Breaking News

မောင်ဘဦး - “မင်္ဂလာ”




မောင်ဘဦး - “မင်္ဂလာ”
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၂၆


စာသင်ခန်းတွင်းသို့ ဆရာမ ဝင်ရောက်လာသည်နှင့် မော်နီတာမှ သတိပေးနှိုးဆော်လိုက်သည်တွင် ကျောင်းသားကျောင်းသူအားလုံးက ညီညီညာညာ မတ်တပ်ထ၍ နှုတ်ခွန်းဆက်လိုက်ကြသည်။

“အားလုံး သတိ...။”

“မင်္ဂလာပါ ဆရာမ...။”

သာရေးနာရေး လူမှုကူညီရေးအသင်းသူအသင်းသားအချင်းချင်းတို့သည်လည်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးခင်မင်စွာ နှုတ်ခွန်းဆက်သကြသည်။

“မင်္ဂလာပါခင်ဗျာ...။”

“မင်္ဂလာပါရှင့်...။”

မြန်မာမှုနယ်ပယ်တွင် “မင်္ဂလာ” ကို နေရာတကာမှာ သုံးစွဲကြသည်။ အိမ်ဆောက်ရန် ပန္နက်ချမင်္ဂလာ...။ အိမ်တက်မင်္ဂလာ...။ နှစ်သစ်မင်္ဂလာ...။ ဝိဇာတမွေးနေ့မင်္ဂလာ...။ အမည်ပေးကင်ပွန်းတပ်မင်္ဂလာ...။ ရှင်ပြုနားသအလှူတော်မင်္ဂလာ...။ ထိမ်းမြားမင်္ဂလာ...။

မင်္ဂလာ၏ အနက်အဓိပ္ပာယ်အစစ်အနေနှင့်တော့ မဟုတ်။ တစ်ဦးနှင့်တစ်ဦး ရင်းနှီးခင်မင်ဖော်ရွေခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်းတို့၏ သင်္ကေတအဖြစ်သာ “မင်္ဂလာ” ကို သုံးစွဲကြသည်။

ဆေးရုံကြီးဆေးခန်းကြီးတွေမှာတော့ “မင်္ဂလာပါ” ကို မသုံးကြ။

“မောနင်း စစ်စတာ...။”

“မောနင်းပါ ဆရာ...။” ဟုသာ သုံးကြသည်။

ပြီးတော့ စစ်တပ်စစ်စခန်းအသီးသီးတို့တွင်လည်း “မင်္ဂလာပါ” ကို မသုံး...။

“ဂိုးဂွပ်... (ဆလု)၊ အလေးပြု...။”

(ဆလု) “လေးစားပါတယ်...” ကိုသာ သုံးကြသည်...။

ထိုတွင် ဟန်အမူအရာကို ကော်ပီပွားပုံက...၊ ဗြိတိသျှ၊ အမေရိကန်တို့လို ညာဘက်လက်ဖမိုးကိုလှန်၊ နဖူးနှင့် ထိကပ်ပြီးတော့လည်း ဆလုမရိုက်...။ “ဟိုင်းဟစ်တလာ...” အော်ဟစ်ကာ နာဇီအလေးပြုပုံလိုလည်း လေထဲတွင် လက်ကြီး ကို့ယို့ကားယား မထား...။

ပုံတူကူးချသည်၊ ခိုးချသည်ဟူ၍လည်း မဖြစ်စေလိုရကား...၊ လက်ဖမိုးဖြင့် နေရောင်ကို ကာ၍ကြည့်သလို၊ ကော်ပီယူမှုကို ‘ကြားနေ’ ပြုလုပ်ထားပါလေသတည်း...။

လေဒီယို (radio)၊ ကက်ဆက် (cassette) စသည်ဖြင့် မြန်မာမှုမပြုဘဲ အသံဖလှယ်ထားသည်မှာလည်း...၊ အများသဘောပေါက်နားလည်/မလည်နှင့်၊ အများနားမလည်စေကာမူ သူ့အတိုင်းထားမည်/မထားမည် စသည်၊ ဘာသာပြန်ဆရာ့ဆရာကြီးများ၏ အလိုအတိုင်း...၊ စစ်သင်တန်းကျောင်းအုပ် စစ်ဗိုလ်ချုပ်ကြီးများ၏ အလိုအတိုင်း...၊ လုပ်ကြလေသည်ပေါ့...။

ပြည်သူတွေကတော့...၊ သူတို့မပြင်ချင်လျှင် မည်သူက အပြင်ခိုင်းခိုင်း၊ သည်အသံထွက်အတိုင်းသာ ထားကြသည်...။

ပြည်သူတို့သာ ပြင်ချင်ပါလျှင်မူ မည်သူကတားတား အများဆန္ဒအတိုင်း မြန်မာမှု ပြုကိုပြုလိုက်ကြသည်...။ သို့တည်းမဟုတ် တစ်စိတ်တစ်ပိုင်းလောက်ကိုဖြစ်စေ မြန်မာမှု ပြုလိုက်ရမှ ကျေနပ်ကြသည်သာ...။ ငပိသံတော့ ပါချင်ပါမည်ပေါ့...။

သံမဏိဘောင်တွေကိုသာမက ရာဇဝင်ကိုပါ အဖျောက်ခံလိုက်ရသည့် ‘အားဗား-ဘရစ်ခ်ျ’ (အင်းဝတံတား) ကြီးကိုပင် စစ်ကိုင်းတံတားဟု ပြင်ဖြစ်အောင် ပြင်ခဲ့ကြသေးသည်ပဲ...။

စကားမစပ်၊ အဲသည့်တံတားသံဘောင်တွေ...၊ ဟိုတုန်းက မန္တလေးမြို့လယ် ဓာတ်ရထားသံလမ်းတွေ...၊ ဘယ်မအေ...၊ အဲ အဲ၊ ဘယ်အကောင်တွေ ဖျောင်ကြလေသည် မသိ...။

မလိမ်ပါ၊ မခိုးမဝှက်ပါဆိုသည့် ပွင့်လင်းမြင်သာမှုက နတ္ထိ။ လုံးလုံး၊ လုံးဝ မရှိပါဘိသနဲ့...။

အထက်က ဥပမာ၊ ဆလုရိုက်သည်ကိုလည်း ‘ဆလံ’ ပေးသည်တဲ့လေ...။

ရှိစေ...။ စာတော်တော်ချော်သွားသည်မို့ သည်ကိစ္စ သည်မှာတင် ထားခဲ့ပါရစေ...။

ခုဒ္ဒကနိကာယ်၊ ခုဒ္ဒကပါဌပါဠိတော်နှင့် သုတ္တနိပါတ်ပါဠိတော်လာ မင်္ဂလသုတ်ကို အလွတ်အာဂုံရအောင် လေ့လာကျက်မှတ်စဉ်က “အ-ပ-ဗာ-မာ၊ ဒါ-အာ-ဂါ၊ ခန္တီ-တပေါ-ဖုဋ္ဌဿာ” ဟူ၍ သီတံလုပ်ကာ မှတ်သားခဲ့ဖူးသည်။

မင်္ဂလာတရားဟူသည် မကောင်းမှုပယ်ဖျက်ခြင်း၊ ချီးမွမ်းအပ်ခြင်း၊ စီးပွားချမ်းသာ၏ အကြောင်းဖြစ်ခြင်းဟူ၍ အဓိပ္ပာယ်ရှိသည်။

တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီးကတော့ “...မင်္ဂလံ၊ မကောင်းပယ်ရှား၊ စီးပွားဖြစ်ကြောင်း၊ ကောင်းမှုမင်္ဂလာ” ဟူ၍ မင်္ဂလာကို အနက်ပြန်ဆိုတော်မူခဲ့သည်။

ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာဇာတိ၊ အမရပူရမြို့တော်၊ မင်္ဂလာဘုံကျော်ကျောင်းတိုက်ကြီးအရှင် “ကဝိန္ဒဘိသဒ္ဓမ္မဝရ သိရီဓဇ မဟာဓမ္မရာဇာဂုရု”၊ “ကဝိန္ဒာဘိဝံသ သိရီသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိ ရာဇဂုရု” ဘွဲ့တံဆိပ်တော်နှစ်တန် အလှူခံရသော ညောင်ကန်ဆရာတော်ဘုရားကြီး စီရင်ရေးသားတော်မူခဲ့သည့် “ပုံတော်စုံ မင်္ဂလတ္ထဒီပနီ” တွင် ၃၈ ဖြာ မင်္ဂလာအပေါင်းအကြောင်းစုံကို ရေးသားဖော်ပြထားသည်။

ဤ၌ ဒိဋ္ဌမင်္ဂလာ၊ သုတမင်္ဂလာ၊ မုတမင်္ဂလာ၊ ကောတုဟလမင်္ဂလာဟု ဆိုအပ်သော မြင်ကောင်း၊ ကြားကောင်း၊ ထိတွေ့ကောင်း၊ နက္ခတ်ဗေဒင်ရေးရာကောင်း၊ မင်္ဂလာအယောင် မင်္ဂလာအမှား၊ မင်္ဂလာဟု ယနေ့ အများက ထင်နေကြသော မိရိုးဖလာကိစ္စရပ်များ မပါဝင်ပါချေ။

ဘုရားဟောမင်္ဂလာအပေါင်းက သုံးဆယ့်ရှစ်ဖြာ...၊ သုံးဆယ့်ရှစ်ပါးတိတိ ရှိပါလေသည်။

ဆက်ဆံရေးဆိုင်ရာ မင်္ဂလာတရား ၃ ပါး၊ နေထိုင်ရေးဆိုင်ရာ မင်္ဂလာတရား ၃ ပါး၊ ယဉ်ကျေးမှုပညာဆိုင်ရာ မင်္ဂလာတရား ၄ ပါး၊ ပြုစုလုပ်ကျွေးခြင်းဆိုင်ရာ မင်္ဂလာတရား ၃ ပါး၊ ကူညီဆောင်ရွက်ရေးဆိုင်ရာ မင်္ဂလာတရား ၄ ပါး၊ ရှောင်ကြဉ်လိုက်နာရေးဆိုင်ရာ မင်္ဂလာတရား ၄ ပါး၊ အရိုအသေပြုခြင်းစသော မင်္ဂလာတရား ၅ ပါး၊ သည်းခံခြင်းစသော မင်္ဂလာတရား ၄ ပါး၊ ခြိုးခြံခြင်းစသော မင်္ဂလာတရား ၄ ပါး၊ တုန်လှုပ်မှုမရှိခြင်းစသော မင်္ဂလာတရား ၄ ပါး၊ စုစုပေါင်း အဋ္ဌတ္တိံသဉ္စ မင်္ဂလံ၊ မင်္ဂလာ ၃၈ ပါးတိတိ ဖြစ်ကြပါ၏။

ထိုသည်တို့တွင် အမှတ်စဉ် ၁၃၊ ‘အနာကုလာစကမ္မန္တာ ဧတံမင်္ဂလမုတ္တမံ’ မှာ မိမိအနေနှင့် စိတ်အဝင်စားဆုံးမင်္ဂလာ ဖြစ်သည်။

အနာကုလာစကမ္မန္တာ၊ အနှောင့်အယှက်မရှိသော အမှုကိစ္စတို့ကို ပြုလုပ်ခြင်းသည်။ ဥတ္တမံ၊ အမြတ်ဆုံးသော။ မင်္ဂလံ၊ မင်္ဂလာဖြစ်ပါသည်...တဲ့။

လယ်ယာထွန်ခြင်း၊ မိမိ၏လည်းကောင်း၊ သူတစ်ပါးတို့၏လည်းကောင်း နွားတို့ကိုထိန်း၍ ထောပတ်အစရှိသော ငါးပါးသော ဂေါရသကို ရောင်းသဖြင့် အသက်မွေးခြင်းအမှု၊ ခြေဖြင့်ကုန်သွယ်ခြင်း၊ လှည်းဖြင့်ကုန်သွယ်ခြင်း အစရှိသည်တို့သည် အမှုမည်ကုန်၏။

ကာလကိုလွန်ခြင်း အစရှိသည်ကား ထိုအမှုတို့၏ နှောင့်ယှက်သောအဖြစ် မည်၏။ ကာလကို မလွန်ခြင်း အစရှိသည်ကား ထိုအမှုတို့၏ မနှောင့်ယှက်သောအဖြစ် မည်၏...တဲ့။

ပါဠိလို -

ကာလညုတာယ ပဋိရူပကာရိတာယ အနလသတာယ ဥဋ္ဌာန ဝီရိယသမ္ပဒါယ အနယဗျသနိယတာယ စ ကာလာတိက္ကမန အပဋိရူပကာရိကရဏအကရဏ သိထိလကရဏာဒိအာကုလဘာဝ ဝိရဟိတာ။

အနလသတာယစ၊ မပျင်းသည်၏ အဖြစ်ဖြင့်လည်းကောင်း၊ ဥဋ္ဌာန ဝီရိယသမ္ပဒါယစ၊ ကိုယ်၌မှီသောလုံ့လ၊ စိတ်၌မှီသောလုံ့လနှင့် ပြည့်စုံသည်၏ အဖြစ်ဖြင့်လည်းကောင်း၊ အနယဗျသနိယတာယစ၊ မပျက်စီးသည်၏ အဖြစ်ဖြင့်လည်းကောင်း။

ကာလညုတာယစ၊ အချိန်ကာလကို သိသည်၏ အဖြစ်ဖြင့်လည်းကောင်း၊ ပဋိရူပကာရိတာယစ၊ လျောက်ပတ်သည်ကို ပြုလေ့ရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း။

ကာလာတိက္ကမန အပဋိရူပကာရိကရဏအကရဏ သိထိလကရဏာဒိအာကုလဘာဝ ဝိရဟိတာ၊ ကာလကိုလွန်ခြင်း၊ မလျောက်ပတ်သည်ကို ပြုလေ့ရှိသောအဖြစ်မှ ကင်းခြင်းတို့သည်၊ အနာကုလာ ကမ္မန္တာ နာမ၊ မနှောင့်ယှက်သောအမှု မည်ကုန်၏။

အကြင်သူသည် ပြုအပ်သောကာလကို မယုတ်စေ၍ အမှုကိုပြု၏။ ထိုသူသည် ကာလကိုသိသူ မည်၏။ ရအပ်သော ဥစ္စာအားလျော်သော အကြောင်းကိုပြုသောသူသည်ကား လျောက်ပတ်သည်ကို ပြုလေ့ရှိသောသူ မည်၏...တဲ့။

သည်လိုဆိုတော့...၊ အမှုဟုဆိုရသည့် လုပ်ငန်းကလည်း ကောင်းဦးပါမှ...။ ထိုအမှုကို နှောင့်ယှက်စေတာတွေ မပါမှ...။

မိုးလွန်မှ ထွန်ချ...၊ ပြုအပ်သောကာလကို ယုတ်လျော့စေပြီးမှ၊ (ဝါ) ကုန်လွန်စေပြီးမှ အမှုကိစ္စကို ပြုလုပ်ပါက အနာကုလာစကမ္မန္တမင်္ဂလာကို မရနိုင်။

အချိန်ကိုက် အခါကိုက်၊ အခွင့်သာခိုက်တွင် ရုန်းလိုက်နိုင်ပါမှ၊ အခွင့်သာဆဲတွင် ခဲလိုက်နိုင်ပါမှ ဤမင်္ဂလာကို ရရှိပါချေမည်။

တော်လှန်ရေးကြီးတွင် နေရာဌာနအသီးသီးမှာ တာဝန်ကိုယ်စီယူထားကြကုန်သော ပုဂ္ဂိုလ်အပေါင်း သူတော်ကောင်းတို့အဖို့ ဤမင်္ဂလာနှင့် ပြည့်စုံနိုင်ကြပါစေ...။

အထက်အဆိုပါ မင်္ဂလတ္ထဒီပနီတွင် -

‘ကြွက်သေတစ်ခု အရင်းပြု’ ဟူ၍ ငယ်စဉ်က သင်ယူခဲ့ရသော ‘စူဠကသေဌေး၏အထံနေ လုလင်ဝတ္ထု’။


ထင်းခွေထွက်ရာ ခံတက်ပင်ထက် ပျင်းရိအိပ်စက်ရင်း မျက်စိကို ခံတက်ကိုင်းဖြင့် ထိုးမိလေသော လုလင်ငပျင်းဝတ္ထု။

သေသောက်ကြူးဝတ္ထု။

‘ဆံထုံးတော်ကြီး တမာသီး...’၊ ရေသည်ပြဇာတ်မှ အဎ္ဍမာသကမင်းဝတ္ထု။

ငတ်မွတ်ခေါင်းပါးသောဘေး ကြုံတွေ့ခဲ့ရလေသည့် မေဏ္ဍကသူဌေးဝတ္ထု။

စသည့် ဥပမာဥပမေယျတို့ဖြင့် ထုတ်ဖော်ပြသထားပါချေသည်။

ကြွက်သေတစ်ခု အရင်းပြုသူ စူဠကသေဌေး၏အထံနေ လုလင်မှာ...၊ ကြွက်သေမှ ကြောင်စာ၊ ၎င်းမှ ‘တင်လဲ’၊ တင်လဲမှ ပန်း၊ ပန်းမှ တစ်ဖန် တင်လဲ၊ ၎င်းနောက် အိုးဖုတ်သည့်ထင်းခြောက်၊ ထိုမှ သောက်ရေ၊ မြက်ထုံးများ...။

ထိုမှထိုမှ လက်စွပ်ကို စရန်ပေးကာ၊ တစ်ထောင်စီသော အသပြာမှအစပြု၍ အသပြာနှစ်သိန်းအထိ ရရှိသည့်အပြင် သူဌေးဘွဲ့ထူးနှင့် သမီးကညာပါ ရချေသည်။

ထိုလုလင်အဖို့ ကလီကမာ အဘယ်လေလံ၊ အဘယ်ပါမစ်ရဖို့ရာကိုမျှ လာဘ်ထိုးစရာမလို။ အလေးခိုး၊ ကတ္တားခိုး၊ ချိန်ခွင်ခိုး၊ ဆီဂေါက်ခိုး၊ ဘယ်လိုမျိုးကမှ ခိုးစရာလိမ်စရာမလို...။

ဆိုလာပါမစ်ပိုင်ရှင်များအလိုကျ “လျှပ်စစ်မီးမှန်အောင်က အနှစ်နှစ်ဆယ်...၊ မီးလင်းချင်ရင် ဆိုလာဝယ်...” ဇွတ်အတင်းတွယ်၍ လွှတ်တော်အတုကြီးထဲအထိ ဈေးရောင်းပေးဖို့လည်း မလို...။

ရိုးရှင်း၍ အပြစ်ကင်းလှသော ဈေးကွက်မြှင့်တင်ရေး ‘ပရော့ဆက်’ အဆင့်ဆင့်ကို တွေ့မြင်ရ၍ သာဓုခေါ်ရပါ၏။

အဆိုပါ ‘အပြစ်ကင်းစင်သောအလုပ်’ ဖြစ်သည့် အနာကုလာစကမ္မန္တမင်္ဂလာကို ‘မာတာပိတု ဥပဋ္ဌာနံ’၊ မိခင်ဖခင်တို့ကို လုပ်ကျွေးမွေးမြူရခြင်း...၊ ‘ပုတ္တဒါရဿ သင်္ဂဟော’၊ သားသမီးနှင့် ဇနီးမယားတို့အား ချီးမြှောက်ထောက်ပံ့ရခြင်း...၊ စသော မင်္ဂလာများနောက်က တွဲဖက်ဖော်ပြထားသည်ကိုက မိမိအတွက် စိတ်ဝင်စားချက်ပိုမိုရသည့်အကြောင်း ဖြစ်သည်။

တစ်နည်းအားဖြင့် မိဘကို လုပ်ကျွေးခြင်း၊ သားသမီးတို့ကို ချီးမြှင့်ထောက်ပံ့ခြင်း ပြုလုပ်ဖို့ရာမှာ...၊ အပြစ်ကင်းသော အပြောအဆိုအပြုအမူတို့မှ ရရှိသမျှဖြင့် ကျွေးမွေးပြုစု၊ ချီးမြှင့်ထောက်ပံ့မှသာ ဤမင်္ဂလာဖြစ်ပါကြောင်း ကောင်းကောင်းကြီး ဖော်ပြထားပါသည်လေ...။

အနာကုလာစ ကမ္မန္တာ၊ မိမိသူတစ်ပါး နှစ်ဦးသားတို့အတွက် အကုသိုလ်အနှောင့်အယှက်ကင်းသောအလုပ်ကို ပြုလုပ်ခြင်းသည်၊ မင်္ဂလမုတ္တမံ၊ အမြတ်ဆုံးသော မင်္ဂလာတစ်ပါး ဖြစ်သည်...တဲ့။

နှောင့်ယှက်မှုမရှိသည့် လုပ်ငန်းကိုလုပ်ခြင်းသည် အနာကုလစကမ္မန္တ မည်ပါ၏။

အနာကုလ = န + အာကုလ...။

အာကုလဟူသည်ကား နှောင့်ယှက်ခြင်း...၊ နောက်ကျိညစ်နွမ်းခြင်း...။

ကမ္မန္တ = ပြောဆိုပြုလုပ်ခြင်း။

သည်အတွက် အနာကုလာစကမ္မန္တာ၊ နှောင့်ယှက်မှုမရှိသည့် လုပ်ငန်း၊ တစ်နည်း နှောင့်ယှက်ခြင်း၊ နောက်ကျိညစ်နွမ်းခြင်းမရှိသည့် အလုပ်။ ၎င်းကို ပြောဆိုပြုလုပ်ခြင်းသည်ကား အမြတ်ဆုံးသောမင်္ဂလာ ဖြစ်ပါချေ၏။

“အနာကုလာစကမ္မန္တာ” အရ ငါချမ်းသာလျှင်ပြီးရော၊ သူတစ်ပါး ဘယ်လိုဖြစ်နေနေကိုတော့ မလုပ်ရပါချေ။

အကယ်၍ လုပ်မိပါချေသော် အပြစ်တင်သူရော၊ အတင်ခံရသူပါ၊ ၂ ဦးစလုံးမှာ ‘အကုလ’၊ နောက်ကျိညစ်နွမ်းသူများ ဖြစ်သွားခဲ့ပြီမို့ ဤမင်္ဂလာသို့ မရထိုက် မရောက်ထိုက်ပါလေ။

ထို့ပြင်တစ်ဝ၊ အသိဉာဏ်နည်းသူတို့မှာ နည်းလမ်းမှားယွင်းသည်ကို နည်းလမ်းကောင်းလုပ်ပြီး ကိုယ်တိုင်လည်းပြုလုပ်၊ သူတစ်ပါးကိုလည်း ခိုင်းစေတတ်သည့်အပြင် နည်းလမ်းမမှန်ကြောင်း ညွှန်ပြပါငြား အမျက်ဒေါသ ထွက်တတ်ပါချေသေးသည်။

အနာကုလာစကမ္မန္တမင်္ဂလာအရ ‘အကုလ’ ဟုဆိုရမည့် ပုဂ္ဂိုလ်အနေအားဖြင့်လည်းကောင်း၊ ‘ကမ္မန္တ’ ဟုဆိုရမည့် ဆောင်ရွက်ချက်လုပ်ငန်းအားဖြင့်လည်းကောင်း၊ အပြစ်ကင်းသည်၊ မကင်းသည်ကလည်း ရှိလာရပြန်သည်။

ပုဂ္ဂိုလ်အားဖြင့် ကိုယ်ကျင့်သီလမပျက် အပြစ်ကင်းစေရသလို၊ စီးပွားရှာမှုလုပ်ငန်းကလည်း အပြစ်ကင်းဖို့ လိုပေသည်။

ပြုလုပ်သည့် ပုဂ္ဂိုလ်အနေနှင့်ရော၊ ပြုလုပ်သည့် လုပ်ငန်းကပါ အပြစ်ကင်းစင်သည် ဖြစ်ပါငြား...၊ ကာလ၊ ဒေသ၊ ပုဂ္ဂလကို သိရှိဆင်ခြင်နိုင်သည့် ဉာဏ်ပညာရှိဖို့ကလည်း လိုအပ်ပြန်ပါသေးသည်။

ဥပမာအားဖြင့် ကပ်ကြီးသုံးပါး ကျော်လွှားနိုင်စေဖို့ ပရိတ်ပဋ္ဌာန်းများကို အသံချဲ့စက်ကြီးဖြင့် လိုက်လံလှည့်လည်ရွတ်ဖတ်ပေးခြင်းကိစ္စ ပြုလုပ်ကြသည် ဆိုပါစို့...။

ပြုလုပ်သူရော ပြုမူချက်ပါ အပြစ်ကင်းပါငြား...၊ အများတကာ အိပ်မောကျ၊ အကာလ ညဉ့်နက်သန်းခေါင်ကြီးတွင် ပြုလုပ်မည်ဆိုပါလျှင် အချိန်ကာလကို နားမလည်သူ၊ မသိရှိသူအနေအားဖြင့် အကျိုးမဲ့ ဖြစ်ကြရလေမည်။

တစ်ဖန် သင့်လျော်သည့်အချိန်ကာလတွင် ပြုလုပ်သည်ဆိုပါငြား၊ ဘာသာခြားများချည်း နေထိုင်ရာဒေသမျိုးတွင် လှည့်လည်ရွတ်ဖတ်မည်ဆိုလျှင်၊ သို့မဟုတ် သမထယာနိက၊ သမထကမ္မဋ္ဌာန်း နည်းလမ်းပေးရာ တိတ်ဆိတ်ငြိမ်သက်ရာဌာနမျိုးတို့၌ ဆူညံစွာ ရွတ်ဖတ်ပါလျှင်...၊ ဒေသအကြောင်း နားမလည်သည့်အနေ၊ မှားယွင်းပြန်လေသည်။

ထို့အတူ အသည်းအသန်နာမကျန်းသူ၊ ပရိတ်ရွတ်ဖတ်ခြင်းကို မလိုလားသူ ဖြစ်နေပြန်ကလည်း ပုဂ္ဂလကို မကျွမ်းကျင်၊ မဆင်ခြင်၊ မသုံးသပ်တတ်ရာ ကျပြန်ပါသည်။

ဤကား ဥပမာ။

နည်းလမ်းမမှန်ကြောင်း အကြံပြုညွှန်ပြမှုအတွက် သာသနာဖျက်ဟူ၍ အမျက်ဒေါသ မထွက်ကြစေလို...။

မိမိတို့၏ ရပ်ရေးရွာရေး၊ တိုင်းပြည်နိုင်ငံအရေး၊ ဘာသာသာသနာအရေး ဆောင်ရွက်ပေးနေကြသူအပေါင်းမှာ ဤအနာကုလာစကမ္မန္တမင်္ဂလာအကြောင်း ကောင်းစွာကြေညက် ဆောင်ရွက်တတ်ဖို့ရန် အလွန်အင်မတန်မှ အရေးကြီးလှပေသည်။

ဤသို့မဟုတ်ပါက နှောင့်ယှက်သည့်သဘော သက်ရောက်ကာ ပတ်ဝန်းကျင်မြို့ရွာရှိ လူနှင့်တိရစ္ဆာန်တို့၏ အငြိုအငြင်ခံရ၊ မေတ္တာကိုမျှ မရနိုင်ပါချေ...။

တစ်ဖက်တစ်လမ်းမှ ပြန်လည်၍ စဉ်းစားရပြန်သော်...၊ စရိုက် ၆ ပါး၊ များပြားလှစွာသော ထိုထိုပုဂ္ဂိုလ်အမျိုးစုံတို့ကြား အများအကျိုး သယ်ပိုးဆောင်ရွက်နေကြသူများအနေအားဖြင့် မိမိတို့ပြုလုပ်နေသည့် ကိစ္စရပ်များမှာ ကောင်းမကောင်း၊ အကျိုးရှိမရှိအပြင် စိတ်ကောင်းစေတနာကောင်းဖြင့် လုပ်တာဟုတ်မဟုတ် သုံးသပ်ဖို့တော့ လိုပေသည်။

တစ်ခါတလေ အရွဲ့တိုက်ပြီးလုပ်တာမျိုးက ရှိနိုင်သေး၍ ဖြစ်သည်။

မိမိသည်ပင်လျှင် လူမှုကူညီရေးကိစ္စ ဆောင်ရွက်စဉ်က “ငါ့မှာတော့ အိမ်အလုပ်တွေကို ပစ်ချထားခဲ့ပြီး ထမင်းအဆာခံ၊ သောက်ရေအငတ်ခံ၊ အချိန်ကုန်ခံ၊ ကိုယ့်ထမင်းကိုယ်စား ကြီးတော်နွားကျောင်း လုပ်နေရတာ၊ သူတို့က လမ်းလေးတောင် ဖယ်မပေးချင်ကြဘူး၊ ကားဖင်နဲ့ ယမ်းထားခဲ့မှ...” ဟူသည့် အရွဲ့တိုက်ချင်သော မာနလေးက ဝင်ဝင်လာတတ်သေးသည်ကြောင့် ဖြစ်ပါ၏။

ပညာရှိသူတော်ကောင်းတို့၏ ဆုံးမစကား ရင်ဝယ်ထား...၊ အနှီမာန ဝင်စမှာတင် ရှုမှတ်သိလိုက်နိုင်၍သာ ကာယကံ၊ ဝစီကံ၊ ကံမမြောက်လိုက်။

ဘယ်နည်းနှင့်မဆို ပြုလုပ်သူမှာ မကောင်းသည့်စိတ်ဖြင့် ပြုလုပ်ခဲ့ပါလျှင်...၊ ‘အကုလကမ္မန္တာ’ ဖြစ်ရပါတော့သည်။

အဓိကအားဖြင့် ကံ (အတိတ်ကံ/ပစ္စုပ္ပန်ကံ)၊ ဉာဏ် (အသိ၊ အလိမ္မာ၊ ဉာဏ်ပညာ၊ ဝိဇ္ဇာ၊ အမောဟ)၊ ဝီရိယ၊ သုံးဌာနပြည့်စုံလေမှ ဤမင်္ဂလာကို ရရှိပါမည်။

ဤသို့ဆိုပါလျှင် နိဒါန်းအစပိုင်းက စာချော်မိလေသော၊ ၎င်းတို့လုပ်သမျှ ကိစ္စအဝဝ၊ အမင်္ဂလာတွေချည်း ပါကလား...။

အေးလေ။ အာဏာသိမ်းသည်ကိုက အမင်္ဂလာ...။ မင်္ဂလာမရှိ...။ လိမ်ဖို့ကောက်ဖို့၊ ခိုးဖို့ဝှက်ဖို့၊ သတ်ဖို့ဖြတ်ဖို့ ရည်ရွယ်ချက်ဖြင့် အာဏာသိမ်းသည်ချည်းသာ...။

ဘယ်ကလာ...၊ ချောက်ထဲကျဖို့ လက်တစ်လုံးအလိုမှာ ဆွဲတင်ရတယ်ဆိုတဲ့ စောဒက...။

အိုင်စီဂျေ ဆုံးဖြတ်လိုက်မှ၊ ၎င်းတို့ကိုယ်တိုင်က ဇွတ်အတင်းအဓမ္မ တိုင်းပြည်၏ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အသူတစ်ရာချောက်ကြီးထဲ ဆွဲချခဲ့ကြသည်ကိုး...။

“မင်္ဂလာဟူသည် အဘယ်နည်း၊ မည်သည့်တရားသည် မင်္ဂလာပါနည်းဟူ၍ လူနှင့်နတ်တို့ စဉ်းစားကြံဆနေကြသည်မှာ ၁၂ နှစ်တာကာလတိုင် ကြာမြင့်ခဲ့လေသည်”...တဲ့။

ပြည်သူတို့မှာ အမင်္ဂလာတွေနဲ့ချည်း တွေ့မြင်နေထိုင်လုပ်ကိုင်လာခဲ့ကြရတာက...၊ ဒီဘက်က ၆ နှစ်တာကာလ။ ဟိုဘက်က ၂၆ နှစ်တာကာလ။ ဟိုးအရင်က နှစ်ပေါင်း ၆၄ နှစ်ကာလ၊ ဆိုတော့...၊ စုစုပေါင်း ၆၄ နှစ်ကျော်ကြာကာလ... ကြာခဲ့ရပြီပဲ...။

စစ်ဓားပြကြီးတစ်စု၏ လက်ထဲမှ မင်္ဂလာတည်းဟူသော ဖက်ဒရယ်ဒီမိုကရေစီ ပြန်လည်ရရှိအောင်မူကား...၊ အချိန်တာမည်၍မည်မျှ အောင့်အည်းသည်းခံ၍ စောင့်မျှော်ကြရပါလိမ့်ဦးမည်နည်း...။

၃၈ ဖြာ မင်္ဂလာ၏အစ၊ အသေဝနာစ ဗာလာနံ၊ သူမိုက်တို့ကို မမှီဝဲကြပါလေမှ...၊ တစ်နည်းအားဖြင့် စစ်အုပ်စုနှင့် အပေါင်းပါတည်းဟူသော၊ မလုပ်ရဲတာဘာမှမရှိဟူ၍ ဝစီကံမြောက် နှုတ်မှပင် ထုတ်ဖော်ပြောဆိုခဲ့ကြလေသော...၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်မီးရှို့ဗုံးကြဲသည်အထိ ကာယကံမြောက် ကျူးလွန်ခဲ့ကြသော...၊ ကျူးလွန်နေဆဲလည်းဖြစ်သော...၊ လူမိုက်ဗာလတို့ကို မမှီဝဲမှ...။

ခပ်ရိုင်းရိုင်းဆိုရပါလျှင် ဘောမမကြဘဲ ဝေးဝေးက ရှောင်ကြဉ်ကြသူ များပြားလာမှ...။

စစ်ဘောမ၊ ဖွတ်ဘောမဟူသ၍ တစ်ယောက်တလေမှ မရှိတော့မှသာ...၊ မင်္ဂလာအပေါင်းတို့မှာ ဆက်ခါဆက်ခါ ရောက်ရှိလာကြမည် ဖြစ်ပါလေသတည်း...။

စစ်အာဏာရှင်ကို တော်လှန်ကြကုန်သော သူရဲကောင်းအားလုံး၊ ၃၈ ဖြာ မင်္ဂလာအပေါင်းနှင့် ဆောလျင်စွာ ပြည့်စုံကြပါစေ...။

သုခိတာ ဟောထ၊

နွေဦးတော်လှန်ရေးပုဂ္ဂိုလ်အားလုံး၊

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေ။

မောင်ဘဦး (၁၃၈၈၊ မုန်းဆန်း ၁၂)

ဘုရားဟောဒေသနာ၊ မင်္ဂလာကို၊ ထည်ဝါခန့်ညား၊ ခမ်းနားလှပ၊ ရေးချင်လှလည်း၊ တော်လှန်ကာလ၊ ဖတ်ချိန်ရစေ၊ စာပေလေးပေါ့၊ ခပ်သော့သော့နှင့်၊ ရေးသည့်သွင်၊ ပညာရှင်တို့ ခွင့်လွှတ်စေ။




Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar