ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၄၂)
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၄၂)
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၂၆
တရုတ်ကို စစ်ကြေညာပြီးနောက် မအလ တစ်ကောင်ရဲ့ ဟောင်သံတွေ ပိုကျယ်လာပေါ့။ ဘယ်ဗေဒင်ဆရာက မြှောက်ပေးလိုက်တယ် မသိ၊ ‘သမိုင်းတွင် မှတ်တမ်းကောင်းတဲ့ အစိုးရဖြစ်အောင် လုပ်မယ်’ တွေ စောစောစီးစီး ထထအူနေလို့ နေပူရတဲ့ကြားထဲကွာ ဒီခွေးနာက တမျိုးဆိုပြီး ဆဲနေကြသတဲ့။ အယ်နီညိုနဲ့ ခွေးပုတိုဒဏ် နှစ်ခု ပေါင်းခံရရင်တော့ ဘယ်သက်သာမလဲ၊ ဆဲကြမှာပဲ။ အေးလေ ဒီမြီးတိုကောင် ဟောင်မယ်ဆို ဟောင်စရာ၊ အူမယ်ဆို အူစရာ မဟုတ်လား။ စစ်တပ်ဟာ တရုတ် ကြောက်ရပါတယ်လို့ စစ်ဗိုလ်ချုပ်ကြီးတွေ လူသိရှင်ကြား ပြောထားတဲ့ကြား တရုတ်ပစ္စည်းတွေ အရည်အသွေးမမီ၊ အာမခံချက် မရှိဘူးလို့ ထဟောင်ရဲဖို့ ဆိုတာ နည်းတဲ့ သတ္တိ မှတ်လို့။ လူတကာက တရုတ်ရဲ့ ကုပ်အခွခံနေရတယ်လို့ ထင်နေကြတဲ့အချိန် တရုတ်ကို တုတ်ပြရဲတာ သူပဲ ရှိသလေ။ သူ့ဆရာ သန်းရွှေကြီးတောင် မော့မကြည့်ဝံ့ခဲ့တဲ့တရုတ်ကို လက်တင်ခြေတင် လုပ်ရဲတာဆိုလို့ ငပုပဲ ရှိ။ သမိုင်း ဟောင်တမ်း ထိုးပြီပေါ့။
သူ့နာမည် မှတ်တမ်းထိုးဖို့ဆို အရင် ဂျိုကုတ်တွေရဲ့ ဆိုင်းဘုတ်တွေနဲ့ ပြည့်ပြီး နေရာမရ ဖြစ်နေလို့တဲ့၊ လမ်းတံတားက စ၊ ဆေးရုံကျောင်း အလယ်၊ ဘုရားကျောင်းကန် အဆုံး၊ တပြည်လုံး လိုက်ဖျက်နှင့်ရတာပါတဲ့။ သူ့လက်ထက်မှာ မြေကွက်အသစ် သိမ်းစရာ မကျန်တော့အောင် အရင်ကောင်တွေ ဖြောင်သွားတာမို့ အရင်ကောင်တွေ ချပေးထားတဲ့ နေရာတွေနဲ့ ရပ်ကွက်တွေ ရွာတွေပဲ ဘူဒိုဇာစာကျွေး ပြန်သိမ်းနေရတာတဲ့။ အဲဒီလို သမိုင်းကောင်းတွေ ရေးထိုးလွန်းလို့ သူတို့သားအဖ နှစ်ယောက် ဟိုဟောင် ဒီဟောင်ရင်း တွေ့ကရာငုတ် တက်စောင့်၊ အဲလေ သေးပန်း လမ်းသလားပြီဆို ရောက်ရာအရပ်က လူတွေ ဘုရားပဲ တနေရလို့ တကယ်ကို သာသနာပြုမင်းကြီး အစစ်ပါပဲလို့ကို ထောမနာပြုနေရသလေ။ ဆိုင်တန်းမြင်မြင် ဈေးတန်းမြင်မြင် ဈေးအိမ်သာမြင်မြင် မြင်သမျှ လိုချင် လက်ညှိုးထိုး ဘူဒိုဇာစာကျွေးကျွေးနေလို့ ရှိသမျှဘုရား အကုန်တကြရသလေ။ ခုကို ယူအန်တို့ ဘာတို့က အာဏာသိမ်းပြီးကနေ ခုထိ လူပေါင်း တသိန်းကျော် သေဆုံးသွားတယ်လို့ မှတ်တမ်းကောင်းတွေ ထွက်လာပြီလေ။ အငတ်ဘေး ဆိုက်သူ သန်းဘယ်နှဆယ်၊ အိုးအိမ်စွန့်ခွာ ထွက်ပြေး ၃ ဒသမ ၅ သန်း၊ စစ်မှုထမ်း ကပ်ဆိုက်သူ နှစ်သိန်းကျော်၊ ပြည်ပ ထွက်ပြေးသူ ဘယ်နှသန်း မှတ်တမ်းကောင်းတွေ နော်။ ဖျက်ဆီး မီးတိုက်ပြီး အိမ်ခြေတိုက်တာ ဘယ်ရွေ့ဘယ်မျှ မုဒိမ်းကျင့်ခံရသူ ဘယ်လောက်၊ ကျူးဘာညာဆို ဖျက်ထားတဲ့ အိမ်ခြေတိုက်တာ သောင်းသိန်းချီ၊ မြေသိမ်းရာသိမ်း၊ ရွာသိမ်း ရပ်သိမ်း ဧကပေါင်း သောင်းသိန်းကျော်နဲ့ သူ့အအူအဟောင် အကိုက်အဆွဲတွေက မှတ်တမ်း ကောက်လို့တောင် မဆုံးနိုင်။ ဆုံးရှုံးဘဏ္ဍာဆို တွက်တောင် မရတော့။ ပျောက်ကွယ် ရိုးရာလက်မှုတွေ ရေတွက်လို့ မနိုင်။ မှတ်တမ်းကောင်းတွေ မှတ်တမ်းကောင်းတွေ တင်ကြပြီပေါ့လေ။ စစ်တပ်ထဲမှာတင် အဖေပျောက် လင်ပျောက်တွေ စာရင်းမရှိ အင်းမရှိ။ မိဖမဲ့ကလေး သွားမတွက်နဲ့ ကယ်ကူလေတာ ပျက်သွားမယ်။
ဒီရက်ပိုင်း မအလက တရုတ်ကြီးကို အရင်လို ပါးလျက် နားလျက် မလုပ်ဘဲ ဒူးတင်ပေါင်တင် လုပ်နေလို့ ဟာ ဒီကောင် တယ်ဝံ့ပါလား အောက်မေ့နေတာ အမေရိကန်ရဲ့ မြန်မာ့ငြိမ်းချမ်းရေးအတွက် မဟာဗျူဟာစာ ဆိုတာကြီး ထွက်လာမှ သဘောပေါက်တော့တယ်။ ဒါ ဝမ်ယိရဲ့ သဲပေါ် တုတ်နဲ့ ခြစ်ရေးထားတဲ့ စည်းသုံးတန်ကို သေးနဲ့ ပန်းဖျက်လိုက်တဲ့ သဘော။ အဲဒီ မဟာဗျူဟာထဲ ငြိမ်းချမ်းရေး အစီအစဉ်ပါ ရှယ်ထည့်ဆွဲထားတာဆိုတော့ လူနည်းစုတွေအတွက် အဆင့်မြင့်အုပ်ချုပ်ရေး ပုံစံသစ် စဉ်းစားဆိုပြီး အတင်း နသားပယား လုပ်သွားတဲ့ မြောက်ပိုင်း ငြိမ်းချမ်းရေး ဂေါ့ဖားသား တိန့်ရှီကျွင်းကိုပါ စိမ့်အီသွားအောင် သွင်းလိုက်တာနော်။ ကျောက်ကျင်တောင် ဘာသောက်အမြင်မှ ချက်ချင်းလက်ငင်း တက်မလာတော့။ ရိုးတိုးတောင် မရိပ်တိတ်ဘဲ တိတ်ဆိတ်။ အဲဒီလို အနောက်နဲ့ ရှယ်ဆက်ဆံထားရတာမို့ အစိမ်းပုတ်တွေက တရုတ်တွေ မြန်မာပြည်နဲ့ ဝေးဝေးနေစမ်းဆိုပြီး ဝိုင်းဟောင်ရဲကြတာကိုး။ မအလက တရုတ် နယ်စပ်ကုန်သွယ်ရေးမှန်သမျှ သူခိုးဓားရိုးကမ်း တရားမဝင် နယ်စပ်ဒေသ ကုန်သွယ်ရေးတွေ ဖမ်းဆီးအရေးယူကြ၊ ပြည်သူတွေကို အရည်အသွေးမမီ အာမခံချက် မရှိတဲ့ တရုတ်ပစ္စည်းတွေ မသုံးရအောင် လုပ်ကြလို့ အူရဲလိုက်တာလည်း ခုမှ သဘောပါတော့တယ်။ အမေရိကန် မဟာဗျူဟာ တူဒူးလစ်ထဲမှာ ကုန်သွယ်ရေးလည်း ပါသကိုးနော့။
အဲဒီ မဟာဗျူဟာထဲမှာ ၂၀၃၀ အတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်ရန် ဘာညာဆိုတော့ မအလကလည်း စစ်ရေး အချိန်ဆွဲဖို့ အခြေခံပညာ ကျောင်းတွေမှာ လူငယ်တိုင်း စစ်မှုထမ်းရမဲ့ စစ်မှုထမ်းဥပဒေကို သင်ခိုင်းနေပြီ။ မင်းတို့တွေ အထက်တန်းပြီးတာနဲ့ တခါတည်း စစ်မှုထမ်းရမယ်နော် ဆိုပြီး ဘွတ်ကင်လုပ်တာ။ အခုလို ရပ်ထဲရွာထဲဝင် အိမ်ပေါ်တက် ခြင်ထောင်လှန် ဆွဲချ လုပ်ရတာ နာမည်အိုသကိုးနော့။ ပြန်အဖတ်ဆယ်ဖို့ ခုလို ကျောင်းသင်ခန်းစာမှာ စစ်မှုထမ်းဥပဒေ ထည့်သင်ပြီး ဥပဒေကို နိုင်ငံသားတိုင်း လိုက်နာရမှာ ဖြစ်တယ်ဆိုပြီး တဖက်က ခွင်ဆင်သလို တစ်ဖက်ကလည်း စစ်မှုထမ်း လူပြန်ပေးဆွဲခိုင်းထားတဲ့ လူမိုက်တွေကို ဥပဒေမဲ့ လုပ်တယ်ဆိုပြီး ဖမ်းဆီးထောင်ချ၊ ဆွဲရင်း သတ်မိသွားတဲ့ကောင်တွေဆို သေဒဏ်ပါ ပေုးပြပြီး မြို့မေတ္တာ ခံယူပါလိမ့်မယ်။ "ပုဂ္ဂလိက ပညာသင်ကျောင်းတွေမှာလည်း စစ်မှုထမ်းဥပဒေကို မဟောင်မနေရ ဟောင်ခိုင်းပါတယ်။ ဒီနှစ် ပညာသင်နှစ်က စပြီး ဟောင်ခိုင်းတာပါ။ စာသင်ချိန် ၂၄ ချိန် အူခိုင်းထားတယ်" တဲ့။ သူ့ မိသားစု မြေထင်သလို သိမ်းခွင့်ရရေးအတွက် အသေခံ တပ်သား ရှာဖွေရေး စီမံချက်ကြီးကတော့ ရှယ်ပလန်နဲ့ နော်။
မအလ တပည့်ကျော်တွေကလည်း သခင်အားရ ကျွန်ပါးဝတွေချည်း။
"တိုက်ပွဲ တစ်ခု အောင်မြင်ဖို့ တပ်၊ ရဲနဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့တွေချည်း လုပ်လို့မရပါ၊ ပြည်သူပါမှ စစ်နိုင်မှာ ဖြစ်ပါတယ်" ဆိုပြီး ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ် မင်းသူ ဆိုတဲ့ အမြီးတိုကောင်က အတုအယောင် လွှတ်တော်မှာ ငပုဟောင် ဟောင်ကြည့်ဆိုဘဲ။ ပြည်သူက ဘယ်လိုလုပ် ပါမလဲ၊ သူတို့ သောက်မြင်ကပ်လို့မှ ကြိတ်နေပါတယ်ဆို သူတို့ဘက်က ပါရဦးမတဲ့လား။ တကယ့် ငဖား။ မအလကို ဖားပေမယ့် မျက်နှာမရ ခြေထောက်ရ ဆိုသလို စစ်ရှုံးတာကို လွှတ်တော်ထဲထိ သွားပြီး ထုတ်ဝန်ခံလိုက်လို့ သူ့ကို ရဲဝင်းဦး က ဗျင်းချင်နေသတဲ့။ အဖားမတော် တဟောင်၊ ဒီကောင်တော့ အမြီးပြတ်တော့မယ်လို့ ဆိုကြသတဲ့။ အနည်းဆုံး နှုတ်သီးတော့ ဖြတ်အရိုက်ခံရမှာပဲလေ။ ချီးမစားရလို့ အမြီးဖွားလေးတောင် လှုပ်နိုင်မယ် မထင်တော့။
ဖထီးရေ၊ ဖထီးတို့ ပြေးတော့လို့ ပြောရမဲ့ဟာက မဟာဗျူဟာ လုပ်ငန်းစဉ်မှာ ထိပ်ဆုံးကနော်။ ရည်မှန်းချက် ၁ | မြန်မာနိုင်ငံမှ စတင် ဖြစ်ပေါ်လာတဲ့ နယ်စပ်ဖြတ်ကျော် ခြိမ်းခြောက်မှုများကနေ အမေရိကန် နိုင်ငံသားများနဲ့ ပြည်တွင်းလုံခြုံရေးကို ကာကွယ်ရန် တဲ့ဗျ။ လုပ်ငန်းစဉ် ၁.၁ | မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံနဲ့ ဆက်နွှယ်နေတဲ့ ရာဇဝတ်မှု ကွန်ရက်များကို နှိမ်နင်းရန် တဲ့။ တိုတိုပြောရရင် ဖထီးတို့ကို အပြီးရှင်းရန် ဘဲလေ။ ပြေး ပြေး၊ ဟိုကလည်း ဖမ်မလီထရီးပါ လိုကေးရှင်းနဲ့ တွဲချိပ်ပြီးလောက်ပြီ ဖထီးရေ။ ပလန်ချပြီးလို့ မအလနဲ့ တွေ့တာပေါ့။ အမေရိကန်ဆီက ငွေ တရုတ်ဆီက ငွေ လိမ်ယူမိထားလို့ကတော့ သူ့ဥယူသွားတဲ့နောက် ပုံပြင်ထဲက မြွေကြီး တကောက်ကောက်လိုက် ပေါက်သတ်နေသလို ဖြစ်ပြီပေါ့။ ရိုးသားတဲ့ ဖိုးသခွားတို့ နေဝင်ချိန် တန်ပြီလို့ ဆိုရတော့မယ်။ ဘယ်နတ် ဘယ်လူမှ လက်မခံနိုင်တာတွေ လုပ်နေတာကလည်း အတောမသတ်။ လောကဓာတ်တခွင် ပြောစမှတ်တွင်လောက်တဲ့ ရာဇဝတ်မှုကြီးတွေ၊ တကမ္ဘာလုံးကို လှမ်းပြုလို့ တကမ္ဘာလုံးက ပြန်ထုရမယ့် မကြားဝံ့မနာသာ ရာဇဝတ်မှုကြီးတွေ ဆိုတော့ကာ ဝိုင်းဝန်း ချေမှုန်း နိဂုံးချုပ်ချိန် တန်ပြီဆိုပါတော့။ ခုဟာက ကျားဖြန့်တွေ တရက် တမနက် ဆက်ရှိနေရင် လူတွေ တသက် နှစ်သက်မက ဆယ်သက် ဒုက္ခရောက်နေကြရတာ မဟုတ်လား။ တစက္ကန့် တဗီဇနာတောင် ဒီကမ္ဘာမှာ မရှိသင့်တော့ဘူး ဆိုတာ လူတိုင်း လက်ခံပလေ။ နတ် လူ ဗြဟ္မာ ဘယ်သတ္တဝါကမှ လက်မခံမှတော့ ငရဲကလွဲ သွားစရာလည်း ရှိတော့မယ် မဟုတ်။ ပြေးလို့သာ ပြောရတာ ပြေးစရာ မြေမှ မရှိတော့တာ။ တကမ္ဘာလုံးက လူငယ်လူရွယ်တွေကို ငရဲမှာ သစ်ငုတ်ရိုက်ပြီး တရုတ် သက်ကြားအိုတွေဆီက ပိုက်ဆံနှိုက် အမေရိကန်တွေရဲ့ ဒေါ်လာတွေကို အကြိုက်ယူ တောကြားတောင်ကြားကနေ မောင်းပြန်လေး မတောက်တခေါက်နဲ့ လူ့ထက်လူ ပန်ကာထိပ်က ဝက်အူ လုပ်နေတဲ့ နောက် ရှမ်းမြောက်က အဆိုးယုတ်တွေလို မျိုးဖြုတ်ခံရမလား၊ အီရန်က အဆီပြန်တွေလို အစအန မကျန်အောင် အပီနှံခံရမလား၊ တခုခုပဲ။
ဒီရက်ပိုင်း တက်လာတဲ့ သတင်းတခုပဲကြည့်၊ လှိုင်းဘွဲ့မြို့နယ်ထဲက ပိုင်ကျုံမြို့၊ မယ်လလမ်းပိုင်း တောင်ကျော တစ်နေရာမှာ စောချစ်သူ ထိန်းချုပ် လုပ်ကိုင်နေတဲ့ UK669 တရုတ်ကျားဖြန့် ငွေလိမ်ငရဲပြည်သစ်ထဲ တရုတ်နိုင်ငံသားတွေရော ပါတဲ့ နိုင်ငံခြားသား ၄,၀၀၀ ကျော် လူကုန်ကူးခံထားရပြီး အဓမ္မ အလုပ်ခိုင်းစေမှုနဲ့ ညှင်းပန်းနှိပ်စက်မှုတွေကနေ ကယ်ဆယ်ပေးဖို့ အကူအညီတောင်းတာတွေ ရှိတယ်တဲ့။ ဒါက ငရဲ တတွင်းထဲမှာ ဖြစ်နေတာသာ ရှိသေး၊ ဒီလိုတွင်းပေါင်း မြောက်မြားစွာနဲ့ လူ့ငရဲခန်းတွေ တည်ဆောက် လူ့ကမ္ဘာကြီးကို ချောက်ချားစေနေတာ ကြာပကော။ အဲဒီထဲမှာ အဆောက်အအုံတွေ ၁၅ ဆောင်လောက်မှာ ကျားဖြန့် အလုပ်လုပ်နေကြပြီး ထပ်လည်း ဆက်ဆောက်နေတယ်။ နိုင်ငံခြားသား အစုံ ၄,၀၀၀ လောက် ရှိတယ်။ မလုပ်နိုင်တဲ့သူတွေကတော့ အပြစ်ပေးခံ၊ နှိပ်စက်ခံနေရတယ်။ သူတို့ကို ကယ်ပေးဖို့ ဆက်သွယ်တာတွေ၊ အကူအညီတောင်းတာတွေ ရှိနေတယ်တဲ့။ ကယ်တင်ကြရမှာပေါ့။ လူ့ငရဲခန်းတွေ ဖျက်သိမ်း အမှုန့်ချေကြရမှာပေါ့။ လက်ရှိ UK669 ဟာ KK Park ခြံဝင်းကြီးက ပြောင်းရွှေ့လာပြီး အခုနေရာမှာ ကျားဖြန့်လုပ်ငန်း လည်ပတ်နေတာ ၂ နီးပါး ရှိပြီတဲ့။ UK669 ကျားဖြန့် ငရဲခန်းမှာ တရုတ် ကြီးကြပ်ရေးမှူး ငရဲသားတွေက လူကုန်ကူးခံ နိုင်ငံခြားသားတွေကို ဘယ်လိုငရဲပေးနေလဲ ဆိုတော့- “တရုတ်တွေက တစ်နေ့ကို လူတစ်ယောက် ၁၈ နာရီလောက် အလုပ်ခိုင်းတယ်။ Target မပြည့်ရင် ရိုက်မယ်၊ ကျင်စက်နဲ့တို့ပြီး နှိပ်စက်မယ်။ ခြေကျိုး၊ လက်ကျိုး၊ ခါးဒဏ်ရာရတွေလည်း ရှိတယ်။ ပြန်မယ်၊ ရွေးမယ်ဆို ဘတ်ငွေ သန်းချီ တောင်းပြီးမှ လွှတ်ပေးမယ် ပြောတယ်။ ပြီးရင်တော့ နယ်စပ် လွှတ်ပေးလိုက်တယ်။ ထိုင်းဘက်ကူးလို့ အဖမ်းခံရရင် သူ့နိုင်ငံ ပို့ခံရတဲ့ပုံစံနဲ့ ပြန်သွားရတာမျိုးတော့ ရှိတယ်။ အဲဒီလို မလွတ်မချင်း အထဲမှာ နှိပ်စက်ခံလိုက်၊ အလုပ်လုပ်ရလိုက် ဖြစ်နေကြတယ်” တဲ့။ ငွေမပေးနိုင်သူတွေတော့ စောငရဲခန်းမှာ ကျောကွဲစတမ်းပေါ့လေ။ အဲဒီတော့ ဖထီးကို ဖထီးဖန်တည်း ငရဲကြီးထက် လျော့ဖို့ ဘယ်သူမှ သက်ညှာကြမယ် မဟုတ်။ တရုတ် ကျားဖြန့် ငွေလိမ်လုပ်ငန်း ငရဲခန်းတွေဟာ အရင်ကလို ထိုင်း-မြန်မာ နယ်စပ်တလျှောက် နေရာ တစ်ခုတည်းမှာ အခြေစိုက် လုပ်ကိုင်ခြင်းထက် ရိုးသားတဲ့ ဖိုးသခွားတို့ ကရင်လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြဝတီ၊ ဝေါလေ၊ လှိုင်းဘွဲ့၊ ဖားအံ၊ ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး မြို့နယ်များအထိ နေရာ ရွှေ့ပြောင်း တိုးချဲ့ပြီး လူ့အသက် လူ့ပိုင်ဆိုင်မှုတွေကို ထင်သလို စီရင်နေကြတယ်။ လူ့လွတ်လပ်မှု လူ့ဖြစ်ခြင်းတွေကို ဖျောက်ဖျက် ချေမှုန်းပစ်နေကြတယ်။ ဆိုတော့ အမေရိကန် လာပလေ။ သူ့ နိုင်ငံ လုံခြုံရေးပါ ခြိမ်းခြောက်နေပြီ ဆိုတော့ လာပြီပေါ့။ အဲသမှာ မအလတို့ အနောက်နဲ့ ဆက်ဆံခွင့် ရသွားပြီပေါ့။
မအလ ညစ်ကွက်မှာ ဖထီးတို့ ပိတ်မိနေပြီ ဆိုတော့ ထွက်လမ်းက ကျားဖြန့်တွေ အကုန် ကိုယ်တိုင်ဖမ်းအပ်၊ သက်သေတွေနဲ့တကွအပ်၊ ကိုယ့်အပြစ်ကိုလည်း ဝန်ချ တောင်းပန် အသနားခံရုံမှတပါး အခြား မရှိတော့ဘူးလေ။
👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar