ကိုနီတွတ် - ညီညွတ်မှုနဲ့ တောက်ချလိုက်မယ်
ကိုနီတွတ် - ညီညွတ်မှုနဲ့ တောက်ချလိုက်မယ်
မိုးမခ ၊ ဩဂုတ် ၂ ၊ ၂၀၂၆
(၁)
အမေရိကန်နိုင်ငံ၏ ၁၆ ဆက်မြောက် သမ္မတကြီး အေဗရာဟင်လင်ကွန်းသည် ငယ်ဘဝတွင် ပညာမသင်ခဲ့ရ။ နယ်လှည့်အင်္ဂလိပ်စာ သင်ပေးနေသော ခရစ်ယာန်သာသနာပြုအသင်းထံမှ သင်ကြားခဲ့ရမှုကြောင့်သာ စာတတ်ခဲ့ရသည်။ စာတတ်လာ၍ ပိုမိုတတ်လိုသောကြောင့် စာဖတ်ချင်သည်။ အလွယ်တကူမရပြန်။ ရလာပြန်တော့လည်း နေ့ခင်းဘက်တွင် အလုပ်လုပ်၊ ညဘက်တွင်သာ ထိုစာအုပ်များကို ဖတ်မှတ်နိုင်သည်။ ဖယောင်းတိုင်၊ ရေနံဆီမီး မတတ်နိုင်၍ ကောက်ရိုးမီး၊ ထင်းမီးများကိုရှို့၊ ထိုမီးအလင်းရောင်ဖြင့်သာ ဖတ်ခဲ့ရသည်။
အရပ်ကလန့်ကလား၊ ပိန်ပိန်ရှည်ရှည်၊ မုတ်ဆိတ်ကြင်စွယ်ဗလဗျစ်၊ ရုပ်ခပ်ဆိုးဆိုးနှင့်။ အရွယ်ရလာတော့ စာတိုက်ဗိုလ်လုပ်၊ နိုင်ငံရေးထဲဝင်။ ၁၈၂၁ ခုတွင် စီးပွားရေးစလုပ်တော့ အရှုံးတွေ့ခဲ့သည်။ ၁၈၂၃ ခုတွင် ဥပဒေပြုကောင်စီ ဝင်ပြိုင်ပြန်တော့လည်း အရွေးမခံရ။ ၁၈၂၅ ခုတွင် စီးပွားရေးထပ်လုပ်သည်။ ထပ်ရှုံးပြန်သည်။ ၁၈၂၆ ခုတွင် လူငယ်ဘာဝ ရည်းစားထားပြန်တော့လည်း ရည်းစားသေ၊ စိတ်ဒဏ်ရာများစွာရပြန်သည်။ ၁၈၂၇ ခုတွင် ကျန်းမာရေးချူချာကာ သွက်ချာပါဒဖြစ်ပြန်သည်။ ၁၈၂၉ ခုတွင် ဝစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဝင်ခဲ့ပြန်ရာ အရွေးမခံရ။ ၁၈၃၄ ခုတွင်တော့ အောက်လွှတ်တော် (ကွန်ဂရက်) ဝင်အရွေးခံပြန်သည်။ ထုံးစံအတိုင်း အနိုင်မရ။ ကံကောင်းထောက်မစွာ ၁၈၃၇ ခုတွင် အောက်လွှတ်တော်အမတ် ဖြစ်လာသည်။ ၁၈၃၉ ခုမှာတော့ ရှုံးပြန်သည်။ ၁၈၄၆ ခုတွင် အထက်လွှတ်တော် (ဆီးနိတ်) မှာ ဝင်ခဲ့သည်။ မရပြန်။ ၁၈၄၇ ခုတွင် တစ်ဆင့်မြင့် ဒုသမ္မတ ဝင်ပြိုင်ပြန်ရာ အရှုံးသံသရာထဲမှ ရုန်းမထွက်နိုင်ခဲ့။ ၁၈၆၁ ခုရောက်မှ သမ္မတအဖြစ် အရွေးခံရသည်။ အမေရိကန်နိုင်ငံ၏ ၁၆ ဆက်မြောက် သမ္မတကြီးဖြစ်လာသည်။ အနိုင်ရခဲ့သည်။ ထိုသမ္မတကြီး၏ အခက်အခဲများမှာ အရှုံးများချည်း။ ရည်းစားသေ၊ သွက်ချာပါဒဖြစ်ခဲ့ပြန်သေးရာ လွန်စွာစိတ်ဓာတ်ကျ နောက်ဆုတ်ချင်စရာ။ သို့သော် သမ္မတကြီး၏ ဇွဲ၊ လုံ့လ၊ ဝီရိယ စသော အသိဉာဏ်ပညာများဖြင့် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရင်း နောက်ဆုံးပန်းတိုင်ကို လှမ်းကိုင်နိုင်ခဲ့သလို လူဖြူလူမဲ ခွဲခြားဆက်ဆံသည့်စနစ်၊ ကျွန်ကုန်ကူးခြင်းစနစ်၊ စစ်အနိုင်တိုက်နိုင်ခြင်းများကြောင့် ယနေ့အထိ အမေရိကန်နိုင်ငံ၏ အကျော်ကြားဆုံးသော သမ္မတများတွင် ထိပ်ဆုံးက ရပ်တည်နေဆဲပင် ဖြစ်ပါလိမ့်မည်။
(၂)
၂၀၂၁ ခုနှစ်က ဖွံ့ဖြိုးစ မြန်မာပြည်၊ စီးပွားရေး၊ နိုင်ငံရေး အရှိန်စရလာသည့် မြန်မာပြည်၏ တိုးတက်မှုများကို အညွန့်ချိုး အာဏာသိမ်းလိုက်သည်။ ထိုနေ့မှစ ရေတွက်သော် ဂွတိုဂျပု၊ ကိုယ်တိုင်ခန့်သမ္မတ၊ ကမ္ဘာ့နိုင်ငံများက အရှက်မရှိဆုံးဆိုသူ၊ အဆဲခံရဆုံး ဂင်းနစ်စံချိန်ဝင်သူ၊ ICC ဝရမ်းအထုတ်ခံထားရသူ၊ မြန်မာ့တပ်မတော်ကို ဖျက်ဆီးပြီး ခါးပိုက်ဆောင် အကြမ်းဖက်တပ်အဖြစ် သွတ်သွင်းထားသူ၊ ပြည်ပစစ်မရှိဘဲ "စစ်မှုမထမ်းမနေရ" အဖြစ် မတော်မတရား ဥပဒေသတ်မှတ်ကာ လူငယ်သောင်းသိန်းချီ အသေခံခိုင်းရင်း အာဏာဆွဲဆန့် အရူးထနေသူ၊ ပေါက်လွတ်ပဲစား စည်းလွတ်ဝါးလွတ် စကားများပြောကြားရင်း မြန်မာပြည်သူလူထုကို နေ့မအားညမအား နှိပ်စက်နေသူ၊ အနှီဘီကျဲ အကြမ်းဖက်လူသတ်သမား ခေါင်းဆောင် လူယုတ်မာ အာဏာရူးကြီးကြောင့် ယနေ့ ပကတိမြန်မာပြည်ကြီးကား ကမ္ဘာ့အဆိုးဝါးဆုံး အဆင့်သတ်မှတ်ချက်များတွင် ထိပ်ဆုံးသို့ ရောက်ရှိအောင် စွမ်းဆောင်ဖျက်ဆီးထားသည်မှာ ၅ နှစ်ကျော်လာပါပကော။
၂၀၂၀ နိုဝင်ဘာ ၈ ရွေးကောက်ပွဲသည် Covid-19 ရောဂါဖြစ်နေသည့်ကြားက ထိုရွေးကောက်ပွဲ၏ သမာသမတ်ကျမှု၊ စနစ်တကျရှိမှု၊ အခက်အခဲမည်မျှပင် ကြုံတွေ့ရသော်လည်း "အသည်းကြားက မဲတစ်ပြား" တန်ဖိုးကို သိသော မြန်မာပြည်သူပြည်သားများ၏၊ ပြည်တွင်းပြည်ပ မဲဆန္ဒရှင် ပြည်သူလူထု၏ သူတို့ကြိုက်သော အစိုးရကို မဲပေးတင်မြှောက်ခဲ့မှု၊ "တရားမျှတပြီး သန့်ရှင်းသောရွေးကောက်ပွဲ" ဟု ပြည်တွင်းပြည်ပ စောင့်ကြည့်သူများ၊ စာနယ်ဇင်းနှင့် သတင်းဌာနများ၏ မှတ်ချက်။ သို့ဆိုစေကာမူ မအလ အာဏာရူးသည် သတင်းလိမ်ပြန်ကြားရေးခေါင်းဆောင် ဇော်မဲလုံး၏ လှန့်လုံးဖြစ်သည့် "အာဏာမသိမ်းပါဟု မမှတ်ယူနိုင်ကြောင်း" ဟူသော စကားဦးသန်းခဲ့သည့်အတိုင်း အမှန်တရားကို နင်းချေကာ အာဏာလုယူခဲ့သည်။ အကြောင်းပြချက်ကား ရွေးကော်သည်လည်းကောင်း၊ တည်ဆဲ လူထုအစိုးရသည်လည်းကောင်း မဲလိမ်မဲခိုးသည်ကို မဖြေရှင်းပေး၍တစ်ဖုံ၊ မဲ ၁၀ သန်းကျော် ကွာဟနေသည်ဟု တစ်မျိုး၊ စသဖြင့် ဆင်ခြေ မြင်းခြေပေါင်းများစွာဖြင့် သူတို့ မတရားအာဏာသိမ်းခဲ့ခြင်းကို ဖုံးကွယ်ကာ ပြောဆိုထုတ်ပြန်ခဲ့ကြသည်။
နိုင်ငံတကာတွင် စစ်တပ်သည် ပြည်သူပြည်သားတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ပေးရန်၊ ပြည်ပကျူးကျော်စစ်ကို တိုက်ထုတ်ရန်၊ မိမိနိုင်ငံပိုင်နက်ကို စောင့်ရှောက်ကာကွယ်ရန်သာ တာဝန်ရှိသည်။ မြန်မာ့စစ်တပ်ကြီးကတော့ နိုင်ငံတော်အာဏာ လုယူရာတွင် ပါသည်။ ပြည်သူလူထုကို သတ်ဖြတ်ရာတွင် ဝန်မလေး။ ပြည်သူပိုင်ပစ္စည်းများကို ဓားပြတိုက်လုယူရာတွင် လက်မရွံ့။ နေအိမ်တိုက်တာများ ဖျက်ဆီးရာတွင် စိတ်ရောကိုယ်ပါ။ မီးရှို့မီးလောင်တိုက်သွင်းရာတွင် ဓာတ်ဆီ၊ ရေနံဆီလောင်းကာ ကိုယ်တိုင်ကိုယ်ကျလုပ်သည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာတွင်လည်း ဝမ်းသာအားရ။ ကိုယ်ဝန်သည်၊ မသန်စွမ်းသူ၊ ဘာသာရေးပုဂ္ဂိုလ်၊ ကလေး၊ အရွယ်မရောက်သေးသည့် မိန်းကလေးများကို သတ်ဖြတ် မုဒိမ်းကျင့်ရာတွင်လည်း မညှာတာ။
သွေးသောက်၊ ပျူစောထီး၊ ပြည်သူ့စစ် စသည့် ခေတ်မီလူမိုက်အဖွဲ့များကိုလည်း လက်နက်တပ်၊ မြှောက်ထိုးပင့်ကော် မသိချင်ယောင်ဆောင်နေသည်။ ဘာသာရေး၊ လူမှုရေးတို့နှင့်လည်း သွေးထိုးလှုံ့ဆော်၊ သပ်လျှိုထိုးခွဲ ဖျက်ဆီးသည်။ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး စသည်တို့ကိုလည်း ပိတ်ပင်၊ ကန့်သတ်၊ သိမ်းယူ၊ ကိုယ်ကျိုးရှာသည်။ ပညာရေးတွင်လည်း ဗုံးကြဲ၊ အမုန်းပွား လုံးလုံးလွဲနေသည်။ ထိုအခြေအနေဆိုးများကြောင့် ခုခံတွန်းလှန်နေသော နွေဦးတော်လှန်ရေးကို အကြမ်းဖက်ဟု သမုတ်သည်။ ပုံဖော်သည်။ အပြစ်ဖို့သည်။ သူတို့၏ မီဒီညာများတွင် ဝေဝေဆာဆာ ဖော်ပြသည်။
ထိုအခြေအနေဆိုးများသည် မြန်မာပြည်တွင် တစ်နေရာတည်း ကွက်ခံရသည်မဟုတ်ပါ။ တစ်နိုင်ငံလုံး အဝုန်းခံရသည်။ လေးဖာလုံ တစ်ဂိတ်များကလည်း ဥပဒေမရှိ။ သူတို့ထုတ်ပေးသည့် မှတ်ပုံတင်တိုင်းပင် မျဉ်းစောင်း အခွဲခံရသည်။ ပြည်သူလူထုကို နှိပ်စက်နေသည်မှာ ထင်တိုင်းကျဲ၊ ဝင်တိုင်းဆို့၊ ထင်ရာစိုင်းရင်း အရိုင်းစိုင်းဆုံး လုပ်ရပ်များတွင် လမ်းဆုံးကြသည်။ ပြည်သူများမှာ ဖွတ်တကာ့ထိပ်ခေါင် ဖွတ်မင်းနောင်၊ စားရသောက်ရမဲ့ အခြေအနေဆိုးများ၊ အခက်အခဲပေါင်းစုံ၊ ဆင်းရဲမှုအမျိုးမျိုး၊ ဒုက္ခအသွယ်သွယ်တို့နှင့် ပြည်သူလူထု ခွဲခြားမရအောင် ရစ်ပတ်နှောင်ထုံး၊ လုံးလုံးကြီး ဒုက္ခတွင်းဆုံး ကျနေသည်။
ဤလုပ်ရပ်များကြောင့် နွေဦးတော်လှန်ရေး ပေါ်ပေါက်ခဲ့ရသည် မဟုတ်လော။ အစပိုင်းတွင် စောင့်ကြည့်နေသော EAOs/EROs များသည်လည်း ပြည်သူလူထု၏ ထောက်ခံမှုများကို အသုံးချခဲ့ရင်း နွေဦးတော်လှန်ရေးကို အဆုံးထိ၊ အာဏာရှင်အမြစ်ပြတ်သည်အထိ သွားမည်ဟု ကြွေးကြော်ရာမှ ခုတော့ နောက်ဆုတ် ခေါင်းညိတ်။ နဂိုကတည်းကမှ မိမိတို့နယ်မြေရရှိလျှင် ရပ်တန့်သွားမည်ဟု ပြည်သူများ စိုးရိမ်သည့်အတိုင်း ဖြစ်လာခဲ့လေပြီ။ သန္ဓေမမှန်ဟု ဆိုရလေမလား။ မျိုးစေ့မမှန် ပင်မသန်ဟု ပြောရလေမလား။ နွေဦးတော်လှန်ရေး ကတိကဝတ်ကို ချိုးဖောက် သစ္စာမဲ့သည်ဟု စွပ်စွဲရလေမလား။ မအလ လေတပ်၏ လေယာဉ်ဗုံးကြဲမှုဒဏ် လွတ်ရင်ပြီးရော၊ တရုတ်ဖိအားပေး၍၊ ခဲယမ်းလက်နက် မပြည့်စုံဟူ၍၊ လူသူအင်အား လျော့လာ၍၊ ပြည်သူလူထုကို သနား၍ စသဖြင့် မလုံလောက် မပြည့်စုံသော ဆင်ခြေများဖြင့် ထုံဆေးထိုးထားသည်ကို မေ့သူက မေ့သွားခဲ့သည်။ မြန်မာပြည်မှာဖွား မြန်မာပြည်မှာနေ တရုတ်လက်ဝေခံ အစွန်းရောက် အမျိုးသားရေးဝါဒကို သုံးသူက သုံးနေလေပြီ။ မြန်မာပြည်ထဲက ခွဲမထွက်ပါဟု တတွင်တွင်ဆိုရင်း ကိုယ်ပိုင်နိုင်ငံငယ်လေး တည်သူက တည်ဆောက်နေလေပြီ။ လက်နက်ကိုင်ထားပြီး ဘာမသိညာမသိ EROs တပ်အချို့၏ ဘာညာတော်လှန်ရေးကြီးကလည်း ပြည်သူအပေါ် စစ်သားကောက်၊ ဆက်ကြေးကောက်ကောင်းဆဲ။
ထိုအဖွဲ့များသည် ဖက်ဒရယ်နှင့် ဒီမိုကရေစီကို နားလည်ပုံမရ။ သူတို့ပြောသော ဖက်ဒရယ်နောက်တွင် ဒီမိုကရေစီပါပုံမရ။ ခြေလှမ်းကျယ်များပေလော။ မအလ အကြမ်းဖက်၏ အပစ်အခတ်ရပ်စဲရေး၊ ထာဝရငြိမ်းချမ်းရေး စကားလုံးလှလှတို့နောက်တွင် နောင်တစ်ချိန် ပြန်အတိုက်ခံရမည်ကို သိသိကြီးနှင့်။ အစွန်းရောက် အမျိုးသားရေးဝါဒ (Extreme Nationalism) ကျင့်သုံးခွင့်ရနေခြင်းကို အဟုတ်မှတ်နေပုံရပါသည်။ ထိုဝါဒနှင့် စစ်အာဏာရှင်တို့သည် ခေါင်းစားဘက် အမြီးစားဘက်များဖြစ်ကြောင်း နိုင်ငံပိုင်သယံဇာတများ စည်းမဲ့ကမ်းမဲ့ ထုတ်နေကြပုံ၊ ဂေဟစနစ်များ ပျက်စီးသွားအောင် အလွန်အကျွံ ထုတ်ယူနေပုံ၊ မူးယစ်ဆေးဝါး အမျိုးမျိုးထုတ်လုပ်ရေး ဗဟိုချက်မကြီး ဖြစ်လာနေပုံ၊ ကျားဖြန့်လုပ်ငန်းများ နေရာအနှံ့ရှိနေပုံတို့က သက်သေများပါတည်း။
နွေဦးတော်လှန်ရေးစကတည်းက NUG အမျိုးသားညီညွတ်ရေးအစိုးရ ပေါ်ပေါက်လာခဲ့သည်။ ကြားကာလ တော်လှန်ရေးအစိုးရ ဖြစ်ပါသည်။ သို့ပေသိ အချို့ EROs များက ဗမာအများစု ဦးဆောင်သော တော်လှန်ရေးအဖြစ် လူမျိုးကြီးဝါဒမှိုင်း သွင်းပစ်ကြသည်။ အခြေအနေမှန်ကို မြင်အောင်မကြည့်ကြ။ သံသယဖြင့် ဝီစိကိစ္ဆာပွားကြသည်။ အနီးမှုန် အဝေးကန်း အမြင်များဖြင့် အလွယ်ကို အခက်လုပ်ပစ်သည်။ NUG သည် အမှန်ဆိုရလျှင် ကြားကာလ တော်လှန်ရေး ဦးဆောင်အစိုးရ။ နိုင်ငံတကာသို့ EROs အဖွဲ့များ စကားပြောကြည့်ပါ။ အကူအညီပေးရုံ၊ မီဒီယာများတွင် အင်တာဗျူးရုံအဆင့်မှလွဲ၍ ဆက်ရန်အကြောင်းမရှိပါ။ အစိုးရမှ မဟုတ်တာ။ NUG ကား အစိုးရ၊ တော်လှန်ရေးအဖွဲ့များ ဝိုင်းဝန်းပေးရုံမှလွဲ၍ လောလောဆယ် မှန်ကန်သော လုပ်ရပ်မရှိ။ ညှိစရာရှိတာညှိ၊ လုပ်စရာရှိတာလုပ်ရုံကလွဲ၍ ဘာများလိုဦးမည်နည်း။
အစိုးရအဖွဲ့ ခေါင်းဆောင်များကိုကြည့်ပါ။ သမ္မတကြီး ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒေါက်တာဇော်ဝေစိုး၊ ဒေါ်ဇင်မာအောင်၊ ဦးအောင်ကြည်ညွန့်၊ ဒေါက်တာစိုင်းခိုင်မျိုးထွန်း၊ ဒေါ်ဂျာထွယ်ပန် စသဖြင့် စသဖြင့် တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းထားသည်။ ထိုသူတို့သည် တော်လှန်ရေးပြီးလျှင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်မည့် နောက်တက်လာမည့် အစိုးရကို အာဏာလွှဲပြောင်းပေးမည်ဟု ဆိုထားသည်။
NUG အစိုးရ၏ ဆွဲခေါ်စည်းရုံးနေမှုများကို EROs အဖွဲ့အချို့ကသာမက သူတစ်လူ ငါတစ်မင်း လက်နက်ကိုင် အဖွဲ့ငယ်များကလည်း မိုးပြော ဂျိုးပြောဖြင့် ဖောင်းထုသည်။ စုစည်းညီညွတ်ရန် လက်ဆွဲခေါ်သည်ကို ပုတ်ချသည်။ CoC အောက်ဝင်ရန်ကိုလည်း မနာခံ။ လက်နက်ကိုင်အရသာကို အဟုတ်မှတ်ထင်ကာ လုပ်ရပ်ဆိုးများ လုပ်နေသည်ကို အရေးယူပြန်တော့ ကက်ကက်လန် ရန်တွေ့၊ လွတ်လပ်စွာ သဘောကွဲခွင့်ကို အလွဲသုံးစားလုပ်ကြသည်။ စိတ်ရှည်သည်းခံ ဆွဲခေါ်စည်းရုံးနေခြင်းသည် ညီညွတ်စွာ တိုက်ပွဲဝင်ဖို့ဖြစ်ကြောင်း သဘောပေါက်သော်လည်း ဗိုလ်လုပ်ရသည်ကို ယစ်မူးနေသည်။ အာဏာရူး မအလ၏ အနှစ် ၇၀ ကျော် တပ်ကြီးနောက်တွင် စိန၊ အိန္ဒိယ၊ ရုရှားတို့ ရှိနေခြင်းကိုလည်း မမြင်စရာ အကြောင်းမရှိ။
စိန၏ ပြည်တွင်းရေး မငြိမ်မသက်လုပ်နေမှု၊ စီးပွားရေး ဂုတ်သွေးစုတ်ယူနေမှု၊ နယ်မြေကျူးကျော်နေမှု၊ သူတို့၏ စီးပွားရေးအတွက် အသုံးချခံနေရမှုတို့ကိုလည်း လည်စင်းခံနေရသည်။ တိုင်းပြည်မငြိမ်သက်လေ စိနအကြိုက်ဖြစ်လေ။ စိနနောက်ခံရှိလေ လူယုတ်မာ မအလ ပိုရက်စက်လေ။ ဤသို့ မအလ လုပ်လေ ပြည်သူလူထုနှင့် မညီညွတ်သော တော်လှန်ရေး အခက်တွေ့လေ။ နဂိုကတည်းကမှ သမ္မတရူး ရူးနေ၍ အာဏာသိမ်းခဲ့ခြင်း။ သူ၏အာဏာတည်မြဲရန် သူ၏သစ္စာတော်ခံများကို ချနင်းရုံသာမက ပြည်သူ ၁ သိန်းကျော် သေခဲ့ပြီ။ ပြည်ပထွက်ခွာသူ သန်းချီ။ PDFs ပြည်သူ့တပ်မတော်သားများ အိမ်မပြန်နိုင်ခဲ့သူ မနည်းမနော။ စစ်ဘေးရှောင်များကား ဆိုဖွယ်မရှိ။
ရွာရှိ၏၊ မနေနိုင်။ အိုးပိုင် အိမ်ပိုင်ရှိ၏၊ ဖျက်ဆီးခံရသည်။ ဥစ္စာပစ္စည်းရှိ၏၊ မသုံးရ။ အခိုးခံရသည်၊ အလုခံရသည်။ လယ်ပိုင်ယာပိုင်ရှိ၏၊ စိုက်ပျိုးခွင့်က မသေချာ။ လက်နက်စက်ရုံများလည်းပိုင်၊ နိုင်ငံတော်ဘဏ္ဍာ ဖင်ခုထိုင်၊ ပြည်သူပိုင်များကို အရယူ၊ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့ထက် ပို၍ ပို၍ ဆိုးဝါးရက်စက် ကြမ်းကြုတ်သည့် အာဏာရူး မအလဖြစ်ကြောင်းကို နွေဦးတော်လှန်ရေးတွင် ပါဝင်သည့်အဖွဲ့ဖြစ်စေ၊ မပါဝင်သည့်အဖွဲ့ဖြစ်စေ၊ မြန်မာပြည်သားအားလုံး အားလုံး နောကြေနေသူများပါ။ မသိဘူးဆိုလျှင် ညာနေခြင်းသာ။ သိနေရုံနှင့် လမ်းဆုံးတော့မည်လော။ အချို့သော EROs များသည် မအလ၏ ယုတ်မာရက်စက် အရှက်မရှိ အာဏာရူးနေခြင်းကို သိသိကြီးနှင့် အမြီးစားဘက်၊ ခေါင်းစားဘက်များအဖြစ် လက်လျှော့ အရှုံးပေးသွားကြမည်လော။
သင်္ချာပုစ္ဆာတိုင်းတွင် အဖြေကိုယ်စီရှိပါသည်။ တွက်နည်းမတူလည်း အဖြေတူမြဲ။ သေချာပါသည်။ မြန်မာပြည်သားအားလုံး၏ ဘုံရန်သူကား အာဏာရူး အဖျက်သမား မအလနှင့် အကြမ်းဖက်တပ်။ ယခုဆို ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကောင်စီ (SCEF) တွင် NUG, NUCC, CRPH, KIO, KNU, KNPP, CNF တို့အပြင် NMSP-AD-မွန်ပြည်သစ်ပါတီ၊ MSFC-မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ၊ CRMH-မွန်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ၊ တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့-SRF များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ၂၀၂၆ ခု၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ရခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော် (ULA/AA) တို့နှင့် ဆွေးနွေးနိုင်ခဲ့သည်ကို တွေ့ရသည်။
SCEF နှင့် မတွေ့ဆုံ မပေါင်းစည်းသေးသော EROs အဖွဲ့များ ကျန်နေသေးသည်။ စိနနှင့် ဆက်စပ်နေသည်ဖြစ်စေ၊ စိန ဖိအားကြောင့်ဖြစ်စေ၊ မြန်မာပြည်သည် တို့ပြည်။ တစ်မြေတည်းနေ၊ တရေတည်းသောက်၊ တမိုးအောက်မှာ နေကြသူချည်း။ တရုတ်ပြည်သူ့ မြန်မာနိုင်ငံ မဟုတ်ပါ။ ပြည်တွင်းအားသည် ပြည်တွင်းမှာသာ ရှိပါသည်။ စိန၏ မလိုတစ်မျိုး၊ လိုလျှင်တစ်မျိုး မူဝါဒ၏ ဆိုးကျိုး ကောင်းကျိုးကို နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ရလေပြီ။ စိန၏ အကျင့်ဆိုးကိုလည်း မြင်သင့်ကြပါပြီ။ အနှစ် ၇၀ ကျော် တည်ထားသော မင်းဆိုးမင်းညစ် ဦးဆောင်ထားသည့် အကြမ်းဖက်တပ်ကြီး၏ ဖက်ဆစ်အကျင့်၊ ဖက်ဆစ်အကြံ၊ ဖက်ဆစ်ဆန်ဆန် လုပ်ရပ်များကို နားလည်သင့်ကြပါလေပြီ။ လိုနေသည်ကား အားလုံး၏ မတူတာခွဲ တူတာတွဲလုပ်၊ တော်လှန်ရေးအဖွဲ့အားလုံး ပေါင်းထုတ်လက်တွဲ၊ ခိုင်ခိုင်မြဲသော "ညီညွတ်ရေး" ပင် မဟုတ်လော။ ညီညွတ်ခြင်း၏ အကြောင်းအကျိုးများကိုလည်း မိကျောင်းမင်း ရေခင်းပြ၊ ဘုန်းကြီးစာချ မလုပ်လိုတော့ပြီ။
ဤစာအစတွင် ဖော်ပြခဲ့သည့် ၁၆ ဆက်မြောက် အမေရိကန် သမ္မတကြီး၏ အခက်အခဲလောက် စိတ်ပျက်အားလျော့စရာမရှိပါ။ သမ္မတကြီး၏ အခက်အခဲများကို ကျော်ဖြတ် နောက်ဆုံးပန်းတိုင်ကို လှမ်းကိုင်နိုင်ခဲ့သည်မှာ အားလုံးအသိ၊ အမြင်။ မြန်မာ့နွေဦးတော်လှန်ရေးသည် ခက်ခဲကြမ်းတမ်းမှန်း သိပါသည်။ ရက်စက်ကြမ်းကြုတ်မှန်းလည်း ကိုယ်တွေ့။ အလွယ်မဟုတ်မှန်းလည်း သဘောပေါက်ပါသည်။ ဤတစ်ကြိမ်မှ မနိုင်လျှင် နောင် မျှော်လင့်စရာမရှိသော အခြေအနေကို သဘောပေါက်ကြပါလျှင် မည်မျှပင် ခက်ခဲပါစေ၊ နွေဦးတော်လှန်ရေးအဖွဲ့အားလုံး၏ ညီညွတ်စွာ တိုက်ပွဲဝင်မှုဖြင့် အဘယ်ကြောင့် မကျော်ဖြတ်နိုင်ရပါမည်နည်း။ ဆရာမြို့မငြိမ်း သီချင်းကဲ့သို့ ညီညွတ်ရေးနဲ့ အသက်ရှည်ရာ ခင်ခင်မင်မင် လက်ရည်တစ်ပြင်တည်း ရှေးကထက် ပိုချစ်ကြပါစို့။
(၃)
အာဏာရှင်တဲ့လား
သည်အဆင့်လောက်နဲ့တော့
အာဏာဆက်ရူးလို့ ရလိမ့်မယ် မထင်နဲ့
(အားလုံး အားလုံးရဲ့)
စုစည်း ညီညွတ် တိုက်ပွဲနဲ့
တောက်ချလိုက်မယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar