Breaking News

လေးစမ်းဝင်း - ရေဘေးနိုင်ငံရေး

လေးစမ်းဝင်း - ရေဘေးနိုင်ငံရေး

မိုးမခ ၊ ဩဂုတ် ၂၄ ၊ ၂၀၂၆

 

ခုရက်ပိုင်း ထိုင်းသတင်းတွေမှာ ရေကြီးနေတဲ့ ထိုင်းမြောက်ပိုင်းက “နန်”မြို့မှာ ရေးဘေးသင့် ထိုင်းလူကြီးတ  ယောက်ကို ကျောပိုးပြီး ခေါ်ထုတ်လာနေတဲ့ ထိုင်းပြည်ထဲရေးဒုဝန်ကြီးပုံတွေ “ဟော့”နေတယ်။အဲ့ဒီကျောပိုး ဓာတ်ပုံသတင်းစာသားမှာ ရေးထားတာက ဒုတိယဝန်ကြီး ဆေဆက် နန်းခရိုင် ပူအာ နှင့် မောင်းနန်း မြို့နယ်များရှိ ရေဘေးသင့်ဒေသများသို့ နေ့ရောညပါ ဝင်ရောက်၍ ရေဘေးသင့်ပြည်သူများကို ဆက်တိုက် ကူညီပေးလျက်ရှိ။ ဥဒုံဌာနီအဖွဲ့အား တစ်နေကုန် စားနပ်ရိက္ခာများ ပေးပို့နိုင်ရေးအတွက် တပ်စွဲထားရန် ညွှန်ကြားခဲ့သည်။

ဓာတ်ပုံညာဘက်ထောင့်မှာ Bhumjaithai Party လိုဂိုပါနေတာ တွေ့နိုင်ပါတယ်။ လက်ရှိ ထိုင်းအာဏာရပါတီပါ။ ထိုင်းနိုင်ငံမှာ ရေကြီးပြီဟေ့ဆို အခုလိုပဲ ထိုင်းအစိုးရတာဝန်ရှိသူတွေဟာ ရေးဘေးသင့်တဲ့နေရာတွေဆီကို အရောက်သွားပြီး ရေဘေးသင့်ပြည်သူတွေကို ကူညီကြတယ်။ စာနာထောက်ထားမှု ပြကြတယ်။ သတင်း ဓာတ်ပုံဆရာတွေကလည်း တောက်လျှောက်လိုက်ရိုက်ပြီး ဒေသတွင်းသတင်းမီဒီယာတွေမှာ ဝေဝေဆာဆာ ဖော်ပြကြတယ်။ ရေဘေးနိုင်ငံရေးလို့ ဆိုပေမဲ့ အမြင်မတူတာတော့ ရှိကြတယ်။

ထိုင်းနိုင်ငံရေးနဲ့ လူမှုကွန်ရက်များမှာလည်း ဒီလို ဓာတ်ပုံတွေနဲ့ပတ်သက်ပြီး  ထောက်ခံသူ ဝေဖန်ပြစ်တင်သူ နှစ်ဖွဲ့စလုံး အပြန်အလှန် ဆွေးနွေးလေ့ရှိကြပါတယ်။ ဝေဖန်သူတွေက နိုင်ငံရေးသမားများနဲ့  ဝန်ကြီးများဟာ ကင်မရာ၊ သတင်းထောက်များနဲ့အတူ ရေဘေးသင့်ဒေသသို့ သွားရောက်ပြီး  အကူအညီပေးနေတဲ့ ပုံရိပ်များကို မီဒီယာမှာ ဖော်ပြခြင်းဟာ  မဲဆွယ်ပွဲ ပုံရိပ်ကောင်းရေးအတွက် ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးထားတဲ့ ပြကွက်မျိုးလို့  ရှုမြင်ကြတယ်။

ထောက်ခံသူတွေကတော့ တာဝန်ရှိသူတစ်ဦးအနေနဲ့ ရုံးခန်းထဲမှာ ထိုင်မနေဘဲ  မြေပြင်သို့ ကိုယ်တိုင်ဆင်းပြီး ပြည်သူများနဲ့အတူ ဒုက္ခခံကာ အကူအညီပေးတာဖြစ်တယ်၊ ဝန်ကြီးကိုယ်တိုင် ဆင်းကူမှလည်း အောက်ခြေ ဝန်ထမ်းများနဲ့ ကယ်ဆယ်ရေးအဖွဲ့များ ပိုမိုတက်ကြွပြီး လုပ်ငန်းများ ပိုမိုမြန်ဆန်လာမယ်လို့  ရှုမြင်ကြပါတယ်။

ဒီနေရာမှာ ဇောင်းပေးထောက်ပြလိုတာက ဒီအခြင်းအရာတွေ မဟုတ်ဘဲ သူတို့ရဲ့ ပရော်ဖက်ရှယ်နယ်ကျကျ ဝတ်စားဆင်ယင်ပြီး ရေဘေးနိုင်ငံရေး လုပ်ပုံပါ။ ထိုင်းနိုင်ငံရေးသမားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရေဘေးဆင်းတဲ့အခါ ယူနီဖောင်း၊ အသက်ကယ်အကျီ (Life jacket)၊ ဖိနပ် boots နဲ့ ကယ်ဆယ်ရေးအဖွဲ့ တံဆိပ်ပါ ဝတ်စုံတွေကို စနစ်တကျ ဝတ်ဆင်လေ့ရှိကြပါတယ်။

- ဝတ်စုံပြည့် ဝတ်ဆင်ထားတာက စနစ်တကျ ပြင်ဆင်ထားကြောင်းနဲ့ အာဏာပိုင်အဖွဲ့အစည်းရဲ့ အမှတ်တံဆိပ်ကို မီဒီယာ/ကင်မရာရှေ့မှာ ပိုမို ပေါ်လွင်စေတယ်။

- ရေကြီးရေလျှံချိန်မှာ ရေထဲပါလာတဲ့ သံချောင်း၊ မှန်ကွဲနဲ့ သတ္တဝါအန္တရာယ်တွေရန်ကနေ ကာကွယ်ဖို့ boots ဖိနပ်နဲ့ ဝတ်စုံတွေက အရေးပါပါတယ်။

- တာဝန်ရှိသူတွေ ကိုယ်တိုင် အသက်ကယ်အကျီနဲ့ စနစ်တကျ ဝတ်ဆင်ပြပြီး ပြည်သူတွေကို ဘေးကင်းရေး သတိပြုမိစေတဲ့ သတင်းစကားပေးရာလည်း ရောက်ပါတယ်။

မြန်မာပြည်မှာ လူထုအစိုးရလက်ထက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဘက် ရေကြီးတော့ သမ္မတဦးထင်ကျော် ရေဘေးကူဖို့ ရေထဲတော့ ဆင်းပါရဲ့၊ ခြေထောက်မှာ ဂျပန်ဘိနပ်ကြီးစီးလို့၊ စက်တပ်လှေစီးပြီး ရေကြီးတဲ့ဆီ ချီတက်တာ အသက်ကယ်အကျီ (Life jacket) မဝတ်ထားဘူး။ အခု ရာဇဝတ်သားကတော့ ပြောမနေနဲ့၊ လေထဲကတောင် မဆင်းဘူး။ မြန်မာတာဝန်ရှိသူတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံက တာဝန်ရှိသူတွေလောက်ကို အမြင်နဲ့ ပြင်ဆင်မှု အားမကောင်းဘူး၊

ဒီတော့ မဲဆွယ်ဖို့ နေနေသာသာ သွားကူညီတဲ့ တာဝန်ရှိသူပါ ရေထဲ ပါမသွားတာ ကံကောင်းလို့ ဆိုရမလိုတွေ ဖြစ်တယ်။ သင်ယူဖို့ မပြောနဲ့ဦး၊ သတိထားမိတဲ့ အဆင့်တောင် မရောက်သေးဘူးလို့ ဆိုနိုင်တယ်။ အခု ထိုင်း နေရာတချို့ ရေကြီးနေချိန် ထိုင်းဝန်ကြီးချုပ်အနုတင်က နိုင်ငံရပ်ခြားခရီးသွားနေတယ်။ ပြန်မရောက်သေးဘူး။ လာမဲ့ ဆန်းဒေးကျ ဝန်ကြီးချုပ်အနုတင်”နန်”ရေဘေးသင့်ဒေသဆီ ရောက်မယ်လို့ သတင်းထုတ်ပြီးနေပြီ။

ဝန်ကြီးချုပ်ဟာ ဝတ်စုံပြည့်ဝတ်ပြီး ရေထဲဆင်းဦးမယ်၊ စက်တပ်လှေနဲ့ ရေဘေးသင့်အိမ်တွေဆီ အရောက်သွားပြီး ရေဘေးသင့်နေကြတဲ့ အဘိုး အဘွားတွေ၊ ကလေးတွေနဲ့ တွေ့ပြီး စာနာထောက်ထားကြောင်း၊ တသားတည်းရှိကြောင်း ပြမယ်။ သတင်းဓာတ်ပုံဆရာတွေက ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ပြီး မီဒီယာပေါ် တင်ကြမယ်။ ရေဘေး နိုင်ငံရေး ဆိုတာလည်း “ပရို”ပီသဖို့လို ပါတယ်။

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar