Breaking News

မောင်ဘဦး - မျက်နှာသာပေး... ရွှေရေး ပန်းကန်တက်ကုန်ကြလေပြီ (သို့မဟုတ်) ခေတ်သစ် ဓဇဂ္ဂသုတ်

မောင်ဘဦး - မျက်နှာသာပေး... ရွှေရေး ပန်းကန်တက်ကုန်ကြလေပြီ (သို့မဟုတ်) ခေတ်သစ် ဓဇဂ္ဂသုတ်

မိုးမခ ၊ ဇွန် ၂၀ ၊ ၂၀၂၆


(က)

"... ညိုချောပါတယ်...၊ အာဆီယမ်ပါတယ်...။ ...ယူပါဦး တော်...။ ဒီကနေ့ အမေစု ၈၁ နှစ်မြောက် မွေးနေ့လေ...။ ဒီနေ့ ခွေးသဒေါင်းစားတွေ ရစ်နေတာနဲ့ နေမြင့်သွားလို့ပါ...။ နှင်းဆီ မပါပါဘူးဆိုတာကို မယုံဘူး ပန်းတွေ အကုန်လှန်ပြ ဖြည်ပြရမယ်တဲ့လေ...။ ကန်တော့ပါတော်...၊ လှန်ပြလိုက်ချင်တာလေ... အတော်အောင့်ထားရတယ်...။ ကျမလား...။ ဒီခွေးတွေကိုတော့ လုံးဝ-လုံးဝကို မကြောက်ပေါင်။ အမေစုပြောသလို 'ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ပါစေ...' ကိုပဲ သွားရင်းလာရင်း ရွတ်ဖတ်သရဇ္ဈာယ်နေမိတော့တာပဲ တော့...။"

(ခ)

"...ကိုကို...၊ ဒီနေ့ လျှပ်စစ်ရုံးသွားဦးမှာလား။ ကျနော်တို့အတွက် မီတာစာရွက် ရှာပြီးယူလာမနေနဲ့တော့၊ မနေ့က မီတာစာရွက်တွေကို အိမ်တိုင်ရာရောက် လာပို့သွားတယ်...။ မီတာလည်း ဖတ်သွားတယ်...။"

ဒီနေ့ လျှပ်စစ်ရုံးသို့သွားပြီး ရပ်ကွက်အလိုက် ခုံတွေပေါ် တင်ထားသည့် မီတာစာရွက်ကို ရှာယူ...၊ ရုံးနှင့်မျက်နှာချင်းဆိုင် ထောင်ကြီးကွင်းဘက်ရှိ မိတ္တူဆိုင်တွင် မိတ္တူဆွဲ...၊ ၎င်းကိုမှ လမ်းဟိုဘက် ရုံးဆီသို့ပြန်သွားကာ တင်...၊ ဘယ်နေ့ လာဆောင်ရမလဲ မေးဖို့ သွားရမည်မို့ ပြင်ဆင်နေခိုက် ချိုချို့ဆီမှ ဖုန်းဝင်လာခြင်းဖြစ်သည်။ ကိုကို နှင့် ချိုချိုတို့ မောင်နှမမှာ တစ်ယောက်က လယ်တီ၊ တယောက်က အင်းရွာသစ် မို့၊ လျှပ်စစ်ရုံးသို့ သွားသည့်လက်စ တစ်ယောက်သွားလျှင် တစ်ယောက်ကကူညီရင်း နီးရာနက အိမ်နီးနားချင်း မိတ်ဆွေရင်းတို့၏ မီတာကိစ္စတချို့ကိုပါ လုပ်ပေးခဲ့ကြသည်။ ယခု သူတို့ရပ်ကွက်ကို မီတာလာဖတ်ပြီး မီတာစာရွက်များ ပေးသွားပါသည်'...တဲ့။

ဟုတ်သည်။ နမခ စစ်တိုင်း၏မြို့တော် မုံရွာမြို့ကြီးတွင် အလယ်ရပ်၊ ရုံးကြီး၊ အောင်မင်္ဂလာ၊ ဒေါနခြံ စသော မြို့တွင်းကျသည့် ရပ်ကွက်တွေမှာ မီတာစာရွက်တွေလိုက်ဝေ မီတာတွေလိုက်ဖတ်ပြီး ဒဏ်ကြေးတွေ အဆောင်ခိုင်းနေတာကဖြင့် အတော်တောင်ကြာလေပြီ။ ယခု လယ်တီ၊ ရတနာပုံ၊ ချမ်းမြသာစည်၊ ရန်ကင်း...၊ မြို့တွင်းမကျတကျ ရပ်ကွက်တွေကို လူကိုယ်တိုင်စမ်းကောက်ကြည့်တာ ဖြစ်မည်။ 'အရက်သမား ဆေးသမားလိုလို ခပ်ပေပေခပ်ကြမ်းကြမ်း ၅ ယောက် လာကောက်သည်' တဲ့၊ 'သူတို့နောက်က ဘာ စခ၊ ရခ အစောင့်အရှောက်မှ မမြင်ပါ' တဲ့။ အစောင့်ထည့်ပေးလိုက်ဖို့က လူရှိတော့မည် မထင်...။ ရွေးတုလွှတ်တော်ကြီး၏ အမတ်တွေပင် 'ကိုယ်ပိုင် ဘော်ဒီဂတ် ဥပဒေ'ဆိုလား ပြဋ္ဌာန်းသည်...တဲ့။

ဒါပြီးရင်တော့ အင်းရွာသစ်၊ ဘုန်းစိုး၊ သလ္လာ၊ အက်တော၊ ရှောက်ခါး ဇလုပ်၊ စက်မှုဇုံ၊ ထန်းတော...၊ မြို့အစွန်က ရပ်ကွက်တွေဆီ များမကြာမီ ရောက်လာပါတော့မည်။ မျက်နှာသာပေး - ရွှေရေး ပန်းကန်တက်ချေပြီတည်း။ တဖြည်းဖြည်းနှင့် ခရီးသွားကုလားအုတ်တစ်ကောင် တဲတလုံးတွင် မိုးဝင်ခိုသလို...၊ 'ခေါင်းကလေး မိုးခိုပါရစေ...၊' ရှေ့လက်ကလေး မိုးခိုပါရစေ...။' သည့်နောက်တော့ ကုလားအုတ်တစ်ကောင်လုံး ဝင်လာမည့်ပုံ...။ တဲပိုင်ရှင်ကိုပင် ကန်ထုတ်လျှင်ဖြင့်... ခက်ရချေပြီ။ အခုတော့ လာမဖတ်ရဲသေး။ ခက်သည်က တော်လှန်ရေးကာလ ၅ နှစ်ကျော်အကြာ၊ မီတာလာဖတ်သည်ကို ကြိုဆိုကြမည့် 'ပြည်သူ'ဆိုသူတွေကလည်း ရှိနေပါပကောလား...။

ပြည်သူတယောက်အနေဖြင့် မီတာအခွန်အခ မပေးမဆောင်ချင်လို့တော့ မဟုတ်။ ပြည်သူ့တာဝန် အခွန်အခ ပေးချင်လှပါသည် ဆောင်ချင်ပါသည်။ ပြည်သူ့တာဝန် ကျေချင်ပါသည်။ သို့ပေငြား လက်ခံရယူသည့် အစိုးရသည်ကား အစိုးရတစ်ရပ်၏တာဝန် မကြေ။ မကြေရုံမက၊ ဤမှထိုမှ ရရှိလာသော အခွန်အခများဖြင့် ပြည်သူ့အတွက် လမ်းတံတားဆေးရုံ တည်ဆောက်ပေးဖို့ ဝေးစွ။ စစ်အုပ်စု တဖြစ်လဲ ရွေးတုအစိုးရအနေဖြင့် ဤအခွန်အခကို ဆေးရုံဆေးခန်း ဒုက္ခသည်စခန်းတွေကို ဗုံးကြဲဖို့...၊ လမ်းတံတားတွေကို ချိုးဖျက်ဖို့...၊ အပြစ်မရှိဘဲ ကျေးရွာများအပေါ် အမြောက်ကြီးများ စက်တပ်လေယာဉ်များဖြင့် ရမ်းသမ်းထုဖို့အတွက်သာ သေချာပေါက်သုံးစွဲမည်မို့ မပေးချင်၊ မဆောင်ချင်။ အဆိပ်ပင်ကို ရေမလောင်းချင်။

တိုင်းမြို့တော် အညာမုံရွာမှာ အရင်က မီတာလာမဖတ်ရဲ။ နန်းစီဒီအင်ဝန်ထမ်းမှန်း လူသိမခံရဲ...။ သည့်နောက်တော့ မီတာ လာမဖတ်သော်ငြား၊ ' မီတာခ လာမဆောင်လျှင် လိုင်းကြိုးဖြတ်မည်...'ဟု ကြားလာရသည်။ ကြားရသည်ဆိုတော့ 'မည်သူက ပြောပါသနည်း...'ဆိုလျှင် အကောင်အထည်ကား မပြနိုင်။ ကြံ့ဖွတ်၊ ဘောမတို့ထံမှ အလံရှူးစကားကို အကြောက်တရားက ကြီးစိုးလွှမ်းမိုးနေကြသူများက ထပ်ဆင့် ကြားရခြင်းသာ ဖြစ်ပေမည်။ ထို့အပြင် ရပ်ကွက်အစုံမှ ၄-၅-၆ အိမ်ကို အမှန်တကယ်လည်း မီးလိုင်းဖြတ်သွားသည်ကြောင့်၊ ကြောက်ကြောက်လန့်လန့် သွားဆောင်ကြသည်။ ကနဦး 'ဘယ်ရပ်ကွက်မှ ဘယ်သူ့ဆီကို မီတာတလုံး ၂၀၀ိ/- နှုန်းပေး၍ အဆောင်ခိုင်း'ကြသည်။ လျှပ်စစ်ရုံးကလည်း မီတာစာရွက်အဟောင်းပေါ် မူတည်ပြီး ခန့်မှန်းခြေအားဖြင့် မီတာခကို ကောက်ခံလိုက်သည်။ သည်ကနောက်တော့ ကိုယ့်ဖာသာကိုယ် သွားဆောင်ကြသည်။ မီတာစာရေးများလည်း ပေါ်ပေါ်တင်တင် ရုံးသွားရဲလာကြသည်။ ယခုမူ မီတာလာဖတ်ကာ ယခင် မဆောင်ရသေးသည်များကိုပါ အဆောင်ခိုင်းတော့မည်။ တချို့ ၅ သိန်း-၆ သိန်း-၇ သိန်း...၊ တချို့ ၁၀-၁၅ သိန်း၊ တချို့ သိန်း ၂၀-၃၀,၄၀ အထိ ကျကြသည်တဲ့။

(ဂ)

လျှပ်စစ်ရုံးသို့၊ ထ-၅ ခေါ် အောင်မင်္ဂလာ - အမှတ်(၅)အထက ကျောင်းရှေ့ သံလမ်းဈေးဘက်မှ သွားရာ ကျောင်းရှေ့တွင် ကား၊ ဆိုင်ကယ်၊ အိုးဝေဆိုက်တွဲများ လမ်းပိတ်သည်ထိ ကြိတ်ကြိတ်တိုးစည်ကား၍နေလေ၏။ အမှတ်မထင် ကျေးရွာ ပကဖ၏ သမီးလေးကို တွေ့ရ၍ စုံစမ်းကြည့်ရာ...၊

"...ပလေ့-စမက်-အိပ်ဇင်း..." ဟု မပီကလာပီကလာ ဖြေရှာလေ၏။

"...ဘာ ဘာ...။ ဘာတဲ့...သမီး..."

သူမ၏ ဖုန်းလေးကို ထုတ်၍ ရွေးတုအစိုးရ၏ ပညာရေးဝန်ကြီးဌာနမှ ဖြစ်ဟန်တူသော အမျိုးသမီးကြီး စကားပြောနေသည်ကို ဖွင့်ပြလေ၏။ ကားဟွန်းသံ ဆိုင်ကယ်သံ ထော်လာဂျီသံများ ဆူညံနေ၍ အသံကိုတော့ မကြားရ။ စာတမ်းထိုးကို ဖတ်ကြည့်တော့မှ "ပလေ့စမင့် - အိပ်ဇယ်မင်နေရှင်း" ဟု သိရတော့၏။ 'နေရာချထားရေး စာမေးပွဲကြီး...' ပါတကား။

"...သမီးက ဟိုးအရင် ကျောင်းတွေဖွင့်တုန်းက ကျောင်းကြီးမှာ ၆ တန်း လေ။ ဒီကြားထဲ ၄ နှစ် ကျောင်းမတက်ရဘူး။ မနှစ်ကတော့ အောင်ချမ်းသာမှာ သွားတက်တယ်၊ ၈ တန်းတက်ရတယ်။ ဒီနှစ်ကျတော့ အောင်ချမ်းသာကျောင်းကနေ မုံရွာ ဝမ်း-ကျောင်းမှာ ၉ တန်း တန်းရတယ်။ အခုလို ဖြေစရာမလိုဘူး...။ အခုဟာက ရွာကညီမလေးတွေ ကျောင်းနေဖို့ လာဖြေတာ။ ဘယ်အတန်းမှာ နေရမလဲဆိုတာကို စာမေးပွဲ အရင်ဖြေရတာ...။"

သဘောပေါက်ပါပြီ။

စစ်အုပ်စု ဩဇာမသက်ရောက်သည့် အညာ...၊ ပီဒီအက်ဖ်အားကောင်းသည့် ရွာတွေကတော့ သားသမီးတွေကို နုကြည်ကျောင်းကို ထားကြသည်။ အားမကောင်းတကောင်းရွာတွေမှာတော့ တချို့မိဘများက အိမ်မှာစာသင်၊ ကျူရှင်ထား... ပညာရေးအဆက် သိပ်မပြတ်ကြ။ တချို့ မန္တလေး၊ မေမြို့၊ နပတ၊ ရန်ကုန်တို့သို့ ကျောင်းသွားထားကြသည်။ နုကြည်ကျောင်းကို ထားကြသည့် ပီဒီအက်ဖ် အားကောင်းသည့်ရွာများကို စစ်အုပ်စုမှ ဗုံးကြဲသတ်ဖြတ်ပြသည်။ ကျောင်းထားရဲထားကြည့်၊ ဖြဲခြောက်သည်။

မောင်ဘဦးတို့ခေတ်တုန်းကလည်း ဘွဲ့ရအပြီး အလုပ်မခေါ်မီ... '၈ လေးလုံး' အရေးအခင်းဖြစ်တော့ ထိုင်းနယ်စပ်သို့ ယောင်လည်လည် ရောက်ရှိသွားချိန်၊ သူငယ်ချင်းတချို့မှာ ဘွဲ့လွန် ဒီပလိုမာ တက်နေခဲ့ကြသည်။ သူငယ်ချင်းတချို့ကမူ စင်္ကာပူ၊ အမေရိကားသို့ ရောက်ရှိသွားကြသည်။ မောင်ဘဦးတို့ စစ်အုပ်စု၏ ရန်ကို ပုန်းရှောင်နေရစဉ် ထိုသူငယ်ချင်းများမှာ အရာရှိတွေ လက်ညွှန်တွေ ဖြစ်ကုန်ကြသည်။ ယနေ့ မောင်ဘဦးတို့ ရပ်ရွာနေအိမ်မီးရှို့ခံရ၍ ဘုံပျောက်ကာ၊ ဟိုက 'ဟိုးဟိုး'... ဒီက 'ဟိုးဟိုး' အထင်သေးမျက်လုံးများအောက်တွင် နေရစဉ် ထိုအရာရှိကြီးများမှာ ပင်စင်စားကြီးများအဖြစ် ငြိမ့်နေကြလေပြီ...။ ယခုလည်း...။

"...ကျမတို့ ကျောင်းဆရာမတွေ စီဒီအမ်ဝင်တာ အရူးကိုဖြစ်လို့...။ အခုများဖြင့် နန်း-ဆရာဆရာမတွေရော ကျောင်းသားမိဘတွေရော လုံးလားထွေးလား...။ ကျောင်းထွက်လက်မှတ် 'ပီစီ'တွေ မရ-ရအောင်လုပ်ကြ၊ စာအုပ်တွေ ထုတ်ကြပြုကြ၊ ကျောင်းစိမ်းဝတ်စုံတွေ ရောင်းကြ ဝယ်ကြနဲ့ အလုပ်ကိုဖြစ်လို့...တော့...။ ကျမတို့ စီဒီအမ်ဝင်တဲ့ သူတွေသာ အရူးတွေကိုဖြစ်လို့...။"

ဖြေစရာ ရှင်းပြစရာက နတ္ထိ။ စီဒီအမ်ဆရာမ ပြောတာတွေက ကွက်တိဒက်ထိ ဟုတ်နေသည်။ မှန်နေသည်။ တချိန်က ခေါင်းပင် မပြူရဲသည့် 'နန်းစီဒီအင်'တွေ... ခုတလော ထောင်ထောင်ထောင်ထောင် ဖြစ်လာနေကြချိန်တွင် စီဒီအမ်ဆရာမလေးတွေအဖို့ မအေ နေမကောင်းလို့ မန္တလေး ဆေးကုသွားတာ မလိုက်ရဲ။ အိမ်နီးနားချင်း ကလေးတွေကိုပင် ကောင်းကောင်း စာမသင်ရဲ။ နန်းဆရာဆရာမတွေက သူတို့ကျူရှင်သို့ လာမထားလို့ သတင်းပို့လိုက်ရင် ဆွဲလားရမ်းလား ပါသွားနိုင်သည် လေ...။ ထမင်းဟင်းချက်ဖို့ ဈေးသို့ပင် ကောင်းကောင်း မထွက်ရဲတော့။ သည်ကြားထဲ ကလေးတွေ၏ ပညာသင်ကြားခွင့် အခွင့်အရေးကို လက်ကိုင်ထားပြီး နန်းတွေအပေါ် အလေးထား လေးစား ပြလာသည့် ပုဂ္ဂိုလ်အချို့ကလည်း ခပ်ထောင်ထောင်...။ နန်းတွေကို မျက်နှာသာပေး နန်းရွှေရေးတို့ ပန်းကန်တက်နေချိန်တွင် စီဒီအမ်ဆရာဆရာမလေးတွေအဖို့ ထမင်းပန်းကန် ကိုင်ဖို့ကိုပင် မဝံ့ရဲရှာကြတော့...။

(ဃ)

"...ကျုပ်တို့ရွာဖြင့်ဗျာ အိန္ဒိယအိုက်ဇောကို ရက်ကန်းသွားခတ်ကြမလို့ မှတ်ပုံတင် မရှိလို့ တဲ့...၊ သွားလုပ်နေတာ ကြာပြီ။ ခုထိ မရသေးဘူးဗျ...။ အဲ အဲ...။ ဟို...ဟို၊ ရွာက ကလေးမလေးတ‌စ်ယောက်က... အစက စီဒီအင်လိုလို ဘာလိုလို...။ သူ့အဖေရှိတုန်းက စ-သုံးလုံးမှာ ဂိတ်စောင့် လုပ်ဖူးတဲ့အဆက်နဲ့ ကလေးမလေးက စ-သုံးလုံးရုံးမှာ စာရေးလုပ်နေတာလေ...။ အဲ...၊ သူမက တဆင့် လဝကကို ခိုင်းမှ...၊ အခုတော့ ရတော့မယ် ပြောတာဘဲ...။ ဘယ်လောက်ကုန်တယ်တော့ မသိဘူး ဗျ...။ စကားမစပ်၊ အဲသည့် စ-သုံးလုံးကလေးမရဲ့ မောင်လေးတစ်ယောက်ဟာ... အရင်က လိုကယ်ပီဒီအက်ဖ်မှာ ‌ထောက်ပို့လုပ်ဖူးသဗျ...။ အခုတော့ ဘယ်ဆီ လွင့်သွားတယ်မသိဘူး...၊ ဝန်ထမ်းလုပ်နေတယ် ဆိုလား...။"

(င)

ဒီမိုကရေစီကိုတော့ဖြင့် သက်သက်သာသာ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် ရလိုပါသည်။ သို့သော်ငြား၊ ရေ-မီး ပြတ်လပ်မည် လျှပ်စစ်မီးမရမည်ကိုတော့ဖြင့် ကြောက်ပါသည် လား...။ သိထားဖို့က ရေ-မီးပြတ်လပ်မှာကို မိမိတို့ကြောက်သလို အကြမ်းဖက် စစ်အုပ်စုကလည်း ကြောက်သည်ပဲပေါ့...။

ပညာရေး၊ ကျန်းမာရေးစသည် ဌာနပေါင်းစုံမှ စီဒီအင်တွေဘဝ...။ ရွေးတုအစိုးရက ဖိလိုက်၊ နန်းတွေက ကလိလိုက်ဖြင့် တော်လှန်ရေးကာလ ၅ နှစ်တာ...၊ လူးကာလွန့်ကာဖြင့် ဒုက္ခအမျိုးမျိုးအဖုံဖုံ...၊ မကြုံချင်မှ အဆုံး...။ ပြီးတော့... လျှို့ဝှက်လှသည့် စစ်အုပ်စု၏ စ-သုံးလုံး...။

အကုန်လုံးကို ခြုံ၍ဆိုရပါလျှင် တော်လှန်ရေး ၅ နှစ်တာ ယနေ့ကာလတွင် နန်းစီဒီအင်တွေ ခေါင်းထောင်လာကြသည်ကား အညာ မုံရွာ၏ မြေပြင်ဒေတာ အမှန်။

အကယ်စင်စစ် သူတို့သည်ကား ကြောက်ကြောက်နှင့် ဖြဲခြောက်နေကြခြင်းသာ ဖြစ်သည်။ ဤသည်ကို တစ်ယောက်စ တစ်ရာ 'ဖေဗာ'(Favour) လုံးဝ မပေးသင့်။ သူတို့တတွေ ခေါင်းထောင်လာကြသည်ကို ကြောက်လန့်နေဖို့ မလို။ သို့သော် မျက်နှာသာပေး ရွှေရေးပန်းကန် အတက်ခံလို့ကတော့ မရ။ ပြည်သူအားလုံးက စုစည်း ညီညွတ်စွာဖြင့် တော်လှန်ကြရမည်။ မိမိတို့၏ သားသမီးမြေး ဂျင်း-ဇီလေးတွေသည်ကား မကြောက်မရွံ့ခဲ့ကြ၍လည်း လက်ဗလာဖြင့် စ,ခဲ့သော တော်လှန်ရေးကြီး ယနေ့ ဤခရီးအထိ ရောက်ရှိလာခြင်း ဖြစ်သည်။

တော်လှန်ရေးဆိုသည်ကား မောင်းပြန်တွေ ကိုင်မှချည်း တော်လှန်နေကြသည် မဟုတ်။ စစ်အစိုးရ၏ ဒေါက်တိုင်၊ နန်းတွေကို ဆိုရှယ်ပန်းနစ်ရှ်အပြည့်အဝလုပ်ကြခြင်းဖြင့်လည်း တော်လှန်ကြရမည်။ ဆိုရှယ်ပန်းနစ်ရှ် မလုပ်ရဲသူ၊ ကြားနေကြသူတို့သည်ကား သူတို့တွင် ကြောက်ရွံ့ခြင်းက ကြီးမားစွာ ဟန့်တားနေလို့သာ ဖြစ်သည်။

ဘာဇာကို ကြောက်ကြပါသနည်း။ ရေပြတ်မည်ကိုလော...၊ မီးပြတ်မည်ကိုလော...၊ သားသားမီးမီး မြေးမြေးတို့၏ နောင်ရေးကို တွေးတောပူပန် ကြောက်ရွံ့ကြ၍ လော...။

ကြောက်ရွံ့ကြသည့်အတိုင်းကော ပြေလည်လာကြပါ၏လော...။ ကြောက်ရွံ့ကြသည့်အတိုင်းကော ဖြစ်လိုသည်များ ဖြစ်ကြပါ၏လော...။ ကြောက်ရွံ့ကြသည့်အတိုင်းကော မဖြစ်လိုသည်များ မဖြစ်ကြပါ၏လော...။ မိမိတို့၏ သားသမီးမြေးမြစ်များ၏ စိတ်အစဉ်တွင် စစ်အုပ်စု၏ 'ငတေမာပြီးရော စိတ်ဓာတ်၊ ငို့ဘငါ့ဖို့ချည်းဟူသော စိတ်ဓာတ်၊ လက်နက်ပြ ခြိမ်းခြောက်၊ လိမ်လည်ပြောဆိုကာ မတရားသဖြင့် ရယူလိုသော အပါယ်ငရဲကျစေမည့် စိတ်ဓာတ်'တို့ ကိန်းဝပ်စေချင်ကြပါသလော...။

စင်စစ် 'ပြည်သူအပေါင်း၏ အသက်အိုးအိမ် စည်းစိမ်သိက္ခာ၊ အရွယ် ၃ ပါးစလုံးတွင် လုံခြုံစိတ်ချ ပြည့်စုံကြွယ်ဝစေကြရအောင်၊ အဂတိ ၄ ပါးကင်းရှင်းစွာ တရားနည်းလမ်းကျစွာဖြင့် ထိန်းကျောင်းဆောင်ရွက်ပေးနိုင်သော အစိုးရမျိုး' ရှိနေမှသာ ပြည်သူများအဖို့ ကြောက်ရွံ့ခြင်းမှ ကင်းပ၊ ဖော်လန်ဖားမျက်နှာချို မသွေးရ၊ လက်ဘက်ရည်ဖိုး လာဘ်မထိုးရ၊ ဟုတ်ကဲ့ ဆရာ - ဆရာချင်း မိုးမွှန်အောင် မခေါ်ရ၊ တရားမျှတခြင်း ဓမ္မစစ်စစ်ပေါ်တွင် ရပ်တည်နိုင်ကြမည်ဖြစ်ပေသည်။ ကျေးလက်-မြို့ပြ၊ ပြည်နယ်-ပြည်မ၊ ချမ်းသာဆင်းရဲ ကွာဟမှု နည်းအောင် မရှိအောင် ဆောင်ရွက်ပေးနိုင်သည့် အစိုးရမျိုး ရရှိမှသာ၊ ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ကြရပါမည်လေ။

လူပြိန်းပြော ပြောရပါလျှင် အာဏာခဏခဏသိမ်းတတ်သော၊ လက်နက်ကိုပြခြိမ်း‌ခြောက်ကာ လိုချင်တာရအောင်ယူတတ်သည့် ဓားပြ-စစ်အစိုးရ၊ ပြည်သူအပေါ် ရန်သူလိုသဘောထား ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေသော စစ်အစိုးရ၊ အမြစ်ပါမကျန် ကင်းပျောက်သွားမှသာလျှင်၊ ရဟန်းရှင်လူ-ပြည်သူအပေါင်း ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ကြရပါမည်လေ။

(စ)

အမေစုကတော့ ဘာ့ကြောင့် မကြောက်ပါသနည်း...။

ဆရာဇော်ဂျီ၏ 'အိုဘယ့်လူသား ခရီးသွား'ကဗျာ ထဲကလို...၊

"...အို ဘာကိုထောက်၊ ကြောက်ရမလဲ၊ သူရဲဖော်ညှိ၊ သတ္တိ ရှိပြီ၊ စစ်သည်ဗိုလ်ပါ ဇွဲလည်းပါ၍၊ မကွာထပ်လောင်း ငယ်ကပေါင်းသည့်၊ ဆွေကောင်း လုံ့လ၊ တူတကွတည့်..." ဆိုသလို စဉ်းစားချင့်ချိန် တွေးခေါ်မြော်မြင်တတ်သော ဉာဏ်ပညာ၊ 'မဟုတ်သည် မှားသည်ကို မဟုတ်ဘူး မှားတယ်' ဟု ပြောဆိုပြုမူရဲသော သတ္တိ၊ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက လုံ့လဝီရိယ စသည်တို့နှင့် ပြည့်စုံနေ၍သာ မကြောက်ရွံ့ခြင်းဖြစ်ပါ၏။ ဤသို့ ပြည့်စုံဖို့ရာ 'မိကောင်းဖခင်'သားသမီးမျိုး၊ မိကောင်းဖကောင်းတို့၏ ဆုံးမမှုကို ရရှိ-နာယူ ခံယူသူမျိုးမှသာ ဖြစ်ပါချေမည်။

ထို့ထက်၊ 'ကားမစီးရ...' ဆိုလျှင် 'ငါ ကားမစီးရလျှင် မနေနိုင် ဟူသော စိတ်မျိုး မထားရှိဘဲ စက်ဘီးစီး၍ သွားရဲ သွားဝံ့သော စိတ်ဓာတ်နှင့် သတ္တိ။ အများပြည်သူအကျိုးစီးပွားအတွက် အစာအငတ်ခံနိုင်သော သတ္တိ။ 'ငါ့အိမ်ကိုတော့ ထိန်ထိန်ညီးညီး မီးလင်းစေပြီး အများပြည်သူကျတော့ မှောင်နဲ့မဲမဲ အလဲလဲအကွဲအပြဲ ဖြစ်မှာကို ရှက်ကြောက်ခြင်း စသော ဟီရိဩတ္တပ္ပ အရှက်အကြောက်တရား။ ပြည်သူများအပေါ် ချစ်ကြင်သနား မေတ္တာကရုဏာ ထားနိုင်သော စိတ်စေတနာ။ ဤသည့်တရားများ ကိန်းဝပ်တည်ရှိနေ၍သာ ကြောက်ရွံ့ခြင်းမှ ကင်းသည် ဖြစ်ပေ၏။

ဓမ္မ - တရားမျှတမှု နှင့် အဓမ္မ - မတရားမှုကို ခွဲခြားသိမြင်ပြီး၊ လောကဓံ ၈ ပါးကို ကောင်းစွာ နားလည်သဘောပေါက်ကာ တရားမျှတမှု - ဓမ္မဘက်သို့ ခြေစုံပစ် ဝင်ရောက်ခဲ့ခြင်းကြောင့် ကြောက်ရွံ့ခြင်း ကင်းရခြင်း ဖြစ်လေသည်။

(ဆ)

ပရိတ်ကြီး ၁၁ သုတ်တွင် ဓဇဂ္ဂသုတ်၌ သိကြားမင်းကြီးက အသူရာတို့နှင့် စစ်တိုက်ရာတွင် ၎င်း၏ နတ်စစ်သည်တို့ကို...၊ 'ကြောက်ခြင်း လန့်ခြင်း ကိုယ်တုန်လှုပ်ခြင်း မွှေးညှင်းရွှင်ပြ ကြက်သီးထခြင်းတို့ ဖြစ်ခဲ့လျှင် 'ငါ၏ စစ်ရထားထိပ်ရှိ တံခွန်အလံကို မော့ကြည့်လိုက်ကြပါ၊ ကြောက်ခြင်းလန့်ခြင်း ကိုယ်တုန်လှုပ်ခြင်း ကင်းပျောက်သွားပါလိမ့်မည်...' တဲ့။

ယခုလည်း ပန်းသည်မလေး ပြောသလို အမေစု၏ 'ကြောက်ရွံ့ခြင်းမှ ကင်းပါစေ...'ကိုသာ သွားရင်းလာရင်း ရွတ်ဖတ်သရဇ္ဈာယ်ကြပါကုန်လော့...။ အမေစုလို ဟီရိဩတ္တပ္ပတရား ထားရှိခြင်း၊ လောကဓံတရားများကို နားလည်သဘောပေါက်ခြင်း၊ ဗြဟ္မစိုရ်တရားများ လက်ကိုင်ထားခြင်း၊ စသည်တို့ကို လိုက်နာကျင့်သုံးကြပါကုန်လော့။ ကြောက်ရွံ့ခြင်းမှ အမှန်တကယ် ကင်းပျောက်စေပါလိမ့်မည်တည်း။

"အမေ၏ အားမာန်များ သားတို့၏ သွေးထဲသို့ စီးဝင်ပါစေသတည်း။'

ဤစာစုဖြင့် အမေစု မွေးနေ့ကို ဂုဏ်ပြုလိုက်ပါသည်။

အမေစု 'သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ဝ နိုင်ပါစေ။'

သုခိတာ ဟောထ၊ တော်လှန်သူရဲကောင်းအပေါင်းတို့သည်လည်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ဝကြပါစေ။

မောင်ဘဦး

(၈၈ ပ-ဝါဆန်း ၅ )



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar