မောင်လူမွှေး - ပြည်သူတွေ စိတ်ဓာတ်ကျတဲ့အချိန်
မိုးမခ ၊ စက်တင်ဘာ ၂ ၊ ၂၀၂၆
“ဒီတော်လှန်ရေးလည်း စိတ်ပျက်ပါပြီကွာ” လို့ တော်လှန်ရေးခေါင်းဆောင်တစ်ယောက်က ညည်းတွားလိုက်တယ်။ သူဒီလို အမှတ်မထင် ညည်းတွားလိုက်တဲ့ နေရာက သူ တည်းခိုနေတဲ့ အိမ်မှာပါ။ ဒီအိမ်ရှင်တွေက သူ့ကို လေးစားကြတဲ့သူတွေပါ။ နောက်နေ့ သူ ပြန်သွားပြီးနောက် အိမ်ရှင်တွေဟာ သူတို့ အိပ်မပျော်ကြဘူးလို့ မောင်လူမွှေးကို ရင်ဖွင့်ကြတယ်။ "သူလို လူကတောင် ဒီလိုကြီးပြောတော့ ကျမယောကျ်ားဆို စိတ်ဓာတ်တွေကို တအားကျသွားတာ" လို့ အမျိုးသမီးဖြစ်သူက မောင်လူမွှေးကို ရင်ဖွင့်တယ်။
ပြည်သူတွေဟာ ဘယ်လိုအချိန်မှာ စိတ်ဓာတ်ကျတတ်တာလဲ။ ကိုယ့်နယ်မြေ ရန်သူလက်ကို ပြန်ပါသွားတဲ့အချိန်မှာ စိတ်ဓာတ်ကျတတ်တာလား။ စစ်ကြောင်းထိုးလို့ ပြေးရှောင်ကြရတဲ့ အချိန်မှာ စိတ်ဓာတ်ကျတတ်တာလား။ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတဲ့ အချိန်မှာ စိတ်ဓာတ်ကျတတ်တာလား။ အထက်ပါ ကိစ္စတွေဟာ ပြည်သူတွေကို စိတ်ဓာတ်ကျစေတာ မှန်ပေမဲ့ ပြည်သူတွေကို ဒီထက်ပိုပြီး စိတ်ဓာတ်ကျစေတဲ့ အကြောင်းအရင်းတွေ ရှိနေပါတယ်။
စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေ စိတ်ဓာတ်ကျတယ်ဆိုတာ ခဏပါ။ တော်လှန်ရေးမှာ ထိုက်သင့်တဲ့ ခံနိုင်ရည်ရှိရမယ်ဆိုတာ ပြည်သူတွေဟာ အတွေ့အကြုံအရ နားလည်ကြပါတယ်။ ပြည်သူတွေ တကယ် စိတ်ဓာတ်ကျတဲ့ အချိန်တွေဟာ ကိုယ့်တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မမှန်မကန် လုပ်တဲ့ လုပ်ရပ်တွေကို ခံရတဲ့အချိန်၊ မတရားလုပ်ကြတဲ့ သတင်းတွေကို ကြားကြရတဲ့အချိန် ဖြစ်ပါတယ်။ ပသုံးလုံးအဖွဲ့ဝင် အချို့ရဲ့ လုပ်ရပ်တွေ၊ တော်လှန်ရေးဘက်က ဂိတ်အချို့ရဲ့ ငွေကြေးတောင်းခံမှုနဲ့ ဝန်ဆောင်မှု မမျှတာတွေက ပြည်သူတွေကို စိတ်ဓာတ်ကျစေပါတယ်။
“ကျနော် ခရီးသွားတော့ဗျာ လမ်းမှာ လေယာဉ်ပစ်လို့ ကားတွေရပ်ပြီး လမ်းဘေးချောက်ထဲ ဆင်းပုန်းနေကြရတယ်။ လေယာဉ်က အခြားနေရာတစ်ခုကို ပစ်သွားတာပါ။ အဲ့ဒီမှာ ကားတန်းက လူတွေထဲက တချို့က ဘာပြောလဲဆိုတော့ ပစ်မှပစ်ရင် ဂိတ်ကိုပစ်ရမှာဗျာ ဆိုပြီး တော်လှန်ရေးတပ်ဖွဲ့ရဲ့ ဂိတ်နာမည်ကို ထုတ်ပြီးပြောတယ်ဗျ။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေထဲက ဂိတ်တချို့ဟာ ပြည်သူ့ကျိန်စာတိုက်တာ ခံနေရပြီ” လို့ မောင်လူမွှေး ညီတော်မောင်က ပြောပါတယ်။
အခုလိုပြောပြတဲ့ မောင်လူမွှေး ညီတော်မောင်ဟာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့ ဦးဆောင်သူတွေထဲမှာ ပါဝင်ပြီး သူ့တပ်ဖွဲ့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ကားနဲ့သွားသယ်ရင်း လမ်းပေါ်မှာ ပြည်သူအချို့ရဲ့ စကားကို သူ့နားနဲ့ဆတ်ဆတ်ကြားခဲ့ရတာပါ။
“ကျနော်က အရပ်ဝတ်နဲ့ဆိုတော့ သူတို့ကလည်း တော်လှန်ရေးတပ်ဖွဲ့ကမှန်း မသိဘူးဗျ။ ဒါကြောင့် ရင်ထဲရှိတာ ပြောကြတာ။ ပြည်သူတွေ ကျိန်စာတိုက်ခံရပြီဆိုရင် အန္တရာယ်ရှိတယ်ဗျာ။ ကြောက်စရာကောင်းတယ်” လို့ သူက ဆက်ပြောပါတယ်။ ပြီးတော့ ဂိတ်ဟာ ပိုက်ဆံသာကောက်ပြီး လမ်းကို ပြုပြင်တာမျိုး လုံးဝမရှိတာဟာ တာဝန်မဲ့တာဖြစ်တယ်လို့လည်း သူက ဝေဖန်ထောက်ပြပါတယ်။
တော်လှန်ရေးထဲမှာ ရာထူးအာဏာ ရယူထားသူတွေရဲ့ အာဏာနဲ့ ငွေကြေးအလွဲသုံးစားမူတွေကို ကြားကြရတဲ့အခါ ပြည်သူတွေ စိတ်ဓာတ်ကျကြရပြီး အလွဲသုံးစားလုပ်တဲ့သူတွေကို သိသိကြီးနဲ့ အရေးယူမူမရှိတဲ့အခါမှာတော့ ပြည်သူတွေ စိတ်အပျက်ကြီး ပျက်ကြရပါတယ်။
နောက်ဒီထက်ဆိုးတာကတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေချင်း မညီညွတ်တဲ့ အဆင့်ကနေ လုပ်ကြံသတ်ဖြတ်တဲ့ အဆင့်ထိ ရောက်လာတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ချင်း လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တာက ပြည်သူတွေရဲ့ ရင်ထဲမှာ ဒဏ်ရာကြီးရသွားပြီး ကြောက်စိတ်ကို ဖြစ်သွားစေခဲ့ပါတယ်။ ကိုယ့်သားသမီးတွေဟာ ဒီလောက်ထိ မိုက်ရိုင်းပါလားလို့ အံ့သြတကြီး ဖြစ်ပြီး ကိုယ်ချစ်တဲ့ သားသမီးတွေကြောင့် ရင်ကွဲပက်လက်ဖြစ်ကြရတဲ့ မိဘတွေရဲ့ ကြေကွဲဝမ်းနည်းခံစားမူမျိုးကို ပြည်သူတွေ ခံစားကြရတာပါ။
စစ်ရှောင်စခန်းတစ်ခုမှာ တော်လှန်ရေးဘက်က တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ပြည်သူတွေ အစည်းအဝေးလုပ်ကြတော့ “တော်လှန်ရေးက ဒီတိုင်းဆို မအောင်မြင်နိုင်ဘူး” လို့ အမျိုးသမီးတစ်ဦးက သူ့အမြင်ကို အသံကျယ်ကျယ်နဲ့ ပြောပါတယ်။ သူ့လို ပြောမထွက်ကြပေမဲ့ တော်လှန်ရေးအပေါ်မှာ “သို့လော.. သို့လော” သံသယတွေရှိလာကြတဲ့သူတွေ ရှိကြပါတယ်။ ဒီလို သံသယရှိတာဟာ အပြစ်မဟုတ်ပါဘူး။ ကြောက်စရာလည်း မဟုတ်ပါဘူး။ ဒီလိုသံသယကို တော်လှန်ရေးကို ထိန်းကျောင်းမဲ့ သံသယအဖြစ် ရှုမြင်ပြီး သံသယရှိသူပြည်သူတွေ ယုံကြည်လာပြီဆိုရင် တော်လှန်ရေးဟာလည်း မြန်မြန်အောင်တော့မယ်ဆိုတာ နားလည်ဖို့ လိုအပ်ပါတယ်ခင်ဗျာ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar