Breaking News

မောင်လူရေး - လူ့ဂုဏ်ပျက်ရွဲမှုနှင့် လူ့ဘုံအက်ကွဲမှု



မောင်လူရေး - လူ့ဂုဏ်ပျက်ရွဲမှုနှင့် လူ့ဘုံအက်ကွဲမှု

(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၉
စံရည်မမှီသည့် အုပ်ချုပ်စီမံပုံတွေက ကျင့်ဝတ်နှင့် လူ့တန်ဖိုးကို အဖက်ဖက်က ဆုတ်နစ်ပျောက်ကွယ်သွားအောင် နင်းချေ ကြိတ်မှုန်းပြီးနောက် မြန်မာ့လူ့အဖွဲ့အစည်းသည် ရွံရှာစက်ဆုပ်ကြောက်လန့်ဖွယ် အမနုဿများ=လူရည်လူသွေးပျက်နေသူများကို မွေးထုတ်ပြီးသား ဖြစ်သွားလေပြီ။ ယင်းအမနုဿများက ကြားသူ မြင်သူစိတ်နှလုံးကို ညှိုးချုံးသိမ်ငယ် ထိတ်လန့်တုန်လှုပ်သွားစေနိုင်သည့် ပြစ်မှုကြီးများကို လွယ်လင့်တကူ နေ့တဓူဝ ကျူးလွန်နေကြသည်။

ကိုယ့်ကျိုးကိုယ့်စီးပွားသက်သက်အတွက် လူ့အသက်ပေါင်းများစွာ အလွယ်တကူ အရင်းပြုပြီး သစ်တောကြီးတွေလိုက် ခုတ်ထွင်မှု၊ ဧရာမချောက်နက်ကြီးများသဖွယ် ကျောက်စိမ်းတွင်းကြီးများ တူးဖော်မှု၊ အဆိပ်လွှမ်းနေသည့် ရွှေတူးဖော်မှုလုပ်ငန်းများ၊ နေ့စဉ်သုံး အစားအစာထုပ်လုပ်ရောင်းချသည့်နှယ် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကြီးများ၊ သောက်ရေသန့်နှင့် အရေအတွက်ယှဉ်ပြိုင်ချက်လုပ်ေနသည့် အရည်အသွေးစံသတ်မှတ်ချက်မရှိ အရက်ထုတ်လုပ်ဖြန့်ချီနေမှုများ၊ နိုင်ငံ့အဆင့်ချီ လာဘ်ပေးလာဘ်ယူမှုကြီးများ၊ ဥပဒေမဲ့ လုပ်ပိုင်ခွင့်များ၊ မြေယာသိမ်းဆည်းမှုများ၊ ခိုးဆိုးလုယက် တိုက်ခိုက်သတ်ဖြတ်မှုများ၊ ယင်းအဓမ္မ အယုတ်တမာမှုများကြားတွင် သက်ငယ်မုဒိမ်းသည် အလွယ်ကူဆုံး ပြစ်မှုတခုဖြစ်လာသည်။ တနည်းအားဖြင့် သက်ငယ်မုဒိမ်းသည် အထက်က ပြစ်မှုညစ်တွေက တစတစ ပုံဖော်လာသည့် လူ့ဂုဏ်ပျက်ရွဲမှုနှင့် လူ့ဘုံအက်ကွဲမှု၏ ရုပ်ကြွင်းဖြစ်လာရာ မကြံအပ်မစည်ရာ အရွယ်ကလေးများအပေါ် မကြားဝံ့မနာသာ ပြုကျင့်ပုံ သတင်းဆိုး သတင်းယုတ်တွေ နေ့စဉ်နှင့်အမျှ ကြားနေရသည်။

သို့ဆိုလျှင် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတော်ကြီးကို မည်သို့ ပုံဖော် မြင်မျှော် ကြည့်ရမည်နည်း။ ကျွန်ုပ်တို့၏ လုံခြုံမှု ကျွန်ုပ်တို့ကလေးများ၏လုံခြံုမှုနှင့် လူ့ဂုဏ်သိက္ခာ လူသားဘဝသည် မရေရာသည့်အခြေဆိုက်လာပြီ။ ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် ကိုယ်အမှီသဟဲပြုနေရသည့် ကိုယ့်ဝဲယာအသိုင်းအဝန်းကိုပင် သံသယဖြစ်လာရမည်ဆိုလျှင် ဘယ်မျှ နာကျင်ဖွယ် ကောင်းလိုက်မည်နည်း။ ပျော်ရွှင်ကြည်နူးစရာမကောင်းသော လူမှုအသိုင်းအဝန်း၊ လူနေမှုပုံစံတရပ်ဆီက ဘာကိုရော မျှော်လင့်ရမည်နည်း။

ကျွန်ုပ်တို၏ မျှော်လင့်မှုအတွက် ကျွန်ုပ်တို့ပင် ဖေါ်ဆောင်ရမည်ဖြစ်ရာ နှုတ်ဆိတ်နေမှုများစွာတို့တွင် ကလေးသူငယ်များအပေါ် လိင်မဖွယ်မရာပြုမှုနှင့်ပတ်သက်ပြီး မြန်မာ့လူ့အဖွဲ့အစည်း၏ နှုတ်ဆိတ်မှုကို ဖြိုခွင်းရမည်။ ကလေးသူငယ်များအပေါ် လိင်မဖွယ်မရာပြုမှုနှင့်ပတ်သက်သည့်စာအုပ်များ၊ ဗီဒီယိုလေးများ သင့်လက်ထဲရောက်လာလျှင် အခြားသူများကို လက်ဆင့်ကမ်းဖတ်စေခြင်း၊ ကြည့်ရှုစေခြင်း၊ အခြားသူများနှင့် ဆွေးနွေးခြင်း၊ ကလေးငယ်၊ အထူးသဖြင့် အမျိုးသမီးငယ်လေးများကို ဖတ်ပြ ဆွေးနွေးခြင်း၊ ပြသဆွေးနွေးခြင်း၊ ယင်းစာအုပ်ပါ ဗီဒီယိုပါ ဖြစ်ရပ်များကို မြေဝိုင်းသရုပ်ဖော်တင်ဆက်မှုများြဖင့် ရပ်ရွာထဲ ပျံ့နှံ့စေခြင်း၊ ဇာတ်လမ်းတိုလေးများ ဖန်တည်းပြသခြင်းစသည့် ပုံသဏ္ဍာန်မျိုးစုံဖြင့် နှုတ်ဆိတ်မှုထုထည်ကြီးကို ဝိုင်းဝန်းဖြိုခွဲကြဖို့ ဖြစ်ပါသည်။

မြန်မာ့လူ့အဖွဲ့အစည်း၏ စာရိတ္တချွတ်ခြုံကျမှုကို ကျွန်ုပ်တို့ လူမှုအချိပ်အဆက်များဖြင့် ကာကွယ်ဖြည့်တင်းကြရမည်သာဖြစ်သည်။ ယင်းသည်ပင် ကျွန်ုပ်တို့၏ နိုင်ငံတော်ဖြစ်မည်မဟုတ်ပါလား။

မောင်လူရေး