ကျားဖြန့် နှိမ်နှင်းရေး၊ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ပထဝီနိုင်ငံရေး
ကျားဖြန့် နှိမ်နှင်းရေး၊ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ပထဝီနိုင်ငံရေး
မြန်မာနွေဦးခရိုနီကယ်၊ နိုဝင်ဘာ ၁၇ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၂၆
အမေရိကန်ပြည်ထောင်စုက ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်နေတဲ့ အွန်လိုင်းလိမ်လည်တဲ့ဂိုဏ်း (ကျားဖြန့်) နှိမ်နှင်းရေးနဲ့ ပတ်သက်လို့ တဆင့်ပြီးတဆင့် အရှိန်မြှင့်လုပ်ဆောင်လာနေတာ တွေ့ကြရပါလိမ့်မယ်။ မကြာသေးခင်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက် ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သံရုံးရဲ့ ဝက်ဆိုက်မှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ Integrated Country Strategy လို့ ခေါ်ဆိုတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မဟာဗျူဟာ ဆိုတဲ့ ထုတ်ပြန်ချက်မှာ လုပ်ဆောင်ရမဲ့ ရည်မှန်းချက် အမှတ် ၁ မှာ မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး နိုင်ငံဖြတ်ကျော် ကျူးလွန်နေတဲ့ မှုခင်းတွေကို တားဆီးကာကွယ်ဖို့ဆိုတဲ့ အချက် ပါဝင်တာတွေ့ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး အမေရိကန်နိုင်ငံသားတွေအပေါ် နိုင်ငံဖြတ်ကျော်ကျူးလွန်နေတဲ့ ရာဇဝတ်မှုကွန်ရက်တွေ ကို တားဆီးတိုက်ဖျက်ဖို့လို့ ရည်ညွှန်းထားရာမှာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) ကွန်ရက်တွေကို ရည်ရွယ်ပြောဆိုတယ်ဆိုတာ အများသိရှိပြီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလလယ်က အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ လေယာဥ်ငယ်နဲ့ နေပြည်တော်ကို လာရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ အကျဥ်းကျနေတဲ့ အမေရိကန် နိုင်ငံသားတဦးကို လာရောက်ခေါ်ယူတဲ့ ခရီးစဥ်အတွင်း မြန်မာစစ်အစိုးရ ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နှင်းရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါ ဆွေးနွေးပွဲရဲ့ အဆက် တလကျော်အကြာမှာ ဂျပန်တိုကျိုမြို့မှာ စစ်အစိုးရကိုယ်စားလှယ်တွေနဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပါဝင်တဲ့အဖွဲ့ ထပ်မံတွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာတွေထဲ အထက်က အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နှင်းရေး အကြောင်းအရာက မြေရှားသတ္တု ကိစ္စနဲ့အတူ ပါဝင်ခဲ့တယ်လို့ သတင်းဌာနအချို့ရဲ့ ဖော်ပြမှုတွေ အရသိရပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ မကြာသေးမီလအနည်းငယ်ကမှ မြန်မာနိုင်ငံက စစ်အစိုးရနဲ့ ပြောဆိုဆက်သွယ်မှုတွေ ရှိလာရာမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အကြောင်းပြောဆိုမှုတွေ ရှိလာတာတွေ့ရသလို အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့လည်း ဆက်သွယ်လုပ်ဆောင်နေတာတွေ တွေ့နေရပါတယ်။
ထိုင်းနိုင်ငံနဲ့ အမေရိကန်တို့အကြား မဟာဗျူဟာမြောက်မဟာမိတ် ဆက်ဆံရေးရှိတာကြောင့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နှင်းရေးနဲ့ ပတ်သက်လို့ FBI ရဲ့ ဒါရိုက်တာဖြစ်သူ ကက်ရှ်ပတေးလ် ကိုယ်တိုင် မကြာခင်က ထိုင်းနိုင်ငံကို လာရောက်ခဲ့ပြီး ခု နိုဝင်ဘာ ၁၇ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်အစိုးရ ရှေ့နေချုပ်ဖြစ်သူ ထိုင်းနိုင်ငံ လာရောက်ပြီး ထိုင်းရဲချုပ်လို တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အခုရက်ပိုင်းမှာပဲ ထိုင်းနယ်စပ် မြန်မာနိုင်ငံဘက်က မြဝတီမြို့နယ် ကျောက်ခက်ကျေးရွာအနီးက တိုင်ချန်း ငွေလိမ်ဂိုဏ်း အခြေစိုက်ရာ နေရာ ၃ ခုရဲ့ တည်နေရာ အတိအကျနဲ့တကွ သတင်းပေးနိုင်သူကို ဒေါ်လာ ၁၀ သန်းဆုကြေးပေးမဲ့အကြောင်း အမေရိကန်သံရုံးကနေ ကြေညာချက်လည်း ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန် သမ္မတထရန့် အာဏာရလာပြီးနောက် ၂၀၂၅ ခုနှစ်ထဲမှာ Scam Senter Strike Force ဆိုတဲ့ အွန်လိုင်းငွေလိမ်စင်တာ နှိမ်နှင်းရေး အထူးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံက ရဲတပ်ဖွဲ့၊ ဒုစရိုက်နှိမ်နှင်းရေးတို့နဲ့ ပူးပေါင်းကာ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ကြေညာထားတာ တွေ့ရပါတယ်။
ဒီဖြစ်စဥ်တွေ တခုပြီးတခု တဆင့်ပြီးတဆင့် လုပ်ဆောင်လာတာတွေကို ကြည့်ရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကို နှိမ်နှင်းရေးမှာ မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အရာတွေရှိလာပြီး နီးစပ်မှု ရှိလာနိုင်သလား ဆိုတဲ့ တွေးဆစရာလည်း ရှိနေတာပါ။ သမ္မတထရန့် အာဏာရလာပြီး အမေရိကန်ရဲ့ မူဝါဒတွေ ပြောင်းလဲလာရာမှာ ယမန်နှစ်နှောင်းပိုင်းက စလို့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နှင်းရေးကို လုပ်ဆောင်မယ်လို့ ကြွေးကြော်လာခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်က လက်နက်ကိုင် အဖွဲ့အချို့ရဲ့ ခေါင်းဆောင်တွေကို ပိတ်ဆို့မှု လုပ်ဆောင်တာတွေ လုပ်ခဲ့ပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းပြဿနာနဲ့ ပတ်သက်လာရင် မြန်မာစစ်တပ်က တနည်းနည်းနဲ့ အကျိုးစီးပွားရရှိနေတယ်ဆိုတဲ့ အချက်ကို အငြင်းပွားစရာ မရှိပေမဲ့ စစ်အစိုးရရဲ့ ထိပ်ပိုင်းခေါင်းဆောင်၊ စစ်တပ်တခုလုံးက အွန်လိုင်းငွေလိမ်ဂိုဏ်းကို အကာအကွယ်ပေးထားတဲ့ စွပ်စွဲချက်မျိုး စွပ်စွဲရခက်နေတဲ့ အနေအထား ဖြစ်ပါတယ်။ စစ်တပ်ရဲ့ လက်အောက်မှာ နယ်ခြားစောင့်တပ်အနေနဲ့ နေခဲ့တဲ့ BGF တပ်ဖွဲ့တွေလို၊ မြန်မာစစ်အစိုးရနဲ့ အပစ်ရပ်ထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ တက်ရောက်နေတဲ့ DKBA လို၊ ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခေါင်းဆောင်တွေလို အဖွဲ့တွေက အွန်လိုင်းငွေလိမ်ဂိုဏ်းကို အကာအကွယ်ပေးတာ သို့မဟုတ် ကိုယ်တိုင်လုပ်ကိုင်တာတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့နေ့က မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ကြေညာချက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျယ်ပြန့်စွာ ဖြစ်ပွားနေတဲ့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ဆိုတဲ့ အချက်ကို ပထမဦးစားပေး အချက်အဖြစ် ထည့်သွင်းကြေညာခဲ့တာပါ။
၁၀၂၇ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ဟာ ကျားဖြန့်တခုတည်းမဟုတ်ဘူးဆိုတဲ့ အချက်ဟာ အခုနေအခါမှာတော့ အငြင်းပွားစရာ မရှိတော့ပါဘူး။ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်တပ် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို တိုက်ခိုက်သိမ်းယူပြီး လွတ်မြောက်နယ်မြေအနေနဲ့ လက်နက်ကိုင်အဖွဲ့တွေနေနဲ့ အုပ်ချုပ်ရေးတည်ထောင်ဖို့ မိမိတို့နယ်မြေကို မိမိတို့ စီမံခန့်ခွဲခွင့်ရှိဖို့ ဆိုတဲ့ ရည်ရွယ်ချက်က အဓိက ဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသက ကျားဖြန့်နှိမ်နှင်းရေးနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ၊ စစ်ဆင်ရေးတွေကို ပြန်လည်သုံးသပ်ကြည့်ရင် ကျားဖြန့်နှိမ်နှင်းရေးကို နိုင်ငံရေး၊ ပထဝီနိုင်ငံရေး စတဲ့ အရာတွေအောက်မှာ ခေါင်းစဥ်တခုအဖြစ် ထည့်သွင်းလုပ်ဆောင်ခဲ့တာ လို့ဆိုနိုင်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက် ရှမ်းမြောက်ဒေသမှာ ကျားဖြန့်ဂိုဏ်းတွေ များများစားစား မရှိတော့ပေမဲ့ နောက် အာရုံစိုက်စရာ အခြေစိုက်နယ်မြေက ထိုင်း-မြန်မာနယ်စပ် ဖြစ်လာပါတယ်။ ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ်အတွင်း ထိုင်းနိုင်ငံကလည်း ၄င်းတို့ဆီကတဆင့် ဝင်ရောက်လာတဲ့ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူတွေ၊ ဖြားယောင်းသိမ်းသွင်းခံရပြီး ကျေးကျွန်သဖွယ် ဖမ်းဆီးနှိပ်စက် ခိုင်းစေတာခံနေရတဲ့ ဖြစ်ရပ်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ နှိမ်နှင်းနေပေမဲ့ ကျားဖြန့်ဂိုဏ်းတွေက လျော့နည်းမသွားဘဲ နယ်စပ်တလျှောက်နဲ့ အချို့က မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံထဲက မြို့ကြီးတွေမှာ တိတ်တဆိတ် လုပ်ကိုင်တဲ့ အနေအထားနဲ့ ဆက်လက်တည်ရှိနေကြတာပါ။
အနှစ်ချုပ် ဆိုရရင် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) နှိမ်နှင်းရေးဟာ ပထဝီနိုင်ငံရေးနဲ့ အိမ်နီးချင်းနိုင်ငံတွေ အချင်းချင်းဆက်ဆံရေးတွေမှာ အသုံးပြုနိုင်တဲ့ ကစားကွက်တခုသဖွယ်လည်း ဖြစ်လာနေတယ်လို့ ဆိုနိုင်ပါတယ်။
မြန်မာ-ထိုင်းနဲ့ တရုတ်၊ အမေရိကန် အစရှိတဲ့ နိုင်ငံတွေအကြား အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နှင်းရေးကို အကြောင်းပြုတဲ့ နိုင်ငံရေးကစားကွက်တွေ ဘယ်လို အပြောင်းအလဲ ဖြစ်နိုင်သလဲဆိုတာ စောင့်ကြည့်ရမယ့် အချက်တခု ဖြစ်နေတယ်လို့ ဆိုချင်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
