တာပလု - သံလွင်ရိုးဘေးက ကလောင်သူပုန်
တာပလု - သံလွင်ရိုးဘေးက ကလောင်သူပုန်
မိုးမခ ၊ စက်တင်ဘာ ၁ ၊ ၂၀၂၆
ဆရာမရေ... ဒီစာကို ရေးဖို့ စိတ်ထဲမှာ ပြန်ပေါ်လာတာ ခေါက်တုံ့ခေါက်ပြန် အကြိမ်ကြိမ်ပါပဲ။ အခုတော့လည်း လက်က ကီးဘုတ်ပေါ် ရောက်သွားပြီး စာလုံးတွေ အစီအရီ ချရေးဖြစ်လိုက်တော့တယ်။ ဒီလိုမှ မရေးလိုက်ရရင် ကျွန်တော့်ရင်ထဲက လိပ်ပြာသန့်နိုင်တော့မှာ မဟုတ်လို့ပါ ဆရာမရယ်။ အဲဒီနေ့က ဆရာမနဲ့ မကင်းမကွာ ဆုံလိုက်ရတဲ့ မြင်ကွင်း၊ ဆရာမရဲ့ မျက်လုံးတွေ၊ ပြောခဲ့တဲ့ စကားသံတွေဟာ အခုချိန်ထိ ကျွန်တော့်ခေါင်းထဲကရော မျက်လုံးထဲကပါ နည်းနည်းမှ မထွက်သေးပါဘူး။
ဆရာမကို အဲဒီနေ့က ဝမ်းသာအားရ တုံ့ပြန်ပြီး ဟက်ဟက်ပက်ပက် မနှုတ်ဆက်မိခဲ့တာ၊ စကားတွေ အများကြီး ပြန်မပြောမိခဲ့တာကို စိတ်ထဲမှာ အခုထိ မကောင်းနိုင်သေးဘူး။ ဆရာမ ရဲရဲဝံ့ဝံ့ လာနှုတ်ဆက်ချိန်မှာ ကျွန်တော် ဘာလို့ တွန့်ဆုတ်ဆုတ် ဖြစ်သွားရတာလဲ ဆိုတာကိုလည်း ဆရာမကို အပြည့်အဝ နားလည်စေချင်ပါတယ်။ အခုလို ခေတ်ပျက်၊ ခေတ်ဆိုးကြီးထဲမှာ ကျွန်တော် ဘာတွေ လုပ်နေသလဲ၊ ဘယ်လို ဘဝမျိုးနဲ့ လျှောက်လှမ်းနေလဲ ဆိုတာကို အဲဒီနေ့က ဆရာမကို ရှင်းမပြလိုက်ရဘူး။ မပြောပြချင်လို့ မဟုတ်ပါဘူး ဆရာမရယ်။ အမှန်အတိုင်း ပြောလိုက်ရင်၊ တစ်ခုခု စကားကျွံသွားခဲ့ရင် ဆရာမရော ကျွန်တော်ပါ တစ်ခုခု ဒုက္ခရောက်သွားနိုင်လို့၊ ဘေးအန္တရာယ် ငြိတွယ်သွားနိုင်လို့ ပါးစပ်ကို တင်းတင်းစေ့ပြီး မျိုသိပ်ထားခဲ့ရတာပါ။
တကယ်တော့ ကျွန်တော်က သူပုန်တစ်ယောက် ဖြစ်နေပါပြီ ဆရာမ။ ဒါပေမဲ့ သေနတ်ကိုင်တဲ့ သူပုန်တော့ မဟုတ်ဘူး။ စာရွက်နဲ့ ကလောင်ကို ကိုင်ပြီး မတရားမှုကို တော်လှန်နေတဲ့ "ကလောင်သူပုန်" တစ်ယောက်ပါ။ ကျွန်တော့်ဆီမှာ ပစ်ခတ်စရာ သေနတ် မရှိပေမဲ့၊ အမှန်တရားအတွက် ရေးသားထုတ်ဖော်နေတဲ့ ကလောင်သွားဟာ ကျွန်တော့်ရဲ့ လက်နက်ပါပဲ။ ဆရာမ သူငယ်တန်းတုန်းက စာစသင်ပေးခဲ့တဲ့၊ နှပ်ချေးထူတပည့်လေးဟာ အခုဆို မတရားမှုကို ဘယ်တော့မှ ခေါင်းမညိတ်ဘဲ ကလောင်နဲ့ ရင်းပြီး တော်လှန်နေတဲ့ သူပုန်တစ်ယောက် ဖြစ်နေပါပြီ။
အဲဒီနေ့က ဆရာမ ကျွန်တော့်ကို မြင်တော့ အံ့ဩဝမ်းသာစွာနဲ့ လာပြီး နှုတ်ဆက်ခဲ့တာကို မှတ်မိနေတုန်းပါ။ "အသားတွေ ဖြူလာလိုက်တာ၊ တရုတ်ပေါက်ကြီး ကျနေတာပဲ" လို့ အားရပါးရ ပြောခဲ့သေးတယ် မဟုတ်လား။ ပြီးတော့မှ စိတ်မကောင်းတဲ့ မျက်နှာပေးနဲ့ "ငါတို့တိုင်းက ဒလန်တိုင်းလို့ သူများတွေ ဝိုင်းပြောနေကြတယ်ကွာ၊ အဲဒါ နေရထိုင်ရတာ တစ်မျိုးကြီးပဲ၊ အဲဒီလို ပြောတာကို လိပ်ပြာမသန့်သလို ခံစားရတယ်" လို့ ဆရာမ သက်ပြင်းချရင်း ပြောခဲ့တာတွေ ကျွန်တော့်နားထဲမှာ ခုထိ မပျောက်သေးပါဘူး။
ဆရာမ ကျွန်တော့်ကို အားရဝမ်းသာ စကားတွေ ဆက်တိုက်ပြောရင်းနဲ့ လမ်းဘေးက သစ်မြစ်နဲ့ ခလုတ်တိုက်မိလို့ ယိုင်တောင် ယိုင်သွားသေးတာလေ။ ကျွန်တော် ဘယ်မေ့မလဲ ဆရာမရယ်။ ကျွန်တော့်ကို တပည့်ရင်းတစ်ယောက်လို ပြန်တွေ့လိုက်ရလို့ ဆရာမ အတိုင်းမသိ ဝမ်းသာသွားတာကို ကျွန်တော် သိတာပေါ့။
တကယ်တော့ ဆရာမရေ... ကျွန်တော်တို့လို တပည့်တွေ မသိမသာ နည်းမျိုးစုံနဲ့ တော်လှန်ရေး လုပ်နေကြတာကို ဆရာမ မသိသေးလို့ပါ။ ဆရာမ သင်ပေးခဲ့တဲ့ တပည့်တွေထဲမှာ တောထဲတောင်ထဲရောက်ပြီး သေနတ်ကိုင် အသက်နဲ့ခန္ဓာကို ရင်းပြီး တော်လှန်နေသူတွေ ရှိသလို၊ မထင်မရှား နေရာအသီးသီးကနေ နည်းလမ်းပေါင်းစုံနဲ့ တော်လှန်သူပုန် လုပ်နေကြသူတွေလည်း အများကြီး ရှိနေပါတယ် ဆရာမရယ်။
ဆရာမဆီကို တပည့်တွေ သတင်းလာမပြောနိုင်တာ၊ သတင်းမပါလာတာဟာ ခွင့်မသာလို့၊ ဒါမှမဟုတ် သတင်းအဆက်အသွယ် ပျက်နေလို့ ဖြစ်နိုင်သလို၊ ဆရာမရဲ့ လုံခြုံရေးကို ငဲ့ကွက်ပြီးတော့မှ မပြောကြတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော့်ကိုပဲ ကြည့်လေ ဆရာမရယ်... အဲဒီနေ့က ဆရာမ လာနှုတ်ဆက်ချိန်တုန်းကဆို ကျွန်တော် ဘာတွေလုပ်နေလဲ၊ ဘယ်လို တိုက်ပွဲဝင်နေလဲ ဆိုတာကို အစကနေ အဆုံးထိ တန်းစီပြီး အားရပါးရ ပြောပြချင်ခဲ့တာ။ ဒါပေမဲ့ မပြောခဲ့လိုက်ရဘူး။
ပြောပြချင်တယ် ဆိုတာကလည်း ဆရာမကို ကျွန်တော့်အတွက် ဂုဏ်ယူစေချင်တာ ပါသလို၊ ကိုယ့်တပည့်တစ်ယောက် မတရားမှုကို ခေါင်းငုံ့မခံဘဲ မှန်ကန်တဲ့ဘက်က ရပ်တည်နေတာကို သိစေပြီး ပီတိဖြစ်စေချင်တာလည်း ပါတာပေါ့။ အခုတော့ အခြေအနေ အကြောင်းကြောင်းတွေကြောင့် စကားတွေကို မြိုချပြီး နှုတ်ဆိတ်နေခဲ့ရတာ စိတ်ထဲတော့ တကယ် မကောင်းပါဘူး ဆရာမရယ်။
ဒါကြောင့် စိတ်ပြေရာပြေကြောင်းလေး ဖြစ်မလားဆိုပြီး ဒီစာကို ချရေးဖြစ်တာပါ။ တစ်နေ့နေ့ တစ်ချိန်ချိန် ကျွန်တော် ရွာကို ပြန်ရောက်တဲ့အခါ ဆရာမကို ကျန်းကျန်းမာမာနဲ့ ပြန်တွေ့ရပါဦးမလားလို့ စိတ်ပူမိသလို၊ တစ်ဖက်မှာလည်း ကျွန်တော်ကိုယ်တိုင် ရွာကို ပြန်မရောက်နိုင်ဘဲ တစ်နေရာရာမှာ အဖိတ်အစင် ဖြစ်သွားမလား ဆိုတဲ့ အတွေးတွေကလည်း ဝင်လာတတ်ပါတယ်။ ဒါကြောင့် မနက်ဖြန်ဆိုတာ မသေချာတဲ့ ဒီခေတ်ကြီးထဲမှာ ဆရာမဆီကို ဒီစာလေး တစ်စောင်တော့ ရောက်အောင် ချရေးလိုက်တာပါ။
ဒီလို စာရေးနေရင်းနဲ့ ကျွန်တော့် ငယ်ဘဝ ပညာစတင် သင်ယူခဲ့တဲ့ ကျောင်းတော်ကြီးအကြောင်းကို ခဏခဏ သတိရမိတယ် ဆရာမ။ သတိရလိုက်တိုင်း ကျောင်းကြီးရဲ့ ဒီဇိုင်းပုံရိပ်တွေဟာ မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း ပေါ်လာတတ်တာ။
ဆရာမ မှတ်မိဦးမယ် ထင်ပါတယ်။ ကျွန်တော်တို့ သူငယ်တန်း တက်တုန်းက ဆရာမ တစ်ယောက်တည်းပဲ သူငယ်တန်းလေးနဲ့ သူငယ်တန်းကြီး နှစ်ခုစလုံးကို တာဝန်ယူပြီး မနားတမ်း သင်ပေးခဲ့ရတာလေ။ ပြီးတော့ ကျွန်တော် ပထမတန်း ရောက်တော့လည်း ဆရာမကပဲ ပထမတန်းမှာ ဆက်သင်ပေးခဲ့ရတာ။ အဲဒီတုန်းက အကြောင်းတွေကို အခုထိ မြင်နေတုန်းပါပဲ။
ဒါနဲ့... ကျွန်တော် စာခိုးချတာ ဆရာမ မသိခဲ့ဘူး မဟုတ်လား။ ဘယ်သိမလဲ ဆရာမရယ်... ကျွန်တော်က ဆရာမ စားပွဲနဲ့ အနီးဆုံး နေရာကို ရွေးထိုင်ခဲ့တာကိုး။ ဆရာမ ထိုင်တဲ့ ထိုင်ခုံက မြင့်ပြီး ကျွန်တော်တို့ ကလေးတွေက ကြမ်းခင်းပေါ် ထိုင်တာဆိုတော့ ဆရာမ လှမ်းကြည့်လိုက်ရင် အနောက်ဘက်က ကလေးတွေကိုပဲ ပိုမြင်ရတာလေ။ အနားမှာ ကပ်ထိုင်နေတဲ့ ကျွန်တော့်ကိုတော့ ဘယ်သတိထားမိပါ့မလဲ။
ကျွန်တော် စာခိုးချတာ အမြဲတမ်းတော့ မဟုတ်ပါဘူး၊ သင်္ချာအချိန်တွေမှာပါ။ ဆရာမလည်း သိတဲ့အတိုင်း ကျွန်တော်က သင်္ချာ ဆိုရင် အတော်လေး ညံ့တာလေ။ ကျွန်တော့်ဘေးမှာ ထိုင်တဲ့ အောင်မျိုးသန့် ကတော့ သင်္ချာမှာ ဆရာကြီးပဲ။ ဆရာမ ရှေ့ကနေ ပုစ္ဆာတစ်ခေါက် တွက်ပြပေးလိုက်ရင် သူက ခဏလေးနဲ့ အဖြေထွက်အောင် တွက်နိုင်တာ။ ကျွန်တော်ကတော့ ဆရာမ ရှေ့ကနေ သုံးခေါက်လောက် တွက်ပြပြီး အလွတ်ပြန်တွက်ခိုင်းရင်တောင် ဘယ်လိုမှ အဖြေထွက်အောင် မတွက်တတ်တဲ့ကောင်ပါ။ အဲဒီတော့ အောင်မျိုးသန့်ဆီကနေ ခိုးကြည့်ပြီး တွက်ရတာပေါ့။
ကျွန်တော့်ငယ်ဘဝအကြောင်း ပြောရင် မနက်တိုင်း ဆရာမရဲ့ ဆွဲခြင်းကလေးကို ပြေးယူပေးရတာကိုလည်း သတိရသေးတယ်။ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ဆရာမ ဆွဲခြင်းကို အပြိုင်အဆိုင် လုယူပေးခဲ့ကြတဲ့ နံနက်ခင်းတွေလည်း ရှိခဲ့တာပေါ့။ အခုခေါင်းထဲမှာ မမှတ်မိတော့တာက ဆရာမ ဆွဲခြင်းကို ကျွန်တော်နဲ့အပြိုင်လုတဲ့ သူငယ်ချင်းက ဘယ်သူလဲ ဆိုတာပါပဲ ဆရာမရယ်။ ဆရာမကတော့ မှတ်မိကောင်း မှတ်မိနေဦးမှာပါ။
အဲဒီ ငယ်စဉ်ကလေးဘဝ အကြောင်းတွေနဲ့အတူ ကျွန်တော်တို့ တက်ခဲ့တဲ့ ကျောင်းတော်ကြီးအကြောင်းကိုလည်း ထည့်ပြောချင်သေးတယ် ဆရာမ။ ကျွန်တော်တို့ တက်ခဲ့တဲ့ သူငယ်တန်း ကျောင်းဆောင်ကြီးရဲ့ ပုံစံက "လက်ဝါးကပ်တိုင်" ပုံသဏ္ဍာန် မဟုတ်လား။ ခေါင်းပိုင်းနဲ့ လက်နှစ်ဖက် နေရာတွေမှာ အဆင့်လေးတွေ လုပ်ထားပြီး သစ်သားကြမ်းခင်းတွေ ခင်းလို့ ကလေးတွေ စာသင်တဲ့နေရာ ဖြစ်ခဲ့တာပေါ့။ ခြေဘက်ပိုင်းကတော့ မြေပြင်ဟောကြီး လုပ်ထားတာ၊ အရှည်ကြီးပဲ။
အာစရိယပူဇော်ပွဲ၊ ဝါဆိုသင်္ကန်းကပ်ပွဲနဲ့ ခရစ်စမတ်ပွဲတွေကို အဲဒီ ကျောင်းဆောင်ကြီးထဲမှာပဲ စုပေါင်းလုပ်ကြတာကို အခုထိ မှတ်မိနေတုန်းပါပဲ။ အကြီးတန်းတွေ ရှိတဲ့ ကျောင်းဆောင်ကြီးကကျတော့ "E Shape" ပုံသဏ္ဍာန် ကျောင်းဆောင်ကြီးလေ။ ကျောင်းဆောင် နှစ်ခုစလုံးဟာ သစ်သားနီနီတွေနဲ့ ဆောက်ထားတဲ့ ရှေးကျောင်းကြီးတွေပေါ့။
ကျွန်တော်တို့ သူငယ်တန်း ကျောင်းဆောင်ကြီးနဲ့ အကြီးတန်း ကျောင်းဆောင်ကြီးကို အုတ်လမ်းလေး တစ်လမ်းနဲ့ ဆက်ထားတယ်။ အဲဒီ အုတ်လမ်းလေး ဘေးမှာတော့ ကျောင်းမုန့်ဈေးဆိုင်ကလေး ရှိတာပေါ့။ အဲဒီ မုန့်ဈေးဆိုင်လေးမှာ အပျိုကြီး မစန်းဌေးရဲ့ အုန်းပီကေတွေကို ဝယ်စားခဲ့ရသလို၊ အရီးအုန်းသွင်ရဲ့ အသုပ်စုံကို ဝယ်စားခဲ့ကြတာ အခုထိ လျှာပေါ်မှာ အရသာ ရှိနေတုန်းပါပဲ ဆရာမရယ်။
ပဲမှုန့်နိုင်နိုင်နဲ့ သုပ်ထားတဲ့ အရီးအုန်းသွင်ရဲ့ အသုပ်စုံကို တစ်ခါတစ်ခါ ပြန်လွမ်းမိတယ်။ သူရော အခုထိ ရှိသေးလား မသိဘူးနော်။ အပျိုကြီး မစန်းဌေးကတော့ ရွာပြန်တုန်းက တွေ့ခဲ့သေးတယ်။ အခုထိလည်း အပျိုကြီးပါပဲတဲ့။
ဆရာမရယ်... ကျွန်တော်တို့တက်ခဲ့တဲ့ ကျောင်းဟာ တစ်ချိန်တုန်းက သူပုန်တွေ အစောင့်ချထားခဲ့ဖူးတဲ့ ကျောင်းဆိုတာ ဆရာမ သိမှာပါ။ တော်လှန်ရေးဆိုတာ ကျွန်တော်တို့ ကျောင်းကနေ စခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။ တစ်ဖက်ကမ်းက စစ်တပ်က စာသင်ကျောင်းကို အမြောက်တွေ၊ သေနတ်တွေနဲ့ တိုက်ခိုက်လာမယ့် ရန်ကနေ လွတ်အောင်ဆိုပြီး တော်လှန်ရေးတပ်တွေက အလိုက်သင့် ဆုတ်ခွာပေးခဲ့ရတာလေ။
ဒီအကြောင်းတွေကို ကျောင်းမုန့်ဈေး ရောင်းခဲ့တဲ့ အဘွားဒေါ်ရင်မေ မသေခင်က ကျွန်တော့်ကို ပြောပြခဲ့ဖူးတာပါ။ ဆရာမတို့ ကျွန်တော်တို့ ခေတ်က မဟုတ်ပါဘူး။ ဒီကျောင်းကြီး သစ်ကျောင်းဆောင်တွေ မဖြစ်ခင်၊ ဝါးကျောင်းဆောင် အနေနဲ့ ရှိခဲ့စဉ်ကပေါ့။ အဲဒီအချိန်တုန်းက တစ်မြို့နယ်လုံးမှာ အလယ်တန်းကျောင်း ဆိုလို့ ဒီတစ်ကျောင်းပဲ ရှိတာမို့ မြို့နယ်တစ်ခုလုံးက ကျောင်းသူကျောင်းသားတွေဟာ ကျောင်းအိပ်ကျောင်းစား လာတက်ခဲ့ကြရတာလေ။
ဆရာမလည်း ကြားဖူးမှာပါ... အပျိုကြီး မစန်းဌေးနဲ့ အရီးအုန်းသွင်တို့ ကျောင်းဈေး မရောင်းခင်၊ တစ်ဦးတည်းသော ကျောင်းမုန့်ဈေးရောင်းသူ အဘွားဒေါ်ရင်မေတစ်ယောက် ကရင်သူပုန်တွေကို သီချင်းဆိုပြခဲ့ရတဲ့ အကြောင်းတွေကိုလေ။ သူပုန်လူငယ်လေးတွေက အဘွားဒေါ်ရင်မေကို သဘောကျလွန်းလို့ မုန့်တွေ ဝယ်စားတဲ့အပြင် မုန့်ဖိုး ပိုက်ဆံတွေတောင် အပိုပေးသွားကြသေးသတဲ့။
ဒါတင်မကဘူး၊ အဘွားဒေါ်ရင်မေရဲ့ သားတွေကိုလည်း စစ်တပ်က ဖမ်းဆီးသွားလို့ လိုက်လံရွေးထုတ်ခဲ့ရတာတွေ ရှိခဲ့တယ်။ ကျွန်တော်တို့ ကျောင်းတော်ကြီးဟာ အဲဒီလို သမိုင်းပြောင်မြောက်ခဲ့တာပါ ဆရာမရယ်။ ကရင်သူပုန်တွေ လုံခြုံရေး အစောင့်ချခဲ့ဖူးသလို၊ မြို့နယ်တစ်ခုလုံးရဲ့ ပညာရေးအတွက် အဓိက အားထားရာ ကျောင်းကြီး ဖြစ်ခဲ့တာပါ။
ကျွန်တော်တို့ကျောင်းဟာ အစတည်းက တော်လှန်ရေး အငွေ့အသက်တွေနဲ့ မကင်းခဲ့သလို၊ သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ ကျောင်းတစ်ကျောင်း ဖြစ်ခဲ့တာကို အခုနောက်ပိုင်း ခေတ်ကလေးတွေ ဘယ်သိတော့မလဲ ဆရာမရယ်။ ကျောင်းဘေးက ဘောလုံးကွင်းထဲမှာဆို စစ်တပ်နဲ့ ကရင်သူပုန်တွေ ပစ်ကြခတ်ကြတာ ခဏခဏပဲတဲ့။ နောက်ပိုင်း ကျောင်းကို အာဏာရှင်တွေက ပြည်သူပိုင် သိမ်းလိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ကျောင်းတော်ကြီးဟာ အရင်လို ဂုဏ်သိက္ခာနဲ့ ပုံရိပ်တွေ မရှိတော့တာ ဆရာမလည်း အသိပါပဲ။
တစ်ချိန်က ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတဲ့ သမိုင်းပုံရိပ်တွေကိုတောင် အစဖျောက်ခံထားရတာ မဟုတ်လား။ ဒါကြောင့် ကျွန်တော်တို့ ဒေသကို "တစ်သက်လုံး တော်လှန်ရေး မလုပ်ခဲ့ဘူးတဲ့ ဒလန်တိုင်း" လို့ သူများတွေ လာရောက် သတ်မှတ်ခံရတာကို ဆရာမအနေနဲ့ နည်းနည်းမှ မျက်နှာမငယ်ပါနဲ့၊ လိပ်ပြာမသန့် မဖြစ်ပါနဲ့ ဆရာမရယ်။ ကျွန်တော်တို့မှာလည်း သမိုင်းရှိခဲ့ပါတယ်၊ အခုလည်း တော်လှန်နေကြဆဲပါ။
ဒီစာကို ရေးနေရင်းနဲ့ ငယ်ငယ်က အကြောင်းတစ်ခုကို ပြန်သတိရမိသေးတယ် ဆရာမ။ ကျွန်တော်တို့ကျောင်းမှာ ခရစ်စမတ်ပွဲ လုပ်တုန်းက ဆရာဂီး ဆိုပြခဲ့တဲ့ သီချင်းလေးကို အခုထိ ခေါင်းထဲက မထွက်ဘူး။ အဲဒီသီချင်းလေးဟာ ကျွန်တော့်ဘဝရဲ့ တချို့သော အစိတ်အပိုင်းတွေမှာ အခုထိ လွှမ်းမိုးထားဆဲပါပဲ။ သီချင်းနာမည်က "စည်းကမ်း"။ ကျွန်တော် သီချင်းစာသားတွေ နည်းနည်း လွဲချင်လွဲသွားပါလိမ့်မယ်။ ဒါပေမဲ့ မှတ်မိသလောက်ကလေးကိုတော့ စာထဲမှာ ရေးပြချင်ပါသေးတယ်။
"စလုံး ညသတ် စည်း၊ ဝစ္စပေါက် စည်း ကကြီး မသတ် ကမ်း၊ ဝစ္စပေါက် ကမ်း စည်းကမ်း... စည်းကမ်း ရှိရမည်။
စည်းကမ်းရှိရှိ ကြိုးစားရင် ဆရာဝန်ကြီး ဖြစ်မည် စည်းကမ်းရှိရှိ ကြိုးစားရင် အင်ဂျင်နီယာ ဖြစ်မည် စည်းကမ်းရှိရှိ ကြိုးစားရင် ဆရာ၊ ဆရာမကြီး ဖြစ်မည်
စည်းကမ်း... စည်းကမ်း ရှိရမည်။"
ဒီသီချင်းလေးကို ကျွန်တော် ဘဝတစ်လျှောက်လုံး မေ့နိုင်မယ် မထင်ပါဘူး ဆရာမရယ်။ ရွာကို လွမ်းမိတဲ့အခါ၊ ကျောင်းတော်ကြီးကို သတိရမိတဲ့အခါမျိုးတွေမှာ ဒီသီချင်းသံလေးဟာ နားထဲမှာ ပြန်ပြန်ပေါ်လာတတ်ပါတယ်။
ကျွန်တော်ကတော့ အဲဒီသီချင်းထဲကလို ဆရာဝန်ကြီးလည်း ဖြစ်မလာခဲ့ပါဘူး၊ အင်ဂျင်နီယာလည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဆရာ၊ ဆရာမကြီး ဆိုတဲ့ နေရာကိုတော့ တစ်ချိန်ချိန်မှာ ရောက်ကောင်း ရောက်နိုင်ပါသေးတယ်လို့ စိတ်ထဲ တွေးမိပါတယ်။ ကိုယ်တတ်ထားတဲ့ အတတ်ပညာ၊ ကိုယ်ယုံကြည်တဲ့ အမှန်တရားတွေကို ပညာဒါနအဖြစ်နဲ့ ဖြစ်စေ၊ သင်တန်းတစ်ခုခုမှာဖြစ်စေ ပြန်လည်သင်ပြ၊ ဆွေးနွေးပြရတဲ့ ဆရာတစ်ယောက်တော့ တစ်ချိန်ချိန်မှာ ဖြစ်လာဦးမှာ မဟုတ်လား ဆရာမရယ်။
ဆရာမကို တွေ့ခဲ့တဲ့ အဲဒီနေ့ကလေ... အလယ်တန်းတုန်းက ကျွန်တော်တို့ကို စာသင်ပေးခဲ့ဖူးတဲ့ ဆရာ၊ ဆရာမ ဇနီးမောင်နှံနဲ့ အရင်ဆုံး ဆုံခဲ့တာ။ သူတို့ ဇနီးမောင်နှံလည်း အသက်အရွယ်ရလာတော့ ကျန်းမာရေး ဖိစီးနေကြပုံ ရပါတယ် ဆရာမ။ အမျိုးသားဖြစ်သူ ဆေးကုလိုက်၊ အမျိုးသမီးဖြစ်သူ ဆေးရုံတက်လိုက်နဲ့ ကျန်းမာရေး စရိတ်တွေကြားမှာ ဝန်ပိနေကြတာကို တွေ့ခဲ့ရတယ်။ ဆရာမကတော့ အခုချိန်ထိ ကျန်းမာရေး ဒေါင်ဒေါင်မြည်အောင် ကောင်းမွန်နေသေးတာကို မြင်ရလို့ ကျွန်တော် သိပ်ဝမ်းသာမိပါတယ် ဆရာမရယ်။
ဆရာမ မေးခဲ့တဲ့ မေးခွန်းလိုပဲ ကျွန်တော့်ကို မြို့ခံတွေရော၊ မိတ်ဆွေတွေပါ မကြာခဏ လာမေးကြလို့ ဖြေပေးခဲ့ရတာတွေ ရှိပါတယ် ဆရာမ။ ကျွန်တော်က သိတဲ့အတိုင်း ရှေးဟောင်းနှောင်းဖြစ်တွေကို စပ်စပ်စုစု လိုက်မေးထားဖူးသူ ဖြစ်သလို၊ စာဖတ်ထားတဲ့အခံလည်း ရှိထားတော့ ဘယ်နေရာမှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို အတော်အတန် တီးမိခေါက်မိ ရှိနေသူ မဟုတ်လား။
ကျွန်တော်တို့ ကျောင်းတော်ကြီးနဲ့ "သံလွင်ရိုး" ဆိုတာ ခွဲခြားလို့ မရတဲ့ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်းပါပဲ။ သံလွင်ရိုးအကြောင်း ပြောရင် တစ်ချိန်တုန်းက မြန်မာ့အသံ ရေဒီယိုကနေ လွှင့်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုတောင် ပြန်သတိရမိသေးတယ်။ ကြက်ခြေနီ တပ်ဖွဲ့ဝင် တစ်ယောက်က ရေနစ်နေတဲ့ ကျောင်းသူလေး တစ်ယောက်ကို ရေထဲ ဆင်းကယ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးလေ။ ဒါဟာ သံလွင်ရိုးနဲ့ ပတ်သက်ပြီး ကျွန်တော့်ခေါင်းထဲမှာ စွဲကျန်နေတဲ့ အမှတ်တရတွေထဲက တစ်ခုပေါ့ ဆရာမရယ်။
ကျွန်တော်တို့ ကျောင်းသားဘဝတုန်းက ကျောင်းဘေးက ဘောလုံးကွင်းထဲမှာ ဘောလုံးကစားကြတယ်။ ရွှံ့ဗွက်တွေကြားထဲ ဘောလုံးလု ကန်ပြီးတာနဲ့ ကျောင်းကွင်းဘေးက သံလွင်ရိုးထဲမှာ တစ်ရုန်းရုန်းနဲ့ ရေဆင်းချိုးကြတာတွေကို ပြန်တွေးရင် အခုထိ မနေ့ကလိုပါပဲ။
သံလွင်ရိုးအကြောင်း ပြောရင် အဲဒီတုန်းက သံလွင်ရိုး တစ်ဖက်ကမ်းက စစ်တပ်နဲ့ ဒီဘက်ကမ်းက တော်လှန်ရေးတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ကြတာကိုလည်း ချန်ထားလို့ မရပြန်ဘူး။ ကျောင်းဘက်အခြမ်းမှာ ရှိနေတဲ့ တော်လှန်ရေးတပ်တွေကို တစ်ဖက်ကမ်းက စစ်တပ်ကနေ လှမ်းလှမ်း ပစ်ခတ်တာတွေ ခဏခဏ ရှိခဲ့တာလေ။
အဲဒီ ကျောင်းဘောလုံးကွင်းဟာလည်း သမိုင်းအထောက်အထားတွေ အများကြီး ရှိခဲ့တာပါ ဆရာမရယ်။ ဆရာမတို့ကို ရှေးလူကြီးတွေ ပြောပြခဲ့တာမျိုး ရှိနိုင်ပေမဲ့ ကျွန်တော်ကတော့ ဟိုမေးဒီမေး အဘိုးအဘွားတွေကို စပ်စုခဲ့လို့ သိခဲ့ရတာပါ။ ဘောလုံးကွင်းထဲမှာ စစ်တပ်က လူတွေရော၊ တော်လှန်ရေးသူပုန်တွေပါ ရောရောနှောနှောနဲ့ ဘောလုံး အတူတူ ကန်ခဲ့ကြဖူးတာတောင် ရှိခဲ့ဖူးသတဲ့။ အဲဒီလို ဘောလုံးကန်ရင်းနဲ့တင် အချင်းချင်း သေနတ်နဲ့ ပစ်ကြခတ်ကြတာတွေ ရှိခဲ့ဖူးတဲ့အကြောင်း အဘွားက ပြောပြလို့ ကျွန်တော် သိခဲ့ရတာပါ။
ဆရာမရေ... စာလည်း အတော်လေး ရှည်သွားပြီထင်ပါရဲ့။ ရင်ထဲမှာ ပေါ်လာတဲ့ သတိရခြင်းတွေ၊ မပြောလိုက်ရတဲ့ စကားလုံးတွေကတော့ အများကြီး ကျန်နေပါသေးတယ်။ ဒါပေမဲ့ ဒီစာကိုတော့ ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါရစေ ဆရာမရယ်။
ဆရာမ ကျန်းမာအောင် နေပါ။ ဂရုစိုက်ပါ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်တော် ရွာကို ဘေးကင်းကင်းနဲ့ ပြန်ရောက်ခဲ့ရင်၊ ဆရာမရဲ့ သူငယ်တန်းက တပည့်ကလေးတစ်ယောက် ဆရာမဆီ အရောက်လာပြီး စကားတွေ အများကြီး ပြောပြချင်ပါသေးတယ်။ ဆရာမ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ။
ချစ်လှစွာသော သင်္ချာညံ့တဲ့ တပည့်တစ်ဦး။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar