Breaking News

မောင်ဘဦး - ကိုယ်တို့ နားမပင်းဖို့ လိုတယ်

 

မောင်ဘဦး - ကိုယ်တို့ နားမပင်းဖို့ လိုတယ်

မိုးမခ ၊ ဩဂုတ် ၂၂ ၊ ၂၀၂၆

 

မြောင်မြို့နယ်၊ ဆွဲလဲအိုရွာ။

၁၃၈၈ ဝါခေါင်လဆန်း ၈ ၊ 21-8-2026 နေ့ မနက် ၉ နာရီခွဲ၊


'အုံးခနဲ'။

အကြောင်းမဲ့သက်သက်မဲ့ တရားစခန်းကို ဗုံးလာကြဲ။

နားထဲမှာ ခုထက်ထိ စွဲနေတုန်း။ 

'အုံး>>>အုံး>>>အုံး'။


'ဖွာခနဲ'။

သွေးတွေ၊ အရိုး အ‌ကြော အသား ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ၊

ပြီးတော့ ဗုံးဆံတွေရော မြေကြီးခဲနဲ့ ရောပြီး ဖွာကျ။ 

ဗုဒ္ဓမြတ်ဘုရားရဲ့ စကျင်ကျောက် နားရွက်တော် တခြမ်းပါ လွင့်ထွက်လာ။

ကိုက် ၂၀၀-၃၀၀ က သွပ်ခေါင်မိုးအထိ ကျောက်စရစ်ခဲနဲ့ ဆုပ်ဆုပ်ပြီး ပက်လိုက်သလို 'ဖွာခနဲ' လာကျ။


ဘုရား ဘုရား ဘုရား။

နားအူသွားပြီ။

တခဏလောက် အသံတွေပျောက် တိတ်ဆိတ်ငြိမ်သက်။

ပြီးတော့ ...၊ 'အားခနဲ၊ အီးခနဲ'... ညည်းညူသံ။

နောက်ပြီးတော့...၊ 'စီခနဲ၊ ညံခနဲ'... အော်သံ ဟစ်သံ ပြေးသံလွှားသံ။


အသက်ရှူ သွေးခုန်နေသေးတဲ့သူ၊

သွေးအမြန်တိတ်ပါစေ...။


အခုဟာက...၊

စာသင်ကျောင်းတွေ၊ ဆေးရုံတွေသာမက၊

ဝိပဿနာတရား ရှူမှတ်နေတဲ့သူတွေ။

ဝိပဿနာတရား ရှူမှတ်ဖို့ နည်းလမ်း ပေးနေတဲ့သူတွေကိုပါ၊

သိသိကြီးနဲ့၊

တည့်တည့်ကြီး ဗုံးကြဲပြသပေါ့။


မအလ ရုရှား သွားတိုင်း၊ မအလ ရုရှားရောက်တိုင်း၊

ဒီစောက်တပ်ဟာ ပြည်သူတွေကို ပစ်မှတ်ထား လေကြောင်းပစ်ခတ်မှု အမြဲလုပ်တယ်။


ပဇီကြီး ၊

လက်ယက်ကုန်း၊

အခု ဆွဲလွဲအို။

ပြီးတော့၊ ငပလီ။

ငပလီကို ဗုံးအလုံး (၁၀၀) ကျော်ကြဲချ။

အားလုံး ရုရှား ရောက်နေတုန်းချည်းပဲ။


မှတ်ထား။ ဒီလိုကြေးလား။

အညာသူအညာသားတွေကို စမ်းတယ်ပေါ့။


မေမြို့ ရန်ကုန်၊ နေပြည်တော်၊

မတော်တရော် မင်းတို့ လုပ်ချင်ရာလုပ်နိုင်ဖို့

မင်းတို့မိသားစု မင်းတို့ဆွေမျိုးတွေ၊

လွတ်ရာလွတ်ကြောင်း ပြောင်းရွှေ့နေကြတယ် ဆိုပေမဲ့၊

တကယ်တမ်း သူတို့ဟာ

ဒို့နဲ့ လက်တကမ်းမှာ။

ပြီးတော့...၊ သူတို့အပေါ်၊

သနားကြင်နာမှူနဲ့ ရာနှုန်းပြည့် လူ့အခွင့်အရေးတွေ ပေးထားတာ။


ဒါကို၊

နိုင်ငံတကာက နားပင်းနေတယ်။

မဘသတွေ၊ မဟနတွေလည်း အကုန် နားပင်းနေကြတယ်။

လုပ်ဖော်ကိုင်ဖက် ဝင်းနိမ္မိတ္တာ ဆရာတော်တုန်းကတောင်

ဘာသံမှ မထွက်ရဲကြတာပဲ။ နားပင်းနေတာ သေချာ ပေါက်။


ကိုယ်တို့သာ နားမပင်းဖို့ လိုတယ်။


ရှမ်းမြောက်မှာ လက်မြှောက်ခဲ့ရတဲ့ တိုင်းမှူးက စစ်ကိုင်း စစ်တိုင်းမှူးတဲ့။

ဆေးရုံမှာ ဆေးလာကုတဲ့ စစ်ခွေးတွေက ဆေးရုံကို ဗုံးကြဲခိုင်းသတဲ့။

သူ့ခမျာ မတတ်သာလို့ ပစ အဆွဲခံရတာ ဆိုသူက၊

ရွာလာပြီး ပီဒက်တွေ စုံစမ်းသတဲ့။


ကိုယ်တို့ မျက်စိမကန်း နားမပင်းဖို့ လိုလာပြီ။


အကြွေး ပြန်တောင်းရမယ်။

အကြွေး ပြန်ဆပ်ပါ။ အတိုးရောအရင်းပါ ဆပ်ဖြစ်အောင်ကို ဆပ်ပါ။

ဆက်ဆက်လာတောင်းမယ်။


*

သုခိနောဝ ခေမိနော၊ နွေဦးသူရဲကောင်းအားလုံး ဘေးရန်ကင်းရှင်းကြပါစေ။

မောင်ဘဦး 

(၁၃၈၈ ဝါခေါင်လဆန်း ၈)


 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar