သီအိုဇော် - မီးမုန်တိုင်းကြားက လေဆန်ကို ပျံတက်ကြသူများ
သီအိုဇော် - မီးမုန်တိုင်းကြားက လေဆန်ကို ပျံတက်ကြသူများ
(၃၈နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် ဂုဏ်ပြုကဗျာ)
မိုးမခ ၊ ဩဂုတ် ၈ ၊ ၂၀၂၆
အမေ့အိမ်၊ စာသင်ခန်း
ရေးလက်စကဗျာ၊ ဆိုလက်စသီချင်း
နမ်းလက်စပန်းတပွင့်
ချစ်ရခင်ရသူများ
အားလုံး အားလုံးကို
အဲဒီသမိုင်းတွင်သွားတဲ့ နေ့တနေ့ကစလို့
တစတစ ကြိုးစားသံယောဇဉ်ဖြတ်ခဲ့ရသူတွေ။
၃၈နှစ်ကြာအထိ အပြီးမသတ်နိုင်သေးတဲ့
အခန်းဆက် ဇာတ်လမ်းရှည်ကြီးရဲ့ ရိုက်ကွင်းထဲ
ဇာတ်ညွှန်းကြိုမသိလိုက်ပဲ
ဗြုန်းခနဲ ရောက်သွားခဲ့ရတဲ့မျိုးဆက်။
နံရံကို ခေါင်းနဲ့မတိုက်ကြနဲ့
နံရံကို ခေါင်းနဲ့မတိုက်ကြနဲ့
ဗျာဒိတ်တော်လို တတွတ်တွတ်ရွတ်သူတွေကိုကျောခိုင်း
မကြောက်တရားလှိုင်းကို ရဲရဲဝံ့ဝံ့စီးပြီး
၆၂
၇၄ တို့
ရှေ့က တိုက်ခဲ့ကြတဲ့ နံရံကို
စွေးစွေးနီသွေးများ မတိတ်တမ်း ကျသည်အထိ
မလျှော့စတမ်း အံကြိတ်တိုက်ခဲ့ကြတဲ့မျိုးဆက်။
သူတို့တတွေဟာ ခွပ်ဒေါင်းအလံကိုမြင်တိုင်း
တော်လှန်သွေးများ ပွက်ပွက်ဆူသွားတတ်သူတွေ
စစ်အာဏာရှင်စနစ်ကိုလည်း
ရိုးတွင်းခြင်ဆီထဲက
တူးတူးခါးခါး ရွံရှာမုန်းတီးကြသူတွေ
‘သွေးသစ္စာ’နဲ့ ‘ကမ္ဘာမကြေဘူး’သီချင်း
အာဂုံဆောင်ထားကြတဲ့ အဲဒီမျိုးဆက်က
ငါတို့ခေတ်အတွက် ဂုဏ်ယူစရာ
‘ကိုဂျင်မီ’လို အာဇာနည်တွေကိုလည်း မွေးထုတ်ပေးခဲ့တယ်။
တာတိုမဟုတ်တဲ့ ဒီပွဲမှာ
အခုထက်ထိ ခြေမကျသေးတဲ့သူတွေရှိသလို
လမ်းခုလတ်မှာ
ဒူးထောက်ခွေကျသွားသူတွေနဲ့
ပတ်မကြီးဖေါက်တဲ့သူတွေလည်း ရှိတာပေါ့
ကိုယ်ရေးတဲ့သမိုင်း မရိုင်းဖို့ဆိုတာကတော့
ကိုယ်ရွေးတဲ့လမ်း မမှားမှပဲ ဖြစ်လိမ့်မယ်။
ခေတ်ဆိုးကြီးထဲ
ရှင်သန်ခြင်းကို မရမကဆွဲဆန့်ပြီး
သေကွင်းနဲ့ သတ်ကွင်း
တလှည့်စီဖြတ်သန်းနေရတဲ့
နံရံလေးဘက်နဲ့ တိုင်းပြည်မှာပဲနေနေ
မြန်မာပြည်မြေပုံကို
ခပ်ဝေးဝေးက မျှော်ငေးကြည့်ပြီး
သွေးစွန်းတဲ့ အိပ်မက်အကြေအမွတွေနဲ့
နာကျင်စွာ တည်ဆောက်နေရတဲ့ ဘဝကိုပဲရောက်ရောက်
ဒီမျိုးဆက်ဟာ နွေဦးအချိန်မှာတော့
‘လိပ်ပြာသန့်ကြသူများ’ ခေါင်းစဉ်အောက်ကနေ
တစိုက်မတ်မတ် လိုက်လျှောက်နေလေရဲ့။
နှလုံးသားရဲ့ ရှိရှိသမျှနံရံတွေပေါ်မှာ
နေရာလွတ်မချန်ပဲ
၈၈၈၈ တက်တူး
စိတ်ကူးနဲ့ တိုင်တည်ထိုးထားတဲ့
အဲဒီမျိုးဆက်ဟာ
ဩဂုတ်လ ၈ ရက်နေ့ ရောက်တိုင်း
စွန့်လွှတ်ခဲ့သူတွေကို ဦးညွှတ်
စွန့်စားခဲ့သူတွေကို ဂုဏ်ပြု
မဆုံးသေးတဲ့ခရီးကိုလည်း သတိရှိဖို့
သွေးနဲ့ရေးထိုးထားတဲ့ သမိုင်းဝင်နေ့တရက်ကို
ပြက္ခဒိန်အသစ်စက်စက်တွေထဲ
နှစ်စဉ်နှစ်တိုင်း သူတို့ချန်ထားရစ်ကြတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar