စစ်ဘေးဒဏ်ခံမြန်မာနိုင်ငံနဲ့ သဘာဝဘေးအန္တရာယ်၊ လူလုပ်သဘာဝဘေးအန္တရာယ်

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၂၀ မြင်ကွင်း
(မိုးမခ) ၊ ဩဂုတ် ၂၁ ၊ ၂၀၂၆
စစ်ဘေးဒဏ်ခံ မြန်မာနိုင်ငံနဲ့ သဘာဝဘေးအန္တရာယ်၊ လူလုပ်သဘာဝဘေးအန္တရာယ်
သဘာဝဘေးအန္တရာယ်လို့ ဆိုလိုက်ရင် စီမံအုပ်ချုပ်သူ အဆင့်ဆင့် ဘာမှ မတတ်နိုင်တဲ့ အကြောင်းအရာတခုအဖြစ် ယေဘုယျနားလည်လိုက်ကြပြီး သဘာဝဘေးအန္တရာယ်ရဲ့ သက်ရောက်မှု ထိခိုက်ခံစားရမှုကနေ သက်သာအောင် ဘယ်လို တုံ့ပြန်ဆောင်ရွက်ကြသလဲ၊ ဘယ်လိုရင်ဆိုင် ကျော်ဖြတ်ကြသလဲ ဆိုတဲ့အပိုင်းကိုသာ စီမံအုပ်ချုပ်သူတွေနဲ့ ဆိုင်တယ်လို့ အများက ယူဆကြပါတယ်။ ဒီအယူအဆက တစိတ်တပိုင်းသာမှန်ပြီး အပြည့်အဝမမှန်ကန်ပါဘူး။
ငလျင်လှုပ်တာလို သဘာဝဘေးအန္တရာယ်မျိုးသာ လူတွေရဲ့ စီမံခန့်ခွဲမှုနဲ့ မသက်ဆိုင်ဘူးလို့ ဆိုနိုင်ပြီး ကျန်တဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့ ရေကြီးတာ၊ မြေပြိုတာ၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ရတဲ့ အကြောင်းရင်းတွေမှာ လူတွေရဲ့ လုပ်ဆောင်မှုတွေကြောင့် ဖြစ်ပွားလာရတဲ့ အကြောင်းရင်းတွေကို တနေ့တခြား ပိုမိုတွေ့လာနေရတာလည်း ဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ်အားလုံးကို ကာကွယ်ခြင်း မတတ်နိုင်ဘူးလို့ ဆိုခြင်းဟာ ခေတ်အဆက်ဆက် စီမံအုပ်ချုပ်ခဲ့သူတွေနဲ့ လက်ရှိ စီမံအုပ်ချုပ်သူတွေရဲ့ တာဝန်ခံမှုတွေကို အကာအကွယ်ရအောင် ပြောဆိုကြတာသာ ဖြစ်တာတွေ့ကြရမှာပါ။ သဘာဝဘေးအန္တရာယ် မကျရောက်မီ ကြိုတင်အသိပေးတာ၊ ကာကွယ်ရေး အစီအမံ၊ ကျရောက်ချိန်မှာ ကယ်ဆယ်ရေးနဲ့ အကူအညီတွေ ပြီးနောက် ပြန်လည်ထူထောင်ရေး စတဲ့အပိုင်းတွေကတော့ စီမံအုပ်ချုပ်သူတွေအပေါ် မူတည်တယ်ဆိုတာ သာမန်အရပ်သားတွေတောင် သိရှိတဲ့ အရာဖြစ်ပါတယ်။
မြန်မာနိုင်ငံ အကြောင်းမပြောခင်မှာ ကမ္ဘာ့နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ သဘာဝဘေးအန္တရာယ်တွေ ဘာကြောင့် ကျရောက်နေကြတာလဲ၊ ဘယ်လို ကြိုတင်အသိပေးကာကွယ်မှုတွေ လုပ်ကြသလဲ၊ ဘယ်လို ပြန်လည်ထူထောင်ကြသလဲ ဆိုတာတွေလည်း စေ့ငုလေ့လာသင့်ကြပါတယ်။ တရုတ်နိုင်ငံမှာ ရေဘေးလို သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် မြို့ပြလူနေဒေသတွေမှာ လမ်းတွေထဲ ရေတွေ စီးဝင်လာပြီး ကားတွေ မျောပါတာ၊ စည်ကားတဲ့ လူနေရပ်ကွက်တွေထဲ ရေအလုံးအရင်းနဲ့ ဝင်ရောက်တဲ့ သတင်းဗီဒီယိုတွေ၊ တိုင်းဖွန်းမုန်တိုင်းသာမက အလွန်အားပြင်းတဲ့ ဆူပါတိုင်ဖွန်းမုန်တိုင်းလို ဝင်ရောက်လို့ လူသန်းနဲ့ချီ ရွှေ့ပြောင်းရတာ၊ ကားလမ်းတွေမှာ ရေတွေ အပြည့်နဲ့ ကားတွေမျောပါနေတဲ့ မြင်ကွင်းတွေ မကြာခဏ သတင်းတွေထဲ တွေ့မြင်ကြရပါတယ်။
လူဦးရေ များပြားလာပြီး မြေယာတွေကို မြို့ပြတွေ တည်ဆောက်ထူထောင်၊ မြစ်တွေကို ဆည်ကြီးတွေ ဆောက်၊ စီးပွားရေး ဖွံ့ဖြိုးဖို့ ရုပ်ကြွင်းလောင်စာတွေ အများအပြား အသုံးချတာတွေ အစရှိတဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေ လုပ်ရင်း တဖက်မှာ အဲဒီဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ လူနေဒေသတွေ တိုးချဲ့မှုတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ခံစားကြရတဲ့ သဘောလို့ ဆိုရမှာဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာတဲ့ အကြောင်းအရာလိုမျိုးမှာတော့ နိုင်ငံတနိုင်ငံထဲကြောင့် မဟုတ်ဘဲ စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေက ကာဗွန်အများအပြားထုတ်လုပ်မှု အပေါ် နဲ့ ဘယ်လို စွမ်းအင်မျိုး အသုံးချသလဲ ဆိုတဲ့အချက်တွေအပေါ် မူတည်တာလည်း ဖြစ်ပါတယ်။
ကမ္ဘာရဲ့ အပူချိန် တနှစ်ထက် တနှစ် မြင့်တက်လာနေတဲ့အကြောင်း သိပ္ပံပညာရှင်တွေက သတိပေးကြ၊ နိုင်ငံအချင်းချင်းအကြား ဆွေးနွေးပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့ နှိုးဆော်ကြပေမဲ့လည်း သူ့နဲ့ငါ တွက်ကပ်နေကြတာမျိုး၊ ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာတဲ့နိုင်ငံက လုပ်သင့်ပြီး စီးပွားရေးနဲ့ လူနေမှု အဆင့်မမြင့်မားသေးတဲ့ နိုင်ငံတွေ အနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးက ပထမ၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ထိန်းသိမ်းမှုအတွက် စီးပွားရေးဘက်မှာ အကုန်အကျများမဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေနိုင်တဲ့ လုပ်ဆောင်မှုတွေ မလုပ်ဆောင်လိုကြတာက ကမ္ဘာ့ပြဿနာတရပ်လို ဖြစ်နေတာပါ။
ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှု လျော့ကျအောင် လုပ်ဆောင်မယ်လို့ စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေ၊ ကာဗွန်အများအပြား ထုတ်လွှတ်နေတဲ့ နိုင်ငံတွေက ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက သဘောတူညီခဲ့ကြပေမဲ့ အခုနှစ်ပိုင်းတွေမှာ ကမ္ဘာ့နိုင်ငံရေးကိုယ်၌က တနိုင်ငံချင်း ကောင်းစားရေး၊ အများနဲ့ဆိုင်တဲ့ တာဝန်ယူမှုတွေ ကမ္ဘာ့ရွာ အယူအဆတွေ အားနည်း ယိုယွင်းလာပြီး ကိုယ်ကြိုက်တာ ကိုယ်လုပ်တဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ ဒါတွေက သဘာဝဘေးအန္တရာယ် ကျရောက်မှုတွေနဲ့ ဆက်နွှယ်နေတဲ့ ဖန်လုံအိမ် သက်ရောက်မှု လျှော့ချရေး ကမ္ဘာလုံးဆိုင်ရာ ရေစီးကြောင်း ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံ အချို့က လက်ထဲမှာ ငွေရှိဖို့ပဲ အရေးကြီးတယ်၊ သဘာဝဘေးအန္တရာယ် ကျရောက်ရင် ကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေး လုပ်နိုင်ဖို့ အင်အားရှိဖို့က အဓိကလို့ တွေးကောင်းလည်း တွေးနေကြတာပါ။ ဆင်းရဲတဲ့ နိုင်ငံတွေ၊ အုပ်ချုပ်ရေး ပျက်ပြားပြီး မညီမညွတ်ဖြစ်နေတဲ့ နိုင်ငံတွေ အထူးသဖြင့် ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ ကမ္ဘာ့ဒေသအချို့က နိုင်ငံတွေ အနေနဲ့ အခုလို ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုရဲ့ အကျိုးဆက်တွေကို ပိုမိုခံစားကြရမဲ့ သဘောလည်း ဖြစ်ပါတယ်။
ချမ်းသာတဲ့ နိုင်ငံတွေမှာ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးတဲ့အခါ ပြန်လည်ထူထောင်ရေးတွေကို နိုင်ငံဘဏ္ဍာငွေတွေ ထုတ်နုတ်သုံးစွဲပြီး လုပ်ဆောင်နိုင်ကြသည့်တိုင် အုပ်ချုပ်မှု ညံ့ဖျင်းပြီး လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရုန်းမထွက်နိုင်တဲ့ နိုင်ငံတွေအဖို့ “နူရာဝဲစွဲ လဲရာ သူခိုးထောင်း” အဖြစ်မျိုးနဲ့ ကြုံကြရတဲ့ အနေအထားမျိုးလို့ ဆိုရမှာပါ။ ကမ္ဘာကြီး ပူနွေးလာမှုတွေမှာ ကာဗွန်ပိုထုတ်လုပ်တဲ့ နိုင်ငံတွေ၊ အဲဒီနိုင်ငံတွေက လောင်စာထုတ်ယူ ရောင်းချတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေ၊ ရုပ်ကြွင်းလောင်စာတွေ အများအပြားအသုံးပြုတဲ့ နိုင်ငံတကာကုမ္ပဏီတွေ အနေနဲ့ ပိုပြီးတာဝန်ရှိကြတာ ဖြစ်ပေမဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ တာဝန်ယူမှု ရှိမနေကြပါဘူး။
ကာဗွန်ထုတ်လုပ်မှု နည်းတဲ့နိုင်ငံတွေ အနေနဲ့ သစ်တောထိန်းသိမ်းတဲ့ လုပ်ဆောင်မှုတွေမှာ အထက်က ကုမ္ပဏီကြီးတွေ၊ နိုင်ငံတွေ အနေနဲ့ တစိတ်တပိုင်း တာဝန်ယူ ငွေကြေးထည့်ဝင်ကြတဲ့ အစီအစဥ်တွေလည်း အခု ဆယ်စုနှစ်တွေမှာ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ကြတော့တဲ့ အနေအထားမျိုးရောက်ရှိနေတာ ဖြစ်ပါတယ်။ စီးပွားရေးနဲ့ ကမ္ဘာမှာ စစ်ရေး သြဇာကြီးတဲ့နိုင်ငံတွေက ကိုယ်ထင်ရာ ကိုယ်လုပ်ဆောင်လာကြတဲ့ ဒီနေ့ကမ္ဘာအခင်းအကျင်းမှာ ကုလသမဂ္ဂလို ကမ္ဘာ့နိုင်ငံအားလုံး ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေရဲ့ သြဇာလည်း ကျဆင်းပြီး မှန်လုံအိမ် သက်ရောက်မှု လျှော့ချရေး အစီအစဥ်တွေက အားမကောင်းတော့တဲ့ အနေအထား ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ခုလပိုင်းတွေမှာ ဒေသတခုပြီးတခု ရေကြီးတာ၊ တာကျိုးတာနဲ့ မိုးသည်းထန်စွာရွာပြီး မြို့တွေ၊ ရွာတွေ ရေနစ်မြုပ်တဲ့ သတင်းတွေ နေ့စဥ်ရက်ဆက် ကြားသိနေကြရပါတယ်။ ရခိုင်မြောက်ပိုင်း၊ ဧရာဝတီတိုင်း လေးမျက်နှာ၊ အညာစစ်ကိုင်း မူးမြစ်ဝှမ်းတလျှောက်၊ ကရင်ပြည်နယ် ဘားအံ၊ မြဝတီ၊ မော်လမြိုင် စတဲ့ဒေသတွေ ဆက်တိုက်ဆိုသလိုအပြင် တပြိုင်နက်တည်းလည်း ဖြစ်ပွားနေကြတာ ဖြစ်ပါတယ်။ ဒီလို ရေဘေးနဲ့ ကြုံတွေ့ကြရတဲ့ ဖြစ်စဥ်တွေက ဘာကြောင့်လဲလို့ ဖြစ်စဥ် တခုချင်းအလိုက်ဖြစ်ဖြစ် ခြုံငုံသုံးသပ်ကြည့်ရင် ဖြစ်စေ သစ်တောပြုန်းတီးမှု၊ တွင်းထွက်နဲ့ သတ္တုအလွန်အကျွံတူးဖော်မှု၊ ပတ်ဝန်းကျင်က မြစ်ချောင်းတွေ သစ်တောတွေ ပျက်စီးမဲ့ အရေး ထည့်မတွက်ဘဲ သယံဇာတ တူးဖော်တာ၊ ထုတ်လုပ်တာနဲ့ လူနေအိမ်ရာ တိုးချဲ့တာတွေက လက်သည်အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်မှုတွေက ဘယ်ကာလတွေကလဲလို့ဆိုရင် ယခင် ဆယ်စုနှစ် ၃/၄ ခုကနေ လက်ရှိပစ္စုပ္ပန်ကာလအတွင်း ဖြစ်ပွားခဲ့တာလို့ ယေဘုယျအားဖြင့် ဆိုနိုင်သလို လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကာလ စစ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေး ပိုမိုပျက်စီးယိုယွင်းကာ တာဝန်ခံစရာ မလိုတော့တဲ့ ကာလမှာ ထိခိုက်ပျက်စီးရတာတွေက ပိုပြီးအရှိန်အဟုန်နဲ့ ဖြစ်ပွားနေတာ ပိုမိုဆိုးရွားတဲ့ ပျက်စီးမှု အတိုင်းအတာနဲ့ ဖြစ်ပွားနေတဲ့ သဘောလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမူးမြစ်ဝှမ်းက ရေကြီးမှု၊ ကချင်ပြည်နယ် ဖားကန့်ဒေသက ရေကြီးမှုတွေဟာ အဲဒီ ရေဝေရေလဲဒေသတွေမှာ ရွှေ၊ ကျောက်စိမ်းတူးဖော်မှုနဲ့ သစ်တောပျက်စီးမှုတွေကြောင့်လို့ တည့်တည့်လင်းလင်း ကောက်ချက်ချနိုင်ပါတယ်။
အလားတူ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မြေရှားထုတ်လုပ်မှုနဲ့ ရွှေတူးဖော်မှုတွေက သဘာဝဘေးအန္တရာယ်နဲ့ တိုက်ရိုက်မဆက်စပ်နေခဲ့ရင်တောင် မြစ်တွေ၊ ချောင်းတွေ ပျက်စီး အဆိပ်သင့်စေတာ ဖြစ်ပါတယ်။
ပြည်တွင်းစစ်ကာလအတွင်း ယိုယွင်းပျက်စီးနေတဲ့ အုပ်ချုပ်မှုစနစ်၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူလူထုတို့က ဒီလိုကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုဖို့ မရဲကြတော့တဲ့ အခြေအနေမျိုးမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေက ခုကာလ တနှစ်တာမှာ ပုံမှန်ကာလ ၁၀ စုနှစ်တခုစာနီးနီး ပျက်စီးလာနေကြတာ ဖြစ်ပါတယ်။ ဒီလို ပျက်စီးမှုတွေက သဘာဝဘေးအန္တရာယ် ကျရောက်စေဖို့ ပိုပြီး ပြင်းထန်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေဖို့ ထောက်ကူနေတာလည်း ဖြစ်ပါတယ်။
ပြည်သူလူထုအနေနဲ့ ကျရောက်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်ကြုံတွေ့ကြတဲ့အခါ အုပ်ချုပ်သူတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမှာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေရဲ့ ဘာတာဝန်ယူမှုနဲ့ အကူအညီမှ မရဘဲ မိမိတို့ဘာသာ အသက်ရှင်သန်အောင် ရုန်းကန်ကြရ ပြန်လည်ရုန်းထကြရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝဘေးအန္တရာယ်ဆိုတိုင်း သူ့ဟာသူ ဖြစ်ပေါ်လာတာလို့ မမှတ်ယူကြဘဲ လူလုပ်သဘာဝဘေးအန္တရာယ်တွေလည်း ရှိနေပြီး ဒီနေ့ မျက်မှောက်ကာလ ကြုံတွေ့နေရတဲ့ ဘေးအန္တရာယ်တွေက လူလုပ်သဘာဝဘေးအန္တရာယ်က ပိုများတဲ့ အနေအထားလို့ ဆိုချင်တာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar