Breaking News

လေးမျက်နှာမြို့အနီး မြစ်ရေကာကို ကာထားတဲ့ တာကျိုးပေါက်ပြီး လူထောင်နဲ့ချီ ရေဘေးသင့်

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၃၁ မြင်ကွင်း

(မိုးမခ) ၊ ဩဂုတ် ၁ ၊ ၂၀၂၆


လေးမျက်နှာမြို့အနီး မြစ်ရေကာကို ကာထားတဲ့ တာကျိုးပေါက်ပြီး လူထောင်နဲ့ချီ ရေဘေးသင့်

ဧရာဝတီတိုင်း ဟင်္သာတခရိုင်က လေးမျက်နှာမြို့ အနီး ငဝန်မြစ်ရေကို ကာရံထားတဲ့ တာဘောင် ပေ ၃၀ ဝန်းကျင်ကျိုးပေါက်ပြီး မြို့ထဲကို မြစ်ရေတွေ ဝင်ရောက်လာတာကြောင့် မြို့ပေါ်နေထိုင်သူ လူဦးရေ ၆ ထောင်ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အာဏာသိမ်းစစ်တပ်အစိုးရဘက်က ထုတ်ပြန်ပြောဆိုမှုတွေ အရ သိရပါတယ်။ 

ကမ္ဘာမှာ ရာသီဥတုပြောင်းလဲခြင်းရဲ့ သက်ရောက်မှုတွေက မိုးသည်းထန်စွာရွာသွန်းတာ၊ မိုးခေါင်တာ၊ ယခင်ကြုံရခဲတဲ့ အင်အားပြင်းထန်တဲ့ မုန်တိုင်းတွေ မကြာခဏ တိုက်ခတ်တာတွေနဲ့ အတူ ရေကြီးတဲ့ ဘေးအန္တရာယ်တွေ ဖြစ်ပွားနေချိန်မှာ သဘာဝဘေးအန္တရာယ် အဆိုးဆုံး ကျရောက်တဲ့နိုင်ငံတွေထဲ ပါဝင်တဲ့ မြန်မာနိုင်ငံမှာ အခုလို ရေကြီးတဲ့ အဖြစ်အပျက်တွေက ခပ်စိပ်စိပ် ကြုံလာကြရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

ကိုယ့်နိုင်ငံ ကိုယ်ဒေသက ပျက်စီးတဲ့ သဘာဝပတ်ဝန်းကျင်၊ မြစ်ကြောင်းတွေထဲ သဲ၊ ကျောက်တွေ အလွန်အကျွံ ထုတ်ယူတာတွေကြောင့် မြစ်ကြောင်းကမ်းပါးတွေ ထိခိုက်တာတွေ အပြင် ကမ္ဘာကြီးရဲ့  ရာသီဥတုပြောင်းလဲခြင်း ထိခိုက်ခြင်းတွေ စုပေါင်းလိုက်တဲ့အခါမှာ သဘာဝဘေးအန္တရယ်ကျရောက်နိုင်ခြေတွေ ပိုမိုများပြားလာခဲ့တာလည်း ဖြစ်ပါတယ်။ ဧရာဝတီမြစ် အထက်ဘက်ကနေ စီးလာတဲ့ ရေတွေ၊ လပြည့်လကွယ် ဒီရေအမြင့်ဆုံးချိန် စတဲ့အချက်တွေကလည်း ရေဘေးအန္တရာယ်ကျရောက်ဖို့ အားဖြည့်ပေးတဲ့ အခြေအနေတွေ ဖြစ်နိုင်ပါတယ်။ 

အခု တာကျိုးပြီး ရေကြီးတဲ့ အန္တရာယ်ကျရောက်တဲ့ လေးမျက်နှာမြို့ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းကနေ ဧရာဝတီတိုင်းအနောက်ဘက်ခြမ်းကို ရောက်လာတဲ့ စစ်မျက်နှာနဲ့ သိပ်မဝေးတဲ့ ဒေသလို့ဆိုနိုင်ပါတယ်။ လေးမျက်နှာမြို့နယ်ရဲ့ အနောက်ဘက်ကျကျ ဒေသတွေမှာ AA နဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ခိုက်နေကြတဲ့ ရခိုင်ပြည်နယ်တောင်ဘက်နဲ့ ဧရာဝတီတိုင်း ထိစပ်ရာ စစ်မျက်နှာတည်ရှိနေတာလည်း ဖြစ်ပါတယ်။ 

အခုလို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့အခြေအနေမျိုးမှာ အခြားသောနိုင်ငံတွေမှာ လက်နက်ကိုင်တပ်တွေကို သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးတွေမှာ အင်အားနဲ့ အသုံးပြုကြတာလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တပ်တွေရဲ့ လူအင်အား အရေအတွက်နဲ့ အမိန့်ပေးလုပ်ဆောင်နိုင်စွမ်းဟာ မြို့တွေမှာ ရှိကြတဲ့ မီးသတ်တပ်ဖွဲ့တွေထက် အဆများစွာသာလွန်တဲ့ လူအင်အားတွေ ဖြစ်ပါတယ်။ 

အခု လေးမျက်နှာမြို့ အနောက်ဘက်က တာကျိုးပေါက်ချိန်မှာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို မြို့တွေက ဖွဲ့စည်းထားရှိတဲ့ မီးသတ်တပ်ဖွဲ့လို၊ အရံမီးသတ်တပ်ဖွဲ့လို အင်အားနဲ့သာ အရေးပေါ် ရွှေ့ပြောင်းတာ၊ ကယ်ဆယ်တာတွေ လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။ 

စစ်တပ်လိုလက်နက်ကိုင်တပ်တွေက ရေဘေးကူညီပေးတာမျိုး ဘေးအန္တရာယ် ကျရောက်ပြီး ၄၈ နာရီပြည့်လုနီးပါးရှိတဲ့တိုင် တခုတလေမှ မတွေ့မြင်ကြရပါဘူး။ မြန်မာနိုင်ငံက စစ်တပ်တွေဟာ နိုင်ငံအနှံ့အပြားက စစ်မျက်နှာတွေမှာ မိမိတို့ နိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် တပ်တွေ သို့မဟုတ် PDF တပ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေကြတာကြောင့် အခုလို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့အခါမျိုးမှာ ကူညီကယ်ဆယ်ရေးတွေမှာ ပါဝင်ဆောင်ရွက်တာ မတွေ့ရတာလည်း ဖြစ်ပါတယ်။ 

အခု လေးမျက်နှာမြို့ ရေကြီးရာမှာ မြို့လူဦးရေ ၆ ထောင်ကျော်ကို အရေးပေါ် ရွှေ့ပြောင်းကယ်ဆယ်ပြီးကြောင်း သတင်းထုတ်ပြန်ခဲ့ပေမဲ့ ရာဂဏန်းမျှတောင် မရှိတဲ့ မီးသတ်တပ်ဖွဲ့ အင်အားလိုမျိုးနဲ့ ထိထိရောက်ရောက် ကူညီကယ်ဆယ်နိုင်ပါ့မလားဆိုတဲ့ သံသယလည်း ရှိနေကြတာ ဖြစ်ပါတယ်။ 

မကြာသေးခင် သီတင်းပတ်တွေတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သီတင်းပတ်နဲ့ချီ ရေဘေးကျရောက်စဥ်တုန်းက AA လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေကြတဲ့အကြောင်း သတင်းတွေဖေါ်ပြခဲ့ကြပါတယ်။ သီတင်းပတ်ချီကြာမြင့်တဲ့ ရေကြီးမှုကြောင့် စစ်ပွဲဒဏ်နဲ့ ထိခိုက်ပျက်စီးနေပြီး ကြပ်တည်းစွာ ရှင်သန် နေထိုင်နေကြရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြည်သူလူထုတွေ အနေနဲ့ နောက်ထပ် သဘာဝဘေးအန္တရာယ် ဖြစ်တဲ့ ရေဘေးနဲ့ တည့်တည့်တိုးကြရပြန်ပါတယ်။ 

ကုန်စည်၊ ရိက္ခာ၊ ဆေးဝါး ပိတ်ဆို့ခံထားရတဲ့ ရခိုင်ပြည်နယ်က ရေးဘေးအန္တရာယ်ကို ယခုလက်ရှိ ရခိုင်ပြည်နယ်ကို ထိန်းချုပ် အုပ်ချုပ်နေတဲ့ Arakan Army က ၄င်းတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားက ဝန်ထမ်းတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြတာ သတင်းတွေက တဆင့် မြင်တွေ့ကြားသိကြရပါတယ်။ ရခိုင်ပြည်နယ်က လူထုနဲ့ ၄င်းဒေသကို ထိန်းချုပ်ထားတဲ့ AA လက်နက်ကိုင် အဖွဲ့တို့အကြားမှာ တသွေးတသားတည်း ရှိနေတဲ့အချက်ကလည်း အခုလို ဧရာဝတီတိုင်း ဒေသက အခြေအနေနဲ့ မတူဘဲ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သဘာဝဘေးကယ်ဆယ်ရေး လုပ်ဆောင်မှုတွေမှာ တက်တက်ကြွကြွ ပါဝင်နိုင်ကြတာ ဖြစ်နိုင်ပါတယ်။ 

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ အခြားသောဒေသတွေမှာတော့ အခု လေးမျက်နှာရေးဘေးအန္တရာယ် ကျရောက်သလို စစ်တပ်အနေနဲ့ ရပ်ရွာလူထုရဲ့ ဘေးဒုက္ခကို ကူညီကယ်ဆယ်ဖို့ အလားအလာ မမြင်တွေ့ရတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၅ နှစ်ကျော်ကာလအတွင်း လက်နက်ကိုင် စစ်တပ်ဟာ ရပ်ရွာတွေကို မီးရှို့တာ၊ အရပ်သားတွေထဲက ကြီးကြီးငယ်ငယ်၊ ကျားမ မရွေး ပုန်ကန်တိုက်ခိုက်တဲ့ PDF တပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို အားပေးထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်တာ၊ ညှင်းပန်းနှိပ်စက်တာ တွေ ကျူးလွန်သလို၊ နေအိမ် ကျေးရွာ၊ မြို့တွေအထိ မီးရှို့ဖျက်ဆီးတာ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေသာ အများဆုံးလုပ်ဆောင်ခဲ့တာဖြစ်လို့ လူထု အနေနဲ့လည်း သဘာဝဘေးအန္တရယ် ကျရောက်သည့်တိုင် စစ်တပ်ရဲ့ အကူအညီကို မမျှော်လင့်ကြတော့တဲ့ အနေအထားမျိုး ဖြစ်လာပါတော့တယ်။




Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar