ကျားဖြန့်လုပ်ငန်းတွေ မြန်မာနိုင်ငံက မြို့တွေနဲ့ နယ်တွေ အားလုံးပျံ့နှံ့လာနေ၊ ဗြိတိန်အစိုးရရဲ့ ရိုဟင်ဂျာအရေး ကူညီမှု
မြန်မာနွေဦးခရိုနီကယ်၊ နိုဝင်ဘာ ၂၃ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၄ ၊ ၂၀၂၆
တရုတ်ဘာသာနဲ့ ကျားဖြန့်လို့ ခေါ်ဝေါ်တဲ့ အွန်လိုင်းပေါ်မှ ငွေလိမ်လည်တဲ့ ဂိုဏ်းတွေ ခုရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ ၃ နေရာ၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တနေရာ ဖမ်းဆီးရမိကြောင်း စစ်အစိုးရရဲ့ သတင်းထုတ်ပြန်မှုတွေအရ သိရှိရပါတယ်။ လွန်ခဲ့တဲ့ ၁၀ ရက်ဝန်းကျင်က စစ်အစိုးရ သတင်းထုတ်ပြန်ချက်တခုအရလည်း ရှမ်းပြည်နယ်မှာ ၃ လအတွင်း တရုတ်နိုင်ငံသား ၅၀၂ ဦး ပါဝင်တဲ့ ကျားဖြန့် ၇၅၉ ဦး ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။
ခုရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ ဖမ်းဆီးရမိတဲ့ အဖြစ်အပျက်တွေကတော့ နိုဝင်ဘာ ၁၂ ရက်နေ့က သာကေတမြို့နယ်ထဲက Golden River Residence ကွန်ဒိုမှာ တရုတ်နိုင်ငံသား ၅၂ ဦး၊ မြန်မာ ၄၆ ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၈ ဦး၊ စုစုပေါင်း ၁၀၆ ဦး ဖမ်းမိခဲ့တဲ့ အဖြစ်အပျက်၊ နိုဝင်ဘာ ၂၀ ရက်နေ့မှာ မရမ်းကုန်းမြို့နယ် မစိုးရိမ်ကျောင်းလမ်း လုံးချင်းအိမ်မှာ တရုတ်နိုင်ငံသား ၃၃ ဦး၊ မြန်မာနိုင်ငံသား ၇၀ ဦး၊ ထိုင်းနိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၁၀၅ ဦး ဖမ်းမိခဲ့ကာ နောက်ဆုံး တခုက နိုဝင်ဘာ ၂၂ ရက်နေ့က ရန်ကင်းမြို့နယ် Golden City ကွန်ဒိုမှာ မြန်မာနိုင်ငံသား ၁၆ ဦးကို ဖမ်းမိခဲ့တဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။
အထက်ပါ ဖြစ်ရပ် ၃ ခုဟာ တခုနဲ့ တခု ဆက်စပ်မှုရှိတဲ့ အဖြစ်အပျက်တွေလား သီးခြားစီလား ဆိုတာတော့ သတင်းတွေမှာ ဖော်ပြမထားပါဘူး။
ဒီအဖြစ်အပျက်တွေကို ကြည့်ရင် နိုင်ငံတကာက လူမှုကွန်ရက် သုံးစွဲသူတွေကို ပစ်မှတ်ထားတဲ့ ကျားဖြန့်လုပ်ငန်းတွေ၊ မြန်မာဆိုရှယ်မီဒီယာ သုံးစွဲသူတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်တာတွေ ၂ မျိုး ပါဝင်နေတာ တွေ့ကြရမှာပါ။ သာကေတမြို့နယ်က ဖမ်းဆီးရမိတဲ့အထဲ တရုတ်နိုင်ငံက ဆုကြေးငွေထုတ်ထားတဲ့ တရားခံပြေးတဦးလည်း ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ သတင်းဌာနတချို့ကတော့ သာကေတမြို့နယ်က ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက သတင်းအချက်အလက်ပေးတာကြောင့် စစ်အစိုးရက ဖမ်းဆီးတာလို့ ဖော်ပြထားတာ တွေ့ရပါတယ်။
ခုရက်ပိုင်း ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင် တရုတ်နိုင်ငံသားတွေက ကိုယ်တိုင် ပါဝင် လုပ်ဆောင်တာ သို့မဟုတ် နောက်ကွယ်က ငွေကြေးနဲ့ နည်းလမ်းတွေ စိုက်ထုတ်ညွှန်ကြားမှုနဲ့ မြန်မာနိုင်ငံသားတွေက လုပ်ကိုင်ကြတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းကို တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ရှမ်းမြောက်၊ ရှမ်းတောင်၊ ရှမ်းအရှေ့ နဲ့ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခဲ့ကြတာကနေ တဖြည်းဖြည်းနဲ့ မြို့ကြီးတွေ၊ အုပ်ချုပ်သူတွေ၊ ရဲ၊ ထောက်လှမ်းရေး စတဲ့ အဖွဲ့အစည်းတွေရဲ့ မျက်စိအောက်မှာတင် လုပ်ကိုင်လာကြတာ တွေ့လာနေရတာပါ။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ အစပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်ဒေသအချို့ နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအချို့က လက်နက်ကိုင်တပ်တွေရဲ့ အကာအကွယ်နဲ့ ငွေလိမ်တဲ့လုပ်ငန်းနဲ့ ဖြားယောင်းခေါ်ဆောင်ပြီး ကျေးကျွန်တွေလို ခိုင်းစေကြတဲ့ အသွင်မျိုးနယ်စပ်ဒေသတွေ၊ မြို့တွေ မဟုတ်တဲ့နေရာတွေမှာ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ကရင်ပြည်နယ် မြဝတီ၊ မွန်ပြည်နယ် ဘုရားသုံးဆူ၊ ကိုးကန့်ဒေသ၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း မြောက်ပိုင်းက အချို့ လက်နက်ကိုင် နယ်မြေတွေမှာ အထက်က ပုံစံမျိုးနဲ့ လုပ်ကိုင်ခဲ့ကြတာပါ။ ၁၀၂၇ စစ်ဆင်ရေးက ရှမ်းမြောက်က ကျားဖြန့်လုပ်ငန်းတွေကို အခြေပျက်စေခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေမှာ ကရင်ပြည်နယ် မြဝတီမြို့နယ်က ကျားဖြန့်လုပ်ကိုင်တဲ့နေရာတွေကို စစ်အစိုးရတပ်တွေက ဝင်ရောက်ရှင်းလင်း ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာကြောင့် မြန်မာနိုင်ငံအတွင်းထဲကို လူ ၁၀၀ ဝန်းကျင် အစုအဖွဲ့ အသေးတွေအဖြစ်နဲ့ ပုံစံပြောင်းပြီး ဝင်ရောက်လုပ်ကိုင်လာနေကြတယ်လို့ ပုံဖေါ်ကြည့်နိုင်ပါတယ်။
ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေမှာ တလကို သိန်း ဆယ်ဂဏန်းကနေ ရာဂဏန်းအထိ အိမ်ငှားခပေးရတဲ့ ကွန်ဒို၊ လုံးချင်းအိမ်တွေကို ငှားပြီး မြန်မာနိုင်ငံသားတွေကို အလုပ်ခန့်ကာ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ဒီလိုလူ ဒါဇင်ကနေ တရာဝန်းကျင်လောက်ထိ ကွန်ဒို အဆောက်အဦတခုထည်း၊ လုံးချင်းအိမ် တအိမ်ထည်းမှာ စုဝေးနေကြတာကို ပတ်ဝန်းကျင်နဲ့ ရပ်ကွက် အုပ်ချုပ်ရေးတွေအနေနဲ့ သတိမပြုမိတာမျိုး မဖြစ်နိုင်ပါဘူး။ ဧည့်စာရင်းစစ်တာ၊ စစ်အစိုးရ ဆန့်ကျင်တဲ့ လူငယ်တွေ၊ အစုအဖွဲ့တွေကို မျက်စိဒေါက်ထောက် ကြည့်နေလေ့ရှိတဲ့ အောက်ခြေ အုပ်ချုပ်ရေးနဲ့ ထောက်လှမ်းရေး သတင်းပေးတွေ မွေးမြူထားတဲ့ မြို့ကြီးတွေမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေနိုင်တဲ့ အဖြစ်က သွေးရိုးသားရိုးမဟုတ်တဲ့ သဘောပါ။
အုပ်ချုပ်ရေး၊ ရဲ နဲ့ ဒေသကွပ်ကဲရေး စစ်တပ်တို့လို အာဏာပိုင်တွေကို မသိချင်ယောင်ဆောင်ဖို့ ငွေကြေးနဲ့ လာဘ်ထိုးထားကြတဲ့ အခြေအနေမျိုး ဖြစ်နိုင်ပါတယ်။
အချို့သော မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း ကျားဖြန့်လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်တာ၊ ဒီလုပ်ငန်း လည်ပတ်နိုင်ဖို့ ဝန်ဆောင်မှုပေးတဲ့ အလုပ်တွေ လုပ်ကိုင်နေကြတာကို အလုပ်အကိုင် အခွင့်အလမ်းတရပ်အဖြစ် ရှုမြင်ပြီး လုပ်ကိုင်နေကြတဲ့ သဘောလို့ ယူဆရပါတယ်။ ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေက ကျားဖြန့်လုပ်ငန်းတွေမှာ မြန်မာနိုင်ငံသား ဒေသခံတွေသာမက၊ မြို့ပေါ်ကသူတွေလည်း အများအပြား သွားရောက်လုပ်ကိုင်နေကြတာပါ။ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက နယ်စပ်တကြောက ကျားဖြန့်လုပ်ငန်းတွေမှာ လူသိန်းနဲ့ချီရှိနေပြီး ကျားဖြန့်ရုံတွေထဲ ငွေလိမ်တဲ့လုပ်ငန်း တိုက်ရိုက်လုပ်ကိုင်သူတွေ ရှိသလို ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူတွေရဲ့ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ဖြစ်တဲ့ စားသောက်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ဆေးဆိုင် အခြားလူသုံးကုန်ပစ္စည်း ရောင်းချတဲ့ လုပ်ငန်းလိုမျိုး လုပ်ကိုင်ကြသူတွေ ထောင်သောင်းချီရှိနေတာ ဖြစ်ပါတယ်။
ကျားဖြန့်ရုံတွေ နယ်စပ်မှာ နှိမ်နှင်းရေး ရှင်းလင်းရေး လုပ်တဲ့အခါ ဒီဒေသက လုပ်ငန်းတွေ တဖြည်းဖြည်း မြို့တွေပေါ် ပြောင်းရွှေ့လာကြတာ ထင်ထင်ရှားရှားတွေ့ မြင်နိုင်တဲ့ သဘော ဖြစ်ပါတယ်။ ပြည်တွင်းစစ် ဖြစ်နေတာကြောင့် ပုံမှန်စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ လုပ်ကိုင်ရ ခက်ခဲလာတဲ့ အနေအထား၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတဲ့ အနေအထားမှာ ကျားဖြန့်လုပ်ငန်းတွေက လွယ်လွယ်ကူကူနဲ့ ဝင်ငွေကောင်းတဲ့ အချက်က မြန်မာနိုင်ငံသားတွေကို ဖြားယောင်းဆွဲဆောင်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။
ဒီနေ့အဖို့ နောက်အကြောင်းအရာ တခုက ဗြိတိန် အစိုးရက ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာနဲ့ ရခိုင်လူမှုအသိုင်းအဝိုင်းအတွက် လူသားချင်းစာနာမှု အကူအညီ စတာလင်ပေါင် ၅ သန်း နဲ့ မြန်မာနိုင်ငံတဝန်း လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေ တရားမျှတမှုရရှိစေဖို့အတွက် စတာလင်ပေါင် ၃ သန်း၊ စုစုပေါင်း ၈ သန်း ထပ်မံထောက်ပံ့သွားမယ်လို့ ကြေညာခဲ့ပြီး မြန်မာစစ်တပ်က စစ်ဗိုလ်ချုပ် ၅ ဦးကို ပိတ်ဆို့အရေးယူလိုက်တယ် ဆိုတဲ့ သတင်းဖြစ်ပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့ ICJ တရားရုံးအမိန့်ချမှတ်ပြီးနောက် နိုင်ငံတကာမှာ ဗြိတိန်က ပထမဆုံး တုံ့ပြန်မှုပြုလုပ်တဲ့အနေနဲ့ လန်ဒန်မြို့ မြန်မာသံရုံးက စစ်သံမှူးကို နှင်ထုတ်မဲ့အကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ မြန်မာ့ ICJ ဆုံးဖြတ်ချက်ချခဲ့တဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂမှာ လုံခြုံရေးကောင်စီ ခေါ်ဖို့လည်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံဟာ အနောက်နိုင်ငံတွေအထဲ မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ အတက်ကြွဆုံး လုပ်ဆောင်နေတဲ့ သဘောလို့ ထင်မြင်ယူဆစရာရှိနေပါတယ်။ ရိုဟင်ဂျာအရေး တနည်းအားဖြင့် ရခိုင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာလူမျိုးတွေနဲ့ ပတ်သက်လို့ ခေတ်အဆက်ဆက် စစ်အစိုးရတွေရဲ့ အုပ်ချုပ်မှုအမိန့်၊ ဒေသန္တရ အမိန့်တွေ၊ ဥပဒေတွေ နဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ မူဝါဒတွေ စာနဲ့ ပေနဲ့ ရေးမထားဘဲ လက်တွေ့ဘဝမှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေခဲ့ ဖြစ်ပွားနေခဲ့တာပါ။
ရိုဟင်ဂျာနဲ့ ရခိုင်လူမှုအသိုင်းအဝိုင်းအကြား communal violence လူမှုအသိုင်းအဝိုင်း အဓိကရုဏ်းတွေလည်း ခေတ်အဆက်ဆက် ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေ ဘယ်ကစ အကြောင်းခံလာသလဲလို့ မဝေးတဲ့ ကာလကို နောက်ကြောင်းပြန်ကြည့်ရင် ဗြိတိသျှကိုလိုနီ ခေတ်မှာ ကိုလိုနီစီးပွားရေး တနည်း ဗြိတိသျှကိုလိုနီပြုခြင်းအရင်းခံ ဖြစ်တဲ့ သစ်၊ စပါး၊ ရေနံ၊ သတ္တု၊ ကျောက်မျက် စတဲ့ သယံဇာတနဲ့ ထွက်ကုန်တွေကို တင်ပို့စီးပွားရှာကြတဲ့ ကုမ္ပဏီကြီးတွေရဲ့ စီးပွားရေးအတွက် ဗြိတိသျှ ကိုလိုနီနိုင်ငံ/နယ်မြေတွေထဲမှာ လူမျိုးတွေကို တနေရာက တနေရာကို ရွှေ့ပြောင်း အခြေချစေခဲ့တာက အနာဂတ်မှာ ဒီနိုင်ငံတွေထဲမှာ လူမျိုးရေး ပဋိပက္ခ၊ ခွဲခြား ဆက်ဆံမှု၊ အဓိကရုဏ်း စတာတွေ ဖြစ်လာစေတဲ့ အခြေခံအကြောင်းအချက် ဖြစ်စေတယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။
ကိုလိုနီခေတ် သွေးခွဲအုပ်ချုပ်ရေးတွေက လူမျိုးတခုနဲ့တခုအကြား မယုံကြည်မှု နဲ့ ပဋိပက္ခတွေ ဖြစ်ဖို့ အကြောင်းခံလာခဲ့ကြတာလို့ သမိုင်းကို သေချာစွာ လေ့လာကြည့်ရင် နားလည်သဘောပေါက်နိုင်ပါတယ်။
အဆိုပါ သမိုင်းနဲ့ချီတဲ့ မယုံကြည်မှုတွေ၊ အတိတ်က အကြမ်းဖက်ပဋိပက္ခ ဖြစ်ရပ်တွေက မျိုးဆက်တခုကနေ နောက်တခုဆီ သယ်ဆောင်လာခဲ့ကြပြီး မယုံကြည်မှုတွေကို လက်ဆင့်ကမ်းကြတာ ဖြစ်ပါတယ်။
လတ်တလော ဆယ်စုနှစ် တစ်ခုကျော် နှစ်ခုကာလတွေ အတွင်း ဖြစ်ရပ်တွေ အတွက် အာဏာကို ကျင့်သုံးခဲ့ကြသူ၊ စစ်တပ်ကို ခိုင်းစေခဲ့ကြသူတွေ တာဝန်ရှိတယ်ဆိုတာ အငြင်းပွားစရာ မဟုတ်ပေမယ့် သမိုင်းဆိုင်ရာ တာဝန်ရှိမှု၊ ဒီလို အခြေအနေတွေကို လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြတာ ကိုလိုနီစနစ်ကြောင့် ဆိုတာလည်း အငြင်းပွားစရာမဟုတ်တဲ့ သဘောပါ။
အခု လက်ရှိ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ၁ သန်းကျော်ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ပတ်သက်လို့ နိုင်ငံတကာ ရိက္ခာအကူအညီတွေက ပြီးခဲ့တဲ့နှစ်ပိုင်း ဆက်တိုက်ဆိုသလို သိသိသာသာ လျော့ကျလာနေတာ သတင်းတွေထဲ တွေ့ကြဖတ်ကြရပြီး ဖြစ်ပါတယ်။
ဗြိတိန်အစိုးရ အနေနဲ့ ပေါင် ၅ သန်းကူညီတာဟာ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာနဲ့ ရခိုင်လူမှု အသိုင်းအဝိုင်း အတွက်လို့ ဖော်ပြထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက်က ၂၀၂၆-၂၇ ဘဏ္ဍာနှစ်မှာ ပေါင် ၁၈.၁၅ သန်း လျာထားတာ တွေ့ရပါတယ်။ ပြဿနာစဖြစ်ပွားတဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း အများဆုံး ကူညီခဲ့တဲ့နှစ်က ၂၀၁၉-၂၀ ခုနှစ်က ဖြစ်ပြီး ပေါင် ၁၁၂ သန်းကျော် ဖြစ်ပြီး အဲဒီနောက် ပိုင်းနှစ်တွေမှာ ပေါင် သန်း ၄၀/ ၅၀ ဝန်းကျင်ကနေ ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်အစိုးရ အနေနဲ့ ဂါဇာကမ်းမြောင်မှာ ဖြစ်ပွားနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုလို့ စွပ်စွဲခံရတဲ့ အစ္စရေးလ်စစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ အသုံးပြုတဲ့ စစ်လက်နက်ပစ္စည်းတွေ ဗြိတိန်နိုင်ငံရှိ ကုမ္ပဏီတွေက တင်ပို့တာကို ခွင့်ပြုနေခဲ့တာလည်း ဖြစ်ပါတယ်။
တဖက်မှာ မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုမှာ မြန်မာစစ်တပ်ကို ဖိအားပေးတဲ့ မူဝါဒနဲ့ လုပ်ဆောင်မှုတွေ လုပ်နေပေမယ့် ကမ္ဘာအခြားတဖက်က လူမျိုးတုံးသတ်ဖြတ်မှုတွေမှာတော့ သွယ်ဝိုက်အားပေးအားမြှောက်ပြုနေတဲ့ သဘောလည်း သက်ရောက်နေတာဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
