းနေရပါတယ်။ ညကတော့ အော်စလိုမြို့ နော်ဝေပါလီမန်ရှေ့မှာ ထိုင်းနယ်စပ်က ရဲဘော်တွေအတွက် ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။ အဝေးရောက်သွားတဲ့သူတွေအဖို့ တောက်ခေါက်တာနဲ့ ဆုတောင်းတာပဲ အကောင်းဆုံး လုပ်နိုင်တော့တဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။
၁၉၉၅ ခုနှစ် ဇန္နဝါရီလ နောက်ဆုံးပတ်မှာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ဌာနချုပ် မာနယ်ပလောကို မြန်မာစစ်တပ်က သိမ်းပါတယ်။ ဆရာနိုင်ဝင်းဆွေ ကျန်ခဲ့တဲ့ ဟွေးဖောလူရွာက တဲလေး မီးခိုးငွေ့တွေကြားမှာ ပြာကျသွားပြီဆိုတဲ့ စိတ်မကောင်းစရာ သတင်းတခုကို နောက် လအနည်းငယ်အကြာမှာ သိရပါတယ်။ ငှက်ဖျားရောဂါဒဏ် ခံစားရင်း စိတ်ကျန်းမာရေးပါ ချို့ယွင်းလာပြီးတဲ့နောက် သူ့ကို လေးစားတန်ဖိုးထားသူတွေကိုပါ လက်ခံစကားမပြောတော့ဘူးဆိုတဲ့ သတင်းတွေ စောစောပိုင်းကတည်းက ကြားနေခဲ့ပါတယ်။ ကျန်းမာရေး မကောင်းဘူး၊ စိတ်ကျန်းမာရေးပါ ချို့ယွင်းလာပုံရတယ်၊ သူ့ကို ဘယ်သူမှ ခေါ်လို့မရဘူး၊ ဟွေးဖောလူမှာ ကျန်ခဲ့တယ်ဆိုတဲ့ သတင်းက နောက်ဆုံးပါပဲ။ နောက်ဆုံးတော့ ကျဆုံးသွားပြီးဆိုတဲ့ သတင်းကပဲ အတည်ဖြစ်ခဲ့ပါတယ်။
ဝီကီပီးဒီးယားမှာတော့ ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မာနယ်ပလော ဌာနချုပ်အနီး ဟွေးဖောလူရွာမှာ သူ ကျဆုံးသွားခဲ့တယ်လို့ မှတ်တမ်းတင်ပါတယ်။ သူ့အလောင်းကို မြေမြှုပ်ချိန်မရတော့တဲ့အတွက် အသက်မဲ့တဲ့ ခန္ဓာကိုယ်ပေါ်မှာ တော်လှန်ရေးရဲဘော်တချို့ တောပန်းပွင့်တွေ ဖုံးပေးခဲ့တယ်လို့ ရေးပါတယ်။ ရှင်သန်ရပ်တည်ရေး၊ ခုခံရေးစစ်ပွဲကြားမှာ ဘဝတခုလုံးကို ကျောပိုးအိတ်ထဲထည့် အားလုံး ခရီးဆက်ကြရတဲ့အချိန် တောပန်းတွေ ဖုံးပေးခဲ့ကြတာကို ကျေးဇူးတင်မိပါတယ်။ နောင် သိပ်မကြာခင် လပိုင်းတွေမှာ သူနဲ့အတူနေတဲ့ ကဗျာဆရာ ကိုတိုက်အောင်လည်း သူ့ကိုယ်သူ အဆုံးစီရင်သွားတဲ့ သတင်းဆိုးတပုဒ်ကို ကြားရပြန်ပါတယ်။ လက်နက်ကိုင်လှုပ်ရှားမှုတွေနဲ့ စစ်ပွဲတွေကြားမှာ လူတွေ အသက်မရှည်ခဲ့တာ အံ့ဩစရာတော့ မဟုတ်ပါဘူး။
အနှစ် ၃၀ ကျော်ခဲ့ပါပြီ။ ကျနော် အမေရိကန်ပြည်ထောင်စုကို ရောက်တာ အနှစ် ၃၀ ရှိသွားပါပြီ။ နယ်စပ်က အကြောင်းအရာတချို့ ပြန်တွေးလိုက် မေ့သွားလိုက်နဲ့ သတိရသလောက် ချရေးဖို့ ပျက်ကွက်သွားတဲ့နှစ်တွေ အများကြီး ရှိသွားပါပြီ။ တကယ်တမ်းကျ နှစ်တွေ ကြာတဲ့အခါ လူတယောက် ကျဆုံးသွားတဲ့နေရာကို မှတ်မိဖို့ နေသာသာ ပျောက်ဆုံးသွားတဲ့ ရွာတွေကိုတောင် နယ်စပ်ပြန်ရောက်ရင် လက်ညှိုးနဲ့ ရမ်းထိုးနေကြရတာပါ။ ဆရာနိုင်ဝင်းဆွေ ကျဆုံးသွားတဲ့နေရာကို မှတ်မှတ်ထင်ထင် ပြောပြနိုင်တဲ့သူ ရှိချင်မှ ရှိတော့မှာပါ။
သူရေးခဲ့တဲ့ ငွေ ရွှေ ရတု ကဗျာလေးကိုတော့ ကျနော် မကြာခဏ ဆက်ဖတ်ဖြစ်ပါတယ်။
“၁၉၈၆
ကလောင်နှစ် နှစ်နှစ်ဆယ်
ပထမအရွယ်နေ့
ကျနော့်ရွှံ့အိမ်ဖြူလေးရဲ့ နံရံထက်မှာ
ကျနော်ကဟင်အင်း… ညီအကိုတို့
‘အာဏာ
ငွေ
ကျော်ဇောခြင်းနှင့်
ရောင်းဝယ်ခြင်း မပြုမှသာ
‘အနုပညာရဲ့ တြိသီလတရား’ လို့
ကျနော် ကိုးကွယ်ထားတယ်။ဟုတ်တယ်… ညီအကိုတို့
တဂိုးရဲ့တရား၊ တဂိုးရဲ့စကား၊ တဂိုးရဲ့ အနုပညာနှလုံးသား
ကျနော် ကိုးကွယ်ထားတယ်။
‘ဘင်္ဂလားပြည်ရဲ့ ခေါင်းဆောင်သစ်
ငါမဖြစ်ချင်ဘူး’ တဲ့။ဟုတ်တယ်… ညီအကိုတို့
တကယ်လို့ နောင်ဘဝမှာ
လူပြန်လာဖြစ်ခဲ့ရင်လည်း
ကျနော်လည်းလေ…
လုံမလေးတွေ ထောပတ်မွှေရာ
ဘရိန္တာတောအုပ်ထဲက
သော်ကပင်ရိပ်အောက်မှာ
ပုလွေကြူအေး
လောကအတွက်တေး
သီကုံးပေးနေတဲ့
နွားကျောင်းသားလေးပဲ ဖြစ်ချင်တယ်။မနှစ်ကတော့
ဖလံတောင်ဝှေးများ ဖြစ်ထွန်းရာ တိုင်းပြည်မှာ
မာနယ်ပလောရဲ့ သောင်ရင်းမြစ်ကမ်းမှာ
နွားကျောင်းသားလေးများ ဖွားသန့်စင်ရာ
စာသဘင်တေးကို သီကျွေးတဲ့အခါ
တေးလေးတပိုဒ်
ကျနော် ရေးလိုက်ဖူးရဲ့။သဲကန္တာရ မုန်တိုင်းထဲမှာ
နိုင်ငံရေးသမားအိုဟာ
တောင်ဝှေးကို ထောက်ကိုင်လို့
ဖယိုဖရဲ အပြိုပြို အကွဲကွဲ လူအုပ်ကြီးကို(တချို့က နောက်ပြန်ပြေးနေရဲ့
တချို့က လူးလှိမ့် ငိုကြွေးရင်း မြေပြင်ပေါ်မှာ
တချို့က ခိုလို ညည်းတွားလို့
တချို့က မျက်စိစုံမှိတ်ရင်း
အားတင်း သီချင်းအော်ဟစ်လို့
တချို့က ဒေါသ ပေါက်ကွဲနေ
တချို့က တချို့ကို အတွင်းဆွဲထူ
တချို့က တချို့ကို အားပေး
ကိုယ့်ကိုကိုယ်လည်း အားပေးလို့
တည်ငြိမ်ရင့်ကျက်တဲ့
သူရဲကောင်းတွေလည်း များစွာပါရဲ့။)သူတို့ကို တဖြည်းဖြည်း စောင့်ခေါ်ရင်း
အဖိုးအိုဟာ မောပန်း နွမ်းလျနေလေရဲ့
မုန်တိုင်းထဲမှာ…အဲသည်အခိုက်မှာ
ဓားဝင့်လိုက်တဲ့ တကိုယ်တော်သမားဟာ
လျှပ်စစ်မီးများနဲ့ ရောထွေးယှက်နေတဲ့ မုန်တိုင်းထဲမှာ
သူ့မြင်းကို ဇက်ကုန်လွှတ် ကဆုန်စိုင်းလို့
လူတွေ မမြင်တွေ့နိုင်သေးတဲ့
ဟိုးအဝေးက အနာဂတ်ဆီ
ဖြတ်ချီသွားလေရဲ့…
ရှေ့ဆုံးများရဲ့ ရှေ့ဆုံးကလူ
သူ အနုပညာသမားပေါ့။အနုပညာဘုံမှာ
သောကကင်းစွာ ဇရာမရှိ
ထာဝရနုပျို
စိမ်းစိုနေတဲ့ အလှနဲ့သစ္စာ
ပရမတ္တအချစ်နဲ့ ရွှန်းသစ်မှု…အော်…
ကျနော်ရဲ့ အနုပညာတောင်မှ ငွေရတုမြောက်ခဲ့ရပါပေါ့…
သည်နေ့မှာ…
‘သန်းဆွေ၊ ခင်နှင်းယု
မင်းသုဝဏ်၊ မင်းဏီ
မမလေး (ဂျာနယ်ကျော်)
ကျနော့်ရဲ့ တေးသမားဘဝကို
မွေးဖွားသန့်စင်ပေးခဲ့သူ
ဆရာအဆူဆူနဲ့ ဟဲမင်းဝေးအား
နှလုံးသားမှ မြတ်နိုး
ရိုကျိုး မာန်လျှော့ ဖြေလျှော့
ကျနော် ကန်တော့၏။အော်…
ကျနော်တောင်မှပဲလေ
ရတုမြစ်ရဲ့ ပျိုမြစ်စိမ်းလန်းမှု
ငွေသားထုပြင်ကျယ်ထက်မှာ
(ဘယ်လောက်များ လှပ တောက်ပနေလိုက်ပါသလဲ။)
အရွယ်ရဲ့ ငြိမ်သက်မြဲမြံမှု
ရွှေနေခြည်များ ဆွတ်ဖျန်းထားလိုက်ပေါ့။”
ငွေ ရွှေ ရတု (နိုင်ဝင်းဆွေ) ကဗျာထဲမှ
တကယ်လို့ နောင်ဘဝမှာ လူပြန်လာဖြစ်ခဲ့ရင်၊ အနုပညာဘုံမှာ သေခြင်းကင်းစွာ ဇရာမရှိ၊ ထာဝရနုပျို စိမ်းစိုနေတဲ့ အလှသစ္စာတွေနဲ့ ရှင်သန်ပြီး စာတွေရေးနိုင်ပါစေလို့ ကျနော် ဆုတောင်းမိပါတယ်။ ကျနော် သူ့ကို မသိန်းရှင်ဆီ ပို့ပေးပါ လို၊ နွေတည လို ဝတ္ထုတွေ ရေးတဲ့ စာရေးဆရာတယောက်ပဲ ပြန်ဖြစ်စေချင်ပါတယ်။ အဲဒီဝတ္ထုတွေနဲ့ သူဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ ဘဝက သူရေးခဲ့တဲ့ နိုင်ငံရေးစစ်တမ်းတွေထက် ကျနော့ နှလုံးသားထဲမှာ စူးဝင်ခဲ့ပါတယ်။
ထိုက်သူနိုင်
၂၀၂၆ ခုနှစ် ဧပြီလ
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
