Breaking News

၈၈၈၈ အရေးတော်ပုံ ၃၈ နှစ်ပြည့်နဲ့ သမိုင်းအမြင်

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၇ မြင်ကွင်း

(မိုးမခ) ၊ ဩဂုတ် ၈ ၊ ၂၀၂၆

၈၈၈၈ အရေးတော်ပုံ ၃၈ နှစ်ပြည့်နဲ့ သမိုင်းအမြင်

၈၈၈၈ လို့ ဂဏန်းနဲ့ ရေးရေး ဒါမှမဟုတ် ရှစ်လေးလုံးလို့စာနဲ့ ရေးရေး ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ သပိတ်မှောက်ဆန္ဒပြဖို့ နှိုးဆော်ခဲ့တဲ့ ၁၀ နှစ်မှာသာ တကြိမ် ကျရောက်လေ့ရှိတဲ့ ရက်၊ လနဲ့ ခုနှစ်သက္ကရာဇ်ရဲ့ နောက်ဆုံး ဂဏန်း နှစ်လုံးတို့ တူညီတဲ့ ၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ အမည်နဲ့ အုပ်ချုပ်တဲ့ ဗမာ့လွတ်မြောက်ရေးတပ်မတော် ခေတ်ကတည်းကစလို့ စစ်တပ်ရဲ့ ခေါင်းဆောင်တယောက်အဖြစ်ပါဝင်ခဲ့ပြီး နောက်ပိုင်း စစ်အာဏာရှင် ဗိုလ်နေဝင်းကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန့်ကျင်ဆန္ဒပြတဲ့နေ့ရက် အဖြစ် လှုံ့ဆော်ခဲ့ပြီး မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ ကစလို့ မန္တလေး၊ မော်လမြိုင် အစရှိတဲ့မြို့ကြီးတွေမှာ တပြိုင်နက်ထည်း ကျောင်းသားတွေရော၊ အရပ်သားပြည်သူလူထုပါ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ 

ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ပွားမလာမီ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဆယ်စုနှစ် ၂ ခုကျော် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ဆိုတဲ့ စစ်အရာရှိတွေ အရပ်ဘက်ပြောင်းပြီး ပါတီ၊ ကောင်စီအဖွဲ့အစည်းတွေ ဖွဲ့စည်းကာ ဗဟိုချုပ်ကိုင်မှုနဲ့ အုပ်ချုပ်မှုရဲ့ အကျိုးဆက်၊ ကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ကာ မိမိနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဖူလုံရေးမူဝါဒ၊ စီးပွားရေး သဘောတရား၊ ဘောဂဗေဒ သဘောတရားနားမလည်တဲ့ စစ်အရာရှိဟောင်းတွေ စီမံခန့်ခွဲတဲ့ စနစ်နဲ့ ပြည်တွင်းစစ်တို့ကြောင့် နိုင်ငံလူထုအနေနဲ့ စီးပွားရေးကြပ်တည်းမှု၊ ကုန်ပစ္စည်းရှားပါးမှု၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုတွေနဲ့ မွန်းကြပ်နေချိန်  ငွေစက္ကူ ဖျက်သိမ်းတဲ့လုပ်ဆောင်မှုနဲ့ ကျောင်းသားဆန္ဒပြမှုကို လုံထိန်းတပ်နဲ့ ရက်စက်စွာနှိပ်ကွပ်ခဲ့တာတွေက လူ့အခွင့်အရေးချိုးဖောက်မှု ဆိုတဲ့ စကားလုံးတွေ လူထုရဲ့ အသိဥာဏ်ထဲ ပထမဆုံးရောက်ရှိလာကာ ကျောင်းသားတွေဦးဆောင်တဲ့ ရှစ်လေးလုံး သပိတ်ဆန္ဒပြမှုကို ဝိုင်းပြီးအားဖြည့်ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

အဲဒီအချိန်ကာလမှာ လူထုရဲ့ ခံစားချက်၊ မြိုသိပ်ထားရတဲ့ နိုင်ငံရေး မကျေနပ်မှုတွေက အရှိန်အဟုန် မြင့်မားလွန်းတာကြောင့် ရှစ်လေးလုံး ဆန္ဒပြမှုတွေက ၁၉၆၃ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ တနိုင်ငံလုံးအတိုင်းအတာ ဆန္ဒပြ သပိတ်မှောက်တဲ့ အဖြစ်တွေဆီ ရောက်ရှိစေခဲ့တာ ဖြစ်ပါတယ်။ 

မဆလ ခေတ် ၂၆ နှစ်တာအတွင်း ဆဲဗင်းဇူလိုင်၊ ကျွန်းဆွယ်အရေးအခင်း၊ ဦးသန့်အရေးအခင်း၊ ဆင်မလိုက် သင်္ဘောကျင်း အလုပ်သမားဆန္ဒပြမှု၊ မှိုင်းရာပြည့်၊ ရွှေတိဂုံ အစရှိတဲ့ ကျောင်းသားဆန္ဒပြမှုတွေ နဲ့ အလုပ်သမားဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ လူထုဆန္ဒပြမှုကတော့ ရှစ်လေးလုံး အရေးတော်ပုံသာ ဖြစ်ပါတယ်။ ဒီအရေးတော်ပုံက ၂၆ နှစ်တာ အုပ်ချုပ်ခဲ့တဲ့ မဆလပါတီ၊ ကောင်စီစနစ်တွေကို ဖျက်သိမ်းစေခဲ့တဲ့ ရလာဒ် ပေါ်ထွက်လာခဲ့ပေမယ့် စစ်အာဏာရှင်စနစ်ကိုတော့ မဖျက်သိမ်းနိုင်ခဲ့ပါဘူး။ 

မဆလ ပါတီကို အခြေပြုပြီး စစ်တပ်အရာရှိတွေ အရပ်ဘက်အုပ်ချုပ်ရေးဌာန အသီးသီးနဲ့ ပြည်နယ်၊ ဗဟိုအစိုးရတွေထဲမှာ မိုးကျရွှေကိုယ် တာဝန်ယူကြတဲ့ ပုံစံမျိုးအုပ်ချုပ်မှုကနေ အာဏာသိမ်းပြီးနောက် စစ်ယူနီဖောင်းနဲ့ စစ်ဗိုလ်ချုပ်တွေက စစ်အုပ်ချုပ်ရေး ကြေညာကာ၊ ညမထွက်ရကာဖျူးအမိန့် စစ်အုပ်ချုပ်ရေးအောက်မှာ နှစ်နဲ့ချီ နေထိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။ 

ရှစ်လေးလုံးအရေးတော်ပုံရဲ့ အဆက်က ကျောင်းသားတပ်မတော်လို့  အလွယ်ခေါ်ဆိုတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး ABSDF ကို ဖွဲ့စည်းတာ၊ ဗမာနိုင်ငံ ဒီမိုကရက်တစ်မဟာမိတ် အဖွဲ့၊ အမျိုးသားညွန့်ပေါင်းအစိုးရ စတဲ့ နိုင်ငံရေး စစ်ရေးအဖွဲ့အစည်းတွေ ၁၉၉၀ ခုနှစ်အစပိုင်းတွေမှာ ပေါ်ထွက်လာပြီး မြေပေါ်မှာ NLD ပါတီအပါအဝင် အခြားသော နိုင်ငံရေးပါတီတွေ လှုပ်ရှားသလို နယ်စပ်ဒေသတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ဒေသတွေမှာ အထက်ဖေါ်ပြပါ အဖွဲ့အစည်းတွေက ဆက်လက်လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။ 

ရှစ်လေးလုံးလှုပ်ရှားမှုရဲ့ အဆက် မြေပေါ် နိုင်ငံရေးပါတီတွေ၊ မြေအောက်လက်နက်ကိုင်အဖွဲ့အစည်းတွေပေါ်ထွက်လာခဲ့တာက နိုင်ငံရေးလှုပ်ရှားမှုဖြစ်ပြီး လူထုအနေနဲ့ ဘာတွေအပြောင်းအလဲရရှိခဲ့ပါသလဲ။ အာဏာသိမ်းပြီးခါစ နဝတ စစ်အုပ်ချုပ်ရေးနဲ့ စစ်တပ်တိုင်းမှူးတွေက ပြည်နယ်နဲ့ တိုင်းတွေမှာ အမြင့်ဆုံးအာဏာရှိတဲ့နေရာကိုရယူထားပြီး မြို့နယ်အုပ်ချုပ်ရေးနဲ့ ခရိုင်၊ ပြည်နယ် တိုင်းအဆင့်အုပ် ချုပ်ရေးမှူးတွေကို စစ်တပ်အရာရှိတွေက အားလုံးနေရာယူ အုပ်ချုပ်ကြတာဖြစ်ပါတယ်။ မဆလ ခေတ်ထက်ပိုပြီး လာဘ်စားတာ၊ ကိုယ်ကျိုးရှာတာတွေဖြစ်ပေါ်လာသလို၊ သယံဇာတတွေလည်း မဆလခေတ်ကထက် အဆများစွာတူးဖော်ထုတ်လုပ်စေပြီး နိုင်ငံခြားငွေရဖို့ လုပ်ဆောင်လာခဲ့တာပါ။ မဆလခေတ်တုန်းက နယ်စပ်ကုန်သွယ်ရေးပိတ်ဆို့ထားခြင်းမရှိတော့ဘဲ တရုတ်၊ ထိုင်းနိုင်ငံတို့နဲ့ နယ် စပ်ကုန်သွယ်ရေးဖွင့်လှစ်ပြီး စျေးကွက်စီးပွားရေးစနစ်နဲ့ စစ်အာဏာရှင်စနစ်ကို တွဲဖက် ခဲ့တာတွေ့ရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အဖွဲ့ပြိုကွဲသွားတာကြောင့် ပေါ်ထွက်လာတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်၊ ကိုးကန့်လက်နက်ကိုင်တပ်၊ NDA-Kachin တပ်တွေကို အပစ်ရပ်လက်မှတ်ထိုးဖို့ ချဥ်းကပ်ပြီး စီးပွားရေးလုပ်ပိုင်ခွင့်တွေပေးပြီး စည်းရုံးခဲ့ပါတယ်။ 

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ပွားပြီးနောက် နှစ်အနည်းငယ်အတွင်း အကျိုးဆက်တွေက အပစ်ရပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ရှိနေတဲ့ နယ်မြေအနေအထားအတိုင်း လက်နက်ကိုင်ထားပြီး ဆက်လက်ရပ်တည်ကာ အခြားသောဒေသတွေမှာပါ စီးပွားရေးလုပ်ပိုင်ခွင့်အခွင့်အလမ်းတွေ၊ သယံဇာတတူးဖော်ခွင့်တွေရရှိကြပြီး   အပစ်ရပ်ကမ်းလှမ်းမှုကို လက်မခံတဲ့ လက်နက်ကိုင်အဖွဲ့တွေကိုတော့ နဝတစစ်အစိုးရကထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ 

ရှစ်လေးလုံးအရေးတော်ပုံက စစ်အာဏာရှင်စနစ်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရကို မဖြုတ်ချ၊ မဖယ်ရှားနိုင်ခဲ့ပါဘူး။ သို့ပေမယ့် နိုင်ငံရေးပါတီ၊ အင်အားစု၊ ABSDF လက်နက်ကိုင် အဖွဲ့၊ DAB, NGUB စတဲ့အဖွဲ့အစည်းတွေကို ပေါ်ထွက်လာခဲ့စေတာ ဖြစ်ပါတယ်။ 

ရှစ်လေးလုံးအရေးတော်ပုံက စစ်အာဏာရှင်စနစ်ကို အမြစ်မဖြတ်နိုင်ခဲ့ခြင်းဟာ တဖွဲ့ချင်း၊ လူပုဂ္ဂိုလ်တဦးချင်းရဲ့ အစွမ်းအစ၊ စွမ်းဆောင်နိုင်ရည် ဆိုတာထက် မြန်မာ့နိုင်ငံရေး သမိုင်းအဖြစ်အပျက်တွေရဲ့ အကျိုးဆက်၊ အတိတ်သမိုင်းဖြစ်ရပ်တွေအရ စစ်တပ်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ နိုင်ငံရေးနဲ့ စစ်ရေးအင်အားစုတွေ တခုနဲ့တခုအကြား မယုံကြည်မှု၊ မပူးပေါင်းနိုင်မှုတွေ ကြောင့်လို့လည်း ကောက်ချက်ချနိုင်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပေါ်ထွက်လာတဲ့ တုံ့ပြန်မှုက ရှစ်လေးလုံး အရေးတော်ပုံကာလနဲ့ နှိုင်းယှဥ်ပြီး ဘယ်လှုပ်ရှားမှုက ပိုအားကောင်းတယ်၊ ဘယ်လှုပ်ရှားမှုက ပိုအစွမ်းအစရှိတယ်ဆိုတာမျိုး နှိုင်းယှဥ်ငြင်းခုံကြတာတွေလည်း ၂၀၂၁ ခုနှစ်နောက်ပိုင်း ရှိခဲ့ကြတာပါ။ သမိုင်းဖြစ်ရပ်နှစ်ခုကို နှိုင်းယှဥ်ဆန်းစစ်ကြတာ သဘာဝလို့ ဆိုနိုင်ပေမယ့် နောက်ခံအနေအထား၊ လက်ရှိအဖြစ်အပျက်နဲ့ ၁၉၈၈ ခုနှစ် စစ်အာဏာမသိမ်းမီနဲ့ သိမ်းပြီးကာလတွေ ရဲ့ အခြေအနေတွေ တခုချင်းကို အသေးစိတ်လေ့လာ စေ့ငုကြည့်နိုင်မှ၊ အစွဲကင်းစွာနဲ့ ချဥ်းကပ်သုံးသပ်နိုင်မှ ဒီဖြစ်ရပ် ၂ ခုရဲ့ အားသာချက် နဲ့ အားနည်းချက်တွေကို သိမြင်နိုင်မှာ ဖြစ်ပါတယ်။ 

သမိုင်းအဖြစ်အပျက်တွေရဲ့ သဘာဝအရ အတိတ်ကို ကောင်းစွာ သင်ခန်းစာယူနိုင်ခဲ့ရင် နောက်ဖြစ် ရပ်တွေမှာ အတိတ်အမှားမျိုး နောက်ထပ်မမှားအောင် ရှောင်ရှားနိုင်မှာ ဖြစ်ပေမယ့်၊ အောင်မြင်နေပြီ ဆိုတဲ့ မာန်မာနနဲ့ ရန်သူကိုအထင်သေးပြီး ရင်ဆိုင်ကြတဲ့အခါ သမိုင်းတပတ်လည်တယ်ဆိုတာမျိုး အတိတ်ကအမှားမျိုးကိုပဲ ထပ်ပြီး မှားယွင်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။ 

ဒီလိုဖြစ်တဲ့အခါမှာ သမိုင်းတွေဟာ ထပ်ခါထပ်ခါ ဖြစ်တတ်တဲ့သဘောသဘာဝရှိတယ်ဆိုတဲ့ ကောက် ယူချက် ပြောဆိုချက်တွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

ရှစ်လေးလုံး အရေးတော်ပုံမှာပါဝင်တဲ့သူတွေ အဲဒီမျိုးဆက်တွေထက် အခုက ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး အရေးတော်ပုံမှာ ပါဝင်သူတွေက ပိုတော်တယ်ဆိုတာမျိုး ပြောဆိုမှုတွေက သဘောတရားရေးနဲ့ သမိုင်းအမြင်မပါတဲ့ ပြောဆိုမှုတွေသာ ဖြစ်ပြီး သမိုင်းကို သင်ခန်းစာမယူတတ်ရင် သမိုင်းတပတ်လည်တယ်ဆိုတဲ့ အမှားတွေ ထပ်ခါထပ်ခါ မှားလေ့ရှိတာကို သတိကြီးစွာထားသင့်တာလည်း ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar