Breaking News

အေးငြိမ်း - ကျွန်ုပ်နှင့် နတ္ထိပစ္စယောအကြောင်း


အေးငြိမ်း - ကျွန်ုပ်နှင့် နတ္ထိပစ္စယောအကြောင်း

(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၉
(သူ့ဖေစ့်ဘွတ်က ယူပါတယ်)

ကျွန်ုပ်ငယ်စဉ်က ပဋ္ဌာန်းပစ္စယုဒ္ဒေသ နိဒ္ဒေသကို အကြိမ်ရေတော်တော်များများ ရွတ်ဖတ်ခဲ့ဖူးပါသည်။ ဘာတွေလဲ သိချင်သော ကြောင့် မြန်မာဘာသာပြန်ကိုလည်း ဖတ်ခဲ့၏။ သို့သော် အဓိပ္ပာယ်ကို သေသေချာချာ မသိခဲ့ပါ။ နန္ဒာသိန်းဇံက သူ့စာအုပ် (ဘဝ အဓိပ္ပာယ်နှင့် ဘဝသစ္စာ လား။ အတွေးအခေါ်တို့၏ လွင့်မျောခြင်းလား သေသေချာချာမမှတ်မိ) ထဲမှာ ရှင်းပြထား၍ အာသေဝန ပစ္စယောတစ်ခုကိုတော့ သေသေချာချာ နားလည်ခဲ့ပါသည်။

အထူးသဖြင့် နတ္ထိပစ္စယော ဆိုတာကို နားမလည်ခဲ့ပါ။ စာများကတော့ မရှိခြင်းအားဖြင့် ကျေးဇူးပြုခြင်းဟု ဘာသာပြန်ကြပါသည်။ သို့တိုင် ဘာကိုဆိုလိုမှန်း ကျွန်ုပ်နားမလည်ခဲ့ရိုးအမှန်ဖြစ်ပါသည်။

ယခု အသက်ကလေးရလာတော့ ဘဝအတွေ့အကြုံများပေါ်မီ၍ အချို့တရားများကို ကိုယ်တွေ့နားလည်ရ၏။

ယခု လူ့ဗရုသုက္ခတစ်ယောက်ကြောင့် လူပေါင်းများစွာ စိတ်ဆင်းရဲကြရ၊ မျက်ရည်ကျရ၊ ပိုက်ဆံကုန်ရ၊ အလုပ်ရှုပ်ကြရသည်ကို မိတ်ဆွေတို့ မျက်မြင်ကိုယ်တွေ့ဖြစ်သည်။ သည်ကိစ္စမဖြစ်လျှင် ဘာမှလုပ်စရာမလိုသော အလုပ်ပိုများစွာကို လုပ်ကြရသည်။ အသင်တို့လည်း ဟိုသတင်းစာရှင်းတာ ကြည့်လိုက်ရ။ ဒီပို့စ်အောက်မှာ ဝိုင်းသမလိုက်ရနှင့် အလွန် ဘေကုန်လှပေရော့မည်။ ရန်ကုန်၊ မန္တလေး၊ မုံရွာမြို့ကြီးများတွင် လူပေါင်းများစွာတို့ နေပူကျဲကျဲထဲ လမ်းလျှောက်ကြရသည်။

အမှန်ဆို သည်ဒွန္နယာကြီးတွင် အမှန်တကယ်လိုအပ်၍ လုပ်နေရသော အလုပ်ထက် အနှီကဲ့သို့ ကိုယ့်ကိုယ်ကိုယ်လည်း အကျိုး မပြု၊ မိသားစုကိုလည်း အကျိုးမပြု၊ တခြားသူကိုလည်းအကျိုးမပြု၊ နိုင်ငံကိုလည်း အကျိုးမပြု၊ လူ့လောကကြီးကိုလည်း အကျိုးမပြု၊ ခြုံ၍ပြောရလျှင် ဘယ်သူ့အတွက်၊ ဘာတစ်ခုမှ အကျိုးမရှိသော အလုပ်ဖြင့် အလုပ်ရှုပ်ကြရသည်က ပိုလို့တောင် များပါလိမ့်ဦးမည်။

အကယ်၍ အနှီဗရုတ်သုက္ခများသာ ဤလူ့ဘောင်လောကကြီးတွင်မရှိခဲ့ပါက ထိုအလုပ်ပိုများကို ဘာတစ်ခုမှ လုပ်စရာလိုတော့မှာ မဟုတ်။ လူအားလုံးသာ ကိုယ်လုပ်စရာရှိတာ ကိုယ့်ဘာသာကိုယ် ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ကိုင်စားသောက်ကြပါမူ တရားရုံးဆိုတာ ရှိစရာလိုမည်မဟုတ်။ ရဲတို့၊ တရားရုံးတို့၊ ရှေ့နေတို့၊ တရားသူကြီးတို့၊ ထောင်တို့၊ ထောင်ပိုင်တို့၊ ထောင်မှူးတို့၊ ဝါဒါတို့ ဆိုတာလည်း ရှိတော့မည်မဟုတ်။ (အဲသလိုသာဆို အလုပ်လက်မဲ့တွေ အတော်များလာလိမ့်မယ်ထင်တယ်နော။)

ဤကဲ့သို့သော လူဆိုး၊ သူခိုးများ (သူခိုးဆိုတာ သူများပစ္စည်းကို တိတ်တိတ်တက်ခိုးတဲ့သူခိုးကိုပြောတာနော။ ဟိုလူကြီးတွေ မဆီမဆိုင် နာမနေနဲ့အုံး။) နည်းလေလေ။ အနှီ အလုပ်မဟုတ်သောအလုပ်များ နည်းလေလေ။ လူများ အေးအေးချမ်းချမ်း နေရလေ မဟုတ်ပါလော။

အနှီ ဗရုတ်သုက္ခများမရှိလျှင် လောကကြီး အတော်ချမ်းသာပေမည်။ ထိုဗရုတ်သုက္ခများကား မရှိခြင်းဖြင့် လောကကြီးကို ကျေးဇူးပြုလေသည်။ အနှီပင် နတ္ထိပစ္စယောဖြစ်တော့၏။

အမှန်တွင် နတ္ထိပစ္စယောကိုသာ လိမ္မာစွာ အသုံးချတတ်လျှင် နေရာတကာပင် အတော်ကောင်းကျိုးရှိလေသည်။

ကျွန်ုပ်တို့ ခန္ဓာကိုယ်တွင် ရောဂါတစ်ခုစွဲကပ်လာပြီဆိုလျှင် စိတ်ညစ်ရသည်၊ ပိုက်ဆံကုန်ရသည်၊ ကိုယ်သာမက မိသားစုဝင်များပါ အလုပ်ရှုပ်ကြရသည်။ ထို့ကြောင့် ဤရောဂါကို ပျောက်ကင်းအောင် ငွေထုပ်ပိုက်ကာ ကုသကြရ၏။ အကောင်းဆုံးမှာကား ရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းပင် ဖြစ်၏။ ဤသည်မှာလည်း နတ္ထိ ပစ္စယောပင် မဟုတ်ပါလော။ ရောဂါသည် ခန္ဓာကိုယ်တွင် မရှိခြင်းအားဖြင့် သတ္တဝါများကို ကျေးဇူးပြုသည်။

ကျွန်ုပ်က Safety သမားဖြစ်၍ Safety လောကတွင်လည်း နတ္ထိပစ္စယော မည်မျှအရေးကြီးကြောင်း နည်းနည်းလောက် ရှင်းပြ ပါရစေဦး။

Safety သမားမှန်လျှင် Hierarchy of Control ကိုသိသည်။ Hierarchy of Control တွင် ပထမဦးဆုံး၊ အကောင်းဆုံးနှင့် အထိရောက်ဆုံး ထိန်းချုပ်နည်းမှာ elimination ဖြစ်၏။ Elimination ကို မြန်မာလိုဘာသာပြန်ရလျှင် ဖျောက်ဖျက်ပစ်ခြင်း တစ်နည်းအားဖြင့် မရှိခြင်း ဖြစ်၏။ ဘာမရှိတာပါနည်း။ အန္တရာယ်မရှိတာဖြစ်၏။

ဘာအန္တရာယ်မှမရှိလျှင် ဘာဒဏ်ရာအနာတရမှ မဖြစ်နိုင်။ သည့်အတွက် ဘာအကာအကွယ်မှမလို။ ဘာပီပီအီးမှမလို။ တကယ့်ကို ဘာမှ လုပ်စရာမလိုတော့။ အင်မတန်ကောင်းလှပေ၏။ အန္တရာယ် (Hazard) သည် ကျွန်ုပ်တို့အား မရှိခြင်းဖြင့် ကျေးဇူးပြု၏။ ဘာဆူညံသံမှမရှိသော နေရာတွင် အသင်တို့သည် အဘယ်ကြောင့် နားအဆို့ (ear plug) ဝတ်စရာလိုပါမည်နည်း။ (ကျွန်ုပ်သင်တန်းမှ ပညာရှိများကတော့ ear plug ကို air blug ဟု စာလုံးပေါင်း၏။ မင်းတို့အဲသလို စာလုံးပေါင်းရင် ငါ စာမေးပွဲ ချပစ်မယ်ဟု ခြိမ်းခြောက်ထားရသည် ဟူ၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။)

ကျောက်ဂွမ်း (Asbestos) သည် ကင်ဆာရောဂါကို ဖြစ်စေ၏။ ထို့ကြောင့် ၁၉၈၀ ခုနှစ်မှစတင်ကာ အမေရိကန်သည် ကျောက်ဂွမ်း ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်း စသည်တို့ကို ဥပဒေထုတ်ကာ တားမြစ်လိုက်၏။ ကျောက်ဂွမ်းမရှိတော့ ကင်ဆာလည်း ဖြစ်စရာမရှိတော့။ သည်တော့ သည်ပစ္စည်းအတွက် ဘာမှ စိတ်အနှောက်အယှက် ဖြစ်စရာမရှိတော့။ ဟိုသင်တန်း တွေပေးရ၊ သည်ပစ္စည်းတွေဝယ်ရလည်း အလုပ်မရှုပ်ရတော့။ ကျောက်ဂွမ်းသည်လည်း မရှိခြင်းအားဖြင့် လူ့လောကကို အကျိုးပြု ပေသည်။

နတ္ထိပစ္စယော၏ ကျေးဇူးများပုံကိုသိ၍ ရှေးက သူတော်ကောင်းများမှာ တောထဲတွင် မည်သည့် ပိုင်ဆိုင်မှုမှမရှိဘဲ တရားဖြင့် မွေ့လျော်နေကြခြင်း ဖြစ်သတည်း။ သူတို့တွင် အရှက်လုံရုံ၊ အပူအအေးဒဏ်ခံနိုင်ရုံ အဝတ်သာရှိသည်။ နေစရာ ကျောင်းသင်္ခမ်း လည်းမရှိ။ သစ်ပင်၊ ဝါးပင်တို့ အောက်မှာသာ နေကြသည်။ သဘာဝသစ်ပင်များမှ သစ်သီး၊ သစ်ဥတို့ဖြင့် ရောင့်ရဲသည်။ လောဘတို့၊ ဒေါသတို့၊ မောဟတို့ဆိုတာ သူတို့ပစ္စည်းမဟုတ်။ ဘာမှပိုင်ဆိုင်မှုမရှိခြင်း၊ ဘာကိုမှ ပိုင်ဆိုင်လိုမှုမရှိခြင်းသည် ထိုသူတော်ကောင်းကြီးများကို များစွာကျေးဇူးပြုလေသည်။ (ကျွန်ုပ်လည်း သူတို့ကိုအားကျ၍ တောထွက်မည် ကြံပါသေးသည်။ သို့သော် ကျွန်ုပ်တို့ရွှေပြည်ကြီးတွင် ထွက်စရာတောမရှိတော့၍ ကိုယ့်ကိုယ်ကိုယ် အောင့်အည်းချုပ်ထိန်းထားရသော ဟူသတတ်။)

ကျွန်ုပ်တို့၌ မရှိခြင်းအားဖြင့် ကျေးဇူးပြုမည့် အရာသုံးခုသည် ရှိ၏။ ထိုအရာတို့ကား လောဘ၊ ဒေါသ၊ မောဟတည်းဟူသော ဟိတ်သုံးပါးဖြစ်သတည်း။ ပုထုဇဉ်လောကီလူသားများဖြစ်၍ ထိုသုံးပါးသည် ရှိကိုရှိနေပေမည်။ သို့သော် သည်အတိုင်းတော့ ထားလို့မရ။ နည်းနိုင်သမျှနည်းအောင် လုပ်ကြရမည်။ ထိုအရာများ နည်းပါးသွားလျှင် အထက်ပါ မလိုအပ်သည့် အလုပ်ရှုပ်သည့် ကိစ္စများသည်လည်း အတော်နည်းသွားပေမည်။

ယခု ဖြစ်နေကြရသည်မှာ ထို လောဘ၊ ဒေါသ၊ မောဟတို့ကို အထိန်းအကွပ်မရှိဘဲ သည်အတိုင်း လွှတ်ထား၍ဖြစ်၏။ ထိုအရာ တို့ကို ကောင်းမြတ်သောတရားများဖြစ်သည့် ဆင်ခြင်တုံတရား၊ ကိုယ်ချင်းစာတရားတို့ဖြင့် ထိန်းကွပ်ရာသည်။ တရားဆိုတာ လူကြားကောင်းရုံမျှ ဝတ်ကောင်းစားလှလေးဝတ်၊ တရားပွဲသို့ကြော့ကြော့လေးသွား၊ အချိန်တန်တော့ အများယောင်လို့ယောင်။ အမောင်တောင်မှန်းမြောက်မှန်းမသိဘဲ ယောယောင်ကာ သာဓု၊ သာဓုခေါ်ပြီး အိမ်ပြန်လာရုံမျှမဟုတ်။ လမ်းကိုပိတ်ကာ အသံချဲ့စက်ကြီး အလုံး (၃၀) လောက်နှင့် လူများနားမခံသာအောင် အသားကုန် အော်ဟစ်နေရုံမျှ မဟုတ်။

အသင်တို့သည် ကြီးကြီးကျယ်ကျယ် နိဗ္ဗာန်တွေ၊ နတ်မော်တွေ ပြောမနေကြပါနှင့်။ ဟိရီ၊ သြတပ္ပနှစ်လုံးလောက်ကို ကောင်းကောင်း၊ နိုင်နိုင်နင်းနင်း ကျင့်သုံးလျှင် ကိစ္စပြီးပါသည်။

(ဟင်္သာတမှ အိုင်သပြုသို့သွားသည့် ကားလမ်းတွင် အမျိုးသားပညာဝန် ဦးဖိုးကျား၏ ဇာတိဖြစ်သော နိဗ္ဗာန် အမည်ရှိသည့် ရွာကလေးသည် ရှိ၏။ နိဗ္ဗာန်မရောက်ခင် နတ်မော်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်က နိဗ္ဗာန်တွေ၊ နတ်မော်တွေ ပြောမနေကြပါနှင့် ဟု ဆိုခြင်းဖြစ်၏။ ဤကား စကားချပ်)

အသင်တို့သည် မကောင်းမှု လုပ်ရမှာကို ကြောက်ကြပါကုန်လော့။ မကောင်းမှုလုပ်ရမှာကို ရှက်ကြပါကုန်လော့။

သည်လိုသာဆို လောကကြီး ယခုထက် ပိုမိုသာယာလှပလာသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း ကျွန်ုပ်က ရဲရဲကြီး အာမခံလိုက်ပါသတည်း။

လူအချင်းချင်း မုဒိန်းကျင့်ခြင်း၊ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၉ ဇူလိုင်လ၊ ၂၀၁၉
စာကြွင်း
======
သည်ကနေ့ စင်ကာပူသတင်းတွင် သူ့ဆီကျောင်းလာတက်သည့် ကျောင်းသူကလေးကို ဟိုကိုင်သည်ကိုင်လုပ်သည့် ကျူရှင်ဆရာ အား ထောင် ၂ နှစ် ၁ လ။ ကြိမ်ဒဏ် ၆ ချက် ပေးသည့်သတင်း ဖတ်ရ၏။ ကျွန်ုပ်သည် မုဒိန်းကောင်များကို သည်ကဲ့သို့ ကြိမ်ဒဏ်ပေးခြင်းအား အလွန်သဘောကျလေသည်။ ထိုသူများအား မှတ်လောက်သားအောင် ကြိမ်ဖြင့်ဆုံးမသင့်ပေသည်။

သူတို့ ကြိမ်ဒဏ်ပေးပုံကို ကျွန်ုပ် blog တွင်တင်ထားပါသည်။ ရှာဖွေကြည့်ကြပါကုန်။ ယခုတော့ သည်မျှဆိုးရွားလှသည့် မြင်ကွင်းကို ပတ်ဘလစ်မတင်ခြင်းအား နားလည်ခွင့်လွှတ်ကြမည်ဟု ယူဆပါသည်။ အောက်တွင် link ပေးထားပါသည်။ ၂၀၁၀ ခုနှစ်လောက်က ပို့စ်များတွင် ရှာကြည့်ပါ။

Link:
https://www.todayonline.com/…/jail-caning-private-tutor-who…
http://shwenyein.blogspot.com/