စစ်ကိုင်း၊ မကွေး နဲ့ မန္တလေး ဖက်ဒရယ်ယူနစ်တွေက ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၃၀ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁ ၊ ၂၀၂၆
စစ်ကိုင်း၊ မကွေး နဲ့ မန္တလေး ဖက်ဒရယ်ယူနစ်တွေက ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ
ယခုနှစ်အစောပိုင်းမှာ ယင်းမာပင်ခရိုင် ပုလဲမြို့နယ်ထဲက BNRA ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် ခေါင်းဆောင် ဗိုလ်နဂါး အာဏာသိမ်းစစ်တပ်ထံ လက်နက်ချခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်မှာတော့ အစပိုင်းမှာ BNRA နဲ့ NUG/PDF တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားလာတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပေမယ့် ရက်ပိုင်းအတွင်းမှာ BNRA ခေါင်းဆောင်ဖြစ်သူက မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ ဆက်သွယ်ကာ လက်နက်ချ အညံ့ခံသွားတာကြောင့် ဗိုလ်နဂါးဦးဆောင်ဖွဲ့စည်းထားတဲ့ တပ်ရင်းပိုင် လက်နက်တွေ သိမ်းယူတာ၊ တပ်ဖွဲ့ဝင်တွေကို ခေါ်ယူစစ်မေးပြီးနောက် အများစုကို ပြန်လွှတ်တာတွေ လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။
အဲဒီအဖြစ်အပျက်နောက်မှာတော့ မကွေးတိုင်း မြိုင်မြို့နယ်ထဲက ရေနံမှော်တွေက ကောက်ခံရရှိတဲ့ အခွန်ကိစ္စတွေကို အကြောင်းပြုပြီး မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီး တာဝန်ယူထားသူ ဗိုလ်လက်ယာနဲ့ NUG/PDF တွေအကြား တင်းမာမှုဖြစ်ပြီး တပ်အင်အားနဲ့ ဝိုင်းခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီအဖြစ်အပျက်မတိုင်ခင် မန္တလေး PDF အဖွဲ့ထဲမှာ ခေါင်းဆောင်ပိုင်းတွေအကြား ပြဿနာတွေ ဖြစ်ပွားပြီး နိုင်ငံရေး/စစ်ရေး ဦးဆောင်ကော်မတီဝင် ၂ ဦးကို အဖွဲ့ပိုင် ရွှေတွေထုတ်ယူပြီး ပြန်လည်ပေးသွင်းတာ မရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပွားပြီးနောက် လပိုင်းတွေအတွင်း မန္တလေးတိုင်းအတွင်းက MDY-PDF ထိန်းချုပ်ထားတဲ့ မြို့တွေ လက်လွှတ်လိုက်ရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ပါတယ်။ မကြာသေးခင် သီတင်းပတ်တွေမှာတော့ မန္တလေးတိုင်းထဲက မြင်းခြံခရိုင်ထဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နဲ့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအောက်က မြင်းခြံခရိုင် PDF တွေနဲ့ နယ်မြေအုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်ခဲ့ကြကာ PLA စခန်းတခုကို ဝင်ရောက်စီးနင်းရာမှာ မိုင်းထိပြီး NUG/PDF တပ်ဖွဲ့က ၄ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီနောက် PLA နဲ့ NUG/PDF တပ်ဖွဲ့တွေအကြား အငြင်းအခုံဖြစ်ပွားတာတွေ ရှိခဲ့တာပါ။
ဇွန်လထဲမှာတော့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်ထဲမှာ PDF တပ်ရင်းမှူးကို ယင်းမာပင် ခရိုင်ကွပ်ကဲရေးမှူးရဲ့ ကိုယ်ရေးအရာရှိဆိုသူက အစည်းအဝေးမှာ သေနတ်နဲ့အနီးကပ် ပစ်သတ်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ အဖြစ်အပျက်ဖြစ်ပွားပြီး ရက်အနည်းငယ်အကြာ ဇွန်လ ၂၉ ရက်နေ့မှာတော့ မုံရွာခရိုင် ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ တာဝန်ခံရှိတဲ့ စခန်းကို မုံရွာခရိုင်ထဲက PDF တပ်ရင်းတွေက ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ရာမှာ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေ သာမက အနီးအနားမှာက အရပ်သား အနည်းဆုံး ၂ ဦးသေဆုံးခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အထက်မှာ ဖေါ်ပြခဲ့တဲ့ ဖြစ်ရပ်တွေဟာ ပြီးခဲ့တဲ့ ၆ လကနေ ၈ လခန့်အတွင်းမှာ မကွေး၊ စစ်ကိုင်း နဲ့ မန္တလေးတိုင်းတွေမှာ ဖြစ်ပွားခဲ့တာတွေ ဖြစ်ပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်တာကြောင့် တဖွဲ့နဲ့ တဖွဲ့အကြားမှာ သို့မဟုတ် အဖွဲ့တခုထည်းအတွင်းမှာဖြစ်စေ စစ်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်တာမျိုး ရှိမှာပဲလို့ ယေဘုယျအားဖြင့် ဆင်ခြေပေးကောင်း ပေးနိုင်ပါတယ်။ PLA နဲ့ NUG အကြား ၊ BNRA နဲ့ NUG လက်အောက်က တပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နွေဦးတော်လှန်ရေးမှာ မဟာမိတ်အဖွဲ့တွေအချင်းချင်း အကြားဖြစ်ပွားတာမျိုးဖြစ်လို့ အင်အားသုံး ဖြေရှင်းတာမျိုး မဖြစ်သင့်ဘူးလို့ ဝေဖန်မှုတွေလည်း အတွင်းမှာရော အပြင်ကပါ ပေါ်ထွက်လာတာမျိုး ရှိနေကြတာတွေ့ရပါတယ်။
BNRA နဲ့ အလားသဏ္ဍာန်တူတဲ့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အောက်က မဟုတ်ဘဲ ဒေသအလိုက်ဖွဲ့စည်းထားတဲ့ PDF လက်နက်ကိုင်အဖွဲ့တွေ အညာက ဒေသအချို့မှာ ယခုတိုင်ရှိနေကြတာ ဖြစ်သလို အချို့က ကျောင်းသားတပ် ဆိုတဲ့ အမည်မျိုးနဲ့ ဖွဲ့စည်းထားတာ၊ ကျောင်းသားတပ်နဲ့ အခြားသော Local PDF တပ်တွေစုပေါင်းပြီး မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းထားတာတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။
အနာဂတ်မှာ အဆိပါလက်နက်ကိုင် အဖွဲ့တွေနဲ့ NUG အကြား ဆက်ဆံရေးက ဘယ်လို အသွင်မျိုးနဲ့ သွားကြမှာလဲဆိုတဲ့ မေးခွန်းလည်း ရှိနေတာ ဖြစ်ပါတယ်။ NUG အစိုးရ အနေနဲ့ တိုင်းရင်းသားဒေသတွေကလွဲပြီး ဖက်ဒရယ်ယူနစ်လို့ သတ်မှတ်တဲ့ဒေသတွေမှာ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NLD ပါတီက ဒေသအလိုက်ခေါင်းဆောင်တွေကို အခြေပြုကာ ပသုံးလုံးလို့ခေါ်တဲ့ ကာကွယ်ရေး၊ လုံခြုံရေး နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတာဖြစ်ပြီး အဆိုပါ ပသုံးလုံး ယန္တရားနဲ့ အဲဒီဒေသမှာ ရှိတဲ့ NUG/PDF မဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့တွေအကြား အုပ်ချုပ်ရေး၊ အခွန်အကောက်၊ လုံခြုံရေး အပေါ်အခြေပြုပြီး ပြဿနာ ဖြစ်ပေါ်လာတဲ့ သဘောလို့ နားလည်ရပါတယ်။
NUG အနေနဲ့ NUCC က ရေးဆွဲပြုစုကာ ကြေညာခဲ့တဲ့ ဖက်ဒရယ်ချာတာ အပေါ် အခြေခံကာ အုပ်ချုပ်ရေး၊ စစ်ရေး ကိစ္စတွေကို လုပ်ဆောင်မှာလား၊ ဒေသအလိုက် တိုက်ခိုက်အနိုင်ရကာ ထိန်းချုပ်ထားတဲ့ LPDF သို့မဟုတ် အခြား PDF အဖွဲ့တွေနဲ့ ဘယ်လို ဆက်ဆံဆောင်ရွက်ကြမလဲ ဆိုတဲ့ မေးခွန်းတွေရှိနေတာလည်း ဖြစ်ပါတယ်။
ဒါက NUG အနေနဲ့ ပြင်ပ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး နဲ့ ပတ်သက်တဲ့ စိမ်ခေါ်မှုဖြစ်ပြီး နောက်တခုက မိမိအဖွဲ့ အောက်က PDF တပ်ဖွဲ့တွေအတွင်း သို့မဟုတ် ပသုံးလုံး ယန္တရားအတွင်း ဖြစ်ပွားတဲ့ ပြဿနာတွေကို ကြီးမားတဲ့ ပဋိပက္ခတွေ အသွင်နဲ့ ဖြစ်ပွားလာတာမျိုး မရှိအောင် ဘယ်လို ဖြေရှင်းကြမလဲဆိုတာပါ။
မကွေး ဖက်ဒရယ်ယူနစ်အစိုးရနဲ့ ရေနံမှော် အခွန်အကောက် ခွဲဝေရေးကိစ္စ အပေါ်မူတည်ကာ ဖြစ်ပွားတာမျိုး၊ အခုလတ်တလော ယင်းမာပင်ခရိုင်က PDF တပ်ရင်းက ခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်၊ မုံရွာ ပလဖ စခန်းကို ဝင်စီးတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင် လက်နက်ကိုင်တပ်တွေအနေနဲ့ မိတ်ဖက်ပဋိပက္ခလို အငြင်းအခုံကိစ္စတွေမှာ ပါဝင်စွက်ဖက် လုပ်ဆောင်တာမျိုး၊ လက်နက်ကိုင် တပ်တွေက ဦးဆောင်သူတွေ လုပ်ထုံးလုပ်နည်း မညီတာ၊ လာဘ်စားတာ၊ အာဏာ ငွေကြေး အလွဲသုံးစား လုပ်တာမျိုးရှိခဲ့ရင် စည်းစနစ် တကျနဲ့ ဖြေရှင်းတဲ့ လုပ်ထုံးလုပ်နည်းတွေ မရှိတဲ့ သဘောလားလို့ တွေးစရာ ရှိနေတာလည်း ဖြစ်ပါတယ်။
အခုဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေကို လေ့လာကြည့်ရင် ပြဿနာ တစုံတရာရှိရင် တိုင်ကြားတဲ့ စနစ်၊ လက်နက်ကိုင် အဖွဲ့အတွင်း ကိုင်တွယ်ဖြေရှင်းတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ မရှိတဲ့ အနေအထားမျိုးလား၊ သို့မဟုတ် ဒေသအလိုက် ခေါင်းဆောင်တွေက ၄င်းတို့ထံမှာ စီမံဆုံးဖြတ်ခွင့် အာဏာ အလုံးစုံရှိနေတာလား ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။
ဒီစနစ်တွေ ယန္တရားတွေကို NUG အစိုးရဲ့ တာဝန်ရှိသူတွေ ခေါင်းဆောင်တွေ အနေနဲ့ သတ်မှတ်ပြဌာန်းကာ အောက်ခြေ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို အသိပေးဖြန့်ဝေထားဖို့ အရေးတကြီး လိုအပ်နေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar