Breaking News

ပြည်တွင်းစစ် စီးပွားရေး မူဝါဒအလွဲနဲ့ ပြည်သူလူထုတွေ ခံစားနေရတဲ့ ဒုက္ခ

No photo description available.

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၂၃ မြင်ကွင်း

(မိုးမခ) ၊ ဩဂုတ် ၂၄ ၊ ၂၀၂၆

 

ပြည်တွင်းစစ် စီးပွားရေး မူဝါဒအလွဲနဲ့ ပြည်သူလူထုတွေ ခံစားနေရတဲ့ ဒုက္ခ

၁၉၇၀ ပြည့်နှစ်တွေက စလို့ ၁၉၈၈ အရေးအခင်း မတိုင်မီ ကာလတွေကို ဖြတ်သန်းခဲ့ဖူးသူတွေရဲ့ ပြောပြတာ၊ လူမှုကွန်ရက်မီဒီယာတွေမှာ ရေးသားကြတာတွေ၊ အဲဒီခေတ်ကာလက ပေါ်ထွက်ခဲ့တဲ့ ဘဝသရုပ်ဖော်ဝတ္တုတွေ၊ လုံးချင်းဝတ္တုတွေအရ စစ်ခေါင်းဆောင်တွေ အရပ်ဝတ်နဲ့ ပါတီဥက္ကဌ၊ ကောင်စီဥက္ကဌတွေလုပ်ကြပြီး တလွဲစီးပွားရေး မူဝါဒတွေ၊ အောက်ခြေမှာလည်း တလွဲဖော်ဆောင်မှုတွေက နိုင်ငံရေး အုံကြွမှု၊ ၈၈ အရေးတော်ပုံဆီ ဦးတည်စေခဲ့တာလို့ သမိုင်းဖြစ်ရပ်တွေကို ဖတ်ရှုလေ့လာပြီး ကောက်ချက်ချ ရပါတယ်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ခေတ်မှာ ဆန်၊ ဆီ၊ ရေနံဆီ၊ ဖယောင်းတိုင်၊ သကြား၊ စီးကရက်၊ နို့ဆီ၊ ဆပ်ပြာတို့လို နေ့စဥ်ဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို ပြည်သူ့ဆိုင်လို့ မြန်မာလို အမည်ပေးထားတဲ့ ဆိုင်တွေမှာ အိမ်ထောင်စုအလိုက် သမဝါယမ စာအုပ်နဲ့ သွားဝယ်ကြရတဲ့ ခေတ်ပါ။ လအလိုက် ဆန်၊ ရေနံဆီ၊ နို့ဆီ၊ သကြား၊ ဖယောင်းတိုင်တွေကို အိမ်ထောင်စု တခုကို စီးကရက် ၁၀ လိပ် သကြား ၂၀ သား၊ ဖယောင်းတိုင် တထုပ်၊ နို့ဆီတဗူး၊ ဆပ်ပြာ ၂ ပိုင်း စသဖြင့် အိမ်ရှိလူဦးရေနဲ့ တွက်ချက်ရောင်းပေးတာမျိုး ဖြစ်ပါတယ်။

ရေနံဆီ လစဥ် မရသလို သကြား၊ နို့ဆီ စတာတွေလည်း တလ တကြိမ်၊ နှစ်ကြိမ်သာ ခွဲတမ်းနဲ့ ဝယ်ခွင့်ရကြတာမျိုးပါ။ တော်လှန်ရေးကောင်စီနဲ့ မဆလပါတီ အုပ်ချုပ်တဲ့ ၂၆ နှစ်တာအတွင်း ဆယ်စုနှစ် ၂ ခုကျော်လောက် အဲဒီလို ကျပ်တည်းတဲ့ အခြေအနေအောက်မှာ နေထိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဆန်တနေရာနဲ့ တနေရာ မသယ်ရ၊ စပါးစိုက်သူတွေ ဧကအလိုက် သတ်မှတ်တင်းရေကို ပြင်ပပေါက်စျေးထက် များစွာနိမ့်တဲ့ ဈေးနှုန်းနဲ့ အစိုးရစပါးအဝယ်ဒိုင်မှာ ရောင်းချပေးရပြီး သတ်မှတ်တင်းရေ မပြည့်တဲ့ လယ်သမားတွေက ဖမ်းဆီးချုပ်နှောင်တာ ခံကြရတဲ့ ခေတ်လို့ ဆိုပါတယ်။

ပြည်သူ့ဆိုင်က ဆန်တွေက ခဲလုံးတွေ၊ အဖျင်းအမှော်၊ စပါးခွံမကျွတ်တဲ့ ဆန် စတာတွေ ရောနှောနေသလို အကျိုးအကြေက ၅၀ ရာနှုန်းလောက်ပါဝင်တဲ့ ဆန်တွေကို ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီခေတ်မှာ ပြည်တွင်းမှာ မရှိတဲ့ အဝတ်အထည်ပိတ်စ၊ ထီး၊ ကြက်ပေါင် ရာဘာဖိနပ်တို့လို ပစ္စည်းတွေ မွန်-ကရင်ပြည်နယ်နဲ့ ထိုင်းနိုင်ငံနယ်စပ်တွေကနေ လူအထမ်းနဲ့ သယ်ယူကာ ရောင်းချကြတဲ့ မှောင်ခိုခေတ်လည်း ပေါ်ထွက်ခဲ့ပေမဲ့ ထိုင်းကုန်ပစ္စည်းက လူအားနဲ့ သယ်ရတာ၊ အဆင့်ဆင့်သော ဖမ်းဆီးမှုတွေကို ဖြတ်ကျော်ပြီး သယ်ယူကြရတာဖြစ်လို့ ရန်ကုန်၊ မန္တလေးတို့လိုမြို့တွေရောက်တဲ့အခါ လူတိုင်း ဝယ်ယူနိုင်တဲ့ စျေးနှုန်းတွေတော့ မဟုတ်ကြပါဘူး။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံပြီးနောက် တက်လာတဲ့ စစ်အစိုးရလက်ထက်မှာ နယ်စပ်ကုန်သွယ်ရေးကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နဲ့ လုပ်ဆောင်ခဲ့သလို ရေကြောင်းကတဆင့်လည်း တင်သွင်းခွင့်ပေးခဲ့တဲ့နောက် မှောင်ခိုခေတ်မှေးမှိန်ခဲ့ပြီး လူသုံးကုန်ပစ္စည်း ရှားပါးတဲ့ ခေတ်ကာလ တခု မရှိတော့သလောက် ဖြစ်လာခဲ့ပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာ အာဏာသိမ်းတဲ့ကာလက တွက်ရင် ၂၀၁၀ ရွေးကောက်ပွဲကျင်းပတဲ့ အထိ ၂၂ နှစ်အတွင်း နယ်စပ်ကုန်သွယ်ရေး၊ ရေလမ်းကြောင်းက တဆင့် တင်သွင်းတဲ့ ပုံမှန်ကုန်သွယ်မှုတွေ လုပ်ဆောင်ရင်း တဖက်မှာ သစ်၊ ကျောက်မျက်၊ ရေနံသဘာဝဓါတ်ငွေ့တွေ ပြည်ပကို ရောင်းချပြီး နိုင်ငံခြားငွေရဖို့ ကြိုးစားခဲ့တဲ့ သဘောတွေ့ရပြီး မဆလ ခေတ်နဲ့ မတူတဲ့ ပုံသဏ္ဍာန်ဖြစ်တဲ့ စျေးကွက်စီးပွားရေး စနစ်ကို အတိုင်းအတာတခုထိ ကျင့်သုံးခဲ့ရာမှာ မြန်မာကျပ်ငွေ ဖောင်းပွတာလည်း ရှိသလို လုပ်ခဝင်ငွေလည်း အတိုင်းအတာတခုထိ မြင့်တက်လာခဲ့တာကြောင့် စီးပွားရေး အကြပ်အတည်း ရှိသည့်တိုင် အခုကာလလောက် ဝင်ငွေနဲ့ ကုန်ပစ္စည်းစျေးနှုန်း အချိုးအစား ကွာဟမှုမကြီးခဲ့ဘူးလို့ ဆိုရမှာပါ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစဥ်က အမေရိကန် ၁ ဒေါ်လာကို ကျပ် ၁၃၀၀ လောက်ကနေ ၅ နှစ်ကျော် ကာလအတွင်း ၄၅၀၀ ကျပ်ဝန်းကျင်လောက်ထိ လျင်မြန်စွာ မြင့်တက်ခဲ့ပါတယ်။ ပထမ ၃ နှစ်ကျော်အချိန်အတွင်းမှာ အဲဒီလောက် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်နေချိန်မှာ စစ်ပွဲအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်း၊ လောင်စာဆီနဲ့ အခြားသော စစ်အသုံးစရိတ်တွေအတွက် နိုင်ငံခြားငွေ လိုအပ်ချက်က မြင့်တက်လာချိန်မှာ နိုင်ငံခြားသင်္ဘောသားလို အလုပ်သမားတွေထံကသာမက ထိုင်း၊ မလေးရှားတို့လို နိုင်ငံတွေမှာ နေထိုင်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစု ပြန်ပို့ငွေကိုပါ မျက်စောင်းထိုးလာခဲ့တာပါ။ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ တလကို ၅ ဒေါ်လာနှုန်း သံရုံးကို အခွန်ဆောင်ရသလို မိသားစု ပြန်ပို့ငွေ တရားဝင်လမ်းကြောင်းက ပို့ပြီး ပြင်ပပေါက်ဈေးထက်နည်းနဲ့ လဲနှုန်းနဲ့ လဲယူဖို့ နည်းလမ်းတွေလည်း အာဏာသိမ်းစစ်တပ်က အမျိုးမျိုး ကြံစည်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ဝန်းကျင် အတွင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် နယ်စပ်ဒေသ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်ခဲ့ပြီး အဲဒီလမ်းကြောင်းတွေပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေက တစိတ်တပိုင်း ထိန်းချုပ်နိုင်ခဲ့တဲ့နောက် နယ်စပ်ကုန်သွယ်ရေးကိုပါ သိသိသာသာ လျှော့ချလိုက်ပြီး ပြည်ပသွင်းကုန် ချွေတာရေးမူဝါဒနဲ့ နိုင်ငံခြားငွေ မသုံးဖြစ်အောင် လူထုအနေနဲ့ ခြိုးခြံချွေတာဖို့ လမ်းကြောင်းဆီ မောင်းနှင်ခဲ့တာ တွေ့ကြရပါတယ်။

ဇိမ်ခံပစ္စည်းလိုမျိုးတွေကို တားမြစ်ပိတ်ပင်တာတင်မက စက်မှုလုပ်ငန်းသုံး ကုန်ကြမ်း၊ အသေးစား အလတ်စား လုပ်ငန်းတွေအတွက် လိုအပ်တဲ့ ကုန်ကြမ်းနဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်ဆေးဝါး၊ လောင်စာဆီတွေကိုပါ တင်သွင်းခွင့်ပမာဏ ကန့်သတ်တာ၊ လျှော့ချလိုက်တာတွေကြောင့် ပြည်တွင်းမှာ ကုန်ပစ္စည်းရှားပါးတာ နဲ့ မတန်တဆ ဈေးနှုန်းမြင့်တက်တာတွေ ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တွေက ကရင်ပြည်နယ်မှာ ထိုင်းနယ်စပ်က တင်သွင်းတဲ့ ထိုင်းကုန်ပစ္စည်းတွေ လိုင်စင် တင်းကျပ်ထားတာကြောင့် စစ်တပ်ဘက်က တိုက်ခိုက်ပေးနေတဲ့ အပစ်ရပ် လက်နက်ကိုင်တွေက ၄င်းတို့ တပ်ဖွဲ့ရန်ပုံငွေခေါင်းစဥ်နဲ့ ထိုင်းကုန်စည်တွေ သယ်ယူနေကြတာကို မင်းအောင်လှိုင်အစိုးရရဲ့ စစ်ဆေးရေးဂိတ်တွေက ဖမ်းဆီးထားတဲ့ သတင်းတွေ ပေါ်ထွက်လာပါတယ်။ ကားအစီးရေ အများအပြား ဖမ်းဆီးထားတာကြောင့် အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့တွေအဖို့ ကုန်ပစ္စည်းဖိုး ဆုံးရှုံးမဲ့အရေး နဲ့ ကယ်ရီခ မရတဲ့အဖြစ်တွေ ကြောင့် စစ်တပ်ဘက်နဲ့ ဆက်ဆံရေး တင်းမာနေတဲ့ သတင်းတွေလည်း တွေ့နေရတာပါ။

ဒီလို စစ်စရိတ်အတွက် နိုင်ငံခြားငွေ ချွေတာဖြတ်တောက်တဲ့ မူဝါဒက ပြည်တွင်းမှာ ရှိတဲ့ စစ်တပ်ထိန်းချုပ်နယ်မြေတွေသာမက တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေ အချို့ကိုပါ ထိခိုက်စေတာဖြစ်ပါတယ်။ ထိုင်း၊ တရုတ်၊ အိန္ဒိယတို့နဲ့ နယ်စပ်မဟုတ်တဲ့ ကုန်းတွင်းပိတ်ဒေသတွေက တော်လှန်ရေး လက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေလည်း ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ရှားပါးမှုဒဏ်ကို သွယ်ဝိုက်ခံစားနေကြရတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမိန့်ပေး လုပ်ကိုင်နေတဲ့ တလွဲစီးပွားရေးမူဝါဒတွေက ပြည်တွင်းမှာ နေထိုင်ရှင်သန်နေကြရတဲ့ လူအများစုအပေါ်  ကြီးမားတဲ့ ဆိုးကျိုး သက်ရောက်မှုတွေ ရှိနေတာပါ။ တရက် လုပ်အားခ ဝင်ငွေသိသိသာသာ မတိုးလာပေမယ့် နေ့စဥ်အခြေခံ စားသောက်ကုန်၊ သွားလာစရိတ်၊ မကျန်းမမာဖြစ်တဲ့အခါ ဆေးဝါးခ ကုသစရိတ်တွေက မျှော်လင့်မထားတဲ့ ဈေးနှုန်းတွေ ဖြစ်လာနေကြတာပါ။

အခုလို စီးပွားရေး အကျပ်အတည်းက ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံမတိုင်ခင်ကာလလို စီးပွားရေး အကြပ်အတည်းက လူထုအုံကြွမှုတွေကို ဖြစ်ပေါ်လာနိုင်လားဆိုတဲ့ မှန်းဆမှုလည်း ရှိနိုင်ပါတယ်။ တဖက်မှာတော့ ပြည်တွင်းစစ်၊ စစ်မှုထမ်း အဓမ္မစုဆောင်းမှု ကုန်စျေးနှုန်း မတန်တဆ မြင့်တက်မှုတွေက မြို့ပြ အုံကြွမှုဖြစ်ဖို့ထက် လက်နက်ကိုင် တော်လှန်ရေးဘက်ကို ပိုအားကောင်းစေမလား ဆိုတဲ့ ဖြစ်နိုင်ခြေတွေလည်း ရှိကောင်းရှိနေနိုင်တာ ဖြစ်ပါတယ်။

 

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar