Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်) - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၇)


မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်)  - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၇)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်)  နိုဝင်ဘာ ၁၊ ၂၀၁၉

အပိုင်း (၅) - မျှော်ရည်မှန်းချက် ပျက်ယွင်းပြုတ်ကျခြင်း

မြန်မာပြည်မြောက်ပိုင်း နယ်မြေဒေသ လေးခုဆိုတာက တစ်ချိန်က ဗမာပြည် ကွန်မြူနစ်ပါတီ လက်နက်ကိုင်တို့ရဲ့ နယ်မြေဒေသဖြစ်ပါတယ်။ အမှန်တကယ်တော့လည်း ကနေ့ မြန်မာပြည်မြောက်ပိုင်းဆိုတာကလည်း သူ တလူ ငါတမင်း နယ်မြေတွေကို ခွဲခြမ်းကြပြီး သိမ်းပိုက်အုပ်စိုးကြတဲ့ အင်အားစု တွေရဲ့ ပုံစံငယ် အငယ်စားတွေပါပဲ။ နောက်ပြီးတော့လည်း သက္ကရာဇ် ၂၀ဝ၂ ခုနှစ် နွေဦးမှာ နိုင်ငံတကာ လူ့ဘောင်အသီးသီးတို့ရဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုံ့ချတဲ့ မြန်မာပြည်မြောက်ပိုင်း ဘိန်းထွက်ရှိရာ ဒေသလည်း ဖြစ်နေပါ တယ်။

နှစ်ကာလရှည်ကြာစွာ တိုက်ပွဲတွေ ဖြစ်နေကြတယ်။ အင်အားစု အသီးသီးရဲ့ စစ်သုံးစရိတ်ကကြာလေ ကြာလေ ပြဿနာ ဝန်ထုပ်ကြီး ဖြစ်လာ လေပါ။ အထူးသဖြင့် ၈၀ ကာလသမိုင်း။ နိုင်ငံတဝှမ်းလုံးမှာ ကြီးမားတဲ့ အပြောင်းအလဲကြီးတွေ ပေါ်ပေါက်ပြီးတဲ့နောက်ပိုင်း စည်းမျဉ်းစည်းကမ်း ဥပဒေတွေက ရှုပ်သထက် ရှုပ်ထွေးလာပါတယ်။ နောက်ဆုံး နိဂုံးချုပ်လိုက်တော့ ဘိန်းရောင်းဝယ်ဖောက်ကားခြင်းဆိုတဲ့ ပိတ်ဆို့နေတဲ့လမ်းကို အတင်းအရဲစွန့် ထိုးဖောက်တာကိုပဲ လုပ်လိုက်ရလေတယ်။ မူးယစ်ဆေးဝါးက ရရှိတဲ့ ကြီးမားလွန်း တဲ့ လျာထားချက် အမြတ်အစွန်းက အဆင့်မြင့်အရာရှိ အရာခံ အများအပြားရဲ့ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်က အဆမတန် ကြီးမားလွန်းနေပါတယ်။ ဒီတော့လည်း ရွှေငွေကိုးကွယ်ရေးဝါဒသမားတွေ ဖြစ်ကုန်ကြလေတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ ရွှေတြိဂံမှာ တည်ရှိခဲ့တာက အရေးပါအရာ ရောက်တဲ့ နိုင်ငံရေး အင်အားတစ်ရပ်အနေနဲ့ တည်ရှိခဲ့ဖူးတာပါ။

၁၉၇၀ ခုနှစ် ဧပြီလ။ ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့တပ်မတော်က မြောက်ခဝါတောင်တန်း မုန်းမြောက်ကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်။

၁၉၇၀ ခုနှစ် နိုဝင်ဘာလ။ ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့တပ်မတော် က တရုတ်ပြည် ယူနန်ပြည်နယ် ဝမ်တိမ်းနဲ့ တံတားတိုတိုလေးတစ်ခုသာ ခြား ထားတဲ့ ပန်ဆိုက်ကို သိမ်းပိုက်လိုက်ပြန်တယ်။ တစ်ချိန်တည်းမှာပဲ တရုတ်ပြည် ရွှေလီရဲ့ မျက်နှာချင်းဆိုင်က ဆယ်လန့်အစရှိတဲ့ ရွာတွေကို သိမ်းပိုက်လိုက်ပြန် တယ်။ ဗမာပြည် ကွန်မြူနစ်ပါတီက ယူနန်လုစီးခရိုင် မန်ဟိုင်မြို့လေးရဲက နယ်နိမိတ်အပြင်ဘက်က မုန်းရူးမှာ အခြေစိုက်ဒေသ လုပ်ပစ်လိုက်တယ်။ ဗကပမြောက်ပိုင်းဌာနခွဲကို ဒီနေရာမှာ တည်ထားလိုက်တယ်။ နောက်ပိုင်းမှာ ကိုးကန့်ထိန်းချုပ်ဒေသ ဖြစ်သွားပါတယ်။ သိပ်မကြာခင်မှာပဲ ဝတိုင်းရင်းသားအဖွဲ့ ရုံးစိုက်မြို့ပန်ခန်းမှာ ဗကပ အရှေ့မြောက်စစ်ဒေသ ဖွဲ့စည်းလိုက်ပါတယ်။ လင်းထျိုင်က ဦးစီးအဖွဲ့ဝင်အဖြစ် ထမ်းဆောင်ပါတယ်။ (နောက်ပိုင်းမှာ ကျောက်မိန်စာ တာဝန်ဆက်ခံပါတယ်) ဒုတိယဦးစီးချုပ်က ကိုးကန့်က ဖုန်ကျား ရှင်ဖြစ်တယ်။ ဖုန်ကျားရှင်ရဲ့ ညီ ဖုန်းကျားဖုက အရှေ့မြောက် စစ်ဒေသ အမှတ်နှစ်တပ်မဟာ တပ်မဟာမှူးအဖြစ် ထမ်းရွက်ပါတယ်။ ထိုတုန်းက ဗကပ ပြည်သူ့တပ်မတော် အရှေ့မြောက်စစ်ဒေသလှုပ်ရှားမှုအများစုက မြောက်ပိုင်း ဝ၊ ကိုးကန့်၊ မုန်းရူး၊ ကျင်ပေ၊ ပန်ဆိုက်၊ ကွတ်ခိုင်အစရှိတဲ့ နယ်မြေတွေဖြစ်ပါ တယ်။

၁၉၇၁ ခုနှစ် နိုဝင်ဘာလ။ ဗကပ ပြည်သူ့စစ်အရှေ့မြောက်ပိုင်း စစ်ဒေသနှင့် ကိုးကန့်၊ ပန်ဆိုက်၊ မြောက်ပိုင်းဝစတဲ့ နယ်မြေခရိုင်တပ်ဖွဲ့ကြီး လှုပ်ရှားကြတဲ့ တပ်အင်အားစုစုပေါင်း ၃၀ဝ၀ ကျော်ရှိပါတယ်။ မြန်မာအစိုးရ တပ်စိုးမိုးထားတဲ့ မြန်မာပြည်မြောက်ဘက်က အရေးပါတဲ့ ကွမ်းလုံမြို့ကိုပါ ထိုးစစ်ဆင်ပါတယ်။ ကွမ်းလုံးတိုက်ပွဲက မြန်မာအစိုးရတပ်နဲ့ ၄၂ ရက်ကြာ သူသေကိုယ်ကြေ အပြင်းအထန် တိုက်ကြရတဲ့ တိုက်ပွဲပါ။ ကွမ်းလုံကို မသိမ်း ပိုက်လိုက်နိုင်ပေမယ့်လည်း ဗမာပြည် ကွန်မြူနစ်ပါတီ လက်နက်ကိုင်အဖွဲ့ကြီးရဲ့ တကယ့်အင်အားကို ပြသနိုင်ခဲ့တဲ့ ပွဲဖြစ်တယ်။ အစိုးရတပ်ရဲက တပ်သားအင်အား ရော။ စစ်စရိတ်တွေကိုပါ အလုံးအရင်း ရှင်းပစ်နိုုင်ခဲ့ပါတယ်။ 

၁၉၇၂ ခုနှစ် - ဗကပ ပြည်သူ့တပ်မတော်က မြောက်ပိုင်း ခဝါတောင်တန်းကို တိုက်ခိုက်သိမ်း ပိုက်လိုက်တယ်။ ပန်စမ်း၊ ပန်ယန်းတို့ကိုပါ သိမ်းပိုက်လိုက်တယ်။ ပန်စမ်း (ကနေ့ ဝအဖွဲ့အစည်းရုံးစိုက်မြို့ ပန်ခန်း) ဟာ ထိုတုန်းက ဗကပ ဗဟိုကော်မတီ အခြေစိုက်စခန်းဖြစ်ပါတယ်။ ဗကပ ထိပ်တန်းခေါင်းဆောင် သခင်ဗသိန်းတင်၊ ရန်းကွမ်း၊ လင်ထျိုင်း၊ ယီကျဲန့်၊ သခင်ဖေသိန်း အစရှိတဲ့ သူတွေ ပဲခူးရိုးမတောင် တန်းအစရှိတဲ့ နယ်မြေတွေကနေ စွန့်ခွာပြီးတဲ့နောက် ပန်စမ်းကို ဝင်ရောက်လာ ခြင်းဖြစ်ပါတယ်။ ဗကပတို့ ပန်စွမ်းမှာ ဗဟိုကော်မတီရုံးစိုက်လိုက်တာနဲ့ မြန်မြန် ဆန်ဆန်ပဲ အဲဒီ အခြေစိုက်စခန်းကနေပြီး ပြင်ပကို ရေဒီယိုအသံလွှင့်ရုံတည် ဆောက်ပြီး စတင်ဝါဒဖြန့်ချိ အသံလွှင့်လေတော့တယ်။ တစ်ချိန်တည်းမှာပဲ အနီးကပ် အသစ်စိုးမိုးလိုက်တဲ့ မိုင်းလားဒေသမှာ ပြည်သူ့တပ်မတော် ''၈-၁၅'' စစ်ဒေသကို ဖွင့်လှစ်လိုက်ပါတယ်။ လင်းမိန်စင့်က ဦးစီးချုပ်အဖြစ် ဆောင်ရွက်ပါတယ်။ လင်းမိန်စင့်က ဖုန်ကျားရှင်ရဲ့ သားမက်ဖြစ်ပါတယ်။ တရုတ်ပြည် ဟိုင်နန်ကျွန်းက လာတဲ့ တရုတ်ပညာတတ် လူငယ်ပါ။ ဟိုးတုန်းက သူ့အသက်က ၃၀ ကျော်ရုံလေးရယ်။ ၄င်းနယ်မြေကို ပိုင်းခြားထားတဲ့ မိုင်းလား ဗဟိုအခြေစိုက်နယ်မြေနဲ့ နီးကပ်တဲ့ တောင်ပိုင်းက တရုတ်ပြည်မုန်းဟိုင်ခရိုင် တာလို့ဂိတ် ဝနယ်နိမိတ် အပြင်ဘက်မှာ ရှိပါတယ်။ အခုတော့ မြန်မာနိုင်ငံ အထူးဒေသ (လေး) ဖြစ်ပါတယ်။

အဲဒီအချိန်အထိ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ကနေ ကချင်ပြည်နယ်ရဲ့ တစ်စိတ်တပိုင်းနယ်မြေတွေ၊ သံလွင်မြစ် မြစ်အထက်ပိုင်း မြစ်ဝှမ်းက ကျယ်ပြန့်တဲ့ နယ်မြေတွေဟာ ဗကပနှင့် တခြားလက်နက်ကိုင် ပြည်သူ့တပ်မတော်လက်ထဲ မှာ ချုပ်ကိုင်ထားကြပါတယ်။ ထိုတုန်းက အကြမ်းဖျင်းအားဖြင့် လက်တွေ့ကျကျ စိုးမိုးချုပ်ကိုင်ထားတဲ့မျဉ်းက ကျိုင်းတုံမြောက်ဘက် နယ်မြေဒေသ ဗကပတပ်ဖွဲ့ က စိုးမိုးချုပ်ကိုင်ထားပါတယ်။ ကျိုင်းတုံ တောင်ပိုင်းနယ်မြေကို မြန်မာအစိုးရ တပ်ရယ်၊ နောက်ပိုင်း ဘိန်းရာဇာလို့ ကျော်ကြားတဲ့ လော်စစ်ဟန်ရဲ့ ကာကွယ် ရေးတပ်ဖွဲ့ရယ်၊ ခွန်ဆာရှမ်းအမျိုးသားတပ်ဖွဲ့ရယ်၊ မောရှမ်းတိုင်းရင်းသားတပ် ဖွဲ့ရယ်၊ ဝတိုင်းရင်းသား မဟာစန်တပ်ဖွဲ့တွေ အသီးသီး ပိုင်းခြားစိုးမိုးကြပါတယ်။

ကိုးကန့်နယ်မြေကို ၁၉၇၂ ခုနှစ်ကတည်းက ဗကပ လွတ်မြောက် နယ်မြေ အဓိကကျတဲ့ အခြေစိုက်နယ်မြေဒေသဖြစ်နေပါတယ်။ ကိုးကန့်ခရိုင်ရဲ့ တည်ဆောက်မှု ပုံစုံက ၇၀ ခုနှစ်တုန်းက ဗကပအုပ်ချုပ်နယ်မြေရဲ့ ပုံရိပ်တစ်ခုပါ ပဲ။ ကိုးကန့်နယ်မြေ အုပ်ချုပ်ရေးကို ခရိုင်၊ ဒေသ၊ ရွာကြီး၊ ရွာငယ် (ကျေးလက် တောရွာ) အဆင့်လေးဆင့် ပိုင်းခြားအုပ်ချုပ်ပါတယ်။ ခရိုင်မှူး၊ ဒေသမှူး၊ ရွာ သူကြီး၊ ရွာသူကြီးခေါင်းဆောင်အဆင့်လေးဆင့် ပိုင်းထားပါတယ်။

၁၉၈၆ - ၁၉၇၂ ။ ဖုန်းကျားရှင်က ခရိုင်မှူးတာဝန်ကို တွဲဖက်ထမ်း ဆောင်ပါတယ်။ ခရိုင်အတွငး်မှာ အုပ်ချုပ်ရေး ယန္တရားကြီး သုံးခု ပိုင်းခြားထား ပြန်တယ်။ ဒါတွေကတော့ နိုင်ငံရေး၊ နိုင်ငံရေးနှင့် ဥပဒေရေးရာ၊ ဘဏ္ဍာရေးတို့ ဖြစ်ကြပါတယ်။ နိုင်ငံရေးဌာနက ဝါဒဖြန့်ချိန်ရေးကို တာဝန်ယူရပါတယ်။ နောက်ပြီး စည်းရုံးဖွဲ့စည်းရေးလုပ်ငန်းကိုလည်း လုပ်ရပါတယ်။ နိုင်ငံရေးနှင့် ဥပဒေရေးရာဌာနက တရားရေးရာကို တာဝန်ယူရပါတယ်။ တရားဥပဒေရေးရာ ကို ဆောင်ရွက်ရတဲ့ အစိတ်အပိုင်းတွေမှာ သေဒဏ်ချမှတ်ပိုင်ခွင့်နှင့် ထောင် တစ်သက်တစ်ကျွမ်း ချပိုင်ခွင့်အာဏာပါ ရှိပါတယ်။ ဘဏ္ဍာရေးဌာနက အခွန် အတုတ်တွေ ကောက်ခံရပါမယ်။ အခွန်ဌာနတွေ ဆောက်လုပ်ရပါမယ်။ လက် နက်အင်အားအပေါ်မှာ လူအင်အားငါးရာကျော်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ကို ခရိုင်တပ် ဖွဲ့ကြီးတစ်ဖွဲ့ဖြစ်တယ်။ ကိုယ့်နယ်မြေဒေသ လုံခြုံရေးကို ကာကွယ်စောင့်ရှောက် ရပါတယ်။

၁၉၇၃ ခုနှစ်မှာ ဗမာတိုင်းရင်းသား ရီကျဲန့်က ဦးဆုံး ကိုးကန့်ခရိုင် ကော်မတီအတွင်းရေးမှူးအဖြစ် ထမ်းဆောင်ပါတယ်။ ၁၉၇၅ ခုနှစ်မှာ ရီကျဲန့် အရှေ့မြောက်ပိုင်းစစ်ဒေသဦးစီးမှူးအဖြစ် ပြောင်းရွှေ့ထမ်းဆောင်ပြီးနောက် ကော်မတီ အတွင်းရေးမှူးဖြစ်လာပါတယ်။ အဲဒီမြန်မာလူမျိုး စောမိုးဝေရဲ့ ဇနီးဖြစ်တဲ့ စွတ်ချွမ်းသူဟာ ၁၉၈၉ ခုနှစ် ဗကပ ပျက်သုဉ်းသွားတဲ့အထိ ဒီ တာဝန်ကို တောက်လျှောက် ထမ်းဆောင်သွားပါတယ်။ ၄င်းဒေသက လူတွေရဲ့ ယုံကြည်အားထားလေးစားခံရသူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကိုးကန့် ဘိန်းရာဇာကြီး ရန်းညီနောင်တွေအထဲက ရန်းမောက်လျံက ထိုစဉ်က ကိုးကန့် ခရိုင် ဒုခရိုင်မှူးအဖြစ် ထမ်းဆောင်ပါတယ်။ သူ့ရဲ့ညီ ရန်းမောက်အန်းက ရှေ့နောက်လေးကြိမ် ကိုးကန့်ခရိုင်ရဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ထမ်းဆောင်ပါ တယ်။ ကွတ်ခိုင်၊ ပန်ဆိုင်း၊ မြောက်ပိုင်း ဝ၊ မုန်းရူးအစရှိတဲ့ ခရိုင်တွေမှာလည်း အများအားဖြင့် ကိုးကန့်ခရိုင်တည်ဆောက်တဲ့ ပုံစံအတိုင်းပဲ ဆောင်ရွက်ပါတယ်။ လက်ရှိ ဝအဖွဲ့အစည်း ညွန့်ပေါင်းပါတီ အတွင်းရေးမှူးက ကျောက်နီလိုင် ဖြစ်ပါတယ်။ ထိုတုန်းက သူဟာ ဗကပ အရံဗဟိုကော်မတီဝင် ဖြစ်ပါတယ်။ မြောက်ပိုင်း ဝခရိုင်မှူးလည်းဖြစ်တယ်။

လွယ်ကူရှင်းလင်းတဲ့ ကလောင်တံရယ်၊ မင်ရည်နဲ့ မူလက မြန်မာနိုင်ငံ ကွန်မြူနစ်ပါတီ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အနေအထားကို တစ်ချက်ကလေးလောက် စီကုံးရေးသားကြရအောင်။ မြန်မာနိုင်ငံ ကွန်မြူနစ်ပါတီ အစည်းပြေပြီးတဲ့နောက် ကနေ မြန်မာနိုင်ငံမြောက်ပိုင်း လွတ်လပ်တဲ့ လက်နက်ကိုင်လေးတစ်ဖွဲ့ ပိုင်းခြား ထားတဲ့ အင်အားအကြောင်းခြင်းရာကို သဘောပေါက်နားလည်ဖို့ အတော့်ကို အထောက်အကူပြုပါလိမ့်မယ်။ အထက်မှာ ဖော်ပြခဲ့ပြီးတဲ့အတိုင်း မြန်မာနိုင်ငံ မြောက်ပိုင်း၊ နယ်မြေဒေသ လေးခုက ဗကပလက်နက်ကိုင်အဖွဲ့ဆိုတာက တကယ်တော့ ကနေ့ မြန်မာနိုင်ငံ မြောက်ဘက် အသီးသီးပိုင်းခြားထားတဲ့ ပုံစံငယ်လေးတွေပါပဲ။ 

၂၀ဝ၂ ခုနှစ်မှာတုန်းက နိုင်ငံတကာက မြန်မာနိုင်ငံ မြောက်ပိုင်း ဘိန်းရင်းမြစ်နယ်မြေကို လက်ညှိုးထိုး အပြစ်တင်ထားပါတယ်။ ၁၉၉၈ ခုနှစ် ခွန်ဆာအုပ်စု မြန်မာအစိုးရထံ လက်နက်ချ အလင်းဝင်ပြီးတဲ့ နောက် မူလက ဗကပ လက်နက်ကိုင်တပ်ဖွဲ့ စိုးမိုးတဲ့နယ်မြေဒေသက ထွက်ရှိ သမျှ ဟီးရိုးအင်းဘိန်းဖြူဟာ ကမ္ဘာ့ဘိန်းဖြူထွက်နှုန်းရဲ့ ၆၀ プ ရှိပါတယ်။

ဗကပ ပြည်သူ့တပ်မတော်က စစ်ဒေသလေးခု ပိုင်းထားပါတယ်။ အရှေ့မြောက် စစ်ဒေသ၊ အလယ်ပိုင်းစစ်ဒေသ၊ ''၈-၁၅ စစ်ဒေသ၊ နောက်ပိုင်း မှာမှ ဖွဲ့စည်းလိုက်ပြီး ကချင်တိုင်းရင်းသားကို ပင်မထားတဲ့ ၁၀၁ စစ်ဒေသ၊ တစ်ချိန်တည်းမှာပဲ ဗဟိုလက်အောက်ခံ ကိုယ်ရံတော် တပ်မဟာကိုပါ ဖွဲ့စည်း လိုက်တယ်။

အရှေ့မြောက်စစ်ဒေသ အဓိကအုပ်ချုပ်တာက လားရှိုးမြောက်ဘက်က လွတ်မြောက်နယ်မြေ။ စနစ်တကျဖွဲ့စည်းထားတဲ့ ပုံမှန်တပ်မဟာ နှစ်တပ် တပ်သားအင်အား ရှိပါတယ်။ အရေအတွက်အားဖြင့် အယောက် ၅၀ဝ၀ ဝန်းကျင်ရှိပါတယ်။ စစ်ဦးစီးမှူးက ကျောက်မိန်၊ ဒုဦးစီးမှူးက ဖုန်ကျားရှင်၊ စစ်ရေးအကြံပေးမှူးက ရီကျဲန့်၊ ဘဏ္ဍာရေးဝန်ကြီးက လျိုကိုရှီ၊ ပြည်ထဲရေးဌာန မှူး ရန်းမောက်အန်း၊ အမှတ် ၁ တပ်မဟာမှူးကြီး ဝေ့ချောင်းရင်၊ အမှတ် ၂ တပ်မဟာမှူး ဖုန်ကျားဖု၊ ဒုအကြံပေးမှူး ကျန်းကျူမိန်တို့ဖြစ်ကြပါတယ်။

အလယ်ပိုင်းစစ်ဒေသ အခြေစိုက်နယ်မြေက ဗကပဗဟိုစခန်း တည်ရှိ တဲ့ ပန်စွမ်းတဝိုက်ဖြစ်ပါတယ်။ အဓိက ပိုင်းခြားထားတာက ပန်စွမ်း တောင်ဘက် က စစ်ဒေသ။ စစ်ဒေသ ဦးစီးအဖွဲ့ဝင်က လီကျူလူခေါ်ပါတယ်။ ဒုတိယဦးစီးမှူး လည်း ဖြစ်တဲ့သူကတော့ ဝတိုင်းရင်းသားခေါင်းဆောင်ရဲ့ နောက်ပေါက် ပေါင့် ယို့ရှန်ဖြစ်ပါတယ်။ တပ်မဟာ ၅၊ တပ်မဟာ ၁၂ အစရှိတဲ့ လက်အောက်ခံ လက်နက်ကိုင်တပ်တွေ ပိုင်းခြားဖွဲ့စည်းထားပါတယ်။ တပ်သားအင်အား ၄၀ဝ၀ ခန့်ပြီး၊ အလယ်ပိုင်း စစ်ဒေသတပ်ဖွဲ့က တပ်သားတွေကို ဝတိုင်းရင်းသား တွေကို အဓိကထား ဖွဲ့ထားတာဖြစ်တယ်။ ဒီအလယ်ပိုင်းစစ်ဒေသ ဝတိုင်းရင်း သားတပ်ဖွဲ့ဟာ ဗကပလက်နက်ကိုင်တပ်ဖွဲ့ထဲမှာ အပင်ပန်းခံနိုင်၊ ဆင်းရဲငတ် ပြတ်ခံနိုင်၊ တိုက်ရည်ခိုက်ရည် အရှိဆုံးတပ်ဖွဲ့ဖြစ်တယ်။ ၄င်းဖွဲ့စည်းထားပုံတွေဟာ နောက်ပိုင်းကာလတွေမှာ ဗကပ ပြိုကွဲပြီး ဝပြည်ထောင်စုကို ပင်မထားပြီး တည်ထောင်ကြပါတယ်။

''၈-၁၅'' စစ်ဒေသ ပိုင်းခြားမှုနယ်မြေဒေသက မဲခေါင်မြစ်ကမ်းအတိုင်း ခုန်ပြီး မြန်မာလောနယ်စပ် နယ်နိမိတ်အထိ ရောက်ပါတယ်။ ကျိုင်းတုံ မြောက် ဘက်က ကျယ်ပြန့်တဲ့ ဒေသက သူတို့ရဲ့ အခြေစိုက်ဒေသအဖြစ် နေရာတကျ စီမံထားပါတယ်။ အောက်ဘက်ပိုင်းခြားမှုအမှတ် ၇၆၈ တပ်မဟာမှူးက ကျိုင် လုန့်ပန်၊ သေနာပတိ (တပ်မှူး) ကလင်မိန်စင့်။

၁၀၁ စစ်ဒေသပိုင်းခြားထားမှုက တျဲန်းမြဲန် (ယူနန်/မြန်မာ) လမ်းမ ကြီး မြောက်ဘက်မျဉ်းကြောင်းက တရုတ်ရဲ့ နယ်မြေနဲ့ နီးကပ်ပါတယ်။ ကချင် ပြည်နယ်နဲ့ ဆိုင်ပါတယ်။ တပ်သားအင်အားက ကချင်လူမျိုးကို အဓိကထားပါ တယ်။ သေနာပတိ (တပ်မှူး) က စခွန်တယိန်း ကချင်တိုင်းရင်းသားဖြစ်တယ်။ ဒီစစ်ဒေသက ဗကပပြည်သူ့တပ်မတော် ကချင်လွတ်မြောက်ရေးတပ်မတော် ပိုင်းခြားဒေသအထဲက တစ်ခုတည်းသာရှိတဲ့ အခြေစိုက်နယ်မြေ ဖြစ်တယ်။ စစ်ရေးနည်းဗျူဟာအရဆို တအားကို အရေးကြီးတဲ့ နေရာဖြစ်တယ်။

၁၉၇၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကနေ ၁၉၇၁ ခုနှစ်၊ တရုတ်ပြည် ''ယဉ်ကျေးမှုတော်လှန်ရေး'' ပရမ်းပတာ ဒီရေလှိှုုင်း အရှိန်အမြင့်ဆုံး ကာလ၊ အရေအတွက် ရာပေါင်းအတော်များတဲ့ တရုတ်ပညာတတ်လူငယ်တွေဟာ အနည်းနဲ့အများ ရဲဘော်ချေဂွေဗားရားပုံစံမျိုး အတွေးအခေါ် သယ်ဆောင်ပြီး နိုင်ငံနယ်နိမိတ်စည်းကို ကျော်လွှားပြီး ''ကမ္ဘာ့တော်လှန်ရေး'' မုန်တိုင်းထဲ မိမိ ဘဝတစ်ခုလုံး မြှုပ်နှံလိုက်ကြတယ်။ အဲဒီနောက်ပိုင်းတွေမှာလည်း ပညာတတ် လူငယ်တွေ နိုင်ငံ့နယ်ခြားစည်းကို ဖြတ်ကျော်ပြီး ဗကပ ပြည်သူ့တပ်မတော် သားတွေဖြစ်သွားကြတာ မနည်းမနောပါပဲ။ နောက်ထပ်တခြားတစ်သုတ်ကလည်း ရှိပါသေးတယ်။ အဲဒါက ယူနန်ပြည်နယ်နှင့် မြန်မာနယ်နိမိတ်ချင်း ဆက်စပ်နေ တဲ့ နယ်မြေဒေသက လူငယ်လူရွယ်တွေ ဗကပ ပြည်သူ့တပ်မတော်ထဲ အမြောက်အမြား ဝင်ရောက်ကြပါတယ်။ ထိုစဉ်တုန်းက ဗကပ လက်နက်ကိုင် တပ်ဖွဲ့ထဲမှာ ဗမာလူမျိုး၊ ရှမ်းလူမျိုး၊ ကချင်၊ ကရင်၊ ဝ ဒီတပ်ဖွဲ့ဝင်တွေဟာ တပ်နီတော်ဖြစ်တယ်ဆိုရင် ရာထူးအဆင့်တက်တာ မြန်ဆန်ပါတယ်။ အများအား ဖြင့် ပြောရမယ်ဆိုရင် တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး အတော်များများက တရုတ်လူငယ်တွေ ဖြစ်ကြတယ်။ အမြင့်ဆုံး တပ်မဟာတ်မှူး၊ တပ်မဟာ နိုင်ငံ ရေးမှူးအထိ တက်သွားနိုင်ကြတယ်။ 

ရှေးဦးဆုံး တရုတ်လူငယ်တွေ မြန်မာပြည် မြောက်ပိုင်းဆီ ဝင်တိုက်ကြရတယ်။ နောက်ပြီး သိပ်မကြာခင်မှာပဲ ကိုးကန့် နယ်မြေက ကွမ်လုံစစ်ပွဲထဲ ပါဝင်တိုက်ကြရတယ်။ မြန်မာစစ်တပ်နဲ့ အပြင်းအထန် တိုက်ကြတဲ့ ၄၂ ရက်ကြာ တိုက်ပွဲထဲမှာ သေနတ်ပစ်သင်တတ်ခါစသာရှိသေး တဲ့ တရုတ်လူငယ်တွေ စစ်ပွဲရဲ့ ဒုက္ခသုက္ခကို တကယ့်ကိုပဲ မြည်းစမ်းကြရလေ တယ်။ အတော်များများဟာ အဲဒီကွမ်လုံစစ်ပွဲမှာ အသက်စွန့်သွားကြပါတယ်။ ဒီတစ်ပွဲပြီးဆုံးနောက် ပြည်ပပိုင်ငံထွက်ပြီး လက်တွေ့တော်လှန်ရေးဆင်နွှဲကြတဲ့ တရုတ်ပညာတတ်လူငယ်တွေ ကိုယ့်နိုင်ငံရဲ့ ထုတ်လုပ်တည်ဆောက်ရေးတပ်ဆီ ပြန်လည်ဆိုက်ရောက်လာကြပါတယ်။ ဒါ့အပြင် သူတို့ ကိုယ်တွေ့ တိုက်ပွဲ အကြောင်းကို ပြောပြပြီး သူတို့ရဲ့ နှုတ်က သူတို့တုန်းကထက် ပိုမိုများပြားတဲ့ ပညာတတ်လူငယ်တွေကို နိုင်ငံပြည်ပထွက်ပြီး ''တော်လှန်ရေး'' မလုပ်ကြဖို့ ဟန့်တားကြလေတယ်။

အတော်များများကလည်း ကိုယ့်ပြည်ကို ကိုယ်မပြန်ကြဘဲ မြန်မာပြည် ''တော်လှန်ရေး'' ထဲမှာ ကျန်ရစ်နေပါတယ်။ အဲဒီ ဗကပတပ်ထဲ ကျန်ရစ်ခဲ့ကြ တဲ့ တရုတ်ပညာတတ်လူငယ်လေးတွေ အတော်များများဟာ မိမိတို့ဟာ ဒေသခံ လူတွေထက် ခေါင်းတစ်လုံး ပိုမြင့်တဲ့ ယဉ်ကျေးမှုပညာ အရည်အချင်းတွေနှင့် ဉာဏ်ရည်ဉာဏ်သွေး ပိုပြီး ထက်မြက်ကြတဲ့သူတွေဟာ အဆင်းရဲ အပင်ပန်း အခက်ခဲဆုံးကာလ ''အဆင်းရဲခံ သေမင်းဂိတ်'' ကို ဖြတ်သန်းခဲ့ပြီးတဲ့နောက် အထွဋ်အထိပ် အမြင့်ဆုံးနေရာကို ရောက်လာကြပါတယ်။ ကောင်းစားတုန်း ကောင်းစားခိုက် ၁၉၈၉ ုခနှစ် မတ်လအရောက်မှာ မြန်မာပြည်ကွန်မြူနစ်အဖွဲ့ အစည်းကြီး ပြိုကွဲကျဆုံးသွားရလေတယ်။ တချို့လူတွေ ကနေ့ဆို ထိုနေရာ ထိုဒေသမှာ အဓိကကျတဲ့ ''ခေါင်းဆောင်မှုနေရာ'' မှာပဲ ရှိနေကြတာ အများ အပြားပါပဲ။

ယူနန်ပညာတတ်လူငယ် လိုချန်းပေါင်ဟာ ဗကပ ဗဟိုကိုယ်ရံတော် တပ်ဖွဲ့ တပ်မဟာ နိုင်ငံရေးမှူး အဆင့်မြင့်ကို ရောက်ခဲ့ဖူးတယ်။ ကျန်းကျူမိန်က အရှေ့မြောက် စစ်ဒေသ ဒုတိယဦးစီးမှူး၊ လီကျူလူက အလယ်ပိုင်းစစ်ဒေသ သေနာပတိ တပ်မှူး (ကနေ့ ဝအဖွဲ့အစည်းညွန့်ပေါင်း တပ်ဖွဲ့ စစ်သေနာပတိချုပ်)။ ချွဲကျွိစိန်းက အလယ်ပိုင်း စစ်ဒေသ တပ်မဟာမှူး (နောက်ပိုင်းမှာ ဝဗဟိုအဖွဲ့ အစည်းကြီး ပြိုကွဲအောင် လုပ်တယ်ဆိုတဲ့ သံသယအဝင်ခံရပြီး မြေတိုက်ထဲ လှောင်ပိတ်ထားရင်းက သေဆုံးသွားပါတယ်)

ပီကင်းမြို့ စင်းကျင်ခို အလယ်တန်းကျောင်းက ပညာတတ် လူငယ်လေး ကျန်လိက အရှေ့မြောက်စစ်ဒေသ စစ်ထောက်တပ်ရင်းမှူး ဖြစ်သွားပါတယ်။ ဒီလူတွေ အများစုဟာ ကနေ့ထက်တိုင် မြန်မာနိုင်ငံမြောက်ဘက်က ဗကပ အဖွဲ့အစည်းအသီးသီးရဲ့ လက်နက်ကိုင် အစိတ်အပိုင်းတွေထဲက ဖြစ်ကြပြီး ကနေ့တိုင် တက်တကြွ်ကြွက ဆောင်ရွက်နေတုန်းပါပဲ။

၁၉၇၅။ ဗကပလက်နက်ကိုင်တပ်ဖွဲ့ စိုးမိုးတဲ့ နယ်မြေတွေက သံလွင် မြစ် အရှေ့ဘက် ကျယ်ပြန့်လှတဲ့ မြေနေရာအထိ ဆိုက်ရောက်သွားပါတယ်။ သံလွင်မြစ် အနောက်ဘက်မှာလည်းပဲ အခြေစိုက်နယ်မြေ ပြုလုပ်ထားလိုက်တယ်။ ၄င်းရဲ့ အင်အားအဝန်းက မြို့မျက်နှာချင်းဆိုင်က မူဆယ်မြို့ဟာ အသွင်ကတော့ မြန်မာအစိုးရတပ် လက်ထဲမှာ ရှိနေတာကလွဲပြီး ကျန်တခြားနယ်ခြားမျဉ်း တစ်လျှောက်က နယ်မြေအားလုံးကို ဗကပပြည်သူ့တပ်မတော်က အပိုင်စီးထားပါ တယ်။ တောင်ဘက်ပိုင်းဆီ ဆင်းလိုက်ကြပါစို့။ 

ဗကပရဲ့ အင်အားဧရိယာဟာ မြန်မာလောနယ်စပ်အထိ ရောက်နေပါတယ်။ မြန်မာထိုင်းနယ်စပ်က လိုင်လန်း အစရှိတဲ့ နယ်မြေတွေလည်းပဲ ဗကပရဲ့ ပုံမှန် (အမြဲတမ်း) လက်နက်ကိုင်တပ်နှင့် ပြောက်ကျားတပ်တွေ ရှိနေပါတယ်။ ဒီလို ဗကပတို့ လျှမ်းလျှမ်းတောက် အထွဋ်အထိပ်ရောက်နေတဲ့ အချိန်မှာ ဗကပပြည်သူ့တပ်မတော် ထိန်းချုပ်ထား တဲ့ နယ်မြေအကျယ်အဝန်းဟာ ဧရိယာတစ်သိန်း ကီလိုမီတာ ကျယ်ဝန်းပါတယ်။ လူဦးရေ တစ်သန်းခွဲ၊ နှစ်သန်းရှိပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တိုက်ပွဲ အတက်အကျ ရေ ချိန်က တရုတ်ပြည် ''ယဉ်ကျေးမှုတော်လှန်ရေး'' နှင့် အမွှာမွေးတွေဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်၊ ဗကပပြည်သူ့တပ်မတော် ကိုးကန့်ကို တိုက်ခိုက်သိမ်းပိုက်လိုက် တယ်။ ရန်းစော်ဘွားမိသားစုမျိုးဆက် တိမ်မြုပ်ပျောက်ကွယ်သွားတယ်။ ဗကပ တို့ စိုးမိုးအုပ်ချုပ်ရတာက ၄င်းခရိုင်က အရေအတွက် တစ်သိန်းရှိတဲ့ နိုင်ငံရပ်ခြား တရုတ်လူမျိုးတွေပါ။

၁၉၇၀ ခုနှစ်၊ ဗကပ ပြည်သူ့တပ်မတော်က ခါဝတောင်နှင့် နယ်စပ် ဒေသက အရေးပါတဲ့ ပန်ဆိုင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်။ တောင် မြောက်တခွင်လုံးက ဝအဖွဲ့အစည်းက ဗကပလက်အောက်ကို အားလုံးကျရောက် သွားပါတယ်။

၁၉၇၃ ခုနှစ်၊ ဗကပပြည်သူ့တပ်မတော်က ပေါများြွကယ်ဝတဲ့ ကျိုင်း တုံဒေသထဲ ဝင်ရောက်သွားပါတယ်။ ပြင်းထန်တဲ့ အကြိမ်ပေါင်း ရာချီတဲ့ တိုက်ပွဲဆင်နွှဲရပြီး ကျိုင်းတုံနယ်မြေအစိတ်အပိုင်း အများစုကို စိုးမိုးနိုင်ခဲ့တယ်။

၇၀ ခုနှစ်နောက်ပိုင်း၊ ဗကပတို့ ဒီရေအကျဆီ ကူးပြောင်းသွားရပါ တယ်။ ဒီအချိန်မှာပဲ အယောက်သုံးရာကျော်တဲ့ တရုတ်ပြည် တပ်နီတော်နှင့် ပညာတတ်လူငယ်တွေ ရဲဘော်ချီဂွေဗားရားကို အားကျအတုယူပြီး နိုင်ငံနယ်နိ မိတ်ကို ကျော်ဖြတ်ပြီး မိမိတို့ရဲ့အသက်ကို စွန့်ဖို့ရောက်လာကြပါတယ်။ ''နိုင် ငံတကာ တိုက်ပွဲဝင်ရဲဘော်'' မွန်မြတ်တဲ့ စိတ်ဓာတ်ရှိကြတဲ့ လူငယ်တွေဟာ အရေအတွက် လက်ချိုးရေတွက်နိုင်လောက်တဲ့ သူတွေက အဆင့်မြင့်အရာရှိ အရာခံဘဝနဲ့ ကျန်ရစ်တာကလွဲပြီး ကျန်အများစုဟာ ပိတ်မည်းမှောင်တဲ့ တောကြီးမြက်မည်းထဲမှာ အသက်စွန့်သွားကြတာတွေ၊ အမိနိုင်ငံတော်ကို ပြန် လည် ဆုတ်ခွာလာကြသူတွေက များလှပါတယ်။

မြန်မာနိုင်ငံအနေအထားနှင့် တရုတ်နိုင်ငံရဲ့ ခေတ်သစ်သမိုင်း မတူ ကွဲပြားခြားနားနေပါတယ်။ တရုတ်ပြည်သမိုင်းတစ်လျှောက်လုံး လယ်သမား ပုန်ကန်မှုတွေက များမှများ။ ''ငါ့ဝမ်းပူဆာ မနေသာကြတော့ ပုန်ကန်ထြွကရမြဲ ပါ။ မြန်မာ့ရေမြေက အရာရာပေါများြွကယ်ဝတယ်။ သြဇာဓာတ်ပြွေါကယ်ဝတဲ့ မြေဆီ မြေနှစ်တွေက ခေတ်သစ်ကာလ မြန်မာ့ကို ကမ္ဘာတခွင်က ''စားနပ်ရိက္ခာ ကြီး လေးမျိုးနဲ့ ကုန်လှောင်ရုံကြီး'' ရယ်လို့ ဂုဏ်တင်ခေါ်ဝေါ်ကြတယ်။ မြန်မာ့ စိုက်ပျိုးမြေတွေက ဟိုတုန်းက အများအားဖြင့် အလှည့်ကျ စိုက်ပျိုးနည်းကို သုံးပါတယ်။ လယ်ယာမြေ အမြောက်အမြားကို လေးနှစ်မှတစ်ကြိမ် စိုက်ပျိုးပါ တယ်။ မြန်မာပြည်မြောက်ပိုင်းနယ်မြေတွေမှာ စားနပ်ရိက္ခာပြဿနာတက်တဲ့ အဓိကအကြောင်းရင်းကတော့ တိုင်းရင်းသားချင်း ပဋိပက္ခဖြစ် ထိပ်တိုက်ရင်ဆိုင် တိုးကြတာကြောင့်ပါ။ နှစ်ပေါင်းများစွာက စိုက်ပျိုးတဲ့ ပေါ်ပီပင်စိုက်ပျိုးတဲ့ သမိုင်းအကြောင်းရင်းကလည်း တစ်ခုအပါအဝင်ပါ။ ရေမြေကြောင့် ရင်းမြစ်တွေ ကြောင့်ဆိုတာမျိုးတွေ မဟုတ်ချေ။

ဗကပ အခြေစိုက်စခန်းရဲ့ မြောက်ဘက်တောင်တန်းဒေသတွေ ရိုးရာ အစဉ်အလာဓလေ့ထုံးတမ်းကြီးမားလှတဲ့ ရှမ်းနှင့် ကချင်တိုင်းရင်းသားတို့ရဲ့ ''ပဒေသရာဇ်ခေတ် ကံကျွေးချမြေ'' ရိုးရာဓလေ့ထုံးတမ်းအစွဲကြီးက သူတို့နှင့် ဗမာလူမျိုးတို့ သမိုင်းတစ်လျှောက်လုံး မသင့်မတင့်တွေချည်း ဖြစ်ခဲ့ကြတယ်။ ဗမာလူမျိုးစုကို ပင်မအခြေခံထားတဲ့ ဗကပလက်နက်ကိုင်တပ်ဖွဲ့က တပါးသော ''ရွာခြံစည်းရိုး'' ထဲမှာ မြန်မာတစ်နိုင်ငံလုံးအတွက် ဆင်နွှဲတဲ့ တိုက်ပွဲဖြစ်တယ်။ ဒေသခံပိုင်ရှင်တွေက ဘယ့်နှယ်လုပ်ပြီး လက်ခံနိုင်ပါ့မလဲ။ နောက်ပေါက် ဗကပအတွင်းပိုင်းမှာက ''ဗမာလူမျိုးကြီးဝါဒ'' တွေ ပေါ်ပေါက်လာပြန်သေး တယ်။ ဒီအတွေးအခေါ်အင်အားက တခြားတိုင်းရင်းသား် ကေဒါတွေကို ဖိနှိပ် တာတွေ၊ ကျဉ်ပစ်တာတွေ လုပ်လာပြန်တယ်။

စစ်ပြေပြင်မှာ သွေးမြေအကျခံ တိုက်ခိုက်ကြပြီး အောင်ပွဲကြီးတွေ အလီလီရယူပေးကြတဲ့ ဖုန်ကျားရှင်လို မူရင်းဒေသခံတိုင်းရင်းသား ညီနောင် ဖွားတွေဟာ နှစ်ကာလတွေ ရှည်ကြာလာတော့ ''အေးတိအေးစက်'' ဘက်ဆီ ကူးပြောင်းသွားကြတယ်။ ပိုမိုနက်ရှိုင်းတဲ့ ထိပ်တိုက်တိုးမှု လမ်းကြောင်းတွေဆီ ဆိုက်ရောက်လာလေတယ်။ ဂိုဏ်းဂဏဝါဒစွဲကလည်း ဗကပတို့ အချင်းချင်း စိတ်ဝမ်းကွဲစေတယ်။

စီးပွားရေးသမိုင်းမှာ ပြင်ပကိုသာ မှီခိုအားထားရတဲ့ ဆိုးရွားတဲ့ အချက်ကြီးကလည်း ရှိနေပြန်တယ်။ ဗကပကိုယ်၌မှာလည်း ဘဏ္ဍာငွေကြေးရ စရာ ဘယ်လိုအကြောင်းမှ မရှိချေ။ ရေရှည်တိုက်နေတဲ့ စစ်သုံးစရိတ်က ကြာ လေ ကြာလေ ပြဿနာတွေ တက်လေပါပဲ။ အထူးသဖြင့် ၈၀ ခုနှစ် နိုင်ငံတကာ မှာ အနှံ့အပြား ပြောင်းလဲမှုကြီးတွေ ပေါ်ပေါက်ပြီးတဲ့နောက် စည်းမျဉ်းစည်းကမ်း တွေ ပိုမိုရှုပ်ထွေးလာပါတယ်။ နောက်ဆုံးတော့ ဂဠုန်ဆားချက်တဲ့ ကိန်းဆိုက် ရောက်ရလေတယ်။ အင်မတန် ဘေးအန္တရာယ်ကြီးတဲ့ ဘိန်းအရောင်းအဝယ်ကို လုပ်ရလေတယ်။ မူးယစ်ဆေးဝါးရဲ့ ကြီးမားတဲ့ အမြတ်အစွန်းတွေက အလယ် အလတ်တန်းစားနှင့် အထက်တန်းစား ကေဒါကြီးတွေကပါ ပုဂ္ဂလိက ဘိန်းလုပ် ငန်းတွေပါ အကြီးအကျယ် ဖောင်းပွလာလေတယ်။ ဒီတော့လည်း ရွှေငွေကိုးကွယ် ရေးဝါဒသမားကြီးတွေ ဖြစ်ကုန်ကြတော့တာပါပဲ။ နောက်ပိုင်းကာလတွေမှာ ဗကပအတွင်းမှာ အကျိုးအမြတ် မတူကြတဲ့ ဂိုဏ်းအုပ်စုတွေ ပေါ်ပေါက်လာပါ တယ်။ ဒီတော့လည်း နဂိုမူလ မျှော်ရည်မှန်းချက်တွေ၊ ခံယူချက်တွေ လက်တွေ့ အကောင်အထည်ဖော်မယ့် စိတ်တွေ တက်တက်စင် ပျောက်ကွယ်ကုန်ကြရ လေတယ်။

၇၀ ခုနှစ်တုန်းက ဗကပတွေနှင့် တိုက်ကြတဲ့ မြန်မာ့စစ်တပ် တပ်မ ၉၉ က ၁၉၇၁ ခုနှစ်မှာတုန်းက ကွမ်လုံတိုက်ပွဲမှာ အကြီးအကျယ် အထိနာခဲ့ ပါတယ်။ ဒီဆုံးရှုံးမှုကို တပ်မ ၉၉ က မျက်နှာပန်းလှရေးအတွက် မြန်မာ့တပ်ဟာ မြန်မာပြည်မြောက်ပိုင်းက ပန်ဆိုင်းတံခါးဝကို တဖန်ပြန်လည်လုယူလိုက်တယ်။ ဒါဟာ ဒုတိယကမ္ဘာ့စစ်ပွဲကြီးတုန်းက စစ်ရေးမဟာဗျူဟာမြောက်တဲ့ စတီဗင်လမ်း မကြီး တောင်ဘက်မျဉ်းတန်းနှင့် တျဲန်းမြဲန် (ယူနန်/ မြန်မာ) စစ်ရေးမဟာဗျူဟာ မြောက်လမ်းမကြီးရဲ့ ဆုံချက်ပွိုင့်ဖြစ်ပါတယ်။ မြန်မာနှင့် တရုတ်နှစ်နိုင်ငံ နယ် နိမိတ်ချင်း ဆက်စပ်နေတဲ့ ကီလိုမီတာ ထောင်ကျော်ရှိတဲ့ နယ်စပ်မျဉ်းကြောင်း အပေါ်မှာ ရှိပါတယ်။ မူဆယ်ပြီးရင် အသစ်တဖန် တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ နိုင်ငံအဆင့်ရှိတဲ့ တံခါးပေါက်အဝဖြစ်တယ်။ ပထဝီမြေကြောအရ အလွန့်အလွန် ကို အရေးပါအရာရောက်တဲ့ နယ်မြေဖြစ်ပါတယ်။ မြန်မာနိုင်ငံစစ်တပ်က ဒီ တစ်ကြိမ် အောင်မြင်ခြင်းကို မဟာဗျူဟာမြောက်စစ်ပွဲရဲ့ အောင်ပွဲလို့ ရှုမြင်ကြ ပါတယ်။ ဒီတိုက်ပွဲ ခြိမ့်ခြိမ့်သဲ အောင်မြင်တဲ့အတွက် တပ်ဗိုလ်တပ်မှူးတစ်သုတ် တို့ဟာ ဂုဏ်ပြုချီးမြှင့်ခံကြရတယ်။ ကနေ့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး အာဏာ ကို ဆုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေဟာ တပ်မ ၉၉ ကနေ ထိုးတက်လာတဲ့ သူပါပဲ။

ဗမာပြည်ကွန်မြူနစ်ပါတီဌာနခွဲနှင့် အရှေ့မြောက်စစ်ဒေသကို နှစ်ရှည် လများက ပန်ဆိုင်းကို စစ်ရေးမဟာဗျူဟာမြို့မြောက်နယ်မြေလို့ မြင်ကြပါတယ်။ ပန်ဆိုင်းကို လက်လွှတ်ဆုံးရှုံးပြီးတဲ့နောက် လူအများအပြားဟာ ရင်ထုမနာဖြစ်ကြ ပါတယ်။ အဲဒီနောက် အရှေ့မြောက်ပိုင်းစစ်ဒေသမှာ မြန်မာနိုင်ငံ စစ်တပ် ကင်းစခန်းကို ထိုးနှက်တိုက်ခိုက်တဲ့ တိုက်ပွဲငယ်လေးတွေ အမြောက်အမြားပေါ် နေတုန်း ပေါ်နေဆဲပါပဲ။