မောင်လူမွှေး - အရှေ့အရပ်မှာ မိုးတွေညို့နေပြီ
မောင်လူမွှေး - အရှေ့အရပ်မှာ မိုးတွေညို့နေပြီ
မိုးမခ ၊ စက်တင်ဘာ ၂၂ ၊ ၂၀၂၆
မနက်ပိုင်း စာသင်ပြီးပြန်အလာမှာ စကားတစ်ခွန်းက မောင်လူမွှေးရင်ကို ဆောင့်ကန်လိုက်တယ်။ "အဲရော့ ကျသွားပြီ" တဲ့။ ဒီရဲဘော်ဟာ စစ်ရှောင်မိသားစုက တစ်ဦးတည်းသောသားဖြစ်တယ်။ သူတို့ရွာဟာ ပျူစောထီးတွေ ကြီးစိုးတဲ့ ကျေးရွာမို့ သူတို့ဟာ သူတို့ရွာကို စွန့်ခွာခဲ့ကြတယ်။ တော်လှန်နယ်မြေမှာ ဘဝကို ဖြစ်သလိုရုန်းကန်ရင်း တော်လှန်ရေးအတွက် သားအဖနှစ်ယောက်လုံး အသက်ကို စွန့်လွှတ်သွားကြပြီ။
"သူ့အမေကတော့ ဆတ်ဆတ်ခါအောင် ရူးသွားနိုင်တယ်နော်" တဲ့။ ပြီးခဲ့တဲ့နှစ် ဆောင်းရာသီမှာ ရဲဘော်ရဲ့အဖေဟာ ရုတ်တရက် လေဖြတ်ပြီး ညတွင်းချင်း ကွယ်လွန်ခဲ့တယ်။ ရဲဘော်ရဲ့ဖခင်ဟာ ပ.က.ဖ အဖွဲ့ဝင်တစ်ဦး။ ပျူစောထီးရွာကနေ ပြည်သူတွေကို ဦးဆောင်ကယ်ထုတ်ခဲ့သူတစ်ဦး။ တစ်ဦးတည်းသော သူ့သားကို တော်လှန်ရေးထဲကို ရက်ရက်ရောရောထည့်ခဲ့ပြီး စစ်ရှောင်တွေအဖြစ် မိသားစုနဲ့အတူ ဒုက္ခတွေကို ရင်ဆိုင်ဖြတ်သန်းရင်း ကွယ်လွန်ခဲ့ရတယ်။ အခုတစ်ခါတော့ သားဖြစ်သူရဲဘော် တိုက်ပွဲမှာကျပြန်တယ်။
"သားနဲ့အဖေ ကိုးလပဲကွာတယ်။ အဲရော့က တော်လှန်ရေးစိတ် တအားပြင်းထန်တာနော" တဲ့။ ပြောနေတဲ့ အသံတွေထဲမှာ ဒီအသံတွေကို ခဏခဏကြားရတယ်။ နေ့လယ်နေဟာ ကြဲကြဲကြီးပူနေတယ်။ သစ်ပင်ကြီးတွေမရှိတဲ့နေရာမှာ မိုးကာတဲတစ်လုံးထိုးထားတယ်။ လူတွေက အနီးဝန်းကျင်တဲလေးတွေမှာ ဟိုတစ်စု၊ ဒီတစ်စု။ မောင်လူမွှေးတို့ အဲရော့လဲလျောင်းရာ တဲလေးကိုသွားလိုက်တယ်။ အဲရော့ကို သူ့အဖေဆုံးတုန်းက တွေ့လိုက်ရသေးတယ်။ အဲဒီတုန်းက သူဟာ ရှေ့တန်းအဝေးကြီးကနေ သူ့အဖေနာရေးကို ရုတ်တရက်အမြန်ပြန်လာရတယ်။ ရောက်ရောက်ချင်း အဖေ့အလောင်းကို ကန်တော့၊ ကျချင်ချင်ဖြစ်နေတဲ့ မျက်ရည်မကျရအောင် မျက်နှာကိုမော့ပစ်လိုက်တဲ့ ရဲဘော်အဲရော့ရဲ့ မျက်နှာကို မြင်ယောင်နေတယ်။
အခုတစ်ခါတော့ ရဲဘော်အဲရော့ဟာ အသက်မဲ့ခန္ဓာအဖြစ် ရှေ့တန်းကနေပြန်လာပြီး တဲပေါ်မှာ လဲလျောင်းလို့။ သူ့ခြေရင်းမှာ အမေဖြစ်သူဟာ စကားတစ်လုံးမှ မပြောဘဲထိုင်နေတယ်။ ဒီအချိန်မှာ သူ့ခံစားချက်ကို ဖော်ပြဖို့ ဘယ်ဘာသာစကား၊ ဘယ်စကားလုံးမှ တတ်နိုင်မယ်မထင်ပါ။ အဖေဖြစ်သူဆုံးတုန်းကတော့ ညီမလေးနှစ်ယောက်ဟာ အစ်ကိုဖြစ်သူ အဲရော့နားမှာ ကပ်နေကြတယ်။ အဲရော့ဆုံးတော့ ဆယ်နှစ်မပြည့်သေးတဲ့ ညီမအငယ်ဆုံးနဲ့ ဆယ်ကျော်သက်ညီမဖြစ်သူဟာ ဘယ်သူ့နားသွားကပ်ပြီး နေကြမလဲ။
တော်လှန်ရေးကို ဒုက္ခတောလယ်မှာတောင် မစွန့်ခဲ့ကြတဲ့ သူတို့မိသားစု။ အဖေ၊ အမေ၊ သားတစ်ယောက်၊ သမီးနှစ်ယောက်၊ ငါးယောက်ရှိတဲ့ မိသားစုမှာ အဖေနဲ့အကြီးဆုံးသား မရှိကြတော့ဘူး။ လူတွေလာကြတယ်။ အသုဘက စည်ကားတယ်။ သူတို့မိသားစုဟာ စစ်ရှောင်တွေမို့ နွမ်းပါးတယ်။ ခြောက်ကပ်တယ်။ စစ်ရှောင်ပြီးနောက် သူတို့မိသားစုမှာ ကြွယ်ဝခဲ့တာဆိုလို့ အဖေသေတုန်းကလည်း လိုက်ပို့တဲ့လူတွေစည်ကားသလို သားကြီးဖြစ်သူအဲရော့ကျဆုံးတော့လည်း လူတွေစည်ကားခဲ့တယ်။
"မင့်အဖေက မငိုရဘူးတဲ့နော" တဲ့။ လွန်ခဲ့တဲ့ ကိုးလက သေဆုံးခဲ့တဲ့ ယောက်ျားဖြစ်သူရဲ့ အမှာစကားကို အသက်မဲ့နေတဲ့ သားဖြစ်သူကို ငိုရင်း ပြောပြနေတဲ့ အသံ။ "ငါ့မြေးရယ် မြင့်မြတ်ပါတယ်" တဲ့။ အဖွားဖြစ်သူရဲ့ အသံ။ အမိန့်ပြန်တမ်းဖတ်သံ။ ဂုဏ်ပြုသေနတ်ဖောက်သံတွေ။ ဒိုင်းခနဲ.. ဒိုင်းခနဲ...။ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ပြည်သူတွေရဲ့ အသည်းနှလုံးကို ကြေကွဲစေတဲ့ အသံတွေ။ တော်လှန်ရေးဆိုတာ ပြည်သူ့အသည်းနှလုံးတွေနဲ့ ရင်းရတာပါ။
ဒီစာကိုရေးနေတဲ့အချိန်မှာ အဲရော့ နေထိုင်ခဲ့ဖူးတဲ့ ရှေ့တန်းနယ်မြေကို မောင်လူမွှေး ရောက်နေတယ်။ ဒီရှေ့တန်းနယ်မြေက စစ်ရှောင်တွေဟာ သွားရေးလာရေးခက်တယ်။ ဒါကြောင့် အများစုက ရဲဘော်အဲရော့ရဲ့နာရေးကို မသွားနိုင်ကြဘူး။ ညအချိန် နာရေးမှာ ရိုက်ကူးခဲ့တဲ့ ဖုန်းထဲက ဗွီဒီယိုဖိုင်လေးကို ဝိုင်းကြည့်ကြတယ်။ ငိုကြတယ်။ ညကောင်းကင်ဟာ ညို့လို့။ လခြမ်းကွေးကွေးဟာ ကောင်းကင်မှာ မလင်းတလင်းနဲ့ ညဟာ တိတ်ဆိတ်ပြီး အမှောင်ထဲမှာ ဝမ်းနည်းစရာတွေ ပျံ့လွင့်နေတယ်။ အရှေ့ကောင်းကင်မှာ လျှပ်စီးဝင်းခနဲ လက်သွားတာကို တွေ့ရတယ်။ လျှပ်စီးအောက်က တောင်တန်းကို ဖြတ်ခနဲ မြင်လိုက်ရ။ လျှပ်စီးလက်သလိုပဲ ရဲဘော်လူငယ်တွေရဲ့ အသက်တွေ ကြွေကြရတယ်။
မနက်လင်းတော့ ရောင်နီဟာ တောင်တန်းနောက်က ပေါ်လာတယ်။ ရောင်နီနဲ့အတူ ရွေ့နေတဲ့ မိုးတိမ်တိုက်တွေကို တွေ့ရတယ်။ စိမ်းလန်းတဲ့ တောင်ကုန်း၊ တောင်တန်းလေးတွေ ပတ်ခြာဝိုင်းနေတဲ့ နေရာဟာ ရှုခင်းတွေက လှပတယ်။ ဥပုသ်နေ့မို့ တောရကျောင်းလေးကနေ သီလယူနေကြတဲ့ အသံ၊ တရားဓမ္မသံတွေကို ကြားရတယ်။ တောရကျောင်းလေးက အသံတိတ်သွားတော့ တဲကလေးတစ်တဲက ကလေးတစ်ယောက်ရဲ့ စာဖတ်သံကိုကြားရပြန်တယ်။ "အတတ်ပညာသင်မယ်..သင်မယ်" ဆိုပြီး ဆရာမလုံလောက်တဲ့ စစ်ရှောင်ကျောင်းက ကျောင်းသားလေးက အော်တယ်။ "အင်ဂျင်နီယာကြီးလုပ်ချင်တယ်၊ တံတားလမ်းကိုတည်ဆောက်မယ်" တဲ့။ စစ်ရှောင်တဲကလေးထဲကနေ အော်တယ်။
စစ်ရှောင်ကလေးတွေမှာ မျှော်လင့်ချက်တွေနဲ့။ စစ်ရှောင်လူငယ်တွေမှာလည်း မျှော်လင့်ချက်တွေနဲ့။ ဒုက္ခတွေ တနင့်တပိုးထမ်းနေရတာတောင် တော်လှန်ရေးလမ်းကို တစိုက်မတ်မတ်လျှောက်နေကြသူတွေကို မောင်လူမွှေး လေးစားတယ်။ ဂုဏ်ယူတယ်။ သနားကရုဏာဖြစ်ရတယ်။ မောင်လူမွှေးလည်း သူတို့တွေထဲက တစ်ယောက်ပဲ မဟုတ်လား။ အရှေ့အရပ်မှာ မိုးတွေညို့နေပြီ အဲရော့ရေ....။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar