Breaking News

မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၁၀)

မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၁၀)

မိုးမခ ၊ စက်တင်ဘာ ၁ ၊ ၂၀၂၆

 

စစ်တပ် ကင်းစင်နယ်မြေဖြစ်ဖို့ မျှော်လင့်ချက်များနှင့် ချင်းပြည်နယ်

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့တွင် CNDF ပါဝင်သည့် ချင်းညီနောင်အဖွဲ့ဝင် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနှင့် မဟာမိတ်တွေက စတင်တိုက်ခိုက်ပါသည်။ အာဏာသိမ်းစစ်တပ်ကလည်း ဖလမ်းမြို့ မကျရေးကို လေကြောင်းတိုက်ခိုက်မှုတွေ အဓိကပြုလုပ်ပြီး ခုခံသည်။ တိုက်ပွဲကာလ ငါးလတာအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ငါးထောင်ဝန်းကျင် ပြုလုပ်ခဲ့သည်။ ဖလမ်းကို ဗုံးကြဲမည့် တိုက်လေယာဉ်တွေ၊ Y-12 လေယာဉ်တွေသည် မောင်လူမွှေးတို့ ခေါင်းပေါ်မှ နေ့နေ့ညည ဖြတ်သွားဖြတ်လာ ပြုခဲ့ကြသည်ကို အမှတ်ရနေသည်။

ဖလမ်းမြို့ပေါ်က ပြည်သူတွေ ဖလမ်းနှင့် မိုင်လေးဆယ်ဝေးသည့် ဟားခါးမြို့၊ အိန္ဒိယနယ်စပ်၊ အိန္ဒိယနိုင်ငံနှင့် ချင်းတောင်ခြေက ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်ကြရသည်။ ကလေးမြို့သို့ စစ်ဘေးရှောင်လာကြသော ဖလမ်းမြို့ဒေသခံတွေဆီကနေ ကလေးမြို့အဝင် စစ်တပ်ဂိတ်က အဖိုးတန်ပစ္စည်းတွေ သိမ်းယူကြသည်။ စစ်ရှောင်တွေမှာ ဘာမျှမတတ်နိုင်ကြပါ။ ကလေးမြို့ပေါ်မှာ စစ်ဘေးရှောင်တွေ များလာသောကြောင့် အိမ်ငှားခဈေးနှုန်းတွေ တက်နေကြောင်းလည်း ကြားရသည်။ မောင်လူမွှေးတို့ အိပ်ခဲ့သည့် ဆိုင်တန်း၊ မောင်လူမွှေးတို့ကို ကူညီခဲ့သည့် စစ်ရှောင်အဒေါ်ကြီးတို့ကို အောက်မေ့မိသည်။ သူတို့လည်း ပြေးရမှာ သေချာသည်။

မြေပြန့်တွင်နေလျှင် စစ်ဘေးရှောင်နေရမည် စိုးသောကြောင့် တောင်ပေါ်မှာနေနေသည့် အဒေါ်ကြီးသည် တောင်ပေါ်မှာလည်း စစ်ဘေးရှောင်ရပါတကားဟု အောက်မေ့နေမည်လား မသိပါ။ သို့သော် ကိုယ့်ဘက်က ထိုးစစ်ဆင်မှာကြောင့် စစ်ရှောင်ရခြင်းသည် ရှောင်ရကျိုးနပ်ပါသည်။ တိုက်ပွဲကာလအတွင်းသာ ရှောင်ရပြီး ဖလမ်းမြို့ကို CNDF က ထိန်းချုပ်ပြီးသောအခါ ပိုလွတ်လပ်သော အခြေအနေတွင် ပြန်နေရမည်သာ ဖြစ်ပါသည်။

ဖလမ်းမြို့ကို တိုက်ခိုက်သည့် ချင်းညီနောင်စစ်ဆင်ရေး ငါးလပြည့်ရန် ရက်ပိုင်းအလို ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်နေ့မှာ ဖလမ်းမြို့ပေါ်က အမှတ် (၂၆၈) ခြေလျင်တပ်ကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့သည်။ ဖလမ်းတစ်မြို့နယ်လုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ကြောင်း ကြေညာနိုင်ခဲ့သည်။ ထိုအောင်ပွဲအတွက် ချင်းပြည်သူတွေသာမက တစ်နိုင်ငံလုံး ပျော်ကြသည်။

ဖလမ်းမြို့ကို သိမ်းပိုက်နိုင်သည့် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် တော်လှန်ရေးတပ်ဖွဲ့များသည် ချင်းပြည်နယ်၏ ရှစ်ဆယ်ရာခိုင်နှုန်းအထိ နယ်မြေစိုးမိုးနိုင်ခဲ့သည်။ ချင်းညီနောင်အဖွဲ့က ချင်းပြည်တောင်ပိုင်း မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နှင့် ချင်းပြည်မြောက်ပိုင်းက ဖလမ်းမြို့တို့ကို သိမ်းပိုက်ခဲ့သည်။

ချင်းပြည်ကောင်စီအဖွဲ့ဝင် တော်လှန်ရေးတပ်ဖွဲ့တွေက ရိခေါ်ဒါရ်၊ တွန်းဇံ၊ လိုင်လင်းပီနှင့် ရေဇွာမြို့တွေကို သိမ်းပိုက်ထားသည်။ အာဏာသိမ်းစစ်တပ်သည် ၂၀၂၅ နှစ်ဦးပိုင်းတွင် ချင်းပြည်နယ်က ထန်တလန်မြို့၊ ဟားခါးမြို့နှင့် တီးတိန်မြို့ပေါ်တွေမှာသာ သူတို့တပ်တွေရှိပြီး ချင်းပြည်၏ နယ်မြေအားလုံးနီးပါးကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါသည်။ ၂၀၂၅ ခုနှစ်အကုန်တွင် ချင်းပြည်နယ်သည် စစ်တပ်ကင်းစင်နယ်မြေ ဖြစ်ရမည်ဟူသော အသံများလည်း ထွက်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံးအတွက် အားတက်စရာ ဖြစ်ခဲ့ပါသည်။

ချင်းပြည်နယ် ထန်တလန်၊ ဟားခါး၊ တီးတိန် မြို့ပေါ်မှာရှိနေသည့် စစ်တပ်အဖွဲ့ဝင်တွေသည် သူတို့စစ်တပ်ဝန်းထဲမှာသာ နေကြသည်။ တီးတိန်မြို့နှင့် ဟားခါးမြို့ကိုပါ မြို့သိမ်းတိုက်ပွဲ ဆက်လက်ဖော်ဆောင်တော့မည်ဟူသော သတင်းတွေလည်း ထွက်လာသည်။ ချင်းပြည်တော်လှန်ရေးသည် ၂၀၂၅ ခုနှစ်အတွင်း အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ချင်းပြည်နယ်တွင် ပြည်သူတွေ ထိုက်သင့်သလောက် လွတ်လပ်စွာ သွားလာခွင့်ရခဲ့သည်။ ဖလမ်းမြို့ကိုသိမ်းပြီးနောက် ဖလမ်းမြို့ပေါ်သို့သွားပြီး အောင်မြေနင်းကြသော မောင်လူမွှေး မိတ်ဆွေအချို့ကိုလည်း လူမှုကွန်ရက်ပေါ်မှာ မြင်တွေ့ခဲ့ရသည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်တပ်ဘက်က သေဆုံးမှုတွေ များပြားပြီး သုံးရာကျော်အထိ သုံ့ပန်းအဖြစ် အဖမ်းခံခဲ့ကြရသလို တော်လှန်ရေးဘက်ကလည်း လူငယ်တွေ၏ အသက်တွေနှင့် မြို့ကို သိမ်းခဲ့ရခြင်းဖြစ်သည်။ မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးတွင် တော်လှန်ရေးဘက်က ရဲဘော် ကိုးဆယ်ကျော် ကျဆုံးခဲ့ရသည်။ ဖလမ်းမြို့ စစ်ဆင်ရေးကြောင့် အာဏာသိမ်းစစ်တပ်က ချင်းပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး သတ်ဖြတ်ခြင်းကိုလည်း ခံကြရပါသည်။

 

👉 မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း   

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar