Breaking News

နိုင်ငံတကာသာဂိ - ဘေးဧရိယာမှာ မီးတွေလောင်နေစဉ်ခန

နိုင်ငံတကာသာဂိ - ဘေးဧရိယာမှာ မီးတွေလောင်နေစဉ်ခန

(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၉

အခုအချိန်မှာ ဆန်ဖရန်ဘေးဧရိယာပင်လယ်ကွေ့အထက် မြောက်ပိုင်းဒေသ ဆန်တာရိုစာမှာ တောမီးလောင်နေတာ ဧက ၇သောင်းကျော် ရှိပါတယ်။ သူတို့ကတော့ ကင်ကိဒ်ဖိုင်းယား (Kincade Fire) လို့ ဒေသကို စွဲပြီး အမည်ပေးပါတယ်။ လွန်ခဲ့တဲ့သောကြာနေ့က တောမီးက တောင်ပေါ်ကနေ စလောင်ပါတယ်။ ကယ်လီဖိုးနီးယားမီးသတ်နဲ့ PG&E လို့ခေါ်တဲ့ ပုဂ္ဂလိက စွမ်းအင်ကုမ္မဏီကို ကြိုသိတော်မူပါတယ်ခင်ဗျ။ မီးလောင်တော့မယ်ဆိုတာ။ သည်တော့ ဗုဒ္ဓဟူးနေ့ကတည်းက လျပ်စစ်မီးလိုင်းတွေ၊ ဓာတ်ငွေ့လိုင်းတွေ ကြိုဖြတ်မယ့်အကြောင်း ကြေငြာချက်တွေ ထုတ်ပြန်ပါတယ်။ မီးဘေးသင့်မဲ့နေရာတွေကို တွက်ချက်ပြီးတော့ မြေပုံတွေ ဇုံတွေ သတ်မှတ်ပြီး ပြင်ဆင်ကြတာပါ။ ဘယ်နဲ့လို့ မီးလောင်မှာ ကြိုသိတာတုန်း။ ကောင်းတဲ့မေးခွန်းပါ။

Climate change is real ... Global Waring is real .... ဒီဂါထာ ၂ ပုဒ်ကို သိပ္ပံပညာကို မယုံတဲ့ ရှေးရိုးစွဲ ရီပတ်ဘလစ်ကန်ပါတီတွေနဲ့ အတူတူ အကျယ်ကြီး ၃ ခါလောက် အော်ဆိုလိုက်ပါ။ ဥတုရာသီပြောင်းနေပါတယ်။ ကမ္ဘာကြီးကို ပိုပူပြင်းလာပါတယ်။ သည်တော့ ရာသီဥတု အပူချိန်မြင့်လာပြီ၊ လေတိုက်နှုန်းတွေ ပြင်းထန်လာပြီဆိုရင် ပူအိုက်ခြောက်သွေ့တဲ့ သစ်တောဧရိယာတွေနဲ့ မဟာဓာတ်အားလိုင်းတွေ ဖြတ်သန်းတဲ့ တောတောင်ဒေသတွေမှာ သဘာ၀အလျောက် မီးထတောက်နိုင်သလို၊ မီးကြိုးတွေ ပြတ်၊ ပွတ်တိုက်ပြီးလဲ မီးလောင်နိုင်ပါတယ်။ သည်သင်ခန်းစာကို ကယ်လီဖိုးနီးယားမှာ ၂၀၁၇၊ ၂၀၁၈ တို့မှာ ရပြီးခဲ့ပါပြီ။ အဲသည်တုန်းက မတော်တဆမှုတွေကနေ သဘာ၀ဘေးကနေ တောမီးတွေ လောင်လို့ လူတွေ သေ၊ အိမ်တွေ မီးလောင်၊ တန်ဖိုးတွေ သန်းချီပြီး ဆုံးရှုံးခဲ့ရပါတယ်။ PG&E လည်း ပေါ့ဆတယ်ဆိုပြီး တရားစွဲခံရလို့ လျော်ကြေးတွေ ဒဏ်ကြေးတွေ တတ်ခံရတာနဲ့ ဒေဝါလီခံထားရပါတယ်။ သည်သင်ခန်းစာတွေကြောင့် ၂၀၁၉ မှာ သဘာ၀ဘေးကို ကြိုမြင်တာနဲ့ ကြိုတင်ကာကွယ်တာတွေ သတိပေးတာတွေ တုန့်ပြန်တာတွေ လုပ်ကြတာ ဖြစ်ပါတယ်။

သည်လိုနဲ့ ဗုဒ္ဓဟူးနေ့ကစပြီး ဆန်တာရိုဆာနဲ့ ဆိုနိုမာ ကောင်တီလို့ ခေါ်တဲ့ ခရိုင်တွေမှာ မီးအဆင့်ဆင့်ကြိုဖြတ်တာကို လုပ်ပါတယ်။ လေတိုက်နှုန်းမြင့် အပူချိန်တွေ မြင့်လာချိန်မှာ တကယ်ပဲ တောမီးစလောင်ပါတယ်။ သောကြာနေ့မှာပါ။ လူသူမနီးတဲ့ တောတောင်အတွင်းအမြင့်ပိုင်းကနေ စလောင်သော်လည်း လေကြောင်းအရ လူနေအိမ်တွေဆီကို မီးက ပြန့်နှံ့ ခုန်ကူးပါတယ်။ သောကြာနေ့မှာ မီးဖြတ်တဲ့ဧရိယာကို တိုးမြှင့်လိုက်သလို ခရိုင်တွင်းက မီးလမ်းကြောင်းနဲ့ တိုက်နေတဲ့ မြို့နယ်တွေကို တိမ်းရှောင်ခိုင်းခြင်း (Evacuation) မီးရှောင်ကြဖို့ မီးသတ်နဲ့ အစိုးရက အမိန့်ထုတ်လိုက်ပါတော့တယ်။ မီးက တောတွင်း ဧက ၂သောင်းကျော်ကို လောင်နေပါပြီ။ လူနေအိမ်ခြေတွေဆီ ချည်းလာနေပြီပေါ့။ မီးဖြတ်လိုက်လို့ လူ ၁ သန်းနီးပါး မီးမှောင်ကျတယ်။ မီးရှောင်ခိုင်းလို့ လူ ၅ သိန်းကျော် နေအိမ်တွေက ထွက်ခွာရတယ်။ အစိုးရက ယာယီမီးရှောင်စခမ်းတွေ ဖွင့်ပေးပါတယ်။ ကူညီစောင့်ရှောက်မှုတွေ လုပ်ပါတယ်။ ယခင်သင်ခန်းစာတွေကို ကြည့်ပြီး အစိုးရနဲ့ မီးသတ်၊ ရဲ၊ ပြည်နယ်စောင့်တပ်မတော်၊ ခရိုင်၊ ကြက်ခြေနီ အဖွဲ့အစည်းအသီးသီးက တာဝန်ယူမှု တာဝန်ခံမှုတွေ ဆောင်ရွက်ကြတဲ့ သဘောပါပဲ။

ဘယ်လိုတာဝန်ယူမှု ဘယ်လိုဆောင်ရွက်မှုတွေလဲ။

ပထမဦးဆုံး ခရက်ဒစ်ပေးရမှာက ဘေးဧရိယာက သတင်းဌာနတွေ တီဗီစတေရှင်တွေ public ရေဒီယိုဌာနတွေ ... သူတို့တွေက တောက်လျောက် မီးဝိုင်းဒေသကို သွားပြီး တိုက်ရိုက်သတင်းထုတ်လွှင့်ပေးနေတာ ၂၄ နာရီ တောက်လျောက် ဖြစ်ပါတယ်။ သူတို့သတင်းဝက်ဆိုက်တွေမှာ သီးသန့်တင်ဆက်သတင်းပို့ပါတယ်။

မီးသတ်နဲ့ စွမ်းအင်ကုမ္မဏီက နေ့စဉ် သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ မီးသတ်ဝက်ဆိုက်နဲ့ ခရိုင်ဝက်ဆိုက်တွေက မီးသင့်နယ်မြေ မြေပုံ၊ အခြေအနေ၊ မီးရှောင်နယ်မြေတွေကို အွန်လိုင်းကနေ အချိန်နဲ့ တပြေးညီ တင်ဆက်ပါတယ်။

စွမ်းအင်ကုမ္မဏီကလည်း မီးဖြတ်နယ်မြေတွေအကြောင်း ဝက်ဆိုက်ကနေ ပြန်ကြားနေပါတယ်။

ရဲနဲ့ ပြည်နယ်စောင့်တပ် (National Guard) တွေက လုံခြုံရေးယူပေးပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့တွေကလည်း နယ်ဆင်းပြီး လူတွေနဲ့တွေ့ဆုံပါတယ်။

သူတို့ ဝက်ဆိုက်တွေကို ကြည့်ပါ။



ကယ်လီဖိုးနီးယား မီးသတ် ၏ ဝက်ဆိုက်


ဂူးဂဲ၏ အရေးပေါ်ဝက်ဆိုက်


ဆိုနိုမာခရိုင်၏ ထုတ်ပြန်ချက်


သတင်းဝက်ဆိုက်အချို့


ပြည်နယ်မီးသတ်နဲ့ မိုးဇလ၏ လိုက်ဗ်ကင်မရာများ




မီးသတ်က ထုတ်ပြန်နေတဲ့ အချက်အလက်များ

 ပြောချင်တာက ဘာလဲ။ သူတို့အမေရိကန်က စနစ်တွေ လူတွေ အဖွဲ့အစည်းတွေရဲ့ ပြင်ဆင်မှုနဲ့ တုန့်ပြန်မှုတွေအကြောင်း ပြောချင်တာပါ။ ၂၀၁၇ တုန်းက ဆန်တာရိုဆာမှာ မီးဝိုင်းတော့ မြန်မာမိသားစုတစုဟာ ညသန်းကောင် သူများတွေ အတင်းနှိုးလို့ ကမန်းကတန်းထပြီး မီးတွေကြားက ကားမောင်းပြေးရတာ သဲထိပ်ရင်ဖိုပါ။ ၃ ည ​လောက် မီးရှောင်ပြီးမှ အိမ်ပြန်လို့ရပါတယ်။ သူ့လုပ်ငန်းပိတ်ထားရလို့ နစ်နာကြေးကို သူ့လုပ်ငန်းအာမခံကုမ္မဏီက အလျော်ပေးပါတယ်။ အစိုးရက စွမ်းအင်ကုမ္မဏီကို လျပ်စစ်မီးပွားကျလို့ တောမီးလောင်ရတာပါလို့ တရားစွဲတာမှာ တရားရုံးက မီးဘေးသင့်မိသားစုတွေကို လျော်ကြေးပေးဖို့၊ မီးလိုင်းတွေ ပြင်ဆင်မှု တိုးလုပ်ဖို့ အမိန့်ချခဲ့ပါတယ်။ သည်နှစ်မီးလန့်တော့ သူတို့တွေ ကြိုတင်ပြီး မီးရှောင်သွားကြပါပြီ။ အခု သူတို့ရှောင်တဲ့နေရာမှာ မီးအန္တရာယ်မရှိသော်လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ မီးဖြတ်ထားတော့ စားရေးနေရေးတော့ ခက်ပါတယ်။ ရေတော့ မပြတ်တာ တော်သေး။ သူတို့တွေ သိပ်မကြာခင်မှာ အိမ်ပြန်ရမှာ ဖြစ်ပါတယ်။ သူတို့မီးရှောင်တဲ့မြို့ကလေးက ကုန်စုံဆိုင်ကြီးတခုပဲ မီးစက်နဲ့ လည်ပတ်တဲ့အတွက် အဲသည်ဆိုင်မှာပဲ တမြို့လုံးက အားကိုးပြီး နေကြပါသတဲ့။ သူတို့လည်း အတွေ့အကြုံတွေ စုံလာပြီ ဆိုရမှာပေါ့။ အရေးပေါ်အခြေအနေတွေ အောက်မှာ လူတွေဟာ တယ်လီဖုံးတွေ စမတ်ဖုံးတွေ သတင်းဌာနတွေ ရေဒီယိုတွေ တီဗီတွေ အားကိုးပြီး လူတွေက လှုပ်ရှားနေတတ်ပါပြီ။ အစိုးရမဟုတ်တဲ့ လူမှုနဲ့ ဘာသာရေးအဖွဲ့အစည်းတွေ ရပ်ကွက်မြို့နယ်အလိုက် သာရေးနာရေးအသင်းတွေက ဝိုင်းဝန်းပြီး ကူညီစောင့်ရှောက်တဲ့အလုပ်တွေ ဝိုင်းလုပ်ပေးနေကြပါပြီ။ မီးရှောင်တဲ့စခန်းတွေကို ဘေးလွတ်ရာမြို့တွေမှာ ဖွင့်ပြီး ကာကွယ်စောင့်ရှောက်မှုတွေ ပေးကြပါတယ်။ အလှူရှင်တွေကလည်း လက်လှမ်းမီရာ လှူကြပါတယ်။ ဒါက ထုံးစံလို ဖြစ်နေပါတယ်။

ပြီးတော့ ခုနင်ကပြောတဲ့ ကြိုတင်ပြင်ဆင်ခြင်း၊ သတင်းပေးခြင်း၊ ကာကွယ်ဆောင်ရွက်ကိုင်တွယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ စောင့်ရှောက်ကူညီခြင်း အဆင့်ဆင့်တွေနောက်မှာ သင်ခန်းစာယူခြင်း၊ အရေးယူခြင်း၊ ထပ်မံပြင်ဆင်ခြင်း၊ လူထုကို တပါတည်းစည်းရုံးပညာပေးခြင်းတွေလည်း တခုပြီးတခု ပါဖြစ်ပေါ်လာပါတယ်။ သည်နေရာမှာ လူတွေအချင်းချင်း ရိုင်းပင်းကူညီကြတာအပြင် မီဒီယာတွေရဲ့ အခမ်းကဏ္ဍတခုကတော့ သတင်းပို့ခြင်း ပြန်ကြားခြင်းအပြင် အဲသည်အဖြစ်အပျက်အကြောင်း ရှုထောင့်စုံကနေ တင်ဆက်ခြင်း  (story telling) ကလည်း အရေးပါတယ်လို့ ဆိုရပါမယ်။

ဘာလဲဟဲ့ စတိုရီတဲလင်း - မြန်မာလိုဆိုရင် ဇာတ်လမ်းပမာတင်ဆက်ခြင်းပေါ့ခင်ဗျာ။ မီးလောင် ရေကြီး မုန်တိုင်းကျ စစ်ဘေးသင့် ဘယ်အရေးအခင်းမှာမဆို ပြည်သူတွေဆီမှာ ပြောစရာ ဇာတ်လမ်းတွေ ရှိကြတယ်။ သည်ဇာတ်လမ်းတွေကို မီဒီယာတွေက စုဆောင်းကောက်ယူပြီး အများသိအောင် ပြန်ပြောပြကြတာပါ။ စွန့်လွှတ်စွန့်စားတဲ့ မီးသတ်သမား ကြက်ခြေနီများ၊ ကိုယ်ထူကိုယ်ထ ကူညီကြတဲ့ အညတရများ၊ ထိခိုက်ကြေကွယ်ဖွယ် လူဘ၀များ၊ အိမ်မွေးတိရစ္ဆာန်များ၊ အခက်အခဲတွေ ရင်ဆိုင်ကျော်လွှားကြတဲ့ ဒုက္ခသည်များ၊ လူမမာများ၊ သက်ကြီးရွယ်အိုများ အကြောင်း စုံလို့ စုံလို့။ လူထုကြားထဲက မှတ်တမ်း၊ အသံ၊ ဓာတ်ပုံ၊ အရုပ်တွေ အများအပြားပါပဲခင်ဗျာ။

 အများထဲက မှတ်မိတာတွေ ပြောပြရရင် - ကျောင်းကားမောင်းတဲ့ အဖိုးကြီးက ညနေခင်း မီးလောင်ပြင်ကြားထဲကနေ ဆေးရုံက လူနာတွေကို သွားခေါ်ယူပြီး မီးတောက်တွေကြားထဲက လမ်းကို အပြင်းမောင်းပြီး ဖြတ်ကျော်ခြင်းပါပဲ။ ရဲတွေက ညသန်းကောင်ယံ မီးကြားထဲက အိမ်တွေကို တအိမ်တက်ဆင်း တခါးခေါက်ပြီး လူတွေမကျန်ရစ်အောင် လိုက်လံ ခေါ်နေကြပုံတွေ။ မီးလောင်ပြင်မှာ အသက်မသေဘဲ ကျန်ရစ်တဲ့ တိရစ္ဆာန်တွေကို လိုက်လံရှာဖွေ ခေါ်ယူကြတာ၊ အစာရေစာတွေ လိုက်ကျွေးနေကြတာ။ ရဟတ်ယာဉ်ပေါ်ကနေ ကြိုးနဲ့ ဆွဲယူကယ်တင်တဲ့အခါ လူတွေပဲ ခေါ်နိုင်လို့ ကျန်ရစ်ခဲ့တဲ့ ခွေးတွေကို မီးလောင်ပြင်ကြားထဲ ပြန်ရှာကြတော့ သူတို့တွေ သခင်နဲ့ ပြန်တွေ့ကြတဲ့ပုံ။ အဖိုးကြီးအဖွားကြီး ၂ဦး မီးထဲက မပြေးနိုင်တော့လို့ အိမ်ထဲက အိပ်ယာထဲမှာပဲ ၂ဦးအတူတူ လက်တွဲပြီး သေခြင်းကို ရင်ဆိုင်ခဲ့ကြတဲ့ ဓာတ်ပုံမြင်ကွင်း .... ဒါတွေက လူသားတွေကို ခွန်အားနဲ့ မျော်လင့်ခြင်း အင်အားနဲ့ သတ္တိတွေကို ပေးပါတယ်။ အကုသိုလ်စိတ်တွေထက် ကုသိုလ်စိတ်တွေ ပွားစေပါတယ်။

အခုတော့ မီးတွေလည်း ၅၀%လောက် ငြိမ်းပြီလို့ ဆိုတယ်။ ကျန်ရစ်သူတွေလည်း အိမ်ပြန်ကြတော့မယ်၊ ပြန်လည်ထူထောင်ကြတော့မယ်။ ဆက်ပြီးလည်း အခက်အခဲတွေကို ရင်ဆိုင်ကြရဦးမယ်။ သံသရာရထားကြီးကလည်း ဆက်လက်ခုတ်မောင်းနေပါဦးမယ်။ မီးတွေလောင်နေချိန်ဆိုတာ ခနလို့ပဲ ထားကြပါစို့။ အဆိုးတွေ ထားရစ်ပြီး အကောင်းတွေ သယ်ဆောင် ချီတက်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။