Breaking News

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်က တိုက်ပွဲတွေ၊ ရာဇဝတ်မှုတွေ မြင့်တက်လာတဲ့ဒဏ် ခံစားနေကြရတဲ့ လူထုတွေရဲ့ ဘဝ

 

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်က တိုက်ပွဲတွေ၊ ရာဇဝတ်မှုတွေ မြင့်တက်လာတဲ့ဒဏ် ခံစားနေကြရတဲ့ လူထုတွေရဲ့ ဘဝ  

မြန်မာနွေဦးခရိုနီကယ်၊ နိုဝင်ဘာ ၆ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၂၆

 

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်၊ အင်းတော်၊ မော်လူးတဝိုက်မှာ အာဏာသိမ်းစစ်တပ်နဲ့ NUG အစိုးရအောက်က PDF နဲ့ မဟာမိတ် KIA တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေကြတဲ့ တိုက်ပွဲတွေ ခုရက်ပိုင်းအတွင်း ပြင်းထန်လာနေတာ သတင်းတွေမှာ တွေ့နေကြရပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်ခန့်က မော်လူးမြို့ထဲမှာ တိုက်ပွဲကြောင့် လမ်းပိတ်ပြီး မြစ်ကြီးနားဘက်ကို တက်မဲ့ ကားတန်းအပေါ် ဒရုန်းဗုံးကျတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး အဆိုပါဖြစ်စဥ်မှာ ကားတစီး မီးလောင်ပြီး အရပ်သားတဦး သေဆုံးကာ အချို့ဒဏ်ရာရသွားခဲ့ပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းဘက်က ထွက်လာပြီး မြစ်ကြီးနားဘက်ကို သွားမဲ့ယာဥ်တန်းမှာ ကားအစီးရေ ၁၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

ကောလင်း၊ အင်းတော်၊ ဝန်းသို၊ ကန့်ဘလူ အစရှိတဲ့ စစ်ကိုင်းတိုင်းထဲက ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ၊ မြို့ကို တော်လှန်ရေးလက်နက်ကိုင်တွေဘက်က သိမ်းလိုက် နောက်တဖန် အာဏာသိမ်းစစ်တပ်ဘက်က ထိုးစစ်ဆင်ပြီး ပြန်သိမ်းလိုက်နဲ့ ဖြစ်နေတာ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်အတွင်း ဖြစ်ပျက်နေတဲ့ ဖြစ်စဥ်တွေလို့ ဆိုရင်မမှားပါဘူး။

ပြီးခဲ့တဲ့နှစ်က အခု တိုက်ပွဲပြင်းထန်နေတဲ့ မော်လူးရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ဗန်းမောက်မြို့တို့မှာလည်း Shanni National Army နဲ့ စစ်တပ်က တဖက်၊ NUG/PDF နဲ့ KIA တို့က တဖက်တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်နဲ့  ထိစပ်တဲ့ မြို့နယ်တွေ ဖြစ်တဲ့ ကသာ၊ အင်းတော်၊ ရွှေကူ၊ ဗန်းမောက်တို့ဟာ KIA လက်နက်ကိုင်အဖွဲ့ အနေနဲ့ မဟာဗျူဟာအရ အရေးကြီးတဲ့ ဒေသတွေ ဖြစ်ပါတယ်။ ၂ နှစ်နီးပါး ကြာမြင့်လာပြီ ဖြစ်တဲ့ ဗန်းမော်မြို့၊ မံစီစတဲ့ အရှေ့မြောက်ဒေသနဲ့ စစ်ကိုင်းတိုင်း ဆက်စပ်နေပြီး အနောက်ဘက် ချင်းတွင်းမြစ်ဝှမ်းဒေသ အဲဒီကမှတဆင့် ချင်းပြည်နယ် မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းတို့အထိ ဆက်သွယ်ထားတဲ့ စင်္ကြံလို ဖြစ်နေတဲ့နေရာတွေ ဖြစ်တာကြောင့်ရော မန္တလေး၊ မြစ်ကြီးနား ကားလမ်းကနေ ကချင်ပြည်နယ်ထဲကို ဝင်ရောက်ရာ လမ်းကြောင်းဖြစ်တာကြောင့်ပါ ဒီဒေသကို ထိန်းချုပ်ထားနိုင်ဖို့ သို့မဟုတ် အာဏာသိမ်းစစ်တပ်ဘက်က အပြည့်အဝ ထိန်းချုပ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းရဲ့ ထောက်ပံ့ရေးလမ်းကြောင်းကို ပိုင်ပိုင်နိုင်နိုင် အသုံးပြုနိုင်မဲ့ အခြေအနေမျိုး မဖြစ်ရအောင် ခုခံတိုက်ခိုက်နေကြတဲ့ သဘောလို့ စစ်ရေးရှုထောင့်က နားလည်ရပါတယ်။

ဗန်းမော်၊ ရွှေကူ၊ ကသာ၊ အင်းတော်မြို့တွေဟာ မြန်မာနိုင်ငံမြေပုံမှာကြည့်ရင် အရှေ့ကနေ အနောက်ဘက်ဆီ တန်းလျက် တည်ရှိနေပြီး ကောလင်း၊ ဝန်းသိုတို့က တောင်ဘက် အနည်းငယ်ကျကျမှာ တည်ရှိတာဖြစ်ပါတယ်။ ဒီဒေသမှာ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအောက်က PDF တပ်ရင်းတွေ၊ ABSDF ရဲ့ တပ်ရင်းအချို့၊ KIA တပ်ဖွဲ့တွေနဲ့ KIA PDF လို့ ခေါ်တဲ့ KIA က ကူညီထောက်ပံ့မှုနဲ့ လှုပ်ရှားနေတဲ့ တပ်ဖွဲ့တွေ ရှိနေကြတာဖြစ်ပြီး အာဏာသိမ်းစစ်တပ် အနေနဲ့ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ငြိမ်သွားပြီးနောက် အခုစစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်စပ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

KIA လက်နက်ကိုင် အဖွဲ့အနေနဲ့ ကချင်ပြည်နယ်ထဲမှာ လက်ရှိထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ကာကွယ်ဖို့၊ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ကျယ်ပြန့်လာပြီး ရန်ပုံငွေရရှိနေတဲ့ ကျောက်စိမ်း၊ မြေရှား၊ သစ်တောတို့လို သယံဇာတ ထုတ်ယူမှုတွေကို ထိခိုက်မလာအောင် အပြင်စည်းကို ထွက်ပြီးကာကွယ်တိုက်ခိုက်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။

ဒီနေ့အတွက် နောက်သတင်းအကြောင်းအရာ တခုကတော့ မြို့တွေ၊ လူစည်ကားရာ နေရာတွေမှာ နေ့ခင်းကြောင်တောင် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တဲ့ လုယက်မှုတွေ နေရာအနှံ့ ဖြစ်ပွားလာနေတဲ့ သတင်း ဖြစ်ပါတယ်။ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ထဲက ရန်ကင်းတောင်ကျေးရွာ ဖုန်းဆိုင်တဆိုင်ကို သေနတ်ကိုင်ဆောင်ပြီး လာရောက်လုယက်ချိန် ဆိုင်ပိုင်ရှင်တွေက ခုခံတာ၊ ပတ်ဝန်းကျင်ကို အကူအညီတောင်းတာကြောင့် လုယက်သူဟာ ဆိုင်ပိုင်ရှင်ဖြစ်သူတွေကို ပစ်သတ်ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးစဥ် ကားနဲ့ လိုက်လံဖမ်းဆီးသူတွေကိုလည်း သေနတ်နဲ့ ထပ်ပစ်ခတ်ခဲ့လို့ စုစုပေါင်း ၃ ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

သေနတ်နဲ့ ပစ်ခံရတဲ့ ဖုန်းဆိုင်ပိုင်ရှင် အမျိုးသားရဲ့ ဦးလေးဖြစ်သူနဲ့ အခြားတဦးက ကားနဲ့ လိုက်လံဖမ်းဆီးရာမှာ ကားနဲ့တိုက်ခံရတဲ့ ဆိုင်ကယ်ကိုထားခဲ့ပြီး ကားပေါ် လက်ပစ်ဗုံးတလုံး ပစ်တင်ကာ ကားပေါ်မှာ ပါလာသူ ၂ ဦးကိုလည်း သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ၂ ဦး ဒဏ်ရာ အပြင်းအထန်ရပြီးနောက် ဆေးရုံမှာ သေဆုံးသွားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

အာဏာသိမ်း စစ်တပ်ဘက်ကို ထောက်ခံရေးသားလေ့ရှိတဲ့ သတင်းဌာနတခုက လုယက်သူဟာ “ငါ ပျူစောထီးကွ” လို့ အော်ဟစ်ပြောဆိုပြီး ဖုန်းဆိုင်ကို ဝင်လာခဲ့တာလို့ ဆိုထားပြီး အခြား စစ်တပ်ဘက်ကို ထောက်ခံရေးသားတဲ့ သတင်းဌာနတခုကတော့ ကျူးလွန်သူဟာ PDF တဦး ဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်အချက်အလက်က မှန်ကန်သလဲ ဆိုတာ အတည်မပြုနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။

ကားနဲ့ ထိမိပြီး လဲသွားတဲ့ ဆိုင်ကယ်နဲ့ အခြားအချက်အလက်တွေအရ စုံစမ်းစစ်ဆေးရာမှာ ကျူးလွန်သူရဲ့ နေအိမ်ကို ရောက်ရှိပြီး နေအိမ်မှ ပစ္စတိုအိတ်၊ စကားပြောစက်၊ PDF ဦးထုပ်၊ ပြောက်ကျားအင်္ကျီတွေကို သိမ်းဆည်းရမိတဲ့အကြောင်း အဆိုပါ စစ်တပ်ထောက်ခံတဲ့ သတင်းဌာနရဲ့ ဖော်ပြချက်မှာ တွေ့ရပါတယ်။

အဆိုပါ ပုသိမ်ကြီးမြို့နယ် လုယက်မှုမဖြစ်ပွားခင် တရက်အလိုက မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်က ဆိုလာနဲ့ LED မီး အရောင်းဆိုင်မှာ သေနတ်အတိုနဲ့ ပစ်ခတ်ပြီး ငွေတောင်းခံခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ပြီး အဆိုပါနေ့ ညနေပိုင်းမှာလည်း “လွင်” ဖုန်းဆိုင်ကို လက်နက်အတို ကိုင်ဆောင်ကာ ပစ်ခတ်ခြိမ်းခြောက်ကာ ဖုန်းဆိုင်ရဲ့ မှန်ကောင်တာကို ရိုက်ခွဲပြီး ဖုန်း ၄ လုံး ယူဆောင်သွားတဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ကာ အဆိုပါ ပုသိမ်ကြီးမြို့နယ် ကျေးရွာမှာ အသက်သေဆုံးခဲ့တဲ့ လုယက်မှုနဲ့ ချမ်းအေးသာဇံမြို့နယ်က သေနတ်ပစ်ဖောက်တဲ့ အဖြစ်အပျက်တွေ၊ ဖုန်းလုယက်သွားတဲ့ အဖြစ်အပျက်တွေအားလုံးကို ကျူးလွန်သူက တဦးတည်းဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားကြတာပါ။

ဒီအဖြစ်အပျက်တွေကို ကြည့်ရင် သေနတ်နဲ့ လုယက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး အခုဖြစ်ရပ်မှာ ကျူးလွန်သူ တဦးတည်းက  ၂ ရက်ဆက်တိုက် ပစ်ခတ်ပြီး လုယက်မှု ကျူးလွန်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။

စစ်ပွဲတွေ ဖြစ်ပွားနေတာ၊ တရားဥပဒေစိုးမိုးရေးထက် အာဏာတည်မြဲရေးကိုသာ အလေးထားတာ၊ သေနတ်နဲ့ လက်ပစ်ဗုံးလို လက်နက်တွေ အလွယ်တကူ လက်ဝယ်ရရှိနိုင်တဲ့ အခြေအနေတွေက လုယက်မှု၊ သတ်ဖြတ်မှုတွေ ကျူးလွန်ဖို့ အလွန်လွယ်ကူတဲ့ အနေအထား ဖြစ်လာနေတာပါ။

ဓားပြတိုက်၊ လုယက် သတ်ဖြတ်မှုတွေ ကျူးလွန်ပြီးနောက် တရားဥပဒေစိုးမိုးမှုမရှိသလို အုပ်ချုပ်တဲ့ အဖွဲ့အစည်းမတူတဲ့ နယ်တနယ်ကနေ အခြား တနယ်ကို တိမ်းရှောင်ဖို့ လွယ်ကူနေတဲ့ အခြေအနေကလည်း ရာဇဝတ်မှုတွေ ဖြစ်ပွားဖို့ အားပေးနေတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။

အခုလို မြို့ကြီးတွေမှာ ဖြစ်ပွားတဲ့ ဖုန်းဆိုင်၊ ရွှေဆိုင် လုယက်မှုတွေက သတင်းတွေမှာ ဖော်ပြနေကြပေမယ့် နယ်မြို့တွေ၊ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကျေးလက်ဒေသတွေမှာ ဓားပြမှု၊ လူသတ်မှုနဲ့ အခြားသော ကြီးမားတဲ့ ရာဇဝတ်ပြစ်မှုတွေ ဖြစ်ပွားနေတာ မထူးဆန်းတဲ့ အဖြစ်အပျက်သဖွယ် ဖြစ်နေတာပါ။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေက အဖြစ်အပျက်တွေက အာရုံစိုက်မှု ခံရပြီးနောက် လိုက်လံစုံစမ်းဖမ်းဆီး အရေးယူတာရှိကောင်း ရှိပေမဲ့ ကျေးလက်တွေ၊ နယ်မြို့တွေက လုယက်၊ သတ်ဖြတ်မှုတွေ၊ ပြန်ပေးဆွဲခံရတဲ့ ဖြစ်ရပ် အများစုက ကျူးလွန်သူတွေ အပြစ်ပေးခံရခြင်း မရှိဘဲ လွတ်မြောက်နေတဲ့ အခြေအနေလည်း ဖြစ်နေတာကို တွေ့မြင်ကြားသိနေကြရတာ ဖြစ်ပါတယ်။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar