Breaking News

ကိုလေအိုး - ဘယ်သတင်းကို ဘယ်ခေါင်းစဉ် မောင် တင်မတုံး

ထိုင်းအမည်ခံ ဘတ်သန်းပေါင်း ၂,၀၀၀ ကျော် တန်ဖိုးရှိ ခြံမြေ သိမ်းဆည်း

ကိုလေအိုး - ဘယ်သတင်းကို ဘယ်ခေါင်းစဉ် မောင် တင်မတုံး

မိုးမခ ၊ ဩဂုတ် ၂ ၊ ၂၀၂၆



ဇူလိုင် ၂၈ ရက်က ထိုင်း PBS သတင်းမှာပါလာတဲ့ သတင်းနဲ့ ဒီသတင်းကိုပဲ မြန်မာသတင်းမီဒီယာတစ်ခုက ဘာသာပြန်ပြီးတင်တော့ သတင်းခေါင်းစဉ်တပ်သွားပုံလေး သဘောကျလို့ “ဘယ်သတင်းကို ဘယ်ခေါင်းစဉ်တပ်လို့ မောင် တင်မတုံး” လို့ ရေးဖြစ်တယ်။ သတင်းသွားကတော့ ထိုင်းနိုင်ငံမှာ တရုတ်လူမျိုးတွေ မတော်တရော် စီးပွားရေးလုပ်နေကြတာကို ထိုင်းအစိုးရက နှိမ်နင်းနေတာနဲ့ ပတ်သက်ပါတယ်။ အခုလပိုင်း၊ ရက်ပိုင်း ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ လုပ်‌နေကြတဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေကို ထိုင်းအစိုးရက စီမံချက်ချပြီး စစ်ဆေးဖမ်းဆီး နှိမ်နင်းနေတယ်။

ဒီလို စစ်ဆေးဖမ်းဆီး နှိမ်နင်းတဲ့သတင်းတွေလည်း ထိုင်းမီဒီယာတွေမှာ အကျယ်တဝင့် ဖော်ပြကြတယ်။ ဥပမာ- ချင်းမိုင်မှာ ထိုင်းနိုင်ငံသား ပိုင်ရှင်နာမည်ခံထားတဲ့ ကုမ္ပဏီတစ်ခုဟာ ဘတ်သန်းခြောက်ရာကျော်တန်တဲ့ မြေကွက်တွေ ဝယ်ထားတာ တွေ့လို့ ထိုင်းရဲကစစ်တော့ ငွေကြေးခဝါချတာပေါ်တယ်၊ အဖမ်းခံရတဲ့ထဲ တရုတ်၊ အိန္ဒိယနဲ့ မြန်မာတွေ ပါတယ်။ ရဲက ဖမ်းဝရမ်းထုတ်ခံရတဲ့သူတွေလည်း တရုတ်ရော အိန္ဒိယရော အများဆုံးပါတယ်။ ဒီလိုသတင်းတွေက ဘန်ကောက် အပါအဝင် တခြား ထိုင်းနိုင်ငံရှိ မြို့အတော်များများမှာ ဖြစ်ပွားနေတယ်။

သတင်းတွေ လိုက်ဖတ်ကြည့်လိုက်ရင် ထိုင်းမှာလာပြီး တရားမဝင် စီးပွားရေးလုပ်ငန်းတွေ လုပ်နေကြတာ တရုတ်က အများဆုံးဖြစ်နေတယ်။ ရုရှားတို့၊ အစ္စရေးတို့၊ အိန္ဒိယတို့၊ မြန်မာတို့လည်း အလားတူ တရားမဝင်လုပ်နေကြတဲ့ နိုင်ငံခြားသားတွေထဲ ပါဝင်နေပေမဲ့ တရုတ်ကတော့ အများဆုံး ပါဝင်ပတ်သက်နေတယ်။ အခု ထိုင်း PBS သတင်းအရဆို “ယခုနှစ် ပထမ ၆ လတာ ကာလအတွင်း တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၌ ဘတ် ၃၅ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးမှ ရပ်တည်” လို့ ဖတ်ရတယ်။

ဒါက ဘာကို ထင်ထင်ရှားရှား ဖော်ပြနေသလဲဆို တရားဝင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတာလည်း တရုတ်တွေ အများဆုံးဖြစ်သလို တရားမဝင် အလုပ်တွေ လုပ်နေကြတာလည်း တရုတ်တွေပဲ ဖြစ်နေတာပါ။ အခု ထိုင်း PBS သတင်းက “ထိုင်းနိုင်ငံအတွင်း တရားမဝင် စီးပွားရေးလုပ်ငန်းများကို နှိမ်နင်းရာတွင် ကူညီမည်ဟု တရုတ် ကတိပြု” လို့ သတင်းခေါင်းစဉ်တပ်ပြီး ရေးတင်တယ်။ သတင်းသားထဲမှာကျမှ “ထိုင်းနိုင်ငံအတွင်း တရုတ်နိုင်ငံသားများ ဦးစီးလုပ်ကိုင်နေသည့် တရားမဝင် စီးပွားရေးလုပ်ငန်းများကို နှိမ်နင်းရန် ထိုင်းအစိုးရ၏ ကြိုးပမ်းမှုများကို တရုတ်နိုင်ငံက ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း၊ သို့သော်လည်း ဤကိစ္စကို လွန်လွန်ကဲကဲ ပုံကြီးချဲ့ပြောဆိုခြင်းက တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ထိခိုက်စေနိုင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဇန်ဂျီယန်ဝေ (Zhang Jianwei) က ပြော” ဆိုပြီး ရေးတယ်။

ဒီသတင်းကို မြန်မာမီဒီယာတစ်ခုက ရေးတော့ “ထိုင်းနိုင်ငံတွင်း တရားမဝင်လုပ်ငန်းများ နှိမ်နင်းသည့်ကိစ္စ ပုံကြီးမချဲ့ရန် တရုတ် သတိပေး” လို့ ခေါင်းတပ်ခဲ့တယ်။ ပြောရရင် ထိုင်းသတင်းဌာနက ထိန်းထိန်းသိမ်းသိမ်းရေးပုံပေါ်ပြီး ဘာသာပြန်တဲ့ မြန်မာသတင်းဌာနကတော့ မြန်မာစာဖတ်ပရိသတ် ငိုက်ခနဲပါလာအောင် ခေါင်းတပ်ရေးလိုက်ပုံပါ။ ဘာလို့တုံးဆိုတော့ မြန်မာပရိသတ်က လတ်တလော မြန်မာ့အရေးမှာ တရုတ်နိုင်ငံက စစ်အုပ်စုဘက်က ဘက်လိုက်ရပ်တည်နေတာကြောင့် တရုတ်အပေါ် အမြင်မကြည်တာတွေ ရှိနေလို့ပါပဲ။ ဒီအခုအခံတွေက သတင်းရေးတဲ့နေရာမှာ လာထင်ဟပ်နေပြီး ပရိသတ် အကြိုက်တွေ့အောင် ခေါင်းတပ်ရေးလိုက်တာပါပဲ။

သတင်းသမားတွေ ကြုံတွေ့ရတတ်တဲ့ ဖြစ်ရပ်မျိုးပါပဲ။ ကျွန်တော်တို့ သတင်းထောက်လုပ်ခဲ့ချိန် တစ်ချိန်မှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်တဲ့ သတင်းတစ်ခု ထွက်ခဲ့တယ်။ မြန်မာပြည်က ရိုဟင်ဂျာအရေးကို လတ်တလော မဖြေရှင်းပေးရင် မနက်ဖြန်၊ သefဘက်ခါပဲ နိုင်ငံခြားတပ်တွေ ပြည်တွင်းထဲ ဝင်ပြီး အစိုးရထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းတော့မလို နိုင်ငံခြားသတင်းဌာနတစ်ခုက ရေးတယ်။ ဒီသတင်းကို တည်ပြီး မြန်မာသတင်းဌာန နှစ်ခုက သတင်းဆက်ရေးတင်ကြတော့ ဌာနတစ်ခုက မူရင်းသတင်းပါအတိုင်း မနက်ဖြန်၊ သefဘက်ခါ ဝင်ဖမ်းတော့မလို သတင်းထုတ်တယ်။

နောက်သတင်းဌာနတစ်ခုကတော့ မဖြစ်နိုင်ပါဘူး ဆိုတဲ့ဘက်က ရေးတယ်။ သတင်းဌာန နှစ်ခုက သုံးတဲ့ သတင်းရင်းမြစ်အပေါ် မူတည်သွားခဲ့တာပါ။ ဌာနတစ်ခုက ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူကို မေးပြီး သတင်းထုတ်တော့ မနက်ဖြန်၊ သန်ဘက်ခါ ဖမ်းမယ်ဖြစ်ခဲ့တယ်။ နောက်ဌာနတစ်ခုကတော့ သတင်းသုံးသပ်သူတစ်ဦးကို မေးတော့ ဟိုက မဖြစ်နိုင်တဲ့အကြောင်း အကျိုးအကြောင်းပြောပြီး ရှင်းပြခဲ့တယ်။ ဒီနေရာမှာ သတင်းရေးတဲ့ သတင်းထောက်ရဲ့ ဆင်ခြင်နိုင်စွမ်းနဲ့ ယထာဘူတကျကျ သုံးသပ်နိုင်မှုတွေကလည်း စကားပြောပါတယ်။

သတင်းတွေတော့ ရေးနေ၊ ဖတ်နေကြတာပဲ။ အဲဒီသတင်းတွေသာ စကားပြောတတ်ရင် “ဘယ်သတင်းကို ဘယ်ခေါင်းစဉ် မောင် တင်မတုံး” လို့ ဆိုနေလေမလားပါပဲ။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar